စာပေလောကထဲ ခြေစုံပစ်ဝင်လာသူ ကျွန်တော့်ရဲ့ ရင်ဖွင့်သံ
စာဖတ်သူအပေါင်းတို့ခင်ဗျာ…
“ကာရန်မညီ၊ တေးမပီ” ဆိုသလို ဖြစ်နေပေမဲ့ ကျွန်တော့်ရဲ့ စာရေးချင်စိတ်ကတော့ “မီးဖိုချောင်ထဲက ငရုတ်ဆုံ” လိုပဲ တဒုန်းဒုန်းနဲ့ မြည်ဟည်းနေတာပါခင်ဗျာ။ “စန္ဒရားမတီးတတ်ပေမဲ့ စန္ဒရားခုံကိုတော့ လက်နဲ့ ခေါက်ချင်တယ်” ဆိုသလိုမျိုး ဂီတသံစဉ်တွေ လွဲချော်ချင် လွဲချော်နေပါလိမ့်မယ်။ တီးချင်စိတ်ကို မြိုသိပ်မထားနိုင်ဘူး။ ဒါပေမဲ့ မြန်မာ့ဆိုရိုးစကား ရှိတယ်မဟုတ်လား — “မတတ်တာထက် မလုပ်တာက ပိုဆိုးတယ်” တဲ့။ အဲဒါကြောင့်လည်း ကျွန်တော်ဟာ စာပေလောကထဲကို “ရေမကူးတတ်ဘဲ မြစ်ထဲခုန်ဆင်းတဲ့ ဖားတစ်ကောင်” လိုမျိုး ဝါသနာကို အရင်းခံပြီး ရဲရဲဝံ့ဝံ့ ခြေစုံပစ် ဝင်လာခဲ့တာပါ။
တကယ်တော့ စာရေးတယ်ဆိုတာ “ပန်းကောင်းတစ်ပွင့်ကို ပျားကောင်လေး ကစားသလို” နုနုရွရွလေး၊ လှတပတလေး ဖန်တီးရတဲ့ အနုပညာပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ချက်တွေကတော့ အချောမကိုင်ရသေးတဲ့ ပန်းချီကားတစ်ချပ်လိုမျိုး နည်းနည်းတော့ စုတ်ချက်ကြမ်းတမ်းနေနိုင်ပါတယ်။ စာပေကို ချစ်မြတ်နိုးတဲ့စိတ်က “ကော်ဖီခါးခါးထဲက သကြားတစ်ဇွန်း” လို ချိုမြိန်နေလို့သာ ဒီခရီးကို ဆက်နေရတာပါ။ စာရေးတာဟာ ဉာဏ်သွက်အောင် ဦးနှောက်ကို အားကစားလုပ်ပေးရုံတင်မကဘဲ စိတ်ဖိစီးမှုတွေကိုလည်း “နေပူထဲက ရေခဲတုံး” လို အရည်ပျော်သွားစေတယ်လို့ သိပ္ပံနည်းကျ အထောက်အထားတွေ ရှိနေတာကြောင့်လည်း ပါတာပေါ့။
စာဖတ်သူအပေါင်းတို့ခင်ဗျာ…
ကမ္ဘာကျော် ပုဂ္ဂိုလ်တွေကိုယ်တိုင် မှားဖူးကြလို့ ကျွန်တော်ဟာ စာရေးရင်း မှားမှာကို မကြောက်အောင် ကိုယ့်ကိုယ်ကို သတ္တိသွင်းပေးနေရပါတယ်။ တကယ်တော့ အမှားဆိုတာ ကိုယ်တစ်ယောက်တည်း ကျူးလွန်မိတာမဟုတ်ဘူး။ ပုထုဇဉ် ပုပုရွရွ နုနုလှလှ မှန်သမျှ မှားတတ်တာပဲလေ။ အဲလ်ဘတ် အိုင်းစတိုင်းကတော့ “ဘာအမှားမှ မလုပ်မိသူဟာ ဘာအသစ်မှ မစမ်းသပ်သူပဲ” လို့ ဆိုခဲ့ပါတယ်။ သူက နှိုင်းရသီအိုရီ (Relativity) ကို ထွင်ခဲ့တဲ့ ပါရမီရှင်ကြီးပါ။ ငယ်ငယ်က စကားပြောနောက်ကျလို့ လူရာမဝင်ဘူး အထင်ခံခဲ့ရသူဖြစ်သလို၊ ဆံပင်ဖားလျားနဲ့ ခြေအိတ်မဝတ်တတ်တဲ့ (သို့မဟုတ် ဝတ်ဖို့မေ့နေတဲ့) ပါရမီရှင်ကြီးလည်း ဖြစ်ပါတယ်။
ဖုန်းထဲက GPS (မြေပုံ) တွေဟာ ဒီသီအိုရီကို သုံးပြီးတော့မှ ဘယ်နေရာမှာ ရှိနေလဲဆိုတာကို အတိအကျ ပြောပြနိုင်တာပါ။ ဒီသီအိုရီသာ မရှိရင် GPS တွေဟာ တစ်နေ့ကို ကီလိုမီတာပေါင်းများစွာ လွဲချော်ကုန်မှာ ဖြစ်ပါတယ်။ ကြိုးထဲမှာ လျှပ်စီးကြောင်း (အီလက်ထရွန်တွေ) စီးဆင်းတဲ့အခါ သူတို့ရဲ့ ရွေ့လျားမှု အရှိန်ကြောင့် အက်တမ်တွေကြားက အကွာအဝေး ကျုံ့သွားသလို ဖြစ်ပြီး သံလိုက်အား ထွက်လာတာပါ။ ဒါကြောင့် လျှပ်စစ်မော်တာတွေ၊ ပန်ကာတွေ လည်ပတ်နိုင်တာဟာ အိုင်းစတိုင်းရဲ့ သီအိုရီကြောင့်လို့ ပြောလို့ရပါတယ်။ ဒါတွေက သာဓကအချို့ပါပဲ။
