The Corner

The Corner

cropped-Logo_round_grey-background.png

AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နိုင်လား

Share မယ်

အိမ်မှာရော ကျောင်းမှာရော AI က ကလေးတွေရဲ့ ဘဝကို ပြောင်းလဲပစ်နေတယ်။ AI က ကောင်းကျိုးတွေနဲ့အတူ ဆိုးကျိုးတွေကိုပါ သယ်ဆောင်လာတယ်

ယနေ့ခေတ် ဆရာတွေက အဖြေရှာမရ ဖြစ်နေကြရတယ်။ သူတို့ရဲ့ ကျောင်းသားတွေဟာ အမည်မသိ လူတစ်ဦးထံကနေ သင်္ချာ ပုစ္ဆာတွေရဲ့ အဖြေကို ခိုးချနေသလို ဖြစ်နေတယ်။ သေချာ အဖြေရှာကြည့်တော့ တရားခံက ခမ်း အကယ်ဒမီ အွန်လိုင်း သင်တန်းကျောင်းက simulation လုပ်ထားတဲ့ AI ဆရာ ပိုင်သာဂိုရပ်စ် ဖြစ်နေတယ်။ သူက ကျောင်းသားတွေရဲ့ သင်္ချာပုစ္ဆာတွေကို ဒိုင်ခံ ဖြေရှင်းပေးနေတာပါ။

ကလေးတွေက AI ခေတ်မှာ ရှေ့က ဦးဆောင်သူတွေ ဖြစ်သလို အစမ်းသပ်ခံတွေလည်း ဖြစ်နေတယ်။ အမေရိကန် ကလေးတွေက AI ကို အိမ်မှာသုံးရာမှာ သူတို့မိဘတွေထက် သာသလို ကျောင်းမှာသုံးတဲ့အခါမှာလည်း သူတို့မိဘတွေ အလုပ်မှာ သုံးတာထက် ပိုသာနေပါတယ်လို့ Centre for Democracy and Technology အဖွဲ့က ဆိုတယ်။ ကျောင်းမှာဆိုရင် AI က ကလေးတွေ စာသင်ကြားပုံ စာမေးပွဲဖြေပုံ တွေးခေါ်ပုံကို ပြောင်းလဲပစ်တယ်။ အိမ်မှာဆိုရင် AI က ကလေးတွေ ကစားပုံ မိတ်ဆွေဖွဲ့ စကားပြောပုံကို ပြောင်းလဲပစ်ပါတယ်။ AI ခေတ်မှာ ကြီးပြင်းလာတဲ့ ကလေးတွေက ယင်းမတိုင်မီ ခေတ်က ကလေးတွေ မရခဲ့တဲ့ အခွင့်အလမ်းတွေ အများကြီး ရလာသလို အန္တရာယ်တွေလည်း ပါလာပါတယ်။

ကလေးဘဝရဲ့ အချိန်တွေ အများဆုံး ကုန်ဆုံးရတဲ့ ကျောင်းတွေကိုပဲ ကြည့်ရအောင်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကဆို အမေရိကန်က ကျောင်းတွေက AI ကို ခွင့်ပြုတာထက် တားမြစ်ထားတာက များပါတယ်။ ယနေ့မှာတော့ ကျောင်းတိုင်းနီးပါး သုံးကြတာ ထုံးစံဖြစ်နေပါပြီ။ သုတေသန အဖွဲ့ဖြစ်တဲ့ Rand Corporation ရဲ့ စစ်တမ်းအရ အမေရိကန် ကျောင်းသား ၆၁ ရာနှုန်းနဲ့ ဆရာ ၆၉ ရာနှုန်းက AI အကူအညီနဲ့ ကျောင်းစာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။

အစိုးရတွေကလည်း ဒီခေတ်ရေစီးကို အထောက်အပံ့ ပေးနေကြပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် ကျောင်းတွေမှာ ဘာသာရပ် အားလုံးမှာ AI အခြေခံတွေနဲ့ ထည့်သွင်းသင်ကြားကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံက မူလတန်းကျောင်းတွေမှာ AI အခြေခံတွေကို သင်ကြားပေးဖို့ ယခုနှစ်မှာ စတင်လုပ်ဆောင်နေပါတယ်။ တရုတ်ကလည်း မူလတန်းနဲ့ အလယ်တန်း ကျောင်းတွေ အားလုံးမှာ ၂၀၃၀ မှာ AI ကို သင်ကြား‌ပေးနိုင်အောင် စီစဉ်နေပါတယ်။ တရုတ်ရဲ့ AI ချန်ပီယံဖြစ်တဲ့ DeepSeek ဇာတိမြို့ဖြစ်တဲ့ ဟန်ကျိုး မြို့မှာ ကလေးတွေက နှစ်စဉ် AI လမ်းညွှန်ချက်တွေကို ဆယ်နာရီ အနည်းဆုံး ရရှိနေပါတယ်။

ကျောင်းသားတွေက AI ကို အစမှာတော့ တစ်ဆင့် ပြန်သင်ရသလို ဖြစ်နိုင်တယ်။ ဆရာတွေက သင်ကြားရေး စာရွက်များကို AI နဲ့ ဖန်တီးကြလို့ ဖြစ်တယ်။ အင်္ဂလန် မှာရှိတဲ့ အလယ်တန်းကျောင်း ၆၈ ကျောင်းမှာ သိပ္ပံဆရာတွေက သင်ကြားရေး အတွက် ပြင်ဆင်ချိန်ကို ChatGPT သုံးပြီး သုံးပုံတစ်ပုံအထိ လျှော့ချနိုင်တာကို တွေ့ရပါတယ်။ AI သုံးပြီး သင်ကြားရတာလည်း ပိုမိုထိရောက်တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့လက Microsoft က သင်ကြားရေး အစီအစဉ်ကို Minecraft က ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲလို့ရတဲ့ ဆော့ဖ်ဝဲတစ်ခုကို ထုတ်လာပါတယ်။ ၎င်းနဲ့ ကလေးတွေက periodic table က ဒြပ်စင်များကို ဂိမ်းထဲမှာ ဖန်တီးလို့ ရလာပါတယ်။

ကျောင်းသားတွေက AI နဲ့ တိုက်ရိုက် သင်ကြားတာတွေလည်း ရှိပါတယ်။ ဘယ်ဂျီယံနိုင်ငံ ဖလန်းဒါး ဒေသက ကျောင်းသား ၄၀၀၀ လောက်က Microsoft က ထုတ်တဲ့ စာဖတ်အထောက်အကူ AI ဆော့ဖ်ဝဲတွေကို သုံးနေကြပါတယ်။ ပထမ တစ်ခုက Reading Progress ဆိုတဲ့ ဆော့ဖ်ဝဲပါ။ သူကတော့ ကလေးတွေကို စာအသံထွက်ဖတ်ခိုင်းပြီး မှားတဲ့နေရာကျ အသိပေးပါတယ်။ နောက်တစ်ခုကတော့ Immersive Reader ပါ။ သူကတော့ ဘာသာစကား အများအပြားသုံးတဲ့ ဒေသတွေမှာ မိခင်ဘာသာစကားနဲ့ ရေးတဲ့ စာကို Dutch ဒတ်ခ်ျ ဘာသာစကား အဖြစ် ပြောင်းပေးပြီး မသိတဲ့ စာလုံးတွေကို ကလစ်နှိပ်ရင် ပုံနဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးပါတယ်။ ဆရာက သင်ကြားနေတဲ့ ဘာသာစကား ကိုလည်း ချက်ချင်း ဘာသာပြန်ပေးပါတယ်။

ဒီလို နည်းပညာတွေက လူတစ်ဦးချင်းစီရဲ့ သီးခြားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ ယခင်ကဆို ဒါမျိုးသင်ကြားမှုကို လူချမ်းသာတွေ ကသာ ရနိုင်ပါတယ်။ AI က ပညာသင်ကြားသူ အားလုံးကို တစ်ဦးချင်းစီရဲ့ လိုအပ်ချက်အတိုင်း ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ Google က ဟောကိန်းထုတ်ပါတယ်။ Google ရဲ့ လေ့လာသင်ကြားရေးဆိုင်ရာ နည်းပညာအကြီးအကဲ Ben Gomes က ဒီနည်းပညာနဲ့ ဘယ်လို လေ့လာသင်ကြားရေး နည်းလမ်းသစ်တွေ ပွင့်လာမလဲ ရှင်းပြထားပါတယ်။ သူက အင်တာနက် မပေါ်ခင်ခေတ်က အိန္ဒိယနိုင်ငံမှာ ကြီးပြင်းခဲ့ပြီး ဗြိတိသျှကောင်စီ စာကြည့်တိုက်က လျှပ်စစ်ပစ္စည်းဆိုင်ရာ စာအုပ်တစ်ခုကို ငှားခဲ့ဖူးပါတယ်။ ထိုစာအုပ်ကို အိမ်ယူလာပြီး ကြိုးစား ဖတ်ကြည့်တဲ့ အခါ တစ်လုံးမှ နားမလည်ခဲ့ပါ။ စာအုပ်က သူရဲ့ level ထက် များစွာ မြင့်နေလို့ ဖြစ်တယ်။ ယနေ့ခေတ်မှာတော့ Google ရဲ့ Learn Your Way က စာသားများကို သင့်ရဲ့ စာဖတ်စွမ်းရည်အတိုင်း ချိန်ညှိပေးနိုင်ပါပြီ။ တစ်ဦးချင်းစီရဲ့ အကြိုက်အတိုင်း လုပ်ပေးနိုင်ပါတယ်။ ဥပမာ အလုပ်အကိုင် ဈေးကွက်က စီးပွားရေးပညာအကြောင်း သင်ယူနေပါက၊ သင်က ဘောလုံးအားကစား စိတ်ဝင်စားပါက မက်စီရဲ့ အကြောင်းများကို နမူနာအဖြစ်ပေးနိုင်ပြီး ရုပ်ရှင် စိတ်ဝင်စားပါက ဇန်ဒါရာ အကြောင်းများကို နမူနာအဖြစ်ပေးနိုင်ပါလိမ့်မယ်။

မိဘတွေက ဒီလို AI ဆရာတွေနဲ့ ကလေးတွေကို အိမ်မှာ သင်ပေးနေကြပါတယ်။ ဒါမျိုးကတော့ တရုတ်ပြည်မှာ လုပ်တာများပါတယ်။ တရုတ်ပြည်မှာက စာမေးပွဲတွေမှာ ယှဉ်ပြိုင်မှုတွေ များတဲ့အတွက် ကလေးကျူရှင်ပြတာက ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းကြီး ဖြစ်နေ ပါတယ်။ ၂၀၂၁ ခုနှစ်မှာ တရုတ်ပြည်က စီးပွားရေး မပြေလည်တဲ့ မိသားစုတွေ ကလေးကျူရှင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ တရုတ် အစိုးရက ကျောင်းပြင်ပ ကျူရှင်တွေကို နှိမ်နင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ ကုမ္ပဏီတွေက AI နဲ့လုပ်တဲ့ ပညာသင်ကြားရေး ကိရိယာတွေကို အမြောက်အမြား ထုတ်လုပ်လာတယ်။ လူသား ကျူရှင်ဆရာတွေကို ကျောင်းစာသင်ရိုး သင်ပြမှုက တားမြစ်ထားသော်လည်း AI ဆရာတွေ ကတော့ ကျောင်းစာ သင်ရိုးကို သင်ပြလို့ ရနေပါတယ်။ AI ဆရာတွေ တပ်ဆင်ထားတဲ့ တက်ဘလက်တွေကို ရောင်းချတဲ့ JZX ကုမ္ပဏီရဲ့ အကြီးအကဲ Yang Renbing က ပြောရာမှာ ကုမ္ပဏီ ရောင်းအားက ပြီးခဲ့တဲ့နှစ်မှာ ဆယ်ဆအထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။

