The Corner

The Corner

cropped-Logo_round_grey-background.png

အင်ဒိုနီးရှားသမ္မတသစ်ရဲ့ အဖေ့ခြေရာနင်းချင်တဲ့ ရောဂါ

Share မယ်

သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တို ဟာသူ့ဖခင်လုပ်ဆောင်ခဲ့တာတွေကို အလွန် ယုံကြည် အားကျပြီး
အတုယူ လိုက်လုပ်ပြ ချင်စိတ်တွေ ပြင်းထန်နေပါတယ်။ သမ္မတသစ်ကံကောင်းပါစေ။

မနှစ်က သမ္မတအဖြစ် ရွေးကောက်ခံရပြီးပြီးချင်း ပရာဘိုဝို ဆူဘီယန်တို ဟာ သူ့ ရဲ့ ညီအစ်ကိုတော် ကို “ငါတို့ အဖေ ရဲ့ အစီအစဥ်တွေကို  အကောင်အထည်ဖော် နိုင်တော့မယ်၊ သူ့ရဲ့ အိပ်မက်နဲ့ ဆန္ဒတွေကို ဖြည့်ဆည်း ပေးနိုင်တော့မယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီ “ငါတို့ အဖေ” ဆိုတာကတော့ လွတ်လပ်ရေးရပြီးစ အင်ဒိုနီးရှား နိုင်ငံ တည်ဆောက်ရေး ကာလ ဗိသုကာကြီး ဆူမီထရို ဂျိုဂျိုဟာဒီကူဆူမို (Sumitro Djojohadikusumo) ကိုပြောတာပါ။ သူဟာ အင်ဒိုနီးရှားရဲ့ ပထမဆုံးသမ္မတ ဆူကာနို နဲ့ အင်ဒိုနီးရှားကို (၃၂) နှစ်ကြာ အုပ်ချုပ်သွားတဲ့ အာဏာရှင် ဆူဟာတို တို့ နှစ်ယောက်လုံးရဲ့ လက်အောက်မှာ ဝန်ကြီးတစ်ပါးအဖြစ်တာဝန်ထမ်းခဲ့တဲ့သူပါ ။

သမ္မတ ပရာဘိုဝို (ဝဲ) နှင့် ဖခင် ဆူမီထရို (ယာ) (Photo: telisik.id)

ဒါပေမဲ့ အားနာနာနဲ့ပဲ အမှန်အတိုင်းပြောရရင် ယနေ့ သူတို့အဖေ ဆူမီထရိုသာ သက်ရှိထင်ရှား ရှိနေသေးရင် သူ့အမွေ ရတဲ့ပုံ ဖမ်းထားတဲ့ သူ့သားရဲ့ အများကြိုက် စီးပွားရေး ပေါ်လစီတွေကို ကြည့်ပြီး  စိတ်ပျက်သွားမိမှာ အမှန်ပဲ။ နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝပြီး အင်ဒိုနီးရှားတက္ကသိုလ်မှာ စီးပွားရေး ပညာဌာနကို စတင်တည်ထောင် ဖွင့်လှစ်ခဲ့သူ ဆူမီထရို ဟာ သူ့သား အခုသမ္မတကြီး ပရာဘိုဝို စိတ်ကူးထားတဲ့ ပေါ်လစီတွေ ဖြစ်တဲ့ ကျောင်းတွေမှာ အခမဲ့ နေ့လယ်စာ ကျွေးဖို့၊ ကျေးရွာ သမဝါယမ အသင်းတွေ တည်ထောင်ဖို့၊ နိုင်ငံပိုင် ဓနရန်ပုံငွေ အသစ်တွေ တည်ထောင်ချင်တာ ဆိုတာတွေကို ဆူမီထရိုရဲ့ ဝန်ကြီး သက်တမ်း တစ်လျှောက်မှာ ဆန့်ကျင်လာခဲ့တဲ့ စည်းမဲ့ကမ်းမဲ့ နိုင်ငံတော် သုံးစွဲမှုများ အဖြစ် ရှုမြင်ဖွယ် ရှိပါတယ်။

