မြန်ဆန်စွာတိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်အခါမှာ နည်းပညာဟာ ကလေးကနေ လူကြီးများ အားလုံးရဲ့ တစ်နေ့တာမှာ မပါမဖြစ်တဲ့ အခြေအနေကို ရောက်ရှိလို့လာနေပြီ ဖြစ်ပါတယ်။ ဖန်သားမျက်နှာပြင်ဟာ ကလေးများရဲ့ ပတ်ဝန်းကျင်မှ မမြင်တွေ့ချင်မှ အဆုံး ရှိနေပါပြီ။ အိမ်၊ ကျောင်း၊ ဈေးဆိုင်၊ စူပါမားကက်၊ ကစားကွင်း စတဲ့နေရာတွေအားလုံးမှာ ဖုန်း၊ တက်ဘလက် (Tablet)၊ တီဗွီ၊ ကွန်ပျူတာ၊ LED ဘုတ် ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။ ကလေးတွေဟာ နည်းပညာကို အသုံးပြုပြီး ပညာရေးဆိုင်ရာအက်ပလီကေးရှင်း (Educational Application) တွေကနေတစ်ဆင့် ကမ္ဘာသစ်ကြီးကို ထိတွေ့နိုင်သလို နည်းပညာအခြေပြု ပလက်ဖောင်းမျိုးစုံကနေ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်နေတာလည်း ဖြစ်ပါတယ်။ နည်းပညာဟာ ကလေးတွေရဲ့ သင်ယူမှုစွမ်းရည်၊ သိမြင်မှု စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တာအပြင် တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်ပြီး သတင်းတွေနဲ့ စိတ်ကူး စိတ်သန်းအသစ်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
နည်းပညာက ကောင်းကျိုးတွေကို ဆောင်ကြဉ်းပေးနိုင်သလို လက်တွေ့မျက်မှောက်ခေတ်မှာ ကလေးများအတွက်သာမက မိဘများအတွက်ပါ စိန်ခေါ်မှုတွေ ရင်ဆိုင်နေကြရပါတယ်။ National Institute of Health ရဲ့ ဖော်ပြချက်တွေအရ Screen Time လို့ခေါ်တဲ့ ဖုန်း၊ တက်ဘလက် (Tablet)၊ တီဗွီ၊ ကွန်ပျူတာ ကြည့်ချိန်များတဲ့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးသာမက စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်း (online) ပေါ်က အကြောင်းအရာ အားလုံးက ငယ်ရွယ်တဲ့ ကလေးတွေ၊ လူငယ်တွေအတွက် ကြည့်ရှုရန် သင့်လျော်မှုမရှိပါဘူး။
ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) က အသက်အရွယ် အပိုင်းအခြားအလိုက် ကလေးသူငယ်များရဲ့ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာကိစ္စရပ်များနဲ့ ပတ်သက်ပြီး မိဘတွေ သတိပြုရမယ့်အချက်များကို ထုတ်ပြန်ထားပါတယ်။ အသက်အရွယ် ငါးနှစ်အောက် ကလေးတွေဟာ ကွန်ပျူတာကြည့်တာ၊ ဖုန်းသုံးတာ၊ တီဗွီကြည့်တာ စတာတွေကို တစ်နေ့မှာ တစ်နာရီထက် ပိုပြီး မပြုလုပ်သင့် ပါဘူး။ အသက် (၁၂) လ အောက် ကလေးတွေကို Screen Time Zero အဖြစ် ဖုန်း၊ တက်ဘလက် (Tablet)၊ တီဗွီ ပြတာတွေ လုံးဝ မလုပ်ဖို့ လည်း အကြံပြုချက် ထုတ်ပြန် ထားပါတယ်။ ယောကျ်ားလေး၊ မိန်းကလေး အသက် (၅) နှစ်အထိ တကယ့်လက်တွေ့ လှုပ်ရှားမှုတွေ ဖြစ်တဲ့ ပုံပြင်ပြောပြတာ၊ စာအုပ်ဖတ်ပြတာ၊ တူတူကစားပေးတာ စတာတွေကို မိဘတွေနဲ့ ကလေး ထိန်းပေးတဲ့သူတွေက လုပ်ပေးသင့်တာပဲဖြစ်ပါတယ်။