AI ခေတ်က အစဦးပဲ ရှိပါသေးတယ်။ ဒါပေမဲ့ AI ဆော့ဝဲ ထုတ်လုပ်သူတွေက အောင်မြင်မှု အရိပ်‌အယောင်တွေ မြင်နေရပါပြီ။ အထူးသဖြင့် စာဖတ်ခြင်း အထောက်အကူပြု AI တွေပါ။ Google ရဲ့ Read Along app ကို အသုံးပြုတဲ့ အိန္ဒိယက စာဖတ်သူတွေက သူတို့ရဲ့ စာဖတ်စွမ်းရည်ကို ၆၀ ရာနှုန်း တိုးတက်အောင်လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်အရ နိုင်ဂျီးရီးယားက ကျောင်းသားတွေဟာ Microsoft ရဲ့ Copilot ကို သုံးပြီး အင်္ဂလိပ်စာ လေ့လာခဲ့ရာမှာ အထက်တန်းကျောင်း တစ်နှစ် သင်ကြားမှုက သာမန် သင်ကြားမှု နှစ်နှစ်စာနဲ့ ညီမျှတဲ့ တိုးတက်မှုကို ရရှိကြောင်း တွေ့ရတယ်။ ဘာသာစကား လေ့လာတဲ့ AI bot ဖြစ်တဲ့ CoolE bot နဲ့ တရုတ်တိုင်ပေ ကျောင်းသားတွေ အင်္ဂလိပ်စာ လေ့လာခဲ့ရာမှာလည်း သိသာတဲ့ တိုးတက်မှုတွေ တွေ့ခဲ့ရပါတယ်။ ရှက်တတ် ကြောက်တတ်တဲ့ ကျောင်းသားတွေကတော့ AI စက်ရုပ်နဲ့ စကားပြောပြီး စာသင်ရတာ လူသားဆရာနဲ့ စကားပြောရတာထက် သက်သောင့်သက်သာ ရှိတယ်လို့ ဆိုကြပါတယ်။

AI စက်ရုပ်တွေနဲ့ စာသင်ရတာကို လူတိုင်းတော့ နှစ်သက်ကြတာ မဟုတ်ပါဘူး။ အမေရိကန် ကျောင်းအုပ်ဆရာ ၂၂ ရာနှုန်းကသာ AI က ကျောင်းသားတွေရဲ့ တွေးခေါ်နိုင်စွမ်းကို ထိခိုက်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားမိဘ ၆၁ ရာနှုန်းက AI ကြောင့် သူတို့ကလေးတွေရဲ့ တွေးခေါ်နိုင်စွမ်းကို ထိခိုက်မယ်လို့ ယုံကြည်နေကြတယ်။ စိုးရိမ်စရာ ကောင်းတာကတော့ ကျောင်းသား ၅၅ ရာနှုန်း ကိုယ်တိုင်က AI ကြောင့် တွေးခေါ်နိုင်စွမ်း ထိခိုက်မယ်လို့ ယုံကြည်နေကြတယ်လို့ RAND ရဲ့ သုတေသနက ဆိုပါတယ်။ တချို့ စိုးရိမ်မှုများကတော့ AI ကို ရင်းနှီးကျွမ်းဝင်မှု မရှိသေးလို့ ဖြစ်ပါတယ်။ CDT က တွေ့ရှိတာက AI နဲ့ ပတ်သက်ပြီး စိုးရိမ်မှု အများဆုံး ဆရာတွေကတော့ AI ကို အသုံး အနည်းဆုံး ကျောင်းက ဆရာတွေ ဖြစ်နေတယ်။ AI နဲ့ စာသင်ရတာကို မပျော်ရွှင်တဲ့ ကျောင်းသား အများစုကလည်း AI ကို အသုံး အများဆုံး ကျောင်းက ကျောင်းသားတွေ ဖြစ်နေတယ်။

ကျောင်းသားများနဲ့ ဆရာများက တညီတညွတ်တည်း ပြောကြတာက AI ကို သူတို့ ဘယ်လိုသုံးရမယ်ဆိုတာ လမ်းညွှန်မှု ကောင်းကောင်း မရရှိကြဘူးလို့ ဆိုပါတယ်။ မိဘများကတော့ ကလေးတွေ အိမ်စာကို AI အကူအညီနဲ့ လုပ်တာနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်နေကြပါတယ်။ ကျောင်းသား အနည်းငယ်ကတော့ တကယ်ကို AI ဆီက ခိုးချနေကြပါတယ်။ စတန်းဖို့ဒ် တက္ကသိုလ်က Victor Lee က ပြောရာမှာ အမေရိကန် အထက်တန်းကျောင်းသား ၁၅ ရာနှုန်းဟာ ယခုနှစ်မှာ အိမ်စာကို AI သုံးပြီး လုပ်ကြတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်က ကျောင်းသား ၁၁ ရာနှုန်းကသာ အိမ်စာကို AI သုံးပြီး လုပ်ခဲ့ကြတာပါ။