ဆူမီထရိုရဲ့ စီးပွားရေး ဒဿနက သဘောတရားရေး သက်သက် မဟုတ်ပါ။ သူက လက်တွေ့ဆန်ပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုနဲ့ သက်သေ အထောက်အထား တွေကိုသာ ယုံကြည်သူပါ။ သူဟာ ပါရီမြို့မှာ ဆိုရှယ်လစ် တစ် ယောက်အနေနဲ့ အရွယ်ရောက် ခဲ့ပေမယ့် သူ့ရဲ့ ချဥ်းကပ်မှုတွေဟာ ရှင်းလင်း ပြတ်သားတဲ့ နည်းလမ်းပေါ်မှာသာ အခြေခံ ပါတယ်။ ပထမ ပြဿနာ ရင်းမြစ်ကိုရှာ၊ ဒုတိယ အချက်အလက်တွေကို ထုတ်ဖော်၊ ပြီးမှသာ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ပြဿနာကို ဖြေရှင်း၊ ဒါပဲပေါ့။ အင်ဒိုနီးရှားမှာ စီးပွားရေး ပညာရှင်တွေ နည်းပါးခဲ့စဥ်က ကျောင်းသားတွေကို ကာလီဖိုးနီးယား တက္ကသိုလ်ဆီကို စေလွှတ်ပေးဖို့ Ford Foundation ထံ အကူအညီ တောင်းခဲ့ ပါတယ်။ ဒီကျောင်းသားတွေကပဲ နောင်တစ်ချိန်မှာ ဘာကလေ မာဖီးယား Berkeley Mafia ဂိုဏ်းသားတွေလို့ တင်စား ခေါ်ခံရတဲ့ ပညာရှင်တွေ ဖြစ်လာကြပြီး သမ္မတ ဆူဟာတိုရဲ့ စီးပွားရေး အောင်မြင်မှုတွေကို သူတို့ကပဲ ဆောင်ကြဥ်း ပေးခဲ့ ကြတာပါ။ အစိုးရ တစ်ရပ်ဟာ ပိုင်ပိုင်နိုင်နိုင် စီမံ ဆောင်ရွက်နိုင်တဲ့ အခြေအနေ မရှိသေးရင် နိုင်ငံစီးပွားရေးမှာ တိုက်ရိုက် ဝင်ရောက် စွက်ဖက်မှုကို ရှောင်ရှားသင့်ကြောင်း ဆူမီထရိုက ၁၉၅၂ ခုနှစ်လောက် ကတည်းက ပြောခဲ့တဲ့ သူပါ။ 

အင်ဒိုနီးရှား ကျောင်းသူ/သားလေးတွေကို အခမဲ့ နေ့လယ်စာကျွေးဖို့ တစ်နှစ်ကို ဒေါ်လာ ၂၈ ဘီလီယံ သုံးစွဲဖို့ မစ္စတာ ပရာဘိုဝိုရဲ့ ဆုံးဖြတ်ချက်ဟာ သူ့ဖခင် ဆူမီထရို သတိပေး ကန့်ကွက်ခဲ့တဲ့ နိုင်ငံတော်က မလိုအပ်ဘဲ ကြားဝင် လုပ်ကိုင်မှုမျိုးပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ကလေးတွေ ဝဝလင်လင် စားနေကြ ရပါတယ်။ ဒါပေမဲ့ စားနည်း မမှန်ဘူး။ ဒီအစီအစဥ်က အာဟာရ အရည်အသွေးကို ဦးစားပေးရမယ့် အစားအရေအတွက်ကိုသာ ဦးစားပေး နေတယ်လို့ Australian National University က Arianto Patunru ကပြောပါတယ်။ ကလေးတွေ လှီနေတာကို လျှော့ချဖို့ အကောင်းဆုံး နည်းကတော့ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ လမ်းလျှောက်တတ်စ အရွယ်လေးတွေကို အကူအညီ ပေးဖို့ပဲလို့ သူက ပြောပါတယ်။ လက်ရှိ ပေါ်လစီကတော့ နိုင်ငံ့ ငွေတွေ လမ်းလွဲပြီး ကျောင်းသူ/သားတွေ အတွက်သာ ပုံအော သုံးသလို ဖြစ်နေပါတယ်။