ငယ်စဉ်က စကားပြောနောက်ကျခဲ့ပေမဲ့ နှိုင်းရသီအိုရီကို ရှာဖွေနိုင်ခဲ့တဲ့ ဒီပါရမီရှင်ကြီးရဲ့ အမြင်အရ ဟင်းချက်ရင်း ဆားနဲ့သကြား မှားခတ်မိတာမျိုးကတောင် သင်ဟာ တစ်ခုခုကို ကြိုးစားနေသူ ဖြစ်ကြောင်း သက်သေပြနေတာပါ။ အလားတူ ခေါင်းဆောင်မှုပညာရှင် ဂျွန်မက်စ်ဝဲလ်ကလည်း အမှားတွေကို ကြောက်မနေဘဲ စောစောနဲ့ ခဏခဏသာ မှားလိုက်ဖို့၊ ဒါပေမဲ့ မှားတိုင်း ရှေ့ကိုရောက်သွားဖို့ တိုက်တွန်းထားပါတယ်။ လဲကျတဲ့အခါ အဓိကက “ရှေ့ကိုလဲဖို့ (Fail Forward)” ပါ။ နောက်ပြန်လဲရင် ခေါင်းကွဲတတ်ပေမဲ့ ရှေ့ကိုလဲရင်တော့ တစ်လှမ်းစာ ခရီးပိုရောက်သွားတာပေါ့။ လောကမှာ မှားစရာတွေက အရမ်းများလွန်းလို့ ကိုယ်တိုင်လိုက်မှားနေရင် အသက်တိုသွားနိုင်တာမို့ သူများမှားတာကိုကြည့်ပြီး အခမဲ့ ပညာယူတတ်ဖို့လည်း လိုပါတယ်။
ဘာမှမမှားဘဲ ပြီးပြည့်စုံနေရင် သင်ဟာ လူမဟုတ်ဘဲ Chatbot တစ်ခု ဖြစ်နေပါလိမ့်မယ်။ သင်ပေးထားတာကိုပဲ လုပ်တတ်ပြီး တီထွင်ဖန်တီးနိုင်စွမ်း၊ အနုရသ ခံစားနိုင်စွမ်း မရှိသူပေါ့။ ကျွန်တော်ရေးတာတွေနဲ့ ပတ်သက်ပြီး တစ်ခါတလေ “နွားရှေ့ ထွန်ကျူး” မိသလိုမျိုး အမှားအယွင်းတွေ ပါခဲ့ရင်လည်း စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ စာနာစိတ်လေးနဲ့ ခွင့်လွှတ်ပေးကြဖို့ ကျွန်တော် တောင်းပန်ချင်ပါတယ်။ “အမှားမရှိ အလုပ်မရှိ” ဆိုတဲ့အတိုင်း ကျွန်တော့်ရဲ့ လွဲချော်မှုလေးတွေဟာ နောက်တစ်ဆင့်အတွက် လှေကားထစ်တွေ ဖြစ်လာမှာပါ။
ဝါသနာဆိုတာ တားမရနိုင်တာမို့ ဆရာကြီးတွေရှေ့မှာ “ဗျိုင်းအုပ်ထဲက နွား” လို ဖြစ်နေရင်တောင် ပြုံးပြုံးလေးနဲ့ ကြည့်ပေးကြပါဦး။ ဗျိုင်းအုပ်ကြီးဟာ အဖြူရောင်တွေချည်းပဲ ဖြစ်နေတဲ့အချိန်မှာ အဲဒီဗျိုင်းတွေရဲ့ အလယ် ဒါမှမဟုတ် အရှေ့မှာ အမည်းရောင် (သို့မဟုတ်) ညိုညိုမွဲမွဲ နွားတစ်ကောင် ရောက်နေတယ်ဆိုရင် အဝေးကကြည့်တာနဲ့ အဲဒီနွားကို အထင်အရှား မြင်နိုင်ပါတယ်။ ဒါကြောင့် အများနဲ့မတူ တမူထူးပြီး ကြောင်တောင်တောင် ဂွကျကျဖြစ်နေရင်လည်း ပြုံးတော်မူကြပါခင်ဗျာ။
စာရေးတာဟာ စာရွက်ပေါ်မှာ စာလုံးလေးတွေ ချရေးရုံတင်မဟုတ်ဘဲ စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးအတွက်ပါ တကယ်ကို အဖိုးတန်တဲ့ အကျိုးကျေးဇူးတွေ ရှိနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဖေဖော်ဝါရီလ ဒုတိယလဝက်တာ ကာလအတွင်းမှာ ကျွန်တော် ကျားကုတ်ကျားခဲ ရေးမိရေးရာ စာပဒေသာတွေကို သူငယ်ချင်းတွေဖတ်ဖို့ မျှဝေ (Share) လိုက်ပါပြီနော်။
တိုတိုထွာထွာ မှတ်စရာ (၁) – “AI တွေလည်း စစ်ထဲဝင်ကုန်ပြီ”

ဒီသတင်းက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ နည်းပညာလောကရဲ့ “လိမ္မာယဉ်ကျေးပါတယ်” ဆိုတဲ့ AI လေး Claude က ဗင်နီဇွဲလားသမ္မတကို ဖမ်းတဲ့နေရာမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းကို ဖတ်လိုက်ရတဲ့အခါ “ငါ့သမီးလေး လိမ္မာပါတယ်ဆိုမှ ယောက်မမြင်းစီးပြီး ထွက်လာပြီ”၊ “ငါ့သားလေး လိမ္မာပါတယ်ဆိုမှ ပုဆိုးကွင်းသိုင်းပြီး ထွက်လာပြီ” စသည် ဆိုရတော့မလိုပါပဲ။
Claude ဆိုတာ Anthropic ကုမ္ပဏီက ထုတ်ထားတဲ့ AI လေ။ သူက ပုံမှန်ဆိုရင် “ကျွန်တော်က အကြမ်းဖက်တာတွေ၊ လက်နက်ဒီဇိုင်းဆွဲတာတွေ၊ သူတစ်ပါးကို ထောက်လှမ်းတာတွေ မလုပ်ပါဘူး ခင်ဗျာ” လို့ အမြဲငြင်းတတ်တဲ့ “လိမ္မာတဲ့ သားသားလေး” ပုံစံမျိုးပါ။ ဒါပေမဲ့ အခုတော့ Wall Street Journal သတင်းအရ အမေရိကန်စစ်တပ်က သူ့ကိုသုံးပြီး ဗင်နီဇွဲလားခေါင်းဆောင် မာဒူရို (Maduro) ကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ အကူအညီယူခဲ့တယ်ဆိုပဲ!
