The Corner

The Corner

cropped-Logo_round_grey-background.png

ထရမ့်အလွန် ကာလနောက်ပိုင်း၌ ဖြစ်နိုင်ခြေရှိသည့် ကမ္ဘာ့အခင်းအကျင်း သုံးမျိုး

Share မယ်

(မြန်မာပြန်သည်)

ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ

“ကမ္ဘာဟောင်းသည် သေအံ့မူးမူး ဖြစ်နေပြီ” ဟု အီတလီ ဒဿနပညာရှင် ‘အန်တိုနီယို ဂရမ်ဆီ’ (Antonio Gramsci) က ၁၉၃၀ ပြည့်နှစ် တွင် ရေးသားခဲ့သည်။ “ကမ္ဘာအသစ်သည် မွေးဖွားရန် ကြိုးစားရုန်းကန်လျက်ရှိသည်” ဟုလည်း သူက ဆိုသည်။ သူ၏ မာ့က်စ်ဝါဒဆိုင်ရာ ယုံကြည်ချက်များ မည်သို့ပင် ရှိနေစေကာမူ ‘ဂရမ်ဆီ’တစ်ယောက် ယခု ‘ထရမ့်ခေတ်’ (Trumpian Age) မှာ ရှိနေမည် ဆိုလျှင်တော့ လက်ရှိအခြေအနေသည် သူ့အတွက် အထူး အဆန်းကိစ္စတစ်ခု ဖြစ်နေမည် မဟုတ်ပေ။

ဤနေရာတွင် “ကမ္ဘာဟောင်း” ဟုဆိုသည်မှာ ဒုတိယကမ္ဘာစစ်ပြီးနောက် အမေရိကန်ပြည်ထောင်စုက အနောက်နိုင်ငံများတွင် ပြန်လည်ထူထောင်တည်ဆောက်ပေးခဲ့သော လူမှုဘဝအခင်းအကျင်းဖြစ်သည်။ ‘စစ်အေးခေတ်’ စစ်ပွဲတွင် အောင်ပွဲရရှိခဲ့လေသည်။ ထို့အပြင် နိုင်ငံတကာအနေဖြင့် လိုက်နာရမည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးစနစ်ကိုလည်း တည်တန့်ပြန့်နှံ့အောင် ကြိုးပမ်းနိုင်ခဲ့သည်။ ထိုနိုင်ငံရေး လုပ်ငန်းစဉ်သည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် လွတ်လပ်ရေးတို့ကို တိုးတက်ပြောင်းလဲစေရန် လုပ်ဆောင်ပေးခဲ့သည်။

သို့ဆိုသော်လည်း ယနေ့အချိန်တွင် ထို “ကမ္ဘာဟောင်း” က စနစ်ဟောင်းသည် နိဂုံးကမ္ပတ် အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ပြန်လည်ပြင်ဆင်ပြောင်းလဲရေးကို လိုလားသော နိုင်ငံများ – “အထူးသဖြင့် တရုတ်နှင့် ရုရှား” – သည် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးစနစ်ကို တဖြည်းဖြည်း ချိုးဖောက်လာခဲ့ကြသည်။ လက်ရှိအချိန်တွင် အမေရိကန် ပြည်ထောင်စု ကိုယ်တိုင် ပင်လျှင် ထိုစနစ်ကို ချိုးဖောက်၍ တိုက်ပွဲများ ဆင်နေသကဲ့သို့ မြင်တွေ့နေရသည်။ ဤအတိုင်းဖြစ်မည်ဆိုလျှင် ယခုမှစ၍ နောက်ဆယ်နှစ်ကြာသွားလျှင် ကမ္ဘာသည် အလွန် ကွဲပြား ခြားနား သွားလိမ့်မည် ဖြစ်ပေသည်။