သမဝါယမ အသင်းတွေရဲ့ ဥပမာကိုပဲ စဥ်းစား  ကြည့်ပါဦး။ ဆူမီထရိုက ဒီအသင်းတွေကို ဗဟိုချုပ်ကိုင်မှုကနေ ကင်းလွတ်တဲ့ စစ်မှန်သော ဖွံ့ဖြိုးမှု အတွက် ပံ့ပိုးတဲ့ ကိရိယာတွေ အဖြစ်လောက်ပဲ ထောက်ခံ အားပေး ခဲ့တာပါ။ နိုင်ငံရေး ထိန်းချုပ်မှု အတွက် လက်နက်သဖွယ် အသုံးချဖို့ မဟုတ်ပါဘူး။ ဒီအမြင် ရှုထောင့်ဟာ နက်ရှိုင်းတဲ့ သူ့ရဲ့အတိတ်က အတွေ့အကြုံ တွေမှာ အမြစ်တွယ် ခဲ့တာပါ။ ၁၉၄၂ ခုနှစ်မှာ သူရဲ့ Ph.D ဘွဲ့အတွက် ပြုစုခဲ့တဲ့ စာတမ်းဟာ ဂျာဗားကျွန်း ကျေးလက်ဒေသ စိုက်ပျိုး စားရိတ် ချေးငွေ အကြောင်း သုတေသန စာတမ်းပါ။ အဲဒီအချိန်က သူဟာ ဂျာမနီ လက်အောက်ရောက် နေတဲ့ နယ်သာလန် နိုင်ငံမှာ ပညာသင် နေပါတယ်။ ဒီသုတေသန လုပ်ငန်းက ရရှိခဲ့တဲ့ သူ့ရဲ့ ယုံကြည်မှု ကတော့ အစိုးရဟာ ပညာရေး လေ့ကျင့် သင်တန်းနဲ့ သမဝါယမ အသင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ခဲ့ရင် အင်ဒိုနီးရှား တစ်နံတစ်လျားရှိ အသေးစား ကုန်သည်လေး တွေဟာ ဆင်းရဲမွဲတေမှု ထောင်ချောက်အတွင်းက ရုန်းမထွက်နိုင်အောင် ရှိကြလိမ့်မယ်ဆိုတဲ့ အ ယူအဆပါပဲ။ ကျန်တဲ့ သူ့ဘဝ လုပ်ငန်း တစ်လျှောက်လုံး သူ့ကို ဒီအယူအဆကလွှမ်းမိုးထားခဲ့တယ်။

အောက်ခြေ လူတန်းစားတွေကို အခွင့်အရေး ပေးချင်တဲ့ ဒီစိတ်ဓာတ်ဟာ မစ္စတာပရာဘိုဝိုရဲ့ နောက်ဆုံးစိတ်ကူး လုပ်ဆောင်မှု ဖြစ်တဲ့ “နီ-ဖြူ သမဝါယမ အသင်း” တွေနဲ့ ဘာမှ မကွာလှပါဘူး။ ဇူလိုင်လမှာ စတင် ခဲ့တဲ့ ဒီအစီအစဥ် အရ နိုင်ငံတစ်ဝန်း တည်ထောင်ထားတဲ့ ပုံစံတူ သမဝါယမ အသင်း  ၈၀,၀၀၀ ဟာ ဒေသတွင်း လိုအပ်ချက် အသီးသီးကို ထည့်မတွက်ဘဲ တစ်မျိုးတည်းသော ဝန်ဆောင်မှုကိုသာ ပေးကြရပါတယ်လို့ နိုင်ငံရေး ဆန်းစစ်သူ Kevin O’Rourke ကပြောပါတယ်။ ဒီပေါ်လစီဟာ ဗဟို ချုပ်ကိုင်မှုကို ကျေးလက်ဒေသအထိ အာဏာစက် ဖြန့်ပြီး သစ္စာခံတဲ့ ရွာသူကြီးတွေကို ဆုလာဘ့်ချတဲ့ သဘောပဲ ဖြစ်ပါတယ်။

သမ္မတ ပရာဘိုဝို ပုံတူ ပန်းချီ (Photo: The Hindu)