Claude က တိုက်ရိုက်ကြီး သွားလုပ်တာတော့ မဟုတ်ဘူး။ အမေရိကန်စစ်တပ်နဲ့ အမြဲလက်တွဲနေတဲ့ Palantir ဆိုတဲ့ ဒေတာကုမ္ပဏီကြီးကနေတစ်ဆင့် သွားတာ။ ပြောရရင်တော့ “ငါက လူသတ်တာတွေ မလုပ်ဘူး” လို့ ပြောထားပေမဲ့၊ စစ်တပ်က သူ့ကို “ကဲ… ဒီစာရွက်စာတမ်းတွေကို ဖတ်ကြည့်ဦး၊ ဘယ်သူက ဘယ်သူ့ကို ဘာပြောနေလဲ ခွဲခြမ်းစိတ်ဖြာပေးဦး” ဆိုပြီး ခိုင်းလိုက်တဲ့သဘောပေါ့။ ဉာဏ်ကောင်းတဲ့ကလေးက စစ်တပ်လက်ထဲ ရောက်သွားတော့ “စစ်ထောက်လှမ်းရေး AI” ဖြစ်သွားတာပေါ့။
တကယ်တမ်း ဘာတွေလုပ်ပေးလဲဆိုတာကိုတော့ စစ်တပ်က လျှို့ဝှက်ထားတုန်းပါ။ ဒါပေမဲ့ ခန့်မှန်းရတာတော့ –
ရန်သူ့ဆီက ဖမ်းမိတဲ့ စာတွေကို မြန်မြန်ဖတ်ပေးရတာ။
ဘယ်အချိန်မှာ ဘယ်လိုတိုက်ရင် ကောင်းမလဲဆိုတာကို ဒေတာတွေကြည့်ပြီး အစီအစဉ် ဆွဲပေးရတာ။
ခေါင်းဆောင်တွေ ဆုံးဖြတ်ချက်ချနိုင်အောင် သတင်းအချက်အလက်တွေ စုစည်းပေးရတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီတော့…. “AI တွေလည်း စစ်ထဲဝင်ကုန်ပြီ” လို့ ပြောရတော့မှာပေါ့။ အခုခေတ် စစ်ပွဲတွေက အရင်လို သေနတ်ချင်း ပစ်နေရုံတင် မဟုတ်တော့ဘူး။ AI တွေ ပြိုင်နေကြတာ။ အစ္စရေးက ဂါဇာမှာ ပစ်မှတ်ရှာဖို့ AI သုံးတယ်။ အမေရိကန်က အီရတ်နဲ့ ဆီးရီးယားမှာ AI သုံးပြီး တိုက်ခိုက်တယ်။ အခု Claude က ဗင်နီဇွဲလား စစ်ဆင်ရေးမှာ ပါဝင်လာတယ်။
ဝေဖန်တဲ့သူတွေကတော့ စိတ်ပူကုန်ကြပြီ။ “ကွန်ပျူတာက ခိုင်းတဲ့အတိုင်း လိုက်သတ်ရင် မှားကုန်တော့မှာပေါ့” တဲ့။ ဒါပေမဲ့ အမေရိကန် စစ်ရေးအရာရှိ Pete Hegseth ကတော့ ပြတ်ပြတ်သားသားပဲ တုံ့ပြန်ထားတယ်။ “စစ်တိုက်ဖို့ ခွင့်ပြုတဲ့ AI မျိုး ကျုပ်တို့ စစ်တပ်မှာ အသုံးမလိုဘူး” ဆိုပြီး ခပ်ကြမ်းကြမ်း ပြောထားတာ။
ကဲ… ဒါကို ကြည့်ခြင်းအားဖြင့် AI တွေက ခင်ဗျားတို့ကို ကဗျာလေးတွေ ရေးပေးနေရုံ၊ ပန်းချီပုံလေးတွေ ဆွဲပေးနေရုံ၊ သီချင်းတွေကို လက်တန်းစပ်ပေးနေရုံတင် မဟုတ်ဘဲ၊ တစ်ဖက်မှာလည်း “James Bond” လိုမျိုး လျှို့ဝှက်အေးဂျင့် အလုပ်တွေ လုပ်နေရပြီဆိုတာ သတိထားပေတော့ဗျို့! ခွဲစိတ်ခန်းထဲက ဆရာဝန်ရဲ့ ဓားနဲ့ လူမိုက်လက်ထဲက ဓား ကွဲပြားဖို့ လိုအပ်လာပါပြီ။ ခွဲစိတ်ခန်းထဲက ဓားက လူကို “ကယ်” ဖို့ ဖြစ်ပြီး၊ လူမိုက်လက်ထဲက ဓားက လူကို “သတ်” ဖို့ ဖြစ်တာကြောင့် စေတနာ အရေးကြီးလှပါတယ်ခင်ဗျာ။ စေတနာသည်ကံ၊ ကိုယ့်စေတနာ ကိုယ့်အကျိုးပေးလိမ့်မယ်လို့ ဘုန်းတော်ကြီးတွေက ကျွန်တော်တို့ကို အမြဲ သွန်သင်ဆုံးမ ဟောပြောနေကြတာဟာ လက်တွေ့မှန်တယ်မဟုတ်ပါလား ခင်ဗျာ။
Source: Pentagon Used Anthropic’s Claude in Maduro Venezuela Raid, Wall Street Journal
တိုတိုထွာထွာ မှတ်စရာ (၂) – စုံစီနဖာ ကမ္ဘာရွာလေးက ဒဿနများ

ယနေ့ခေတ် နည်းပညာရဲ့ “လေအဟုန်” က ဘယ်လောက်တောင် မြန်သလဲဆိုရင်၊ အရင်တုန်းက “မိုးကုတ်စက်ဝိုင်းခြားတယ်” ဆိုတဲ့ စကားဟာ အခုတော့ “ဖုန်းမျက်နှာပြင်လေးပဲ ခြားတော့တယ်” ဆိုတဲ့အထိ ဖြစ်လာခဲ့ပါပြီ။ အင်တာနက်ဆိုတဲ့ “ပဉ္စလက်ဆရာကြီး” ရဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ “ကမ္ဘာရွာ” (Global Village) ဖြစ်သွားပြီလို့ အားလုံးက လက်မထောင်ပြီး ဆိုစမှတ်ပြုကြတာပေါ့။
အရင်တုန်းကတော့ တစ်ဖက်နိုင်ငံက သတင်းကို သိချင်ရင် “နံနက်ခင်း ပဲပြုတ်သည်လာချိန်အထိ” သတင်းစာပို့မယ့်သူကို စောင့်ခဲ့ရတာပါ။ အခုကျတော့ “အိမ်ကြက်ချင်း အိုးမဲသုတ်” နေတာကအစ၊ ဟိုး အနောက်နိုင်ငံတစ်နိုင်ငံရှိ “မီးဖိုချောင်ထဲက ကြက်သွန်လှီးတာ” အဆုံး၊ ဖုန်းလေးတစ်ချက် ပွတ်လိုက်ရုံနဲ့ “နတ်မျက်စိ” ရသလို၊ “Sixth Sense” ရသလို အလိုလို ကြိုသိနေပြီး အကုန်မြင်နေရပြီလေ။