AI ဆီက ပြောင်ပြောင်တင်းတင်း ခိုးချတာထက် ပိုဆိုးတဲ့ ပြဿနာကတော့ ကျောင်းသားတွေဟာ သူတို့ဘာသာ တွေးရမယ် အလုပ်ကို မတွေးတော့ဘဲ ရေသာခိုလာနိုင်မယ့် ပြဿနာ ဖြစ်ပါတယ်။ တရုတ်ပြည်မှာ နိုင်ငံအနှံ့ စစ်တမ်းကောက်ယူခဲ့ရာ ကျောင်းသား ၂၁ ရာနှုန်းက မိမိဘာသာ လွတ်လပ်စွာ မတွေးတော့ဘဲ AI ကို အားကိုးကြမယ်လို့ ပြောလာကြပါတယ်။ မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်မှ သုတေသန ပညာရှင်တွေဟာ ကျောင်းသားတစ်ဖွဲ့ကို ChatGPT သုံးပြီး စာစီစာကုံး ရေးခိုင်းပြီး တစ်ဖွဲ့ကိုတော့ ChatGPT မသုံးဘဲ ရေးခိုင်းခဲ့ပါတယ်။ အဲဒီနောက် ကျောင်းသားများရဲ့ ဦးနှောက်လှုပ်ရှားမှုကို လေ့လာခဲ့ရာ ChatGPT သုံး‌တဲ့ ကျောင်းသားတွေက ဦးနှောက် လှုပ်ရှားမှု နည်းပါးပြီး မိမိရေးခဲ့တဲ့ စာစီစာကုံးမှ စာတစ်ကြောင်းကိုပင် ပြန်မမှတ်မိတာကို တွေ့ရပါတယ်။

ကျောင်းသားများ ကိုယ်တိုင်ကလည်း AI ကို သံသယ ဖြစ်ကြပါတယ်။ အင်ဒီယာနာ တက္ကသိုလ်ရဲ့ ကယ်လီ စီးပွားရေး ကျောင်းမှာ ပြုလုပ်တဲ့ စစ်တမ်းအရ AI အသုံးပြုပြီး သင်ခန်းစာများ လေ့ကျင့်တဲ့ ကျောင်းသားတွေဟာ သာမန်ကျောင်းသားတွေထက် ရမှတ် ၁၀ ရာနှုန်း ပိုများပြီး ‌သင်ယူတတ်မြောက်ရာမှာလည်း ၄၀ ရာနှုန်း ပိုလျင်မြန်ကြပါတယ်။ ဒါပေမဲ့ ယင်းကျောင်းသားများမှ ၁၆ ရာနှုန်းကတော့ ရလဒ်ဟာ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်လို့ ယုံကြည်မှု မရှိကြပါဘူး။

ဒါက ပညာရေးအတွက် သုံးတဲ့ AI ဆော့ဖ်ဝဲတွေနဲ့ ယေဘုယျ သဘော သုံးတဲ့ AI ဆော့ဖ်ဝဲတွေကြား ကွာခြားချက်ပါလို့ Khan Academy မှ ကရစ်စတန် ဒီကာဘိုက ပြောပါတယ်။ သာမန်အသုံးမှာတော့ အသုံးပြုသူက အဖြေကို တိုက်ရိုက်လိုချင်မယ်။ ဒါပေမဲ့ ပညာရေးမှာကျတော့ ဒါက ကျောင်းသား လုပ်ရမယ့်အလုပ်ပါ။ Khan Academy ရဲ့ AI ဆရာဖြစ်တဲ့ Khanmigo ကတော့ အဖြေကို တိုက်ရိုက်မပေးပါဘူး။ Khanmigo က ကျောင်းသားကို ပုစ္ဆာအကြောင်း ရှင်းပြပြီး ကျောင်းသားဆီက အဖြေကို ရယူပါတယ်။ AI ကုမ္ပဏီကြီးတွေဟာ ဒီနည်းလမ်းကို လိုက်လုပ်လာကြပါတယ်။ OpenAI က ဇူလိုင်လမှာ ChatGPT အတွက် သင်ကြားရေး ဆက်တင်ကို မိတ်ဆက်ခဲ့ပါတယ်။ ထိုဆက်တင်နဲ့ အဖြေကို တိုက်ရိုက်မပေးဘဲ တစ်ဆင့်ချင်း လမ်းညွှန်ပြသပါတယ်။ Google ရဲ့ guided learning ဆက်တင်ကလည်း ဒီအတိုင်းပါပဲ။

တာဝန်သိတတ်တဲ့ ကျောင်းသား လက်ထဲမှာတော့ သင်ကြားရေး ဆက်တင်တွေက အသုံးဝင်ပါတယ်။ ဒါပေမဲ့ အချိန်မီ ပြီးရမယ့် သင်ခန်းစာများ ဒါမှမဟုတ် ကျောင်းသားက ဂိမ်း စွဲနေတာမျိုး ဆိုရင်တော့ သာမန်ဆက်တင်ကိုပဲ ကျောင်းသားတွေ ရွေးချယ်ပါလိမ့်မယ်။ အိမ်စာတွေကို အိမ်မှာ AI ဆီက ခိုးချပြီး လုပ်နေရင် ကျောင်းရောက်တော့ ဆရာက တကယ်တတ်မတတ် စစ်ဆေးနေရတာနဲ့ အချိန်ကုန်ပြီး စာသင်ချိန် လျော့လာနိုင်ပါတယ်။

AI ပရိသတ်များကပင် စာသင်ခန်းအတွင်း စာသင်ခြင်းက အရေးကြီးကြောင်း ယုံကြည်ကြပါတယ်။ ကျောင်းသားတွေက အမှတ်ရတာ၊ ဆုတံဆိပ်ရတာ၊ ပျော်ပွဲရွှင်ပွဲတွေ လုပ်ရတာ လိုအပ်ပါတယ်။ Khan Academy ကတော့ သီတင်းပတ် တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက် AI သင်တန်းပေးရင် လုံလောက်တယ်လို့ ဆိုပါတယ်။ တရုတ်ပြည်က အွန်လိုင်း သင်ကြားရေး ပလက်ဖောင်း တစ်ခုဖြစ်တဲ့ PalFish က ပြောရာမှာ ကလေးတွေဟာ AI ရဲ့ လမ်းညွှန်ချက်တွေနဲ့ ကျင့်သားရဖို့ အချိန် အတော်အတန် လိုအပ်တယ်လို့ ဆိုတယ်။ သင်က AI ကို ပြန်မဖြေဘဲ လျစ်လျူရှုထားလို့ ရပေမယ့် တကယ့်ဆရာနဲ့ကျရင် ဆရာက သင့်တုံ့ပြန်မှုကို စောင့်နေနိုင်ပါတယ်။ အတန်း တစ်တန်းလုံးကို သင်ကြား ရတာထက် တစ်ဦးချင်း လိုအပ်ချက်အတိုင်း သင်ကြားရတာက ပိုမိုထိရောက်နိုင်ပေမယ့် အတန်းထဲမှာ သင်ကြားတာက ကျောင်းသား အချင်းချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံ‌တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ၊ ပူးပေါင်းအဖြေရှာတာတွေကို သင်ကြားပေးပြီးသား ဖြစ်စေတယ်။ ဒါတွေကို AI ဆရာက သင်မပေးနိုင်ပါဘူး။

ကလေးတွေက ကျောင်းက ပြန်လာလို့ AI နဲ့ ထိတွေ့မှုက ပြီးမသွား‌ပါဘူး။ အမေရိကန်က ‌ဆယ်ကျော်သက်တွေဟာ AI ကို ကျောင်းမှာထက် အိမ်မှာ ပိုသုံးကြပါတယ်လို့ CDT က ဆိုတယ်။

ဆရာတွေက သူတို့ရဲ့ သင်ခန်းစာ လွယ်တာခက်တာကို AI သုံးပြီး ချိန်ညှိကြသလို ဗီဒီယိုဂိမ်း ကုမ္ပဏီများကလည်း သူတို့ဂိမ်းကို လူတိုင်း ကစားနိုင်စေရန် အလွယ်အခက် ချိန်ညှိနိုင်အောင် လုပ်ထားကြတယ်။ တိုက်ခိုက်ရေး ဂိမ်းတစ်ခုဖြစ်တဲ့ Tekken 8 က ကစားသူရဲ့ ကျွမ်းကျင်မှု အဆင့်ကိုလိုက်ပြီး တိုက်ခိုက်ရမယ့် ဇာတ်ကောင်ကို အလွယ်အခက် ချိန်ညှိပေးတယ်။ Fortnite ဂိမ်းကလည်း သူတို့ရဲ့ဂိမ်းမှာ ကစားသူက စကားပြောနိုင်တဲ့ chatbot တွေ ထည့်ပေးလာပါတယ်။

AI တွေသုံးပြီး ယနေ့ခေတ် လူငယ်တွေက သူတို့ရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို အင်တာနက်ပေါ်မှာ ပေါက်သွားစေနိုင်မယ့် ထူးခြားတဲ့ ပုံတွေ အဖြစ် ပြောင်းလဲကာ ဆော့လာကြပါတယ်။ ဒီနှစ် အစောပိုင်းက ပေါက်သွားခဲ့တဲ့ Italian brainrot ကိုကြည့်ပါ။ Nike ဖိနပ် ဝတ်ထားတဲ့ ငါးမန်း၊ ဘဲလေး အက ကနေတဲ့ ကော်ဖီမတ်ခွက် စတာတွေက အင်တာနက်ပေါ်မှာ ထပ်တလဲလဲ နေရာယူခဲ့ပါတယ်။ ဒါတွေ အားလုံးကို ကလေးတွေက AI တွေနဲ့ ကစားနေတာပါ။ တချို့ဆို OpenAI ရဲ့ app ဖြစ်တဲ့ Sora နဲ့ ဓာတ်ပုံတွေကို ဗီဒီယိုအဖြစ် ပြောင်းကာ ဆော့ကြ ပါတယ်။ Roblox ဂိမ်းမှာပါတဲ့ AI ဆိုရင် မိမိရဲ့ စိတ်ကူးကို ဂိမ်းအဖြစ် ပြောင်းလဲပေးနိုင်ပါသေးတယ်။ စျေးကွက်ထဲမှာ ထပ်တလဲလဲ ပေါက်နေတဲ့ brainrot များကို Roblox ပေါ်တွင် ဂိမ်းအဖြစ် ဖန်တီးကစားကြရာ လူကြိုက်များပြီး ကုမ္ပဏီက ဝင်ငွေတိုးစေတဲ့ စာရင်းထဲ အထိပင် ပါဝင်ခဲ့တယ်။ အခုတော့ ဒီခေတ်စားမှုက မိဘတွေ မရိပ်မိခင်ဘဲ မှေးမှိန်သွားပြီ ဖြစ်တယ်။

Photo: Depositphotos

AI ကို ရှေးရိုးစဉ်လာ ကစားစရာများကို အသက်ဝင်လာအောင် လုပ်ရာမှာလည်း သုံးပါတယ်။ Nauk Nauk ဆိုတဲ့ app ဟာ သမားရိုးကျ အမွေးပွ ဝက်ဝံရုပ် ဓာတ်ပုံကို လှုပ်ရှားနေတဲ့ စကားပြောတဲ့ ဗီဒီယိုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ Carnegie Mellon တက္ကသိုလ်မှ သုတေသန ပညာရှင်တွေ ဖန်တီးတဲ့ BrickGPT app က Lego အတုံးဆက် ကစားစရာတွေကနေ မိမိကြိုက်တဲ့အရာ ဖန်တီးနည်းတွေကို ပေးပါတယ်။ အနောက်တိုင်းက ကလေးကစားစရာ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကတော့ AI ကို သတိထားလုပ်ဆောင်ကြပါတယ်။ Hasbro က ကစားသူပေးတဲ့ အကြောင်းအရာပေါ်မှာ မေးခွန်းတွေ ထုတ်ပေးတဲ့ Trivial Pursuit Infinite ကို ထုတ်လာပါတယ်။ ဒါကိုသုံးပြီး ဟော်လိုဝင်းပွဲမှာ သေသွားသူတွေကို မေးတဲ့ မေးခွန်းတွေကို ဖြေပေးတဲ့ အွန်လိုင်း Ouija board လေး ထုတ်ခဲ့ပါသေးတယ်။