သမိုင်းဆိုင်ရာ ပြန်လည် ပြင်ဆင်ရေး ဝါဒရဲ့ သိသာ ထင်ရှားဆုံးလုပ်ဆောင်ချက်တစ်ခု ကတော့ အင်ဒိုနီးရှားလို Danantara လို့ခေါ် တဲ့ ဒေါ်လာ ၉၀၀ ဘီလီယံ တန်ဖိုးရှိ နိုင်ငံပိုင် ဓနရန်ပုံငွေ ပါပဲ။ သမ္မတ ပရာဘိုဝို နဲ့ ညီအစ်ကို တော်သူ ဟာရှင် ဂျိုဂျိုဟာဒီကူဆူမို က ဒီ အစီအစဥ်ဟာ သူတို့ဖခင်ရဲ့ မျှော်မှန်းချက် ဖြစ်တဲ့ နိုင်ငံ့ ပိုင်ဆိုင်မှု ဓနတွေ ကို စုစည်းပြီး မဟာဗျူဟာ မြောက် ရင်းနှီးမြှုပ်နှံမှု လုပ်လိုတဲ့ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်တာပဲလို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့ ဖခင် ဆူမီထရို သာ သက်ရှိထင်ရှား ရှိနေသေးရင် မင်းတို့ ရန်ပုံငွေ ဖွဲ့စည်းပုံက မဟန်ပါဘူးကွာ လို့ပြောမယ် ထင်ပါတယ်။ Danantar ဟာ သမ္မတထံ တိုက်ရိုက် အစီရင် ခံရပါတယ်။ Danantara ရဲ့ ဥက္ကဋ္ဌက သမ္မတ ပရာဘိုဝို ရဲ့ယခင် ရွေးကောက်ပွဲ မန်နေဂျာ လုပ်ပေး ခဲ့သူပါ။ ဒါပေမဲ့ သူ့ကိုလည်း ဘာကြီးကြပ်ရေး တာဝန်မှ မည်မည်ရရ ပေးထားတာ မဟုတ်ပါဘူး။ ဆူမီထရို ကတော့ ဒါဟာ ကိုယ်ကျိုး စီးပွားကြောင့် ပြည်သူ့ ပေါ်လစီ ယိုယွင်းလာခြင်း၊ အင်ဒိုနီးရှားရဲ့ အဖွဲ့အစည်း ဆိုင်ရာ ရောဂါ ပြဋ္ဌာန်း စာအုပ်ပါ နမူနာတစ်ခုလို့ သဘောထား ပါလိမ့်မယ်။ သူဟာ ဒီပြဿနာကို ၁၉၉၈ခု အာရှ ဘဏ္ဍာရေး အကြတ်အတည်း အထွတ်အထိပ် ကာလကတည်းက နားလည် သဘောပေါက်ခဲ့ပါတယ်။ အဲဒီအချိန်က သမ္မတ ဆူဟာတိုဟာ သူ့မိသားစု စီးပွားရေး အတွက် နိုင်ငံ့အာဏာတွေကို အလွဲသုံးစား လုပ်နေတဲ့ အချိန်ပေါ့။ ဒီသီတင်းပတ်အတွင်း နိုင်ငံပိုင် လယ်ယာကုမ္ပဏီတစ်ခုရဲ့ အကြီးအကဲ တစ်ယောက်ဟာ တာဝန်ထမ်းဆောင်လို့ ခြောက်လ အကြာမှာ အလုပ်မှာ နုတ်ထွက် သွားပါတယ်။ Danantara ရဲ့ မလိုအပ်တဲ့ ကြိုးနီစနစ်တွေ ကြောင့်လို့ မှတ်ချက် ပြုသွားတယ်။ ဖွံ့ဖြိုးဆဲ စီးပွားရေး တစ်ခုဟာ သိမ်မွေ့ပြီး ဟန်ချက်ညီတဲ့ လုပ်ဆောင်မှု လိုအပ်တယ် ဆိုတာကို ဆူမီထရိုသဘောပေါက်ခဲ့ ပါတယ်။ ဒါပေမဲ့သူ့သား ပရာဘိုဝို ကတော့ နိုင်ငံ့ဘဏ္ဍာ ငွေကြေး တည်ငြိမ်မှုကို ပေါ်ပင် မဲဆွယ် လက်ခုပ်တောင်းတဲ့ အစီအစဥ်တွေနဲ့ လဲလှယ်ခဲ့ပါတယ်။ ဒါတွေက နိုင်ငံ ရေရှည် ဖွံ့ဖြိုးရေးကို အကျိုးမပြုဘဲ သူ့အာဏာ တည်မြဲရေးကိုသာ အကျိုးပြုမှာပါ။ သူ့အစိုးရဟာ နိုင်ငံဘဏ္ဍာကို အများကြိုက် အစီအစဥ်တွေမှာ သုံးစွဲပြီး အာဏာရှင်ဆန်တဲ့ ဗဟို ချုပ်ကိုင်မှု ထူထောင်ဖို့ ကြိုးစားနေပြန်ပါတယ်။ ဒါကိုပင် သူ့ဖခင်ရဲ့ အမွေကို ဆက်ခံ ဆောင်ရွက် နေသယောင် ပုံဖော် နေပါတယ်။ သူ့ဖခင် ဆူမီထရို ရဲ့ အမွေ အစစ်အမှန်က အင်ဒိုနီးရှားက အသည်းအသန် လိုအပ်နေတဲ့ စည်းစနစ်ရှိတဲ့ ဘဏ္ဍာရေး ပေါ်လစီနဲ့ ခိုင်မာတဲ့ အဖွဲ့အစည်းတွေသာ ဖြစ်ပါကြောင်း။

ကိုးကား – Indonesia’s new president has daddy issues, The Economist, August 2025        

Click to rate this post!
[Total: 1 Average: 5]