ကလေးများအတွက် နည်းပညာက ကောင်းကျိုးတွေအများကြီးရှိသလို စိန်ခေါ်မှုများစွာလည်း ရှိနေပါတယ်။
ကလေးများအပေါ် နည်းပညာရဲ့ ကောင်းသောသက်ရောက်မှုများ
(၁) သင်ယူမှုအခွင့်အလမ်းများ ပိုမိုကောင်းမွန်စေခြင်း
နည်းပညာက ကလေးများရဲ့ လေ့လာသင်ယူမှုများမှာ များစွာအထောက်အကူ ပြုလျက်ရှိပါ တယ်။ ကလေးတွေဟာ သင်္ချာ၊ သိပ္ပံ စတဲ့ ဘာသာရပ်တွေကစလို့ အနုပညာ၊ ပန်းချီတွေအထိ ပညာရေးဆိုင်ရာ အက်ပလီကေးရှင်း (Education Application)၊ ဝက်ဘ်ဆိုက် (Website)၊ အွန်လိုင်း ဗွီဒီယို (Youtube video) တွေကနေ လေ့လာလို့ရပါတယ်။ ဒီနည်းပညာဆိုင်ရာ ပလက်ဖောင်း (platforms) တွေကနေတစ်ဆင့် လေ့လာခြင်းက ကလေးတွေကို ပိုမို ပျော်ရွှင်စေပြီး သက်ဆိုင်ရာ ဘာသာရပ်တွေကို သူတို့ကိုယ်တိုင် ပိုမိုနားလည်နိုင်စေပါတယ်။ ဂိမ်းပုံစံ တည်ဆောက်ထားတဲ့ လေ့လာမှုဆိုင်ရာ အက်ပလီကေးရှင်းများကလည်း သင်္ချာနဲ့ မှတ်သားခြင်းဆိုင်ရာ စွမ်းရည်တွေကို ဖွံ့ဖြိုးစေပါတယ်။ ဒါ့အပြင် နည်းပညာက ကလေးတို့အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး တွေကိုလည်း ဆောင်ကြဉ်းပေးပြန်ပါတယ်။ ကလေးအရွယ် လေ့လာလို့ရတဲ့ ပရိုဂရမ်မင်းကုတ်ဒင်း (Programming coding) တွေက ကလေးတို့ရဲ့ အနာဂတ်အလုပ်အကိုင်အတွက် ပြင်ဆင်ပေးပြီးသား ဖြစ်နိုင်ပါတယ်။
(၂) ဒစ်ဂျစ်တယ်စွမ်းရည်များ တည်ဆောက်ပေးခြင်း
ကလေးတွေက နေ့စဉ်ဘဝထဲမှာ နည်းပညာရဲ့ အရေးပါပုံကိုသိရှိပြီး ကွန်ပျူတာစာရိုက်တာ၊ အင်တာနက်မှာ စာရှာတာ၊ အက်ပလီကေးရှင်းတွေ ဒေါင်းလုတ်ပြုလုပ်တာ၊ ဆော့ဖ်ဝဲ တွေအသုံးပြုတာ စတဲ့ ဒစ်ဂျစ်တယ်စွမ်းရည်တွေကို ငယ်ရွယ်စဉ်ကတည်းက တည်ဆောက်ပြီး ဖြစ်နိုင်ပါတယ်။ ဒီ စွမ်းရည် တွေက နေ့စဉ်ဘဝနဲ့ လုပ်ငန်းခွင်မှာ မရှိမဖြစ် မဟုတ်ပါလားခင်ဗျာ။ နည်းပညာက ကလေးတွေရဲ့ ပြဿနာ ဖြေရှင်းနိုင်မှုစွမ်းရည် (Problem solving skill) ကိုလည်း တိုးတက်စေပါတယ်။ ဂိမ်းနဲ့ အက်ပလီကေးရှင်းအများစုက ကလေးတွေကို နည်းလမ်းတကျ တွေးခေါ်နိုင်မှု၊ ဆုံးဖြတ်ချ ချနိုင်မှုနဲ့ အဖြေရှာနိုင်စွမ်းတွေကို မြှင့်တင်ပေးပါတယ်။ ဒါတွေက သူတို့ရဲ့ ကျောင်းမှာသာမက လူမှုဘဝမှာပါ စိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ အခြေခံပဲ ဖြစ်ပါတယ်။