ဒါပေမဲ့ ဒီ “ကမ္ဘာရွာလေး” ထဲမှာ နေရတာကလည်း “ရွာနီးချုပ်စပ်” သွားလာရသလို အေးချမ်းလှတာတော့ မဟုတ်ဘူးခင်ဗျာ။ အင်တာနက်ရဲ့ အကျိုးကျေးဇူးကြောင့် “လက်တစ်ကမ်းမှာ ကမ္ဘာ” ရှိနေသလိုမျိုး ထင်ရပေမဲ့၊ တစ်ဖက်မှာလည်း “မျက်စိတစ်မှိတ် လျှာတစ်လိပ်” အတွင်းမှာ သတင်းအမှားတွေက “တောမီးလောင်သလို” ပြန့်နေတတ်ပြန်ရော။ “တစ်ရွာတည်းနေ တစ်ရေတည်းသောက်” ကြတဲ့ ကမ္ဘာရွာသားတွေ ဖြစ်လာတော့ တစ်ယောက် နှာချေရင် နောက်တစ်ယောက်က လိုက်ပြီး ဖျားချင်ကြတယ်။ ကိုဗစ်ကြီး ကမ္ဘာပတ်ခဲ့တာ မနေ့တစ်နေ့ကလိုပဲလေ။ အားလုံး ကျောချမ်းတုန်းပဲ။ အမေရိကန်က စီးပွားရေး “အကြောဆွဲ” ရင်၊ ဒီဘက်က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ “လေဖြတ်” မတတ် ဖြစ်ကုန်ကြတာမျိုးပေါ့။ ဒါကြောင့် ဒီကမ္ဘာရွာကြီးမှာ နည်းပညာကို “လက်နက်ကောင်း” တစ်ခုလို ကိုင်စွဲထားနိုင်ပေမဲ့ “ကိုင်တတ်ရင် ဆေး၊ မကိုင်တတ်ရင် ဘေး” ဖြစ်သွားနိုင်တာကိုတော့ သတိချပ်ဖို့ လိုပါလိမ့်မယ်။ “ကိုယ်မွေးတဲ့ မျောက် ကိုယ့်ကို ပြန်မခြောက်” မိပါစေနဲ့။
ကျွန်တော်တို့ဟာ “ရွာသားချင်းအတူတူ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ ငကျွဲ၊ ကောက်ညှင်း၊ ငချိတ် စသည်ဖြင့် စပါးနှံချင်းတော့ မတူ” ကြပေမဲ့၊ ဒီအင်တာနက်ဆိုတဲ့ “ရွာလယ်လမ်းမကြီး” ပေါ်မှာတော့ နေ့စဉ်အတူတူ လျှောက်လှမ်းနေကြရတာပါ။ “ထင်းခွေမကြုံ ရေခပ်ဆုံ” နေကြရတာပါ။ တစ်ဦးနဲ့တစ်ဦး ဒဿနတွေ ဖလှယ်နေကြရတာပါ။ ကျွန်တော်တို့ တောသားတွေလည်း မြို့သားတွေလို အတွေးအခေါ် မညံ့ပါဘူး။ တချို့ တောသားတွေဆိုရင် မြို့ကြီးသားတွေထက်တောင် ပိုတော်တာမျိုး ရှိပါတယ်။
မြန်မာစာပေထဲမှာ “တောသား” ဆိုတဲ့ စကားကို လူ့ဘဝရိုးရှင်းမှုကို ညွှန်းဖို့ သုံးထားတတ်တယ်။ ဒဂုန်တာရာစတဲ့ စာပေဘိုးအေကြီးတွေက တောနဲ့ သဘာဝကို အလွန်ချစ်ကြပြီး “တောသား” ဆိုတဲ့ စကားကို သဘာဝနီးစပ်သူအဖြစ် သုံးထားကြတယ်။ ဆန်းထွန်း (မန်း-တက္ကသိုလ်) အမည်နဲ့ စာအုပ်စာပေများစွာ ရေးသားခဲ့တဲ့ မြန်မာစာအဖွဲ့ဝင် စာရေးဆရာကြီး ဦးဆန်းထွန်း ဆိုတာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ကျုံကဒူးရွာသားဘဝက စခဲ့တာပါ။ ကျွန်တော် ကြည်ညိုလေးစားရဆုံး အာစရိတစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီးနဲ့ စာရေးဆရာကြီး မောင်ဝံသ ဆိုရင်လည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးကျေးရွာသားလို့ မှတ်သားရဖူးတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးတွေ အများကြီး ရှိနေပေမယ့် စာရှည်လေးမှာစိုးလို့ ဒီနေရာမှာပဲ တော်ကြဦးစို့ရဲ့။
တိုတိုထွာထွာ မှတ်စရာ (၃) – ကမ္ဘာကြီးကို ဆင်မြန်းပေးဖို့ အင်္ကျီအသစ် လိုနေပြီ

အရင်တုန်းကတော့ တစ်ကမ္ဘာလုံးက နိုင်ငံတွေအားလုံး “လက်ချင်းချိတ်ပြီး ချစ်ကြည်နူးကြမယ်” ဆိုတဲ့ အိပ်မက်ကြီးနဲ့ UN တို့၊ IMF တို့၊ World Bank တို့ကို နတ်နန်းသဖွယ် ကိုးကွယ် တည်ဆောက်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ အဲဒီ အိပ်မက်ကြီးက “ဆားအိုးထဲ ရေဝင်သလို” တဖြည်းဖြည်း အရည်ပျော် ပျက်ပြယ်လုနီးပါး ဖြစ်နေပြီ။
ဘာလို့ ဒီလို ဇာတ်ပျက်နေတာလဲဆိုတော့ — “နွားအိုမြက်နု စားချင်နေကြတဲ့ လူကြီးမင်းတွေက နေရာမဖယ်ပေးလို့ပါ”။ သူတို့က မြက်နုကိုပဲ အမြဲစားချင်နေကြတဲ့ အင်အားသန်စွမ်းတဲ့ နွားလားဥသဘတွေအလား ဆီဦးထောပတ်ကိုပဲ အမြဲလွေးချင်နေကြတယ် မဟုတ်လား။ အရင်တုန်းကတော့ အမေရိကန်နဲ့ ဥရောပဆိုတဲ့ “ရွှေထီးဆောင်း ဆရာကြီးများ” ကပဲ ဇာတ်ခုံကို မောင်ပိုင်စီး မင်းသားကြီး လုပ်ခဲ့ကြတာ။ အခုကျတော့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးတို့ကလည်း “ငါတို့မှာလည်း ရွှေရှိတယ်၊ ငွေရှိတယ်၊ ငါတို့ကိုလည်း ဆရာကြီး နေရာတင်ဖို့ နေရာတစ်နေရာ ပေးဦး” လို့ နတ်သံနှော ပြောလာကြပြီ။
ဥပမာ – BRICS နိုင်ငံတွေက ကမ္ဘာ့စီးပွားရေးရဲ့ ၂၄% ကို ထိန်းချုပ်ထားပေမဲ့ IMF ရဲ့ မဲပုံးထဲမှာတော့ သူတို့အသံက ၁၀% ပဲ ထွက်တယ်။ အဲဒီတော့ “အလုပ်ကတော့ အမဲလိုက်ခွေးလို လုပ်ရပြီး စားရတော့ အိမ်စောင့်ခွေးအဆင့်ပဲ ရတာလား” ဆိုပြီး စိတ်ကောက်ကုန်ကြတာပေါ့။ Council on Foreign Relations မှာ ဒီအရှုပ်ထုပ်တွေကို အသေးစိတ် လေ့လာကြည့်လို့ရပါတယ်။
