မနှစ်က ဖြစ်သည်။ မြို့နယ်အတွင်းရှိ စာကြည့်တိုက်တစ်ခုတွင် လူငယ်လေးတွေ ဦးဆောင်ပြီး စာဖတ်သူ တိုးတက် လာစေရန် အတွက် အစီအစဉ်တစ်ရပ်ကို သွားရောက်ဝန်းရံပေးဖြစ်သည်။ ကျွန်တော်တင်သာမက စာပေမြတ်နိုးသူ မိတ်ဆွေများလည်း ပါသည်။ စီစဉ်သူများက ဆယ်ကျော်သက်များဖြစ်၍ ကျွန်တော် တို့အားလုံး သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြစေရန် အိမ်ဖြည့် သဘောဖြင့်သာနေကြသည်။ အစီအစဉ်အစတွင် စာဖတ်ခြင်းနှင့်ပက်သက်ပြီး စကားအနည်းငယ်ပြောသည်မှအပ သူတို့ ဆောင်ရွက်နေ ကြသည်ကိုသာ အကဲခတ်နေကြသည်။
မဆိုးပါ။ လာသည့်ကလေးများကို မိမိဖတ်ဖူးသည့်စာအုပ်များထဲမှ အနှစ်သက်ဆုံး စာအုပ်အကြောင်း ပြောခိုင်းသည်။ ထပြောသူများကို ဇယားကွက်ပါ ကတ်ပြားလေးထဲတွင် အကြိမ်ရေမှတ်သားထား သည်။ ပြည့်သွားလျှင် လက်ဆောင်ပေးသည်။ ကလေးများက အစတွင် ထိုသို့ပြောလေ့မရှိသည့် အတွက် အနည်းငယ် စိုးရွံ့မှုများဖြင့် သိပ်အဆင် မချောသော်လည်း နောက်ပိုင်း အရှိန် ရလာသည်နှင့် အမျှ တော်တော်လေးပြောနိုင်လာကြသည်။ တချို့ဆိုလျှင် ကြော်ငြာဝင်သည့်နှယ် သူဖတ်သည့်စာ အုပ်က မည်သို့စိတ်ဝင်စားစရာကောင်းကြောင်းညွှန်းဆို၍ ဇာတ်သိမ်းပိုင်းသိချင်လျှင် ထိုစာအုပ်ကို ဖတ်ကြည့်ပါဟူ၍ စကား ပရိယာယ် ပင် ခင်းလိုက်သေးသည်။ အစပိုင်းတွင်အတွေ့အကြုံနည်းနေ၍ တစ်ယောက်ကပြောပြီးလျှင် အားပေးသည့်အနေဖြင့် လက်ခုပ်တီး၍ အားပေးရန်သာ တိုက်တွန်း ရပါသည်။
တကယ်တော့ ထိုပွဲကလေးသို့လာသည့်ကလေးများက ကိုးတန်း ကျောင်းသားထက် ကြီးသော သူများမပါ။ ထို ကိုးတန်း ကျောင်းသားပင် ရေကြည့်ပါက လက်နှစ်ဖက်မပြည့်။ များသည်က ငါးတန်း ခြောက်တန်း ခုနစ်တန်း ရှစ်တန်းက ကျောင်းသား များသာ။ နည်းနည်း ကြီးသည့် ကျောင်းသားများက ပြောသည်ကိုကြည့်ပြီး နောက်ပိုင်းတွင် အငယ်လေးတွေက ပါ အားကျမခံ ပြောလာကြသည်။ တစ်လလျှင် လေးကြိမ်။ စနေနေ့တိုင်း ကျင်းပခြင်းဖြစ်သည်။ ကျွန်တော်တို့လည်း အပတ်စဉ် မှန်မှန် သွားဖြစ်သည်။ နောက်ပိုင်းတွင် စာအုပ်အကြောင်း ပြောရသည် သာမက ဂိမ်းကစားနည်းများ ပါလာသည်။ စာကြောင်း နှစ်ကြောင်း လောက်ကို အဖွဲ့လိုက် တစ်ဆင့်စီ ပြောသည့်ကစားနည်း၊ နောက် ပုံပြင်တစ်ပုဒ် ဖန်တီးခြင်း။ ပုံပြင် ဖန်တီးခြင်း ဆိုသည်က ရှေ့ကတစ်ယောက် ပြောသွားသည်ကို နောက်တစ်ယောက်က မိမိအတွေးဖြင့် လိုက်ပြောရခြင်းဖြစ်သည်။ အစတွင် ဘယ်လို ဖန်တီးရမှန်းမသိ ဖြစ်နေကြသေးသည်။ ထိုကြောင့်ကျွန်တော်ကဝင်ပြီး “ သားတို့ ကြည့်ဖူးတဲ့ ကာတွန်းကားတွေထဲက ဇာတ်ကြောင်းကိုပြောပေါ့” ဟု ဝင်ထောက်ပေးလိုက်မှ စလို့ရသွားသည်။ ကိုယ့်စိတ်ကူးထဲက ရှိတဲ့အတိုင်း အဆင်ပြေတယ် ထင်သလို ပြောကြသည်။ ပြီးလျှင် လက်ဆောင်များပေးသည်။ ထိုရပ်ကွက် အတွင်းမှလည်း ရေခဲချောင်းများလာကျွေးကြ သည်။ ပွဲဆက် များလာသည်နှင့် အမျှ ကျွန်တော်တို့ကို ကလေးများက တရင်းတနှီး ရှိလာကြသည်။

ထိုကြောင့် ကျွန်တော်ခေတ်အခါက နာမည်ကြီးခဲ့သည့် စာအုပ်များ၊ ကိုယ်သဘောကျသည့်စာအုပ်များ အကြောင်းကို အားသွားသည့် အချိန်တွင် ပြောဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့ ထိုအစီအစဉ်လေး ရှိရာသို့ သွားခြင်းသည်က အကျိုး အတော်များ သည်။ အချက်ကား ဤစာကြည့်တိုက်သို့ လာသောကလေး များသည် စာဖတ်အားကောင်းလှသည်။ သူတို့ခေတ် သူတို့ အခါတွင် ဖတ်ဖြစ်သည့် စာအုပ်များ အကြောင်း စာမဖတ်ဘဲနှင့် သိခဲ့ရသည်။ သေချာသည်က သူတို့သဘောကျသည့်စာအုပ် သူတို့ပြော သည့်စာအုပ်များအတော်များများကို ကျွန်တော်မဖတ်ဖူးကြောင်းဝန်ခံရမှာပင်ဖြစ်သည်။ ချီးကျူးစရာ ကောင်းသည်က သူတို့အရွယ် နှင့် ဖတ်သည့်စာအုပ်များမှာ ဘဝသရုပ်ဖော်စာအုပ်များဖြစ်နေခြင်းပင်။ အမှန်အတိုင်းဆိုရလျှင် သူတို့လိုအရွယ်၌ ကျွန်တော်ဘဝသရုပ်ဖော်စာပေဆိုသည်မှာ ယောင်၍ပင် မကိုင်မိသေး။ အချစ်ဝတ္ထု ၊ သိုင်းဝတ္ထုများဖြင့် နပန်းလုံး၍ ကောင်းနေဆဲ ပင်။ ကလေးတစ်ယောက် ဆိုလျှင် လက်သုံးလုံးလောက် ထူသည့် ဘာသာပြန်စာအုပ်ကြီးကိုပင် ညွှန်း၏။ ဤသို့အပြန်အလှန် ညွှန်းကြသဖြင့် စာဖတ်အားများကောင်းလာကြသည်။ တစ်ယောက်မသိသည်ကို တစ်ယောက်သိ လာကြသည်။ ပွဲပြီးသွားသည်နှင့် စာအုပ်များတန်းငှားသွားကြသည်။ သူတို့ပြောကြဆိုကြသည်မှာ ကိုယ့်အတွက် အများကြီးသိရ၍ အားနေချိန်တွင် ကလေးများကို ကျေးဇူးတင်ကြောင်းကိုလည်း တခုတ်တရပြောခဲ့ဖြစ်သည်။