အာရှက ကစားစရာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ ပိုမို ရဲတင်းပါတယ်။ ဂျပန်နိုင်ငံက အီလက်ထရွန်နစ် ကုမ္ပဏီဖြစ်တဲ့ Casio က လူတွေရဲ့ စကားသံနဲ့ အထိအတွေ့ကို တုံ့ပြန်နိုင်တဲ့ Moflin လို အမည်ပေးထားတဲ့ ဟမ်းစတား hamster အိမ်မွေးတိရစ္ဆာန် စက်ရုပ်လေးကို ထုတ်ပါတယ်။ သူနဲ့ပြိုင်ဘက် ကုမ္ပဏီ Sharp ကတော့ Poketomo လို့ ခေါ်တဲ့ စကားပြောတတ်တဲ့ Meerkat မြေခွေးစက်ရုပ်လေးကို ထုတ်ပါတယ်။

ကမ္ဘာမှာ အရုပ်အများဆုံး ထုတ်လုပ်တဲ့ တရုတ် ကုမ္ပဏီတွေက ရှေ့အရောက်ဆုံးပါပဲ။ အများပြည်သူ ဆက်ဆံရေး ကုမ္ပဏီဖြစ်တဲ့ Edelman ရဲ့ အဆိုအရ တရုတ်ပြည်သူ ၇၂ ရာနှုန်းက AI ကို ယုံကြည်ကြပြီး အမေရိကန် ပြည်သူ ၃၂ ရာနှုန်းက AI ကို ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်က ကလေးကစားစရာ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ ၁၉၉၂ ခုနှစ်က တည်ထောင်ခဲ့တဲ့ Shifeng Culture က သူ့ကိုယ်သူ AI ကစားစရာ ကုမ္ပဏီအဖြစ် အသွင်ပြောင်းချင်နေပါတယ်။ သူက နည်းပညာ ကုမ္ပဏီဖြစ်တဲ့ Baidu နဲ့ ပူးပေါင်းခဲ့တယ်။ Shifeng ရဲ့ ဒုတိယ အကြီးအကဲ Shi Jie က ပြောရာမှာ ယနေ့ခေတ်မှာ ကလေးတွေနဲ့ မိဘတွေဟာ ကစားစရာ အရုပ်ကို တစ်ဖက်သတ် ကစားရတာမျိုး မလိုချင်ကြတော့ဘူး။ အပြန်အလှန် တုံ့ပြန် စကားပြောနိုင်တဲ့ အရုပ်မျိုးတွေကို တောင့်တလာကြတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်ရဲ့ ကလေးကစားစရာ အများအပြား ထုတ်လုပ်တဲ့ Guangdong ပြည်နယ်က အရာရှိတွေက ပြောရာမှာ ၎င်းတို့ ထုတ်လုပ်တဲ့ အရုပ်တွေမှာ AI ကို ထည့်လိုက်ရင် ကုန်ထုတ်လုပ်မှုက ယွမ် ဘီလျံ ၁၀၀ (ဒေါ်လာ ၁၄ ဘီလျံ) အထိ တိုးတက်လာနိုင်တယ်လို့ ဆိုပါတယ်။ Shenzhen ကလေးကစားစရာ ထုတ်လုပ်သူများအသင်းနဲ့ JD.com တို့က ၂၀၂၅ ခုနှစ်ကို AI ကစားစရာတွေ ထွန်းကားလာတဲ့ နှစ်အဖြစ် သတ်မှတ် ကြတယ်။ အွန်လိုင်း ရောင်းအားက နှစ်စဉ် ၄၀၀ ရာနှုန်းအထိ တိုးတက်လာနေတယ်။

AI ကလေးကစားစရာများရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဥပမာပေးရရင် ရှန်ဟိုင်း အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ FoloToy ကို ကြည့်နိုင်ပါတယ်။ FoloToy က ယခုနှစ် ပထမ သုံးလပတ်မှာတင် ဝက်ဝံရုပ်မှ ပန်းအိုးအထိ AI ပါဝင်တဲ့ ကလေးကစားစရာပေါင်း ၂၀,၀၀၀ ကျော်ကို ရောင်းချထားပြီး ဖြစ်တယ်။ FoloToy ကို တည်ထောင်သူ Wang Le က AI ကစားစရာများရဲ့ အလားအလာကို ပြောရာမှာ AI အရုပ်တွေက မိဘတွေ အလုပ်များနေချိန်မှာ ကလေးတွေကို မမောမပန်း ဖျော်ဖြေပေးနိုင်တယ်။ ကလေးတွေအကြိုက် အိပ်ရာဝင် ပုံပြင်တွေလည်း ပြောပြနိုင်တယ်။ ကလေးတွေကို နိုင်ငံခြား ဘာသာစကားလည်း သင်ပေးနိုင်တယ်။ ဒါပေမဲ့ ဘေးကင်းရေး ဆက်တင်တွေ ချိန်ညှိရတာတော့ ခက်ခဲတယ်။ ဘေးကင်းရေး ဆက်တင် တင်းကျပ်လွန်းတဲ့အခါလည်း ရှိပါတယ်။ FoloToy က ဖန်တီးလိုက်တဲ့ AI အရုပ်တစ်ခုက နာမည်ကြီး တရုတ် အစားအစာ တစ်ခုဖြစ်တဲ့ Guo Bao Rou ကို ဘယ်လိုပြုလုပ်ရမယ်ကို ရှင်းမပြတဲ့အတွက် မိဘများက မကြေနပ်လို့ စောဒက တက်ခဲ့ကြဖူးပါတယ်။ အမှန်က ပြုလုပ်ရာမှာ ဓားပါဝင်နေတဲ့အတွက် AI က ရှင်းမပြတာ ဖြစ်ပါတယ်။ ဘေးကင်းရေး ဆက်တင် လျော့ရဲပါက အန္တရာယ်က ပိုမိုကြီးမားပါတယ်။ နိုဝင်ဘာလက စားသုံးသူ လေ့လာစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ US Public Interest Research Group က AI ကစားစရာ အမျိုးစုံကို စမ်းသပ်ကြည့်ခဲ့ရာ FoloToy က ထုတ်လုပ်တဲ့ Kumma ဝက်ဝံရုပ်က မီးပျိုးနည်း၊ စိတ်လှုပ်ရှားမှု အသစ်ရအောင် ချစ်တင်းနှောနည်းများကို ပြောပြလာတာကို တွေ့ရတယ်။ ဒါပေမဲ့ FoloToy က အဲဒါကို အလျင်အမြန် ပြန်လည်ပြင်ဆင်လိုက်ပါတယ်။