“UN က ဗီတိုဆိုတဲ့ ဓားမဦးချ စနစ်ကြီး” ကလည်း တကယ့်ကို ကန့်လန့်ကန့်လန့်နဲ့။ စစ်ပွဲတွေဖြစ်လို့ တစ်ခုခုလုပ်မယ်ဆိုရင် တစ်နိုင်ငံက “ဗီတို (Veto)” ဆိုပြီး လက်ညှိုးထောင်ပြလိုက်တာနဲ့ “ဆင်သေကို ဆိတ်ရေနဲ့ ဖုံး” ချင်ကြတဲ့သူတွေအတွက် အကြိုက်တွေ့ပြီး ကျန်တဲ့သူတွေမှာတော့ “လက်မှိုင်ချ ငိုက်စိုက်” ဖြစ်ကုန်ကြရော။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ သူတွေကြားမှာ UN ကိုယ်တိုင်လည်း “နွားရှေ့ထွန်ကျူး” သလို ပြုပြင်ဖို့ မနည်း ရုန်းကန်နေရတုန်း။
ဘယ်သူ့ကို ယုံရမှန်း မသိတော့တဲ့ ခေတ်ကြီးပါနော်။ ကုလ ပလက်ဖောင်းပေါ်မှာလည်း တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု ကင်းမဲ့နေကြတယ်။ အခုခေတ်က အင်တာနက်ပေါ်က သတင်းအမှားတွေ၊ ဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ “တစ်ယောက်နဲ့တစ်ယောက် ပခုံးချင်းဖက်ပြီး နောက်ကျော ဓားနဲ့ထိုးမလား” ဆိုတဲ့ သံသယတွေက “မီးခိုးကြွက်လျှောက်” ဝင်နေကြတာ။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ခြံစည်းရိုးကိုယ် ခတ်နေကြပေမဲ့ ရာသီဥတုပြောင်းလဲတာတို့၊ ကပ်ရောဂါတို့ကျတော့ “ကိုယ့်အိမ်ကိုယ်မီးလောင်တာ မဟုတ်ဘူး၊ တစ်ရွာလုံး လောင်နေတာ” မို့လို့ ဘယ်သူကမှ တစ်ယောက်တည်း ရေနဲ့ ငြှိမ်းလို့မရဘူးလေ။
နိဂုံးချုပ်ရရင်တော့ ဒီစနစ်ကြီးက “အင်္ကျီအဟောင်းကြီး” လို ဖြစ်နေပြီ။ လူက ဗလကောင်းလာပြီ၊ အင်္ကျီကတော့ ကလေးဝတ်လို ကျပ်ထုတ်နေပြီ။ ဒါကြောင့် Global South လို့ခေါ်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက “အင်္ကျီအသစ် ချုပ်ကြစို့” လို့ ဗိုလ်အောင်ဒင်လို အော်နေကြတာ… အာပြဲကြီးတွေနဲ့။ အခု အင်္ကျီအသစ် ချုပ်မလား၊ ဒါမှမဟုတ် “တစ်လုပ်စားဖို့ အလုပ်တစ်ရာ လုပ်နေရ” တဲ့သူလို “အင်္ကျီစုတ်ကြီး” နဲ့ပဲ ရှေ့ဆက်ပြီး “Chaos” ဆိုတဲ့ ဗရုတ်ဗရက် ဇာတ်လမ်းတွေ ဆက်ကြည့်မလား ဆိုတာကတော့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ “ဉာဏ်အလင်း” ပေါ်မှာပဲ မူတည်ပါတယ်။
အခုတော့ “Veto Initiative” ဆိုတာကြီး ပေါ်လာပြီ။ ဗီတိုသုံးပြီးရင် ၁၀ ရက်အတွင်း အထွေထွေ ညီလာခံမှာ လာပြီး ဖြေရှင်းချက်ပေးရမယ်ဆိုတဲ့ စနစ်ပါ။ ဒါပေမဲ့ ဒါကလည်း အင်အားကြီး နိုင်ငံတွေအတွက်တော့ “ယားရုံလောက်ပဲ” ရှိနေသေးတယ်။ ဣန္ဒြေမပျက် ဆက်နေနိုင်ကြသေးတာပေါ့။ အာဖရိကနိုင်ငံတွေက “ငါတို့လည်း လူပဲ၊ ငါတို့အတွက်လည်း အမြဲတမ်းနေရာ ၂ နေရာ ပေးဦး” လို့ “ဗိုလ်အောင်ဒင်လို” အာပြဲကြီးနဲ့ ရင်ဘတ်စည်တီး တောင်းဆိုနေကြပြီ။
G4 အုပ်စု (အိန္ဒိယ၊ ဘရာဇီး၊ ဂျာမနီ၊ ဂျပန်) က အညံ့မခံချင်ဘူး။ ဒါကြောင့် “ငါတို့က ပိုက်ဆံလည်း ရှိတယ်၊ လူလည်းများတယ်၊ ငါတို့ကိုလည်း ‘ဆရာကြီး’ တင်ပါဦး” လို့ အမြဲတမ်းအဖွဲ့ဝင်နေရာ (Permanent Seat) တောင်းနေကြတယ်။ ပြင်သစ်နဲ့ ဗြိတိန်ကတော့ “လူသတ်ပွဲတွေဖြစ်ရင်တော့ ဗီတို မသုံးကြေး” ဆိုပြီး တောင်းဆိုနေကြပြီ။ UN အထွေထွေအတွင်းရေးမှူးချုပ် ဂူတားရက်စ်က ၂၀၂၆ ဖေဖော်ဝါရီမှာ “ဒီ ၁၉၄၅ ခုနှစ်က အင်္ကျီအဟောင်းကြီးဟာ အခုခေတ် ဗလကောင်းတဲ့ လူကြီးနဲ့ မကိုက်တော့ဘူး” လို့ ဗြောင်ပဲ ပြောလိုက်ပါပြီ။ တကယ်တော့ UN ဆိုတာကြီးဟာ “အခြားတိုင်တန်းစရာ နေရာမရှိလို့ တိုင်တန်းနေရတဲ့ ရဲစခန်း” လို ဖြစ်နေတယ်။ အဖွဲ့ဝင် တစ်နိုင်ငံတည်းက ဗီတိုသုံးလိုက်တာနဲ့ ကျန်တဲ့နိုင်ငံတွေ အကုန်လုံး ငုပ်တုပ် မေ့ကြရပြီ။ ဒါကြောင့် ကမ္ဘာကြီးဟာ “ရေစုန်မျှော” ရတော့မလားဆိုတာ စိုးရိမ်စရာပါပဲ။
Source: India, Germany, Japan and Brazil convene G4 meeting: What is the grouping about? By WION
တိုတိုထွာထွာ မှတ်စရာ (၄) ချစ်သူများနေ့ကို ဖက်တွယ်နေကြတုန်းပဲလား?

ဖေဖော်ဝါရီ ၁၄ ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့) ဆိုတော့ ပန်းစည်းတွေ၊ ချောကလက်တွေနဲ့ အလုပ်ရှုပ်နေပြီလား? ဘာ Valentine လဲဗျာ… ကျုပ်ကတော့ အိတ်ကပ်ထဲ ‘Valentine’ မရှိလို့ ‘Silent’ နေရမယ့်ကောင်ပါ။ ဒါနဲ့ ဒီပွဲက ဘယ်ကနေ စတာလဲလို့ သမိုင်းကြောင်းကို မွှေနှောက်မိပါတယ်။ ဒါက ရာဇဝင်နဲ့။ တကယ်တော့ ဒါကြီးက ရှေးဟောင်း ရိုမန်ခေတ်က ‘လူပါကယ်လီယာ’ (Lupercalia) ဆိုတဲ့ ပွဲတော်ကနေ ဆင်းသက်လာတာ။ အဲဒီတုန်းကတော့ နည်းနည်း ‘အကြမ်းစား’ ပေါ့။ နောက်မှ ခရစ်ယာန် ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းနဲ့ ရောပြီး အချစ်ပွဲတော် ဖြစ်လာတာ။