ဤသို့အရှိန်ကောင်းနေစဉ်တွင် မမျှော်လင့်သည့် အခက်အခဲတွေ့လာရပြီး အစီအစဉ်လေး ပျက်သွား မလိုလို ဖြစ်သွားသည်။ တခြားမဟုတ်။ စာသင်ကျောင်းများမှ ကျောင်းပိတ်ရက်တွင် အစားထိုး အချိန်ပိုများ ခေါ်သင်နေ၍ ဖြစ်သည်။ အရေးထဲ အရာပေါ် ဆိုသလို စာကြည့်တိုက်တွင် သမီးရည်းစားချိန်း တွေ့သည်ဟုမည်သူကသတင်းလွှင့်လိုက်သည်မသိ။ တချို့အတန်းများက စာကြည့်တိုက် မသွားရဟု တားမြစ်ထားကြောင်း နောက်မှ ကလေးများပြောပြ၍သိရသည်။ ဒါကလည်း ကလေးများနှင့် ကျွန်တော် မျက်မှန်းတန်းမိနေပြီဖြစ်သဖြင့် “ ဟဲ့ ဘယ်သူမလာဘူးလား” ဘာညာနှင့်မေးဖန်များတော့မှ ကလေးများက ပြောကြခြင်း ဖြစ်သည်။ “သြော်“ ဟုသာရေရွတ်မိလိုက်ပါသည်။ ခက်ချေစွ။ သို့နှင့် ဦးဆောင်သူ ကလေးမလေး ခမျာ အဝေးမှ တကူးတကန့် လာရသည်မို့ ကျွန်တော်တို့ အားလုံး အားနာနေကြ သည်။ ငယ်ရွယ်သူများဖြစ်ကြ၍ သက်ဆိုင်သူများ ကို တောင်းဆိုရန် မဝံ့မရဲ ဖြစ်နေပုံရသည်။ သို့ဖြင့် နှစ်ပတ်လောက်က လာလိုက်ပြန်လိုက်နှင့်် အစီအစဉ်ကလေး လျော့ရိလျော့ရဲ ဖြစ်နေသည်။ တကယ်ဆိုလျှင် စာကြည့်တိုက်အနီးတွင် ဘကအထက်တန်းကျောင်းရှိသည်။ မလှမ်းမကမ်းတွင်လည်း အထက်တန်းကျောင်း တစ်ကျောင်း ရှိသည်။ ကလေးများအားလပ်နေမည်ဆိုလျှင် မလာနိုင်စရာ အကြောင်းကမရှိ။ အစီအစဉ် လေးကလည်း အသားကျ သလောက်ဖြစ်နေ၍ သူတို့စိတ်ထဲတွင် လာချင်စိတ်ရှိပေလိမ့်မည်။ သို့သော် ကလေးများမှာ မလှုပ်သာ။ အချိန်ကမရှိ။
နောက်ဆုံး ကျွန်တော်တို့အားလုံးမျက်နှာချင်းဆိုင်ထိုင်ပြီးဆွေးနွေးရသည်။ ဦးဆောင်သူ ကလေးမလေး က ကလေးတွေကို အားနာ၊ ကျွန်တော်တို့က သူ့ကိုအားနာ၊ အချိန်က ဘယ်လိုမှ ဖန်တီးလို့မရဖြင့် ခုံပေါ် မှ လက်ဖက်ရည်ခွက်များက အေးစက်နေ ချေပြီ။ နောက်ဆုံး ဦးဆောင်သူကလေးမလေးက တစ်ခု တောင်းဆိုသည်။ “ ဆရာ ကလေးတွေ အားလောက်မယ့် အချိန်မှာ ပိတ်ပွဲလေး စည်စည်ကားကား လေးလုပ်ချင်တယ်” တဲ့။ ကျွန်တော်က “ ကလေးတွေကတော့ အားလောက်မယ် မထင်တော့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ စာမေးပွဲတွေကလည်းနီးလာပြီမဟုတ်လား” ဆိုသည့် ကျွန်တော်စကားတွင် သူ့မျက်နှာလေး ညှိုးသွားသည်။ ထိုသို့ပြောအပြီးမှာပင် ကျွန်တော်တစ်ခု သတိရလိုက်သည်။ “ နေဦး တစ်ခုတော့ရှိတယ်၊ ဘကကျောင်းမှာ စာရေးဆရာ တစ်ယောက်ရှိတယ်။ သူ့ကို အကူအညီတောင်း ကြည့်ရင်တော့ရနိုင်တယ်”။ ထိုစကားကြားမှ သူ ပြန်အားတက် လာပုံရသည်။ စာရေးဆရာ ဆိုသော်လည်း ဝါသနာအရရေးနေခြင်းဖြစ်သည်။ ခက်သည်က ကျွန်တော့် အဖေ အရွယ် ဖြစ်သည်။ ပြောလို့ရ မရ မသေချာသော်လည်း “ ကဲ ညည်းဘာမှမပူနဲ့ ဆရာ ရအောင် စီစဉ်ပေးမယ်” ဟု စာချစ်စိတ်ကို ယုံ ကြည်စွာဖြင့် အာမဘန္တေခံလိုက်သည်။ “ ဘယ်နှယောက်လောက်ဆို ရမလဲ” ဆိုသည်ကို အယောက် (၅၀) တဲ့။ “အို ရတယ် ဘာမှ မပူနဲ့ မရရအောင် ပြောပေးမယ်”ဟု တာဝန်ခံလိုက်မှ သူ့မျက်လေးက ရွှင်ဝင်းလို့။ သို့မှ လက်ဖက်ရည် ခမျာလည်း အဖက်လုပ်ခြင်း ခံရတော့သည်။ ကျွန်တော် ထိုဆရာကြီးဆီကို ဖုန်းမဆက်ပါ။ လူကိုယ်တိုင် သေသေချာချာသွားပြောသည်။ အဆင်ပြေ၏။ သို့သော် အတန်းတိုင်းက ကျောင်းသားများမရ။ ငါးတန်း ကျောင်းသားများကိုသာ လွှတ်ပေးမည်ဟု ဆိုသည်။
ထိုနေ့။ တာဝန်ခံဆရာ တစ်ယောက်ဖြင့် ကျောင်းသား အယောက်ငါးဆယ် ရောက်လာသည်။ လာနေကျ အားလပ်သူ တချို့လည်း ရောက်လာသဖြင့် စာကြည့်တိုက်တွင် ထိုင်စရာမရှိဖြစ်သွား သည်။ ကျွန်တော်တို့ တစ်တွေလည်းမတ်တတ်။ နောက်ဆုံးပွဲဖြစ်၍ ဆရာအောင်သင်း၏ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ဆိုသည့် ဆရာ့ဩဝါဒထဲမှ ကောက်နုတ်ချက်လေးများ မျှဝေဖြစ်လိုက်သည်။ ထို့နောက် သူတို့ အစီအစဉ် စကြလေသည်။ ကျွန်တော်တို့လည်း လွတ်ရာကျွတ်ရာ နေရာသွား၍ လေကန် နေကြသည်။ ကလေးတစ်ယောက်က လာခေါ်မှ လိုက်သွားသည့်အခါ ဂိမ်းဆော့မလို့ ဒိုင်လုပ်ပေးပါဦး ဆို၏။ မိန်းကလေးဘက်က ငါးယောက်တစ်ဖွဲ့ ၊ ယောင်္ကျားလေးဘက်က ငါးယောက်တစ်ဖွဲ့ ရွေးထား သည်ကိုတွေ့ရသည်။ ပြီးမှ စကားရည်လုပွဲမှန်းသိသည်။ စကားရည်လုရမည့်ခေါင်းစဉ်က “ ဂိမ်း ဆော့တာ ကောင်းသလား မကောင်းဘူးလား” ကို မိန်းကလေးဘက်မကောင်းကြောင်း၊ ယောင်္ကျားလေးဘက်က ကောင်းကြောင်းပြိုင်ရမည်။
ပြိုင်ပွဲ စ စချင်း မိန်းကလေးဘက်က ဂိမ်းဆော့မည့်အစား စာအုပ်ဖတ်သည်က မည်သို့အကျိုးရှိ ကြောင်းကို သူတို့ဖတ်ထားသည့် စာအုပ်များကိုကိုးကား၍ပြောသည်။ ယောင်္ကျားလေး ဘက်ကလည်း ဂိမ်းဆော့နေခြင်းဖြင့် သူတစ်ပါးကို အနှောင့်အယှက် မပေး။ ယခုအခါ ကမ္ဘာနဲ့ယှဉ်ပြီး ဂိမ်းပြိုင်ပွဲများ ကျင်းပနေခြင်းကြောင့် အချိန်ဖြုန်းရာမရောက်ဘဲ အကျိုးရှိ ကြောင်းဆို၏။ သူတို့ပြိုင်နေစဉ်တွင် ကလေးများဖြင့်၍ ဌာန်နှင့်မာန်နှင့်ဖြစ်လာသောကြောင့် ပြိုင်ပွဲဆိုသည့် သဘောကို ကျိုးကြောင်း ပြ၍ စိတ်မဆိုးကြရန် ပွဲထိန်းရသည်။ အနိုင်အရှုံးဆုံးဖြတ်သည့်အခါ မိန်းကလေးဘက်ကအနိုင်ရသွားသည် ထိုနောက် ထူးထူးဆန်းဆန်းပွဲအဖြစ် အကယ်၍ သင့်တွင် သစ်လုံးများရှိပါက ဘာလုပ်မလဲဆိုသည့် စိတ်ကူးစိတ်သန်းကို ပြောခိုင်းသည်။ အတော်လေး ပြောနိုင်ကြသည်ကို တွေ့ရသည်။ သိုနှင့် အစီအစဉ်လေး လှလှပပအဆုံးသတ်နိုင်လိုက်သည်။
ပွဲပြီး၍ ကျွန်တော်တို့လည်း အေးအေးဆေးဆေးထိုင်နေရင်း ရောက်တတ်ရာရာပြောနေကြသည်။ ထိုအချိန်မှာပင် စောစောက စကားရည်လုပွဲမှ ဦးဆောင်သူ ကလေးရောက်လာပြီး” ဆရာ ဆရာ့ကို ကျွန်တော် မေးစရာရှိလို့၊ မေးလို့ရမလား”ဟု ခွင့်တောင်းလာသည်။ “ မေးပါ ရပါတယ်” ဆိုသည့်နောက် “ စောစောပြိုင်ပွဲမှာ ကျွန်တော်တို့ဘာလို့ရှုံးတာလဲ၊ နောက်ပြီး ဆရာရော ဂိမ်းဆော့တာကိုလက်ခံ ပါသလား”တဲ့။ ကျွန်တော် တစ်ချက် ပြုံးလိုက်သည်။ ပြိုင်ပွဲကတည်းက ဒီကလေးကို မာန်ပါမှန်း သတိ ထားမိသည်။ ယခု ကျွန်တော်ကို သူလိုချင်သည့် အဖြေ လာမေးနေချေပြီ။ ကျွန်တော်က “အေး လက်ခံပါတယ်၊ ဂိမ်း ဆော့တယ်ဆိုတာက ဦးနှောက် အလုပ်လုပ်ရတာဖြစ်လို့ တစ်နည်းအားဖြင့် ဦးနှောက်ကို အလေ့အကျင့် လုပ်နေတာလည်း ဖြစ်တာကိုး” “သို့ပေမယ်လို့ ဂိမ်းဆော့တယ်ဆိုတာက သားပြောသလို ပြိုင်ပွဲကြီးတွေ မှာ ဝင်ပြိုင်ချင်တဲ့ဆန္ဒဖြစ်နေရင်တော့ အသားကုန် သာဆော့၊ ဒါမှ ကျွမ်းကျင်လာမှာမဟုတ်လား၊ ဒီလိုမှမဟုတ်ရင်တော့ အချိန်ပိုင်းလောက်ပဲ ဆော့သင့်တယ် ။ ဥပမာ စိတ်ညစ် နေတာမျိုး၊ စိတ်ရှုပ် နေတာမျိုး၊ စိတ်တိုနေတဲ့အချိန်မျိုးမှာ အာရုံလွှဲတဲ့ အနေလောက်ပဲပေါ့.. အဲ့ဒီ ထက်ပိုပြီးတော့ မဆော့သင့်ဘူးလို့ ဆရာထင်တယ်.. နောက်ပြီးသားတို့ ရှုံးရတဲ့ အကြောင်းရင်းက အဖွဲ့လိုက်မှာ သားတို့ဘက်က မညီဘူး။ သားအနေနဲ့ ဦးဆောင်ပြီး ဂိမ်းနဲ့ပက်သက်တာကိုပြောနိုင်ပေမယ်လို့ နောက် လူတွေက သားပြောတဲ့နောက်ကိုမလိုက်နိုင်ဘူး။ တစ်ခုရှိတာက မိန်းကလေးတွေက သူတို့ဖတ်ထားတဲ့ စာအုပ်ကိုထုတ်ပြပြီး ဘယ်လို အကျိုးရှိတာကို ပြောနိုင်ပေမယ့်လို့ သားက ဂိမ်းဆော့တဲ့ သူတွေထဲမှာ ဘယ်သူတွေက ပြိုင်ပွဲတွေမှာ ဘယ်လို အောင်မြင်ခဲ့တယ်ဆိုတဲ့ အချက်မပါလာဘူး.. ဟုတ်တယ် မဟုတ်လား”လို့ဆိုလိုက်သည့်အခါ ”ဆရာပြောတာကို သား လက်ခံပါတယ် အခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်” တဲ့။ တဆက်တည်းမှာပဲ “ အခုဒီကိုလာမှ သားစာအုပ်ဖတ်ချင်လာတယ်၊ အချစ်ဝတ္ထုလည်း မဖတ်ချင်ဘူး”၊ အဲ့ဒါ သားအတွက် အကျိုးရှိမယ့်စာအုပ်တစ်အုပ်လောက် ဆရာရွေးပေးပါ” ဆိုပြီး ထပ်တောင်းဆိုလာသည်နှင့် ဆရာအောင်သင်း စာအုပ်တွေကို စာကြည့်တိုက်မှူးကို ရှာခိုင်းပြီး သင့်တော်မည့် စာအုပ်တစ်အုပ် ရွေးပေးလိုက်သည်။

ဤသို့ ကလေးဆိုသည်က သိကြသည့်အတိုင်း တစ်ယောက်မေးသည်ကို မြင်သည်နှင့် တစ်ယောက်ပြီး တစ်ယောက် မေးလေပေသည်။ သူငယ်ချင်းနှင့် စိတ်ကောက်သည်လည်းပါ၏။ မိန်းကလေးအချင်းချင်း မနာလို ဝန်တိုသည့် အကြောင်းများ လည်းပါ၏။ သည်ကြားထဲ ကျွန်တော်တို့ စာဘာကြောင့် သင်ရတာလည်း ဆိုသည့် မေးခွန်းမျိုးကလည်း လာသေးသည်။ သို့သော် ထိုထိုမေးခွန်းများအထဲမှ ကလေးမလေးတစ်ယောက် မေးသည့်မေးခွန်းက တချို့တချို့သော မိဘများ ကျင့်သုံးနေကြသည် ဖြစ်၍ သူ့မေးခွန်းလေးနှင့် ကျွန်တော်ဖြေခဲ့သည်ကိုသာ ဆက်ပါတော့မည်။ သူမေးသည်က “ ဆရာ သမီးက စာအုပ်တွေဖတ်ချင်တယ်၊ ဒါပေမယ်လို့ အိမ်က ပေးမဖတ်ဘူး၊ ကျောင်းစာပဲ လုပ်ရမယ်လို့ ပြောတယ် ဆရာ၊ အဲဒါသမီး ဘယ်လို လုပ်ရမလဲတဲ့” မေးတော့ ကျွန်တော်က “ညည်းတော့ ကျုပ်ကို ခေါင်းရောင်းပြန်ပြီ” ဟု နောက်လိုက်သည်။ “ဒါများ လွယ်လွယ်လေးကို သူတို့ပေးမဖတ်ရင် ခိုးဖတ်ပေါ့” လို့ဖြေလိုက်ရာ “ဟာ ဆရာ ကလည်း” ဆို၍ မျက်နှာရယ်ကျဲကျဲဖြင့်။ တကယ်ပြောတာ ဒီကိစ္စက လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်တယ်သမီးရဲ့” ဆိုသည်ကို မျက်လုံးလေးကလယ်ကလယ်ဖြင့်ကြည့်နေရှာသည်။ ပြီး တော့မှ လူကြီး ဆိုတာမျိုးက သူတို့သိထားတဲ့အသိကို ပြင်ရခက်တဲ့အကြောင်း။ အသိမပြောနဲ့ အလေ့အကျင့်တစ်ခု ပြောင်းလဲဖို့တောင် စိတ်ပါပါ ဇွဲကောင်းကောင်းနဲ့ ပြင်ပါမှ အနည်းဆုံး ခြောက်လလောက် ပြင်ယူရကြောင်းကို စိတ်ပညာအရလေ့လာမှုတွေက ဆိုထားသည်ကို ပြောပြ၏။ “ သမီး ထင်တာက စာအုပ်ဖတ်ဖို့ကို လူကြီးတစ်ယောက်ယောက်က အာမခံပေးရင် ဒါမှမဟုတ် ပြောပေးရင် ရလိမ့်မယ် လို့ထင်နေတာ မဟုတ်လား” ဆိုတော့ ခေါင်းညိတ်သည်။ “တကယ်က မလွယ်ဘူးသမီးရ ။ အကယ်၍ သူတို့က အားနာပါးနာနဲ့ လက်ခံလိုက်ရင်တောင်မှ စာမေးပွဲမှာအဆင့်ကျတာမျိုးကြုံလာရရင် ၊ ဖြစ်မှာပေါ့ မဟုတ်တဲ့ စာအုပ်တွေ ဖတ်နေတာပဲ ဆိုတာမျိုး လာလိမ့်မယ်။ တကယ်က သူတို့အသိကို ပြောင်းရမှာ။ တရားစကားနဲ့ပြောရရင် မသိမှုဆိုတာမောဟပဲ။ ဒါကိုသိအောင်ပြောနိုင်ဖို့ ပြောတာကို လက်ခံနိုင်ဖို့ဆိုတာ ဆရာတို့လိုသာမန်လူတွေအတွက် စွမ်းဆောင်ဖို့ခက်တယ်။နောက်ပြီး တစ်ခု ရှိသေးတာက အခုအတော်များများရဲ့သဘောထားက သားသမီးတွေကိုကျောင်းပြီးအောင်သင်ပြီး တာနဲ့ ပိုက်ဆံ ရှာခိုင်းဖို့ပဲ ရည်ရွယ်ထား ကြတာများတယ်။ အခု ခေတ်စားနေတဲ့ နိုင်ငံခြားထွက်တာတို့ ဘာတို့ ပေါ့။ ကျောင်းပြီးသွားရင် ပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ် ပြီးပြီလို့သဘောထားကြတာများတော့ သူတို့စိတ်ထဲ ကျောင်းမြန်မြန် ပြီးဖို့ပဲ အာရုံထားကြတာ များတယ်သမီးရဲ့.. အဲဒီ သဘောထားတွေ ကြောင့်လည်း အပြင်စာမဖတ်ဖို့ တားတာမျိုးလည်း ဖြစ်နိုင်သေးတယ်။ မလုပ်ပေးချင်လို့ ပြောနေတာ မဟုတ်ဘူးနော်။ သမီးက လိုက်ပြောပေးဆို ပြောပေးမှာပါ။ ဘာကိုပြောရမလဲ ဆိုတော့ ကျောင်းစာဆိုတာ အပြင်မှာ ရှိတဲ့ စာပေတွေထဲက သမီးတို့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ စာတွေကို ရွေးချယ် ပြဋ္ဌာန်းထားတယ် ဆိုတာကို သဘော ပေါက်အောင် အရင်ဆုံး ရှင်းပြရမယ်။ ပြီးတော့ ပြဋ္ဌာန်းစာတွေဆိုတာ ဥပမာမြန်မာစာမှာဆိုရင် ပုဂံ အင်းဝ ညောင်ရမ်း စသည်ဖြင့် ခေတ်အလိုက် စာတွေအများကြီးထဲကမှ သင့်တော်ရာတစ်ပုဒ်လောက်ပဲပါတာ။ အဲဒီ တစ်ပုဒ်ကို သင်ကြားရုံနဲ့ ကျောင်းစာဆိုတာ ပြီးသွားတာ မဟုတ်ဘူး။ ဒီတစ်ပုဒ်ကို သိလိုက်တာနဲ့ နောက်ထပ် ဘယ်လိုစာတွေရှိ သေးတယ်ဆိုတာကို ဆက်ပြီး လေ့လာရတာမျိုး။ အဲ့ဒီတော့မှ သမီးတို့သင်ရတဲ့ ပညာရည်က ပြည့်ဝလာမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ သမီး သင်ရတဲ့စာနဲ့ အဲ့ဒီခေတ်မှာ ရှိခဲ့တဲ့ စာတွေကို လိုက်ဖတ်ရင်း ဘယ်စာကတော့ဘယ်လို စသည်ဖြင့် စဉ်းစားတတ်လာမယ်၊ သုံးသပ်တတ် လာမယ်။ ဒါဟာ သိမှု ဆိုတဲ့ တံခါးပေါက်ကို