(၃) ဆက်သွယ်မှု လွယ်ကူစေခြင်း
ကလေးတွေက အပြင်မှာ သူတို့နဲ့ မတွေ့နိုင်တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေ တစ်ဆင့် ဆက်သွယ်စကားပြောဆို၊ စာပို့ နိုင်ပါတယ်။ ဒါဟာ ကလေးတို့အတွက် သူတို့ချစ်ခင်နှစ်သက် သူတွေနဲ့ အတွေ့အကြုံတွေဖလှယ်တာ၊ အဆက်အသွယ်မပြတ်ရှိနေတာ စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒါက ကလေးတွေ နေရာသစ်ကိုပြောင်းရတဲ့အခါ အသားမကျချိန်မှာ သူငယ်ချင်းဟောင်း နဲ့ အဆက်အသွယ် မပြတ်ရှိပြီး စိတ်သက်သာရာ ရစေနိုင်တာနဲ့ ဝါသနာတူရာ အစုအဖွဲ့တွေ အွန်လိုင်း မှာ စုဖွဲ့နိုင်မှာပဲဖြစ်ပါတယ်။
(၄) တီထွင်မှုစွမ်းရည် မြှင့်တင်ပေးခြင်း
ကလေးတွေက အက်ပလီကေးရှင်းတွေကို အသုံးပြုပြီး ပန်းချီဆွဲတာ၊ သီချင်းဖန်တီးတာ၊ ဗီဒီယိုတွေတည်းဖြတ်တာနဲ့ ပုံပြင်တွေရေးတာ စတဲ့ ဖန်တီးမှုဆိုင်ရာတွေကို ပြုလုပ်နိုင်တဲ့အပြင် သူတို့ရဲ့ ဖန်တီးမှုတွေကို အခြားသူတွေနဲ့ ဝေမျှပြီး မှတ်ချက်(feedback) တွေ ပြန်ရနိုင်ပါတယ်။ ဒါတွေ က ဖန်တီးမှုတွေအတွက် တွန်းအားဖြစ်သလို သူတို့ကိုယ်သူတို့ ယုံကြည်မှုကို မြင့်တက်စေပါတယ်။ အက်ပလီကေးရှင်းနဲ့ ဂိမ်းတွေမှာ တီထွင်မှုစွမ်းရည် (creativity) နဲ့ ပူးပေါင်းဆောင်ရွက်မှု (teamwork) ကို မြှင့်တင်ပေးတဲ့ လုပ်ဆောင်မှုတွေ ပါရှိပါတယ်။ လေ့လာရင်း၊ ကစားရင်းနဲ့ ကလေး တွေရဲ့ တီထွင်မှုစွမ်းရည်အပါအဝင် အခြားအရေးကြီးတဲ့ စွမ်းရည်တွေကို မြင့်တက်လာစေပါတယ်။
ကလေးနဲ့ မိဘများအတွက် နည်းပညာရဲ့စိန်ခေါ်မှုများ
ကလေးတွေအတွက် Screen Time လို့ခေါ်တဲ့ ဖုန်း၊ တက်ဘလက် (Tablet)၊ တီဗီ၊ ကွန်ပျူတာ ကြည့်ချိန်များတာ အပါအဝင် နည်းပညာကို အလွန်အကျွံသုံးစွဲမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှု များစွာလည်း ရှိနေပါတယ်။
(၁) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကျန်းမာရေးပြဿနာ
အဓိကပြဿနာတစ်ရပ်အနေနဲ့ နည်းပညာရဲ့ လွှမ်းမိုးမှုကြောင့် ကလေးတွေက Screen ရှေ့မှာ အနေများပြီး ကိုယ်လက်လှုပ်ရှားမှုပါတဲ့ ကစားခြင်းတွေမှာ အချိန်မပေးတာကြောင့် ကျန်းမာရေး ပြဿနာဖြစ်လာနိုင်ပါတယ်။ ဖုန်း၊ တက်ဘလက်တွေကို နာရီပေါင်းများစွာ သုံးခြင်းအားဖြင့် သင့်တင့် လျောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိတော့ဘဲ အဝလွန်တာ၊ ခန္ဓာကိုယ်အနေအထား မမှန်တာ စတဲ့ ကျန်းမာရေး ချို့တဲ့မှုတွေ ဖြစ်ပေါ်လာမှာပါ။ နာရီပေါင်းများစွာ Screen ကိုကြည့်ခြင်းက ကလေးတို့ ရဲ့ မျက်စိကျန်းမာရေးကိုထိခိုက်နိုင်တဲ့အပြင် ခေါင်းကိုက်ခြင်းနဲ့ အိပ်စက်ခြင်းပြဿနာများပါ ဖြစ်စေနိုင် ပါတယ်။ Screen ကနေထုတ်တဲ့ ရောင်ခြည်တန်း (blue light) က အိပ်စက်ခြင်းနဲ့ စိတ်ခံစားမှုများ အပေါ် ဆိုးကျိုးသက်ရောက်ပြီး ကျောင်းမှာ ကလေးတို့ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။
(၂) ပေါင်းသင်းဆက်ဆံရေး ထိခိုက်စေခြင်း
နည်းပညာက အဝေးက သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ကလေးတို့ကို ဆက်သွယ်ပေးနိုင်တဲ့ အကျိုးကျေးဇူး ရှိပေမယ့်လည်း အလွန်အကျွံ အသုံးပြုမယ်ဆိုရင် တကယ့်လက်တွေ့ ကျောင်းမှာ၊ ပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ပြောဆိုဆက်ဆံမှုနဲ့ ကိုယ်ချင်းစာ တရားထားနိုင်မှု၊ မျှဝေသုံးစွဲတတ်မှု စတာတွေက အပြင်ပေါင်းသင်းဆက်ဆံရေးမှာပဲ တည်ဆောက်နိုင် တာမို့ နည်းပညာကိုပဲ အသုံးပြုပြီး ဆက်သွယ်တတ်တဲ့ ကလေးတို့အတွက် တကယ့်လက်တွေ့ဘဝမှာ အခက်အခဲ ဖြစ်စေနိုင်ပါတယ်။
(၃) မသင့်လျော်တဲ့အကြောင်းအရာများနဲ့ အွန်လိုင်းအန္တရာယ်
အင်တာနက်က သတင်းအချက်အလက်တွေနဲ့ ပြည့်နှက်နေပေမယ့် အားလုံးကတော့ ကလေးတွေအတွက် သင့်လျော်နေတာ မဟုတ်ပါဘူးဗျာ။ လူကြီးမိဘတွေရဲ့ ကြီးကြပ်မှု မပါဘဲ ကလေးတွေက အင်တာနက်နဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ သုံးစွဲမယ်ဆိုရင် အကြမ်းဖက်တဲ့ ဗီဒီယိုတွေ၊ ကလေးတွေနဲ့မအပ်စပ်တဲ့ ဗီဒီယိုတွေကို ကြည့်မိတာမျိုးကနေ ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ကလေးငယ်ဟာ အွန်လိုင်း ပေါ်က အကြမ်းဖက်တဲ့သူတွေနဲ့ လိင်အမြတ်ထုတ်တဲ့သူတွေရဲ့ သားကောင်လည်း ဖြစ်သွားနိုင်ပါတယ်။
(၄) စိတ်ကျန်းမာရေးနဲ့ ဆိုရှယ်မီဒီယာ (social media)
ဆိုရှယ်မီဒီယာဆိုတာ အသွားနှစ်ဖက်နဲ့ ဓားလိုပါပဲ။ တစ်ဖက်က တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုတွေ၊ ပေါင်းသင်း ဆက်ဆံရေး ကွန်ရက်တွေ အားကောင်းစေသလို တစ်ဖက်ကလည်း ဒီ ဆိုရှယ်မီဒီယာပေါ်မှာပဲ ကွက်ပြီးဖော်ပြထားတဲ့ အခြားသူရဲ့ ပြီးပြည့်စုံမှုတွေ၊ လိုတရ ဘဝတွေကို အားကျပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ တခြားသူကို နှိုင်းယှဉ်ပြီး ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ကလေးများအပေါ် နည်းပညာရဲ့ သက်ရောက်မှု အကျိုးအပြစ်တွေက ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့တာအပြင် အခြားအချက်များစွာလည်း ရှိနေပါသေးတယ်။ မိဘတွေအနေနဲ့ ကလေးများရဲ့ နည်းပညာအသုံးပြုမှုနဲ့ပတ်သက်ပြီး ဆိုးကျိုးမရှိအောင် အောက်ပါအချက်တွေကို ဆောင်ရွက်နိုင် ပါတယ်။
Screen Time သတ်မှတ်ခြင်း
- ကလေးတွေကို သူတို့အသက်အရွယ်နဲ့ကိုက်ညီတဲ့ ဖုန်း၊ ကွန်ပျူတာ၊ တီဗီကြည့်ချိန်ကို သတ်မှတ်ပေးခြင်း၊
Tech-free Zones and Time သတ်မှတ်ခြင်း
- အိပ်ခန်း၊ ထမင်းစားခန်းလို နေရာမျိုးမှာ ဖုန်းမသုံးရ၊ အိပ်ရာဝင်ချိန်နဲ့ အချိန်အပိုင်းအခြား အချို့မှာ ဖုန်းမသုံးရ စသဖြင့် သတ်မှတ်ပေးခြင်း၊
မိဘကိုယ်တိုင် စံပြအဖြစ် နေထိုင်ခြင်း
- ကလေးတွေက လူကြီးတွေကို ကြည့်ပြီး သင်ယူလေ့ရှိကြပါတယ်။ ဒါကြောင့် မိဘတွေ ကိုယ်တိုင်က Screen Time နဲ့ အခြားလုပ်ဆောင်မှုတွေကို မျှတအောင် နေထိုင်ခြင်း၊
အွန်လိုင်းလုံခြုံရေးနဲ့ပတ်သက်ပြီး ကြီးကြပ်သင်ကြားပေးခြင်း
- ကလေးတွေရဲ့ အွန်လိုင်းပေါ်က လုပ်ဆောင်ချက်တွေကို မိဘတွေအား ပြန်ပြောပြတတ်ဖို့ သင်ပေးထားခြင်း၊
- ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ထိန်းသိမ်းတတ်ရန်နှင့် အန္တရာယ်ရှိတတ်သော အကြောင်းအရာများကို ပြောပြထားခြင်း၊
- မိဘများနဲ့ အုပ်ထိန်းသူများက ကလေးတွေရဲ့ အင်တာနက်နဲ့ နည်းပညာအသုံးပြုကို စောင့်ကြည့်ပြီး ကြီးကြပ်ခြင်း။
ဖန်တီးခြင်းနဲ့ သင်ယူမှုကို တိုက်တွန်းခြင်း
- ကလေးတွေကို ပညာရေးဆိုင်ရာ အက်ပလီကေးရှင်းတွေ အသုံးပြုဖို့ တိုက်တွန်းခြင်း အပါအဝင် ဒစ်ဂျစ်တယ်ကိုအသုံးပြုပြီး အနုပညာဖန်တီးတာတွေနဲ့ အသစ်အသစ်သော စွမ်းရည်တွေ လေ့လာရန် တိုက်တွန်းခြင်း
ကလေးများအပေါ် နည်းပညာရဲ့ သက်ရောက်မှု အကျိုး/အပြစ်တွေကိုသိရှိပြီး စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းတွေကို တစ်ယောက်နဲ့တစ်ယောက် မျှဝေရင်း ကလေး များအတွက် အန္တရာယ်ကင်းတဲ့ နည်းပညာ၊ ဒစ်ဂျစ်တယ် ရပ်ဝန်းလေး ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းကြရ အောင်လားခင်ဗျာ။
Sources:
- Growing Up Digital: Balancing the Impact of Technology on Children’s Lives
- Impact of technology on children’s health: a systematic review