သို့သော် ကျွန်ုပ်တို့ မခန့်မှန်းနိုင်သေးသည့် အချက်မှာ ယခုကဲ့သို့ “ခေါင်းဆောင်မဲ့နေသော ကြားကာလ” ကို ကျော်လွန်ပြီးသည့်နောက်တွင် မည်သို့သောအခြေအနေက ကျွန်ုပ်တို့ စောင့်မျှော်နေသည်ဆိုခြင်းနှင့်၊ ထိုကမ္ဘာအသစ်သည် မည်သို့သော ပုံသဏ္ဌာန်ဖြင့် ဖြစ်ထွန်းလာမည် ဆိုသည်တို့ ဖြစ်သည်။

ထရမ့်ခေတ်အလွန်တွင် ဖြစ်လာနိုင်သည့် ကမ္ဘာ့အခင်းအကျင်း

ဖြစ်နိုင်ခြေ ပထမ တစ်ခုမှာ ‘စစ်အေးခေတ်’ နှင့် ဆင်တူသည့် “ကမ္ဘာနှစ်ခု” အပြိုင်တည်နေသည့် အခြေအနေမျိုး ဖြစ်သည်။ ‘ဝါရှင်တန်’ နှင့် ‘ဘေဂျင်း’ တို့ ဦးဆောင်သော ပြိုင်ဆိုင်နေသည့် အုပ်စုကြီးများအဖြစ် ကမ္ဘာကို ပိုင်းခြားထား၊ ကန့်သတ်ထားသော အနေအထားမျိုး ဖြစ်နိုင်သည်။

ဒုတိယဖြစ်နိုင်ခြေမှာ အုပ်စုနှစ်ခုမဟုတ်ဘဲ အင်ပါယာအများအပြား ပေါ်ပေါက်တည်ရှိသည့် ခေတ်ဖြစ်ပြီး၊ ဒေသအလိုက် ဩဇာအာဏာရှိသူများက သက်ဆိုင်ရာ ဒေသများကို ထိန်းချုပ် သွားခြင်းမျိုး ဖြစ်နိုင်သည်။

တတိယ ဖြစ်နိုင်ခြေမှာ မိမိကိုယ်ကို မိမိကိုယ်တိုင် ကာကွယ်ရသော (Selfhelp) ကမ္ဘာတစ်ခု ဖြစ်လာနိုင်သည်။ လက်ရှိ အမေရိကန်၏ လုပ်ဆောင်ပုံများသည် “ဗိုလ်ကျ လုယူသိမ်းပိုက်သည့် သဘော” ဖြစ်လာနေသောကြောင့်၊ နိုင်ငံတကာစနစ် တစ်ခုလုံးကို စည်းမဲ့ကမ်းမဲ့ ဝရုန်းသုန်းကား အခြေအနေသို့ ဆင်းသက်သွားစေနိုင်သည်။

ခေါင်းဆောင်မှု လစ်ဟာနေသော ကြားကာလ လွန်မြောက်ချိန်

ယခုအချိန်တွင် အလွန်မတည်ငြိမ်သည့် အချိန်အခါ အခြေအနေတစ်ခုအဖြစ် ခံစားနေကြရခြင်းမှာ ဖော်ပြပါ အခြေအနေသုံးမျိုးလုံး ဖြစ်နိုင်ခြေ ရှိနေသောကြောင့် ဖြစ်သည်။ ထိုဖြစ်နိုင်ခြေ တစ်ခုချင်းစီ၌ပင် မတူခြားနားသော အတွေးအခေါ် အယူအဆ ကွဲပြားမှုများ ရှိနေသေးသည်။ အင်အားကြီး စူပါပါဝါ အာဏာရှင်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများတွင် သူတို့၏ လုပ်ဆောင်ချက် များအတွက် ထောက်ကူပံ့ပိုးမှုများ ရှိနေသောကြောင့် ဖြစ်သည်။ ယင်းသို့သော အနေအထား များကြောင့် အရာကိစ္စအများစုမှာ မသေချာမရေရာသေးