အေအိုင်က လူသားတွေနေရာ အပြည့်အဝ အစားထိုးတာဖြစ်မလားဆိုတဲ့ မေးခွန်းအပေါ် သုံးသပ်ချက်ကို မဖော်ပြခင် လူသား ဝန်ထမ်းတွေနေရာကို အေအိုင် အစားထိုး အသုံးပြုနိုင်ခဲ့တဲ့ နာမည်ကျော် ကုမ္ပဏီကြီးတွေထဲကမှ ကုမ္ပဏီ ငါးခု အကြောင်း ကနဦး အနေနဲ့ ဖော်ပြပါရစေ။

Amazon
ကမ္ဘာ့နာမည်အကြီးဆုံး အွန်လိုင်းဈေးဝယ်နိုင်တဲ့ ဝက်ဘ်ဆိုက် (website) အပါအဝင် ဈေးကွက် စီးပွားရေးနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့ အမေဇုံကုမ္ပဏီရဲ့ စီအီးအို အန်ဒီဂျာစီ (CEO Andy Jassy) က အေအိုင်ကို ကုမ္ပဏီ လုပ်ငန်းတွေမှာ အသုံးချခဲ့ခြင်းက ထိရောက်မှု ရှိခဲ့တာကြောင့် “ဝန်ထမ်းအင်အား လျှော့ချရန်အစီအစဉ်ရှိကြောင်း” ကုမ္ပဏီ အတွင်း ကြေညာခဲ့အပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလမှာ ဝန်ထမ်း အယောက် ၁၄,၀၀၀ ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။
နည်းပညာကုမ္ပဏီ Google ကလည်း ၂၀၂၄ ခုနှစ်အတွင်းမှာပဲ ဝန်ထမ်း လျှော့ချမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒီလို လျှော့ချမှု တွေမှာတော့ အေအိုင်နဲ့ အစားထိုးလုပ်ဆောင်မယ်လို့ တိုက်ရိုက် မကြေညာ ခဲ့ပေမယ့်လည်း လုပ်ငန်းအတွက် ကြော်ငြာပိုင်း၊ အရောင်းပိုင်းနဲ့ ဝန်ဆောင်မှုပိုင်းတွေမှာ အေအိုင်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့တဲ့အချိန်နဲ့ တိုက်ဆိုင်နေခဲ့ပြန်ပါတယ်။
Salesforce
အမေရိကန်နိုင်ငံ အခြေစိုက် software company တစ်ခုဖြစ်တဲ့ Salesforce က ၎င်းတို့ရဲ့ ဝန်ထမ်းအင်အား ၁၀ ရာခိုင်နှုန်းကို လျှော့ချခဲ့ပြီး Google လိုပဲ အေအိုင်နဲ့ အစားထိုးမယ်လို့ မကြေညာခဲ့ပါဘူး။ ဒါပေမယ့် ပေါ့ကတ်စ် (Podcast) အင်တာဗျူး အစီအစဥ် တစ်ခုမှာ Salesforce ရဲ့ စီအီးအိုက အေအိုင်အေးဂျင့် (AI Agent) တွေကို အကောင်အထည်အသုံးချပြီးတဲ့နောက်မှာ ဈေးဝယ်သူ (customer) တွေကို ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းအင်အား ၉၀၀၀ ကနေ ၅၀၀၀ အထိ လျှော့ချနိုင်ခဲ့တယ် လို့ ဆိုခဲ့ပါတယ်။
Duolingo
ကမ္ဘာ့ နာမည်ကြီး ဘာသာစကားလေ့လာနိုင်တဲ့ အက်ပလီကေးရှင်း (Language Application) တစ်ခုဖြစ်တဲ့ Duolingo ကုမ္ပဏီက အက်ပလီကေးရှင်း အတွက် ဘာသာပြန်တဲ့လု ပ်ငန်းတွေမှာ အေအိုင်ကို အသုံးပြုလိုက်တာကြောင့် စာချုပ်နဲ့ ခန့်ထားတဲ့ ဝန်ထမ်းတွေရဲ့ ၁၀ ရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့ ပါတယ်။ အမြဲခန့် ဝန်ထမ်း (Permanent Employee) တွေမဟုတ်တာကြောင့် တရားဝင် အလုပ်ထုတ်ပစ်ခံရတယ်ဆိုလို့ မရပေမယ့် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရသူက ဒီစာချုပ်တွေကို ရပ်ဆိုင်းဖို့ဆုံးဖြတ်ချက်က အေအိုင်ကြောင့်ဆိုတာလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်တယ်ဆိုတာကို အတိအလင်း ဖွင့်ဟပြောခဲ့သလို ဝန်ထမ်းတွေ နေရာမှာ အေအိုင်ကို အသုံးပြုဖို့ အဆင်ပြေတယ်လို့လည်း ဆိုခဲ့ပါတယ်။
Microsoft
နည်းပညာ ထိပ်သီးကုမ္ပဏီ တစ်ခုဖြစ်တဲ့ Microsoft ကုမ္ပဏီက ဒီနှစ်မေလမှာ ဝန်ထမ်း ၆၀၀၀ ခန့် ကို လျှော့ချခဲ့ပါတယ်။ အစီရင်ခံစာများအရ အများစုက ပရိုဂရမ်မာ (Programmers – Software code ရေးသားသူ) များ ဖြစ်ကြပါတယ်။ ဒီဝန်ထမ်း လျှော့ချမှုက အေအိုင်ကြောင့်ဆိုပြီး အတိအလင်း ပြောလို့မရပေမယ့် ကုမ္ပဏီရဲ့ စီအီးအိုက Microsoft ရဲ့ Code ရေးသားမှု မှာပါဝင်တဲ့ ဝန်ထမ်းများရဲ့ ၃၀ ရာခိုင်နှုန်းကို အေအိုင် က ရေးသားနေပြီ ဖြစ်ကြောင်း ဧပြီလက မှတ်ချက်ပေးအတည်ပြုခဲ့ပါတယ်။

အေအိုင်က ဘယ်လိုလုပ်ငန်းတွေမှာ အစားထိုးနိုင်နေပြီလဲ၊ လူသားတွေ နေရာကို အပြည့်အဝ အစားထိုး နိုင်မှာလား၊
ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum – WEF) ရဲ့ Future of Job Report 2025 ခုနှစ် အစီရင်ခံစာအရ ၂၀၃၀ ခုနှစ်မှာ အေအိုင်နဲ့ ခေတ်မီ နည်းပညာ အလိုအလျောက် စနစ်တွေကြောင့် အလုပ် ၉၂ သန်းခန့် ပျက်စီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၃၀ ခုနှစ် မရောက်ခင် ၂၀၂၅ ခုနှစ်မှာ အောက်မှာ ဖော်ပြထားတဲ့ လုပ်ငန်းနယ်ပယ်တွေ အပါအဝင် နယ်ပယ်စုံမှာ အေအိုင်က လူသားဝန်ထမ်းတွေ နေရာမှာ အပြည့်အဝ မဟုတ်ပေမယ့် တစ်စိတ်တစ်ပိုင်း အနေနဲ့ သိသိသာသာ ဝင်ရောက် ဆောင်ရွက် နိုင်နေပြီ ဖြစ်ပါတယ်။ အေအိုင်တွေနဲ့ ဘယ်လို အစားထိုး ဆောင်ရွက်နေလဲ ဆိုတာနဲ့ အတူ အနာဂတ်မှာ အေအိုင်က လူသားတွေ နေရာကို အပြည့်အဝ အစားထိုးနိုင်မှာလားဆိုတဲ့ မေးခွန်းအပေါ် ကျွန်တော့်ရဲ့ သုံးသပ်ချက်ကိုလည်း ထည့်သွင်း တင်ပြပါရစေ။
ကုန်ထုတ်လုပ်ရေး (Manufacturing)
ကုန်ထုတ်လုပ်ရေးမှာဆိုရင် တွေးဆစရာမလိုဘဲ ထပ်ကာထပ်ကာ လုပ်ရမယ့် လုပ်ငန်းနေရာမှာ လူတွေအစား အေအိုင် တွေကို အသုံးပြုပြီး စက်ရုပ်တွေကို အသုံးချ နေကြပြီ ဖြစ်ပါတယ်။ လူတွေက မောပန်းတတ်ပြီး ရေရှည် မှာ လုပ်နိုင်တဲ့ စွမ်းအား ကျတာ ဖြစ်နိုင်ပေမယ့် အေအိုင်နဲ့ ထိန်းကျောင်းထားတဲ့ စက်ရုပ်တွေကတော့ ဘယ်လောက် ကြာကြာ လုပ်နိုင်စွမ်းကျဆင်းတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ပြီး ကုန်ကျ စရိတ်ကို လျော့ကျစေပါတယ်။
ဘယ်လိုပဲ အေအိုင်ထိန်းကျောင်းတဲ့ စက်ရုပ်တွေနဲ့ ဆောင်ရွက်သည်ဖြစ်စေ အဲဒီစက်ရုပ်တွေကို ပြုပြင်ထိန်းသိမ်းမှုလုပ်ဖို့ (maintenance)၊ စီမံ ဆောင်ရွက်ဖို့ (management) စတဲ့ အပိုင်းတွေမှာ လူသားတွေက လိုအပ်နေဦးမှာပဲဖြစ်ပါတယ်။
ဝယ်ယူသူများအတွက် ဝန်ဆောင်မှု (Customer Service)
ဝယ်ယူသူများအတွက် ဝန်ဆောင်မှုအပိုင်းမှာ Generative AI Chatbots တွေကို အသုံးပြုပြီး ဈေးဝယ်သူတွေရဲ့ မေးခွန်းတွေကို ချက်ချင်းဆိုသလို အလိုအလျောက် ပြန်ဖြေပေးတဲ့စနစ်နဲ့ ဈေးဝယ်သူတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တည်ဆောက် နိုင်နေပြီပဲ ဖြစ်ပါတယ်။ ဝန်ဆောင်မှုဆိုင်ရာ ကုန်ကျ စရိတ်စကများ လျော့စေပြီး မြန်ဆန်တဲ့ စာ သို့မဟုတ် ဖုန်းနဲ့ ပြန်လည် ဖြေကြားမှုတွေကြောင့် ဈေးဝယ်ယူသူတွေ ပိုမို ကျေနပ်နိုင်မှာ ဖြစ်ပါတယ်။
သို့ပေမဲ့လည်း လူတွေရဲ့ ရှုပ်ထွေးနက်နဲတဲ့ မေးခွန်းတွေနဲ့ တောင်းဆိုချက်တွေကို လူတွေကပဲ အပြည့်အဝ နားလည်နိုင်တာမို့ ဈေးဝယ်ယူသူ ဖောက်သည်အချို့ရဲ့ ရှုပ်ထွေးတဲ့ ပြဿနာများကို ဖြေရှင်းပေးခြင်းအားဖြင့် အားလုံး အပြည့်အဝ စိတ်ကျေနပ်ဖို့ အတွက် ဆိုရင် လူသား ဝန်ထမ်းတွေကတော့ လိုအပ်နေဦးမှာပါပဲ။
ဈေးကွက်ရှာဖွေရေးနဲ့ ကြော်ငြာခြင်း (Marketing and Advertising)
ဈေးကွက်ရှာဖွေတဲ့နေရာမှာလည်း ပစ်မှတ်ထားတဲ့ ဝယ်ယူသူ (customer) ကို အေအိုင် အသုံးပြု ရှာဖွေတဲ့အခါ ပိုမို ထိရောက်တယ်လို့ ဆိုပါတယ်။ ကြော်ငြာတွေကို မှန်းထားတဲ့ ဝယ်ယူသူ (customer) ထံကို တိုက်ရိုက် ပို့ဆောင် ပြသ ပေးနိုင်တာကြောင့် ထိရောက်မှုပိုရှိပြီး ကုန်ကျစရိတ် သက်သာစေနိုင်ပါတယ်။
ဒါပေမဲ့ ဈေးကွက် ရှာဖွေတဲ့ မဟာဗျူဟာ ချမှတ်ဖို့အတွက် လူရဲ့ စွမ်းဆောင်ရည်တွေ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ လူတွေက ဗျူဟာချပြီး အေအိုင်တွေနဲ့ ဗွီဒီယိုလုပ်၊ ပုံထုတ်၊ ထွက်လာတဲ့ ပုံတွေ၊ ဗွီဒီယိုတွေကို ကုန်အမှတ်တံဆိပ်နဲ့ လိုက်ဖက်အောင် လူက ပြင်ဆင်ရပါမယ်။ ဒါမှသာလျှင် ပိုမို ထိရောက်တဲ့ ဈေးကွက်ရှာဖွေခြင်းနဲ့ ကြော်ငြာခြင်း ဖြစ်မှာပါ။
နည်းပညာနဲ့ ဆော့ဖ်ဝဲ (Technology/Software)
နည်းပညာနဲ့ ဆော့ဖ်ဝဲပိုင်းမှာ အေအိုင်တွေက ရှုပ်ထွေးတဲ့ code တွေကိုပါ ရေးပေးနိုင်နေပြီ ဖြစ်ပြီး ကမ္ဘာ့နာမည်ကြီး ဆော့ဖ်ဝဲ ကုမ္ပဏီတွေ၊ နည်းပညာကုမ္ပဏီတွေကလည်း ၎င်းတို့ရဲ့ code ရေးသားခြင်းတွေမှာ အေအိုင်က ရေးပေးနေပြီဆိုတာလည်း ဝန်ခံထားကြသလို အေအိုင် အသုံးပြုခြင်းအားဖြင့် code တွေမှာ အမှားနည်းတဲ့ အပြင် ပိုမို မြန်ဆန်တယ်လို့ ဆိုထားကြပါတယ်။
အေအိုင်က ကုတ်တွေ ရေးသားနိုင်ပေမယ့် အဲဒီအေအိုင်ကို ပြန်ပြီး စနစ်တကျ ထိန်းသိမ်းဖို့၊ အေအိုင်ကို လေ့ကျင့် သင်ကြားပေးဖို့ နဲ့ လိုအပ်တဲ့ ဒေတာတွေ ရယူပေးနိုင်မှု စတဲ့အပိုင်းတွေမှာ လူသား ပရိုဂရမ်မာတွေ (Programmer – code ရေးသားသူ) လိုအပ် နေဦးမှာပါ။ ဒါ့အပြင် အေအိုင်က ရေးပေး လိုက်တဲ့ code တွေကို စနစ်တကျ ပြန်ပေါင်းစည်းပြီး စစ်ဆေးပြင်ဆင် အပြီးသတ် လုပ်ကိုင်ဖို့ကလည်း လူသားတွေမှသာ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
ပညာရေးနဲ့ ဘာသာစကားလေ့လာခြင်း (Education & Language Learning)
စာပိုဒ်တွေကို အကျဉ်းချုပ်တာ၊ သက်ဆိုင်ရာဘာသာစကားကို ဘာသာပြန်ပေးတာအပြင် သင်ကြားမှု သင်ယူမှုတွေအတွက် နမူနာ စာသားတွေ၊ စာပိုဒ်တွေကို အေအိုင်က ထုတ်လုပ် ပေးနိုင်ပြီး လက်တွေ့လည်း အသုံးပြုနေကြပါတယ်။ လူသား ဆရာ၊ ဆရာမတွေ မဟုတ်ဘဲ အေအိုင်က အသွင်ယူကာ သင်ကြားပေးမှုတွေကိုလည်း လက်တွေ့ မြင်နေရပြီ ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောနိုင်စွမ်းမှာလည်း အေအိုင် က သဘာဝကျကျ တုံ့ပြန် ပြောဆိုနိုင်နေပြီ ဖြစ်ပါတယ်။
ပညာရေးပိုင်းမှာ ဘယ်လောက်ကောင်းတဲ့ သင်ရိုးညွှန်းတမ်းတွေဆွဲဆွဲ၊ သင်ကြားမှု အကောင်းဆုံး ဆိုတာတွေကို အေအိုင်က ပေးနိုင်ရင်တောင်မှ ကျောင်းသားရဲ့ စိတ်ဓာတ်ကျမှု၊ စိတ်အားတက်ကြွမှုတွေကို လိုက်ပါ ခံစားပြီး အားပေးနိုင်စွမ်း မရှိနိုင်ပါဘူး။ ဒါကို ဆရာတွေက သာလျှင် ကျောင်းသားနဲ့ ဆရာကြား ယုံကြည်မှု တည်ဆောက်နိုင်ပြီး ကျောင်းသားပိုတိုးတက်အောင် လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။
မီဒီယာနဲ့ ဖန်တီးမှုများ (Media & Content Creations)
အေအိုင်နဲ့ ဗွီဒီယိုတွေဖန်တီးတာ၊ သီချင်းတွေရေးတာ၊ သံစဉ်တွေ ရှာနိုင်တာအပြင် ဖန်တီးမှု အကောင်းဆုံး ဆိုတာတွေကို လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်။ အေအိုင်နဲ့ဆို ကြောင်တွေက စကားပြော နိုင်သလို ဒိုင်နိုဆောတွေကလည်း ကခုန် တီးမှုတ် နိုင်ပါတယ်။ သဘာဝမကျတာတွေ ဖန်တီးနိုင်သလို အစစ်နဲ့တောင် ခွဲခြားရခက်တဲ့ သဘာဝအကျဆုံး ဗွီဒီယိုတွေလည်း ဖန်တီးနိုင်နေပါပြီ။ အလိုအလျောက် ဖန်တီးတာဖြစ်တဲ့အတွက် ရိုက်ကူးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာပြီး အချိန်ကုန်လည်း သက်သာ စေပါတယ်။
အေအိုင်က မီဒီယာနဲ့ ဖန်တီးမှုပိုင်းမှာ ဘယ်လောက်ပဲတော်နေပါစေ လူသားတွေရဲ့ စိတ်ခံစားမှု၊ ယဉ်ကျေးမှုနောက်ခံနဲ့ သမိုင်းနောက်ခံတွေကို အဓိပ္ပာယ် နက်နက်ရှိုင်းရှိုင်း ပါဝင်အောင် စွမ်းဆောင် နိုင်မှာ မဟုတ်သေးပါဘူး။ ဒါတွေကို လူတွေက သာလျှင် ဖန်တီး ရိုက်ကူး တည်းဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အေအိုင်တွေက တီထွင်ဆန်းသစ်မှုမှာ ကူးယူနိုင်ရုံမျှသာဖြစ်ပြီး ကိုယ်တိုင် မဖန်တီးနိုင်ကြပါဘူး။ လူသားတွေမှာသာလျှင် creativity ဆိုတဲ့ တီထွင်ဖန်တီးမှုက လူသားဆန်စွာ အပြည့်အဝ ရှိတာပါ။