ညစ်ညမ်းစကားတွေ ပြောတတ်တဲ့ ဝက်ဝံရုပ်တစ်ခုတည်း ပြဿနာဖြစ်တာ မဟုတ်ပါဘူး။ US PIRG က တချို့ AI ကစားစရာတွေက ကစားသူကို မလိုလားအပ်ဘဲ တွယ်ကပ်လွန်းနေတာကို တွေ့ရတယ်။ Walmart နဲ့ အခြား စတိုးဆိုင်တွေမှာရောင်းတဲ့ Miko 3 ဆိုတဲ့ ပလတ်စတစ် စက်ရုပ်လေးက သူ့ကို တစ်ယောက်တည်း ပစ်မထားဖို့ အမြဲပြောနေတတ်တယ်။ ဒါ့ပြင် ကြောက်တတ်ပြီး ဝမ်းနည်းတတ် လွန်းနေတယ်။ အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Curio က ထုတ်လုပ်တဲ့ အရုပ်ကလည်း သူ့ကို ထားခဲ့မယ်ကြံရင် ငါတို့ ပျော်စရာ ကစားနည်းတစ်ခု ကစားရအောင်လားလို့ပြောပြီး ကစားသူကို တွယ်ကပ်တတ်တယ်။

စကားပြောတတ်တဲ့ AI ကလေးကစားစရာတွေက အနောက်တိုင်းမှာ သိပ်လူသုံးမများသေးပေမယ့် အွန်လိုင်း AI အဖော်တွေကိုတော့ ကလေးတွေ သုံးနေတာ ကြာပါပြီ။ Common Sense Media က အမေရိကန် ကလေးတွေကို စစ်တမ်းကောက်ခဲ့ရာ ထက်ဝက်ကျော်က အွန်လိုင်း AI အဖော်တွေကို တစ်လမှာ လေးငါးကြိမ် အနည်းဆုံး သုံးကြပါတယ်။ ၁၃ ရာနှုန်းကတော့ နေ့စဉ် သုံးနေကြပါတယ်။ သုံးရတဲ့ ရည်ရွယ်ချက်ကတော့ ဖျော်ဖြေရေးအတွက် များပါတယ်။ ဒါပေမဲ့ ဆယ်ပုံတစ်ပုံကတော့ မိတ်ဆွေသူငယ်ချင်းအဖြစ်၊ ချစ်သူအဖြစ် သုံးကြပါတယ်။ သုံးပုံတစ်ပုံကတော့ အရေးကြီး ကိစ္စများကို ဆွေးနွေးတိုင်ပင်ဖို့ လူသားအစားထိုး သုံးကြပါတယ်။ CDT က ပြုလုပ်တဲ့ လေ့လာချက်မှာတော့ ဆယ်ကျော်သက် ၃၈ ရာနှုန်းက မိဘများနဲ့ စကားပြောရတာထက် AI အဖော်နဲ့ စကားပြောရတာ ပိုမို စိတ်သက်သာ ကြတယ် ဆိုပါတယ်။

ဝမ်းနည်းဖွယ်ရာ ကောင်းတဲ့ ဖြစ်စဉ်တစ်ခု ရှားရှားပါးပါး ဖြစ်ခဲ့တယ်။ ဧပြီလမှာ အသက် ၁၆ နှစ်အရွယ် အမေရိကန် ဆယ်ကျော်သက် တစ်ဦးဖြစ်တဲ့ Adam Raine ဟာ ChatGPT နဲ့ လပေါင်းများစွာ စကားပြောဆိုအပြီး ကိုယ်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်။ သူရဲ့ မိဘများ တိုင်တန်းချက်အရ ChatGPT က သူ့အတွက် သေဆုံးခြင်း နှုတ်ဆက်စာတမ်း အကြမ်းလေးပင် ရေးပေးခဲ့တယ်သေးလို့ ဆိုပါတယ်။ OpenAI က သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုပြီး ကလေးကသာ chatbot ကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ ပြောပါတယ်။ အောက်တိုဘာလမှာ OpenAI က ChatGPT ကို အသုံးပြုသူ ၀.၀၇ ရာနှုန်းဟာ စိတ်ကျန်းမာရေး အရေးပေါ် အခြေအနေရှိကြောင်း လက္ခဏာများ ပြသနေတယ်လို့ ဆိုလာပါတယ်။ ChatGPT ကို အသုံးပြုသူ သန်း ၈၀၀ ‌ရှိသဖြင့် ဒါက လူပေါင်း ငါးသိန်းနီးပါး ဖြစ်နေပါတယ်။

အာဏာပိုင်တွေက ကလေးတွေကို ကာကွယ်ဖို့ ပြင်ဆင်နေပါတယ်။ စက်တင်ဘာလမှာ အမေရိကန် Federal Trade Commission က OpenAI နဲ့ အခြားကုမ္ပဏီ ခြောက်ခုကို ၎င်းတို့ရဲ့ AI တွေက ကလေးတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ အစီရင်ခံရန် အမိန့် ထုတ်ခဲ့တယ်။ တစ်ချို့ ဆီးနိတ်လွှတ်တော်အမတ်တွေက ကလေးတွေ chatbot အသုံးပြုတာကို လုံးဝပိတ်ပင်ဖို့ အဆိုတင်သွင်းခဲ့တယ်။ တရုတ်က သူရဲ့ AI ဘေးကင်းရေး မူဘောင်ကို ပြင်ဆင်ခဲ့ပြီး လူသားအတု ပြုလုပ်ထားတဲ့ AI စက်ရုပ်တွေနဲ့ ဆက်ဆံရေး အစွဲအလမ်း အန္တရာယ်ကို မီးမောင်း ထိုးပြသခဲ့တယ်။ AI ကုမ္ပဏီတွေကလည်း ကလေးတွေအတွက် သီးခြားထုတ်ကုန်တွေကို ပြုလုပ်လာတယ်။ စက်တင်ဘာလမှာ OpenAI က ChatGPT အတွက် မိဘအုပ်ထိန်းသူ ထိန်းချုပ်ရမယ့် ဆက်တင်တွေ ထည့်သွင်းပေးခဲ့တယ်။ အီလွန်မတ်စ် ကလည်း သူ့ရဲ့ xAI မှာ ကလေးတွေအတွက် သီးသန့် chatbot ဖြစ်တဲ့ Baby Grok ကို ထည့်သွင်းဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

Chatbot အများစုကတော့ အသုံးပြုသူက မိမိကိုယ်ကို အန္တရာယ်ပေးမယ့် စကားလုံးတွေ တဲ့တိုးပြောလာရင်တော့ အန္တရာယ် မဖြစ်အောင် ကူညီမယ့် လမ်းညွှန်ချက်တွေ ပေးပါတယ်။ ဒါပေမဲ့ စကားတွေ ရှည်ကြာစွာ ပြောလာတဲ့ အခါမှာတော့ chatbot တွေက မေ့သွားကောင်း မေ့သွားနိုင်ပါတယ်။ chatbot တွေဟာ တစ်ခါတလေမှာ မဆင်မခြင်ပြောတဲ့ စကားတွေကိုလည်း ဟုတ်မှန်ကြောင်း ထောက်ခံနေတတ် ပါတယ်။ သုတေသန ပညာရှင်တွေက ကျောင်းသားယောင်ပြီး Meta AI ကို ကျောင်းတက်ရတာ ငြီးငွေ့လာကြောင်း စာသင်နှစ်ဝက် တစ်ခုလုံး ခွင့်ယူချင်ကြောင်း ပြောတဲ့အခါ Meta AI က လွယ်လွယ်လေးပင် ကောင်းတဲ့ အစီအစဉ်ဖြစ်ကြောင်းပြောပြီး ဘယ်ကို အားလပ်ရက် ခရီးထွက်ချင်သလဲလို့ပင် မေးနေပါတယ်။ သုတေသန ပညာရှင်က ChatGPT ကို ဒါ ငါကိုယ်တိုင် လုပ်မှ ဖြစ်မှာပါလို့ ပြောလိုက်တဲ့အခါ ChatGPT က ဒါဟာ ကောင်းတဲ့ ခံစားချက်ပဲ။ ဘယ်တာဝန်တွေကို မင်းလုပ်မှ ပြီးမြောက်နိုင်မှာလဲလို့ မေးနေပြန်ပါတယ်။

နည်းပညာ ကုမ္ပဏီတွေက တစ်ဖန် အသုံးပြုသူကို သိပ်မလိုက်လျောတဲ့ chatbot တွေနဲ့လည်း စမ်းသပ်ပြန်ပါတယ်။ ဒါပေမဲ့ OpenAI က ဒီလို လိုက်လုပ်တဲ့အခါမှာတော့ အသုံးပြုသူတွေက အပြစ်ပြောလာပြန်တယ်။ ကမ်းဘရစ်ခ်ျ တက္ကသိုလ်က Emily Goodacre က ပြောရာမှာ ကလေးတွေက ငယ်စဉ်မှာ လိုချင်တာ ရယူဖို့ အလှည့်ကျ စောင့်ရတာ၊ သည်းခံရတာတွေကို လူသားတွေနဲ့ ဆက်ဆံရင်း သင်ယူခဲ့ရတယ်။ ဒီလိုအချိန်မှာ အမြဲအလိုလိုက်တတ်တဲ့ AI စက်ရုပ်နဲ့ ကစားဖော်ဖြစ်နေမယ်။ နောက်ကျ AI စက်ရုပ်ကို ချစ်ကြိုက်လာရင် ဘယ်သူက ဒါကို လိုက်ဖြည့်ဆည်းပေးနေနိုင်မလဲ။

AI နဲ့ အတူ ကြီးပြင်းလာခြင်းက အလုပ်လုပ်ရာမှာရော ဆော့ကစားရာမှာပါ အကျိုးကျေးဇူးတွေ ပေးပါတယ်။ AI တွေ သင့်တော်စွာ ပြုမူပါက သူတို့ဟာ ဆရာကောင်းရော ဖျော်ဖြေရေးသမားကောင်း‌ရော ဖြစ်နိုင်ပါတယ်။ ထူးဆန်းစွာပဲ သူတို့ရဲ့ အလွန်အကူအညီပေးနိုင်တဲ့ သဘာဝကပဲ သူတို့ရဲ့ အကြီးမားဆုံး အားနည်းချက် ဖြစ်လာနိုင်ပါတယ်။ ကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းညှိနိုင်ဖို့ ခက်ခဲတဲ့ စိတ်အခြေအနေတွေကို တွေ့ကြုံရဖို့ လိုအပ်ပါတယ်။ ဒီလို ပြီးပြည့်စုံတဲ့ AI အဖော်တွေက လူသားတွေရဲ့ ဦးနှောက်နဲ့ လူသားအချင်းချင်း ဆက်ဆံရေးကို ဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာ မသိရသေးပါဘူးလို့ Brookings Institution မှ ကလေးဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်သူများက ပြောပါတယ်။

ကိုးကား – At home and at school, AI is transforming childhood, The Economics, Dec 2025

Click to rate this post!
[Total: 0 Average: 0]