နေဦး… စိန့်ဗယ်လင်တိုင်းဆိုတာ ဘယ်သူလဲ? ကျွန်တော်တို့ သိသင့်ပါတယ်။ သူက တကယ့် ‘Hero’ ပဲ။ အဲဒီခေတ်က ဧကရာဇ်မင်းကြီး ကလောဒီးယပ်စ် (Claudius II) က ‘စစ်သားတွေ မိန်းမမယူရဘူး’ ဆိုပြီး အမိန့်ထုတ်ထားတာ။ အိမ်ထောင်ကျရင် တိုက်ပွဲမှာ စိတ်မပါမှာ စိုးလို့တဲ့။ ဒါကို ဗယ်လင်တိုင်းက မခံစားနိုင်ဘူးလေ။ အချစ်သမားတွေအတွက် တိတ်တိတ်လေး လက်ထပ်ပေးတာ။ နောက်တော့ အဖမ်းခံရရော။
ဟာ… အဲဒီမှာတင် ဇာတ်လမ်းက ပြီးသွားတာမဟုတ်ဘူး။ ဘယ်ကမလဲ… ထောင်ထဲမှာ ထောင်ပိုင်ကြီးရဲ့သမီးနဲ့ ထပ်ငြိတာပေါ့။ သူ အသတ်မခံရခင်လေးမှာ အဲဒီကောင်မလေးဆီကို စာတစ်စောင်ရေးခဲ့တယ်။ အောက်မှာ ဘယ်လို လက်မှတ်ထိုးတယ်မှတ်လဲ… ‘From your Valentine’ တဲ့။ အဲဒါ အခုထိ ခေတ်စားနေတဲ့ ‘Valentine စာသား’ ရဲ့ မူလအစပဲ။ ဪ… အချစ်အတွက်နဲ့ အသက်ပေးသွားတာပေါ့။
ဒါပေမဲ့ အခုခေတ်လို လက်ဆောင်တွေပေး၊ ကတ်တွေပေးတာကရော? အဲဒါကတော့ နောက်ပိုင်းမှ။ ၁၄ ရာစုလောက်မှာ ကဗျာဆရာ ချော်ဆာ (Chaucer) က ‘ဖေဖော်ဝါရီ ၁၄ ရက်ဆိုတာ ငှက်ကလေးတွေ မိတ်လိုက်တဲ့ရာသီ’ ဆိုပြီး ကဗျာထဲ ထည့်ရေးရာကနေ ပိုပြီး ရိုမန်းတစ် (Romantic)ဆန်လာတာ။ ၁၈ ရာစုကျတော့မှ အင်္ဂလန်မှာ လက်ရေးစာမူလေးတွေ ပို့ကြ၊ ၁၉၁၃ ခုနှစ်မှာ Hallmark က ကတ်တွေ အမြောက်အမြား ထုတ်ရောင်းတော့မှ လုပ်ငန်းရှင်တွေ ပျော်တဲ့ပွဲ ဖြစ်လာတာပေါ့။ အော်… အခုတော့ စိန့်ဗယ်လင်တိုင်းလည်း နားအေးသွားပြီပေါ့။ ကက်သလစ်အသင်းတော်ကတောင် ၁၉၆၉ မှာ ပွဲတော်ရက်အဖြစ်ကနေ ပယ်ဖျက်လိုက်ပြီ။ ဒါပေမဲ့ ကမ္ဘာကြီးကတော့ အချစ်ပွဲတော်ဆိုပြီး ပျော်နေကြတုန်းပဲ။ အင်း… အချစ်အတွက်နဲ့ ထောင်ကျရုံတင်မကဘူး၊ အခုထိ ကတ်ရောင်းတဲ့ ကုမ္ပဏီတွေကိုပါ ချမ်းသာအောင် လုပ်ပေးခဲ့တာပဲနော်။
Source: Valentine Day history: By History.com
တိုတိုထွာထွာ မှတ်စရာ (၅) အတုမြင် အတတ်သင် ဆရာတင် မမှားကြပါနဲ့

ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်မှာ စတင်လိုက်တဲ့ “မြင်းနှစ်” ဆိုတာ အနှစ် ၆၀ မှာ တစ်ခါသာ ကြုံရခဲတဲ့ တကယ့် ဇာတ်ရှိန်ပြင်းပြင်း အလှည့်အပြောင်းကြီး တစ်ခုပါပဲ။ တရုတ်ရိုးရာမှာ မြင်းနှစ်ဟာ အရှိန်အဟုန် မြင့်မားခြင်းနဲ့ တိုးတက်ပြောင်းလဲခြင်းကို ကိုယ်စားပြုပေမဲ့၊ ဒီနှစ်မှာတော့ “ရန်မီး (Yang Fire)” ဓာတ်နဲ့ ပေါင်းစပ်သွားတဲ့အတွက် “မီးဟုန်းဟုန်းတောက်နေတဲ့ မြက်ခင်းပြင်ထဲမှာ မြင်းရိုင်းတစ်ကောင် ဒုန်းစိုင်းနှင်လိုက်သလို” အားမာန်တွေ အလျှံငြီးငြီး ဖြစ်ပေါ်နေမှာပါ။ သာမန်မြင်းနှစ်တွေထက် ပိုပြီး ထူးခြားဆန်းသစ်တဲ့ အောင်မြင်မှုတွေ ရနိုင်သလို၊ တစ်ဖက်မှာလည်း မီးဓာတ်ရဲ့ သဘောအရ စိတ်လိုက်မာန်ပါ လုပ်မိတတ်တဲ့ အန္တရာယ်က “မီးခိုးကြွက်လျှောက်” လိုက်ပါလာနိုင်တာကြောင့် “ဇာတ်ကကြိုးကို ခိုင်ခိုင်ကိုင်” ထိန်းကျောင်းနိုင်ဖို့က အဓိက သော့ချက် ဖြစ်လာပါလိမ့်မယ်။
ဒီနှစ်မှာ မွေးဖွားလာသူတွေ ဒါမှမဟုတ် မြင်းနှစ်ဖွားတွေရဲ့ စရိုက်ကတော့…. သူပုန်စရိုက်မျိုး ရှိတတ်ကြပါတယ်။ သူတို့ဟာ ဆွဲဆောင်မှုရှိပြီး အင်မတန် တက်ကြွသလို၊ လွတ်လပ်မှုကို “ငှက်ကလေးတွေ အတောင်ပံဖြန့်သလို” အစွဲအလမ်းကြီးစွာ မြတ်နိုးကြသူတွေပါ။ အမိန့်ပေး အုပ်ချုပ်တာကို မကြိုက်ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကာ “မင်းသားကြီး” စရိုက်နဲ့ လမ်းသစ်ဖောက်ချင်ကြတဲ့ သဘာဝခေါင်းဆောင်တွေ ဖြစ်တာကြောင့်၊ သူတို့ကို အကျပ်ကိုင်ဖို့ ကြိုးစားရင် “ကျွဲပါးစောင်းတီး” သလိုမျိုး ဘာမှထူးမှာမဟုတ်ဘဲ မိမိကိုယ်တိုင်သာ အမောဆို့ရမှာ ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေ ဆောင်ကြဉ်းနိုင်ဖို့အတွက် “စပါးရွှေဝါ၊ မြကျောက်” တို့လို အဝါရောင်နဲ့ အစိမ်းရောင်တွေကို အားကိုးနိုင်ပြီး၊ အပြာနဲ့ အဖြူရောင်တွေကိုတော့ ဒီနှစ်မှာ ခေတ္တ “ခေါက်ထားလိုက်ဦး” ဖို့ အကြံပြုချင်ပါတယ်။