ဖွင့်ကြည့် လိုက်တာနဲ့ တူတယ်။ တချို့တွေကတော့ ကျောင်းစာထဲက စာကိုသင်ပြီး အဲ့ဒီနားမှာ တင်ရပ် နေတဲ့အခါကျတော့ စောစောက လိုက်ဖတ်သူနဲ့စာရင် သူက တံခါးကို ဖွင့်မကြည့်တဲ့သူနဲ့ တူမနေဘူးလား။ သမီးပဲ စဉ်းစားကြည့်။ သင်ခန်းစာက အတူတူသင်တာဆိုပေမယ့် လို့ စာဖတ်တဲ့သူနဲ့ မဖတ်တဲ့ သူက အများကြီး ကွာခြားသွားပြီ။ ခက်တာက တို့ဆီက လူတွေက တံခါး ဖွင့်ရမှာသိပ်ကြောက်တယ်ကွ။ အိုရှိုး ပြောခဲ့သလိုပဲ ဟင်းလင်းပြင်ထဲ သွားရမှာကို လူတွေက ကြောက်ကြတယ်တဲ့။ ဆိုလိုတာက လောကကြီး ကျယ်လွန်းတဲ့ အခါကျတော့ မနေတတ် မထိုင်တတ် ဖြစ်ကုန်ပြီး ကိုယ့်အခန်းငယ်လေးထဲမှာပဲ မရမက ကုတ်ကပ် နေတော့မျိုး။ အဲဒါကြောင့် မို့လို့ အလွယ်ဆုံးနည်းလမ်းနဲ့ သမီးကို ခိုးဖတ် လို့ပြောလိုက်တာ” လို့ စကားရှည်ကြီး ပြောအပြီးမှာ ထိုကလေးမလေး ပြုံးစစဖြစ်သွားသည်။ ကျွန်တော် ပြောနေသည်ကို သူနားလည်သလား မလည်သလား ဆိုသည်ကို သေချာမသိသော်လည်း သူမမျက်နှာတွင် တစ်ခုခု ထူးခြားနေသည်ကို တွေ့လိုက် ရသည်။
ထိုနေ့က သူတို့လေးတွေနှင့် စကားကောင်းနေသဖြင့် နေ့လယ်စာလွတ်သွားသည်။ သတိရ၍ အချိန် ကြည့်လိုက်သည့် အခါ နာရီက လေးဆယ့်ငါးဒီဂရီမှာ။ ထိုကြောင့် “ ကဲကဲ မင်းတို့နဲ့စကားလည်းပြော ချင်ပါတယ်၊ ဆရာလည်း အတော်လေး ဗိုက်ဆာ နေပါပြီ၊ ပြန်ပါရစေတော့” လို့ခွင့်တောင်းလိုက် သည့် အခါ သူတို့ကလည်း ပြန်နောက်သည်။ “ပြန်စေဗျား” တဲ့။ မည်သို့ပင် ဖြစ်ဖြစ် ထိုအတွေ့အကြုံတွင် ကလေးများ စာမဖတ်ကြတော့ဘူး ဆိုသည်ကို ကျွန်တော် လက်မခံကြောင်း သက်သေ ဖြစ်ခဲ့သည်။ ကလေးများစာဖတ်သည်။ သို့သော် စာဖတ်ချိန်ကိုလူကြီးများကပေးဖို့လိုသည်။ ဘယ်နေရာကရှာရှာ ပညာသည်သာ အရေးကြီး ကြောင်း သဘောပေါက်ဖို့လိုသည်။ သို့ဖြစ်၍ ကလေးများကိုစာဖတ်ချိန် မပေး၍ ကလေးများ စာမဖတ်နိုင် ကြခြင်း ဖြစ်သည်ကို သက်ဆိုင်သည့်သူများ သိစေရန် ကလေးများ ကိုယ်စားပေးပို့လိုက်ခြင်းလည်းဖြစ်ပါသည်။ ပသို့ဆိုစေ ကျွန်တော့် အတွက်က ကလေးများ ဂိမ်းဆော့မည် ဆိုလျှင်လည်းမတားပါ။ စာအုပ်ဖတ် မည်ဆိုလျှင်လည်း ကူညီ နေဦးမှာ။ သူခေတ်သူ့အခါ သူ့အချိန်တွင် ဖြစ်တည်လာသည်များကို စနစ်တကျအသုံးပြုရန်မှတစ်ပါး ကန့်ကွက်စရာ အကြောင်း မရှိပါချေ။