ကျန်းမာရေး (Healthcare)
X-rays, MRIs နဲ့ CT scans တွေကနေ ကင်ဆာရောဂါရှာဖွေမှုအပါအဝင် ဦးနှောက် စကန် ခွဲခြမ်း စိတ်ဖြာခြင်းတွေမှာ အေအိုင်ကြောင့် ပိုမို တိကျတဲ့ အဖြေတွေ တွေ့ရှိနိုင်ပါတယ်။ အေအိုင် မော်ဒယ်တွေကို အသုံးပြုပြီး သွေးချို၊ ဆီးချို ရှာဖွေတာ အပါအဝင် နှလုံးရောဂါ ရှာဖွေမှုတွေလည်း လုပ်နိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် လူတစ်ဦးချင်းစီအတွက် သီးသန့် ကျန်းမာရေး အစီအစဉ်တွေကိုလည်း ရေးဆွဲ ပေးနိုင်ပါတယ်။ ဆေးရုံမှတ်တမ်း ရေးသားမှုနဲ့ အချက်အလက်ထိန်းသိမ်းမှုတွေမှာ အေအိုင်နဲ့ ပိုမို တိကျအောင် လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။
ကျန်းမာရေးကဏ္ဍမှာ အေအိုင်က ရောဂါရှာဖွေနိုင်တာတွေ၊ ဆေးရုံမှတ်တမ်းထိန်းသိမ်းတာတွေ လုပ်နိုင်ပေမယ့် လူနာရဲ့ စိတ်ခံစားမှု၊ ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို စာနာ နိုင်စွမ်းမရှိပါဘူး။ လူသား ဆရာဝန်တွေနဲ့ သူနာပြုတွေကသာ လူနာကို စိတ်သက်သာရာရစေပြီး ရလဒ်ကောင်း ထွက်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားဆရာဝန် ကသာလျှင် လူနာရဲ့ အခြေအနေ အရပ်ရပ်ကို သုံးသပ်ပြီး အကောင်းဆုံး ကုသမှုပုံစံကို ဆုံးဖြတ်ချက် ချနိုင်မှာဖြစ်ပါတယ်။
အနာဂတ်မှာ အေအိုင်က လူသားတွေနေရာကို အပြည့်အဝ အစားထိုးနိုင်မှာလား
လူသားတွေ နေရာမှာ အေအိုင်က အပြည့်အဝ အစားထိုးဖို့ဆိုတာ ကျွန်တော့်အမြင်မှာတော့ မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတွေ ပိုမို လွယ်ကူ မြန်ဆန်အောင် အစားထိုးနိုင်တယ် ဆိုပေမယ့် ဒါက တစ်စိတ် တစ်ပိုင်း အနေနဲ့သာလျှင် ဖြစ်မှာပါ။ ဘာလို့လဲဆိုရင် အေအိုင်က လူသားမဟုတ်လို့ပါပဲ။ အေအိုင်က လူသားတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ လက်ထောက်သာလျှင် ဖြစ်နိုင်မှာပါ။ လူတွေမှာက ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားပြီးသားဖြစ်ပါတယ်။
ဒါကြောင့် အနာဂတ်မှာ အေအိုင်ကို အလုပ်လုပ်ခိုင်းပြီး လူသားတွေက စီမံခန့်ခွဲခြင်း၊ ဆုံးဖြတ်ချက်ချခြင်းနဲ့ အသစ် တီထွင် ဖန်တီးခြင်းတွေ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ လူသား အရည်အချင်းတွေနဲ့ အေအိုင် ပေါင်းစပ်ဆောင်ရွက်ပြီး အကောင်းဆုံးသော အခွင့်အရေးနဲ့ အခွင့်အလမ်းတွေကို ဖန်တီးနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ကိုးကား
- These companies have already replaced workers with AI in 2025 by Isobel O’Sullivan
- Internet Articles related to AI