တရုတ်ရာဇဝင်ကို ပြန်ကြည့်ရင် မြင်းဆိုတာ “ကျောရိုး” မဏ္ဍိုင်ကြီး တစ်ခုလို အရေးပါခဲ့တာ နှစ်ပေါင်း ၃,၀၀၀ ကျော်ပါပြီ။ ဟန်မင်းဆက် ဝူဒီဧကရာဇ် လက်ထက်မှာ “သွေးချွေးထွက်တဲ့ စစ်ဘက်သုံး နတ်မြင်း” တွေကို ရဖို့အတွက် ဗဟိုအာရှအထိ စစ်တပ်လွှတ်ခဲ့ရတာတွေကစလို့၊ “ပိုးလမ်းမ” ရဲ့ အဓိက ငွေကြေးအဖြစ် ပိုးထည်တွေကို မြင်းတွေနဲ့ လဲလှယ်ခဲ့ကြတာတွေအထိ မြင်းရဲ့ တန်ဖိုးက အားကိုးထိုက်တဲ့ “Bitcoin” တစ်ခုလို အားကောင်းခဲ့တာပါ။ ချင်ရှီဟွမ် ဧကရာဇ်ရဲ့ မြေပုံတပ်သားတွေကြားမှာ မြင်းရုပ်တွေကိုပါ ထည့်သွင်းမြှုပ်နှံခဲ့တာကလည်း သေလွန်ပြီးနောက်မှာတောင် “အရိပ်ပမာ” စောင့်ရှောက်နိုင်ဖို့ ယုံကြည်ခဲ့ကြလို့ပါပဲ။
မြင်းရဲ့ အရှိန်အဟုန်ဟာ ဘာသာစကားထဲမှာတောင် “ဓားမဦးချ” နေရာယူထားတာကို တွေ့ရပါတယ်။ တရုတ်စကားမှာ “ချက်ချင်း” ဆိုတဲ့ အသုံးအနှုန်းဟာ “မြင်းပေါ်မှာ” လို့ တိုက်ရိုက်အဓိပ္ပာယ်ရပြီး၊ မြင်းပေါ်တက်လိုက်တာနဲ့ သတင်းစကားဟာ အရောက်သွားနိုင်ပြီဆိုတဲ့ အရှိန်ကို ဖော်ပြနေတာပါ။ ဒါကြောင့် ဒီ ၂၀၂၆ မီးမြင်းနှစ်မှာတော့ “မြင်းကောင်း ကဆုန်၊ လူကောင်း မနုံ” ဆိုသလို မိမိရဲ့ စွမ်းဆောင်ရည်တွေကို အပြည့်အဝ ထုတ်သုံးပြီး အခွင့်အရေးတွေကို “လက်တစ်ကမ်း” မှာ အမိအရ ဖမ်းဆုပ်နိုင်ဖို့ ပြင်ဆင်ထားသင့်ပါတယ်။
တရုတ်ပြည်မှာ မြင်းနှစ် (Year of the Horse) ရောက်ပြီဆိုရင် ပွဲတော်တွေက တကယ့်ကို မြင်းရိုင်းတစ်သိုက် ဒုန်းစိုင်းနှင်လာသလို တက်ကြွလှုပ်ရှားပြီး အသက်ဝင်လာတာပါ။ “ခရီးကြမ်းမှ မြင်းအစွမ်းသိ” ဆိုသလိုပဲ၊ တရုတ်လူမျိုးတွေအတွက် မြင်းဆိုတာ သစ္စာရှိမှု၊ တိုးတက်မှုနဲ့ ဇွဲလုံ့လရဲ့ ပြယုတ်တစ်ခုပေါ့။ “မာတောက်ချန်ကုန်း” (Ma dao cheng gong) ဆိုတဲ့ စကားစုလေးက မြင်းတစ်ကောင်လို အရှိန်အဟုန်နဲ့ အောင်မြင်မှုကို ဖမ်းဆွဲနိုင်ဖို့ ဆုတောင်းပေးတာဖြစ်သလို၊ လူတိုင်းကလည်း မိမိတို့ရဲ့ ကြိုးစားမှု “မြင်းချွေး” တွေကို “ရွှေ” အဖြစ် ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။
နောက်ပြီး စိတ်ဝင်စားဖို့ကောင်းတာက တရုတ်ဘာသာစကားမှာ “မာ” (Ma) ဆိုတဲ့ အသံထွက်က မြင်းကို ကိုယ်စားပြုနေတာပါ။ ဒါကြောင့် ကမ္ဘာကျော်သူဌေးကြီး Elon Musk တို့၊ ပြင်သစ်သမ္မတ Macron တို့တောင် သူတို့နာမည်ထဲမှာ “မာ” ပါနေလို့ မြင်းနှစ်ရဲ့ Mascot အရုပ်လေးတွေလို ဖြစ်နေကြတာပေါ့။ အထူးသဖြင့် Harry Potter ထဲက Draco Malfoy ကို မြင်းစီးထားတဲ့ပုံစံနဲ့ Online မှာ “Lucky Charm” (လာဘ်ကောင်းတဲ့အဆောင်) အဖြစ် နောက်ပြောင်ဖန်တီးကြတာက တကယ့်ကို ဟာသဖြစ်စရာပါ။ ဒါကို မြန်မာလိုပြောရရင်တော့ “နွားအုပ်ထဲက နွားလားဥသဘ” လိုမျိုး ထူးခြားတဲ့သူတွေကိုမှ ရွေးပြီး မြင်းနှစ်ရဲ့ သင်္ကေတအဖြစ် တင်စားနေကြတာ ဖြစ်ပါတယ်။
ဒီနှစ်မှာ “မြင်းကလေး” ရဖို့ ပြိုင်ပွဲဝင်နေကြတဲ့ မိဘတွေလည်း မနည်းပါဘူး။ မြင်းနှစ်မှာ မွေးတဲ့ကလေးတွေက ထက်မြက်တယ်၊ လွတ်လပ်တယ်လို့ ယုံကြည်ကြလို့ မွေးဖွားနှုန်းက ၁၀ ရာခိုင်နှုန်းလောက်အထိ ထိုးတက်သွားလေ့ရှိတယ်။ အစိုးရကလည်း ကလေးမွေးရင် ထောက်ပံ့ကြေးတွေ ပေးနေတာဆိုတော့ မိဘတွေအတွက် “မြင်းကောင်းရတနာရ” ဆိုသလိုမျိုး အားတက်စရာ ဖြစ်နေတာပေါ့။ သူတို့ရဲ့ ကလေးတွေဟာ မြင်းကလေးတွေလိုပဲ မွေးပြီးမကြာခင်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ ဇာတိမာန်ရှိသူတွေ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။
ယဉ်ကျေးမှုအရ ကြည့်ရင်လည်း မြင်းပုံစံ ပေါင်မုန့်တွေကအစ၊ ခေတ်ပေါ်ဖက်ရှင်တွေအထိ မြင်းက နေရာအနှံ့ပါပဲ။ ပြတိုက်တွေထဲမှာရှိတဲ့ ဟန်မင်းဆက်က ကျောက်စိမ်းမြင်းရုပ်တွေကို ကြည့်ရင် ငါတို့တွေဟာ ဘယ်လောက်ပဲ ခေတ်မီပါစေ “ဘိုးဘွားတွေရဲ့ ကုန်းနှီးပေါ်မှာ စီးနင်းလိုက်ပါလာတာ” ဆိုတာကို သတိရစေပါတယ်။ အခုဆိုရင် မြင်းစီးအားကစားကလည်း လူငယ်တွေကြားမှာ အရမ်းခေတ်စားလာပြီး မြင်းထိန်းသိမ်းမှုကို အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ တလေးတစား သင်ယူလာကြတာဟာ ရှေးဟောင်းဓလေ့နဲ့ ခေတ်သစ်လူနေမှုကို ပေါင်းကူးပေးလိုက်သလိုပါပဲ။
အခုခေတ်မှာ “မြင်းဇွဲ (Horsepower)” ဆိုတာ မြက်စားတဲ့မြင်းကို မဆိုလိုတော့ဘဲ လျှပ်စစ်ကားတွေနဲ့ ကျည်ဆန်ရထားတွေကို ဆိုလိုတာဖြစ်သွားပါပြီ။ ဒီခေတ်သစ် “သံမြင်း” တွေက ရှေးတုန်းက ပိုးလမ်းမကြီးပေါ်မှာ မြင်းတွေ ကုန်းစည်ပို့ဆောင်ခဲ့သလိုပဲ၊ အခုလည်း နွေဦးပွဲတော်မှာ ဝေးကွာနေတဲ့ မိသားစုတွေကို အမြန်ဆုံးဆုံစည်းပေးနေတာပါ။ ဘယ်လောက်ပဲ ခရီးဝေးပါစေ၊ မြင်းရဲ့ လျင်မြန်မှုနဲ့ နည်းပညာတွေကြောင့် “ဖုန်မထခင် အိမ်ရောက်” ဆိုသလို လျင်မြန်တဲ့ ခရီးစဉ်တွေက တရုတ်ပြည်ရဲ့ တိုးတက်မှုကို မောင်းနှင်နေပါတယ်။
ဗုဒ္ဓစာပေမှာတော့ မြင်းနဲ့ပတ်သက်တဲ့ အဆုံးအမတွေကို တွေ့ရပါတယ်။ ဒါကတော့ အုပ်ထိန်းသူကောင်းမှ နောက်လိုက်ကောင်းမယ်၊ ဆရာကောင်းမှ တပည့်ကောင်းမယ်ဆိုတဲ့ သဘောတရားတွေကို သင်ခန်းစာပေးတာပါ။
ဗာရာဏသီပြည်မှာ သာမမင်းဆိုတဲ့ ဘုရင်တစ်ပါး ရှိတယ်။ သူ့မှာ “ပဏ္ဌဝ” လို့ခေါ်တဲ့ အရမ်းတော်တဲ့ မင်္ဂလာမြင်းတစ်ကောင် ပိုင်တယ်။ ဘုရင်က အဲဒီမြင်းကို တခြားမြင်းတွေထက် ပိုချစ်၊ ပိုအရေးပေးတယ်။ အဲဒီမင်္ဂလာမြင်းကို ထိန်းကျောင်းဖို့ ဂိရိဒတ္တဆိုတဲ့ မြင်းထိန်းတစ်ယောက်ကို တာဝန်ပေးထားတယ်။ ဒီဂိရိဒတ္တက အလုပ်တော့ ကြိုးစားလုပ်တယ်၊ ဒါပေမဲ့ သူ့မှာ ခြေခွင်တဲ့အကျင့် ရှိတယ်။ လမ်းလျှောက်ရင် တစ်လှမ်းချင်းစီ ထော့နဲ့ထော့နဲ့နဲ့ပေါ့။ အဲဒီတော့ ဘာဖြစ်လဲဆိုတော့၊ မြင်း “ပဏ္ဌဝ” က သူ့ထိန်း ဂိရိဒတ္တ လှုပ်ရှားတာကို အတုလိုက်ပြီး လမ်းလျှောက်ပုံပါ ထော့နဲ့ ဖြစ်လာရော။ အချိန်ကြာတော့ အဲဒီပုံစံက မြင်းရဲ့ အကျင့်ဖြစ်သွားတာပေါ့။
တစ်ရက်ကျတော့ တခြားဘုရင်တစ်ပါးက ဒီမြင်း ထော့နဲ့နေတာကို မြင်ပြီး သာမမင်းကို သတင်းပို့လိုက်တယ်။ သာမမင်းလည်း စိုးရိမ်သွားတာပေါ့။ “ဟဲ့…ငါ့မြင်း ခြေထောက်မှာ ဒဏ်ရာရနေလား၊ အနာရှိနေလား” ဆိုပြီး ဆေးဆရာတွေကို ခေါ်စစ်ခိုင်းတယ်။ ဆေးဆရာတွေလည်း အကုန်စစ်ဆေးတာပေါ့။ စစ်ဆေးပြီးတော့ ဘာရောဂါမှ ရှာမတွေ့ဘူး။ ဘုရင်လည်း ဘာလုပ်ရမှန်းမသိတာနဲ့ ပညာရှိအမတ်ကို ခေါ်ပြီး အကြောင်းရင်းစုံစမ်းခိုင်းတယ်။
ပညာရှိအမတ်က မြင်းကိုရော၊ မြင်းထိန်းကိုပါ လေ့လာကြည့်တယ်။ ပြီးမှ “အရှင်မင်းကြီး… ပြဿနာက မြင်းမှာ မဟုတ်ပါဘူး။ မြင်းက မြင်းထိန်း ခြေထောက်ထော့နေတာကို အတုလိုက်လုပ်နေတာပါ” ဆိုပြီး ရှင်းပြတယ်။ ဓာတ်ကူးတယ်ဆိုတာ အဲဒါမျိုးပေါ့။ ပညာရှိအမတ်က ဘုရင်ကို အကြံပေးတယ်။ “ခြေထောက်ကောင်းပြီး သန်မာတဲ့ မြင်းထိန်း အသစ်တစ်ယောက်နဲ့ အစားထိုးလိုက်ပါ။ အဲဒီအခါကျရင် မြင်းက အရင်အတိုင်း ပြန်ကောင်းသွားပါလိမ့်မယ်” တဲ့။
သာမမင်းလည်း အကြံအတိုင်း လုပ်လိုက်တာပေါ့။ တကယ်ပဲ မင်္ဂလာမြင်း “ပဏ္ဌဝ” ဟာ အကျင့်ဆိုး ပျောက်ပြီး အရင်ကလို ခန့်ခန့်ညားညား ပြန်ဖြစ်သွားခဲ့ပါတယ်။ “အတုမြင် အတတ်သင်” ဆိုတာ တပည့်တွေက ဆရာ့ကို CCTV လိုပဲ အခါမလပ် စောင့်ကြည့်နေတာပါ။ ဆရာက အတန်းထဲ ဖုန်းပွတ်နေရင် တပည့်က ဂိမ်းဆော့ဖို့ အားခဲတော့မှာပဲ။ ဆရာကိုယ်တိုင်က “ငါ့တပည့်တွေ လိမ္မာပါစေ” လို့ သြဝါဒပေးနေပြီး လက်ထဲမှာ ဆေးလိပ်ကိုင်ထားရင်တော့ အဲဒါ “အလွဲသင်ခန်းစာ” ဖြစ်သွားပြီလေ။ ဆရာဆိုတာ စာအုပ်ထဲက စာတင်မကဘဲ ကိုယ်ကျင့်တရားပါ စံပြ (Role Model) ဖြစ်ရမယ်။
မဟုတ်ရင်တော့ “ဆရာလုပ်တာ အတုမြင်၊ တပည့်လုပ်တာ အတတ်သင်” ဆိုပြီး အလွဲတွေနဲ့ ဘဝပျက်ကုန်ကြမှာ။ ဒါကြောင့် ဆရာတို့ရေ… တပည့်တွေရှေ့မှာတော့ “လူနတ်ဗြဟ္မာ အားကျလောက်တဲ့ စံပြဆရာအဖြစ်” ထာဝရ ရပ်တည်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။
စာကိုး –
ငါးရာငါးဆယ်နိပါတ်တော် ကဏ္ဍုကဇာတ်
Source:
– Pali Text: Giridantajātakaṃ (Ja 184)
– Source: Jātaka, Vol. II, No. 184 (Pali Canon, Khuddaka Nikāya)
– English Reference: The Jātaka or Stories of the Buddha’s Former Births, translated by E.B. Cowell et al., Cambridge University Press, 1895, Vol. II, p. 66–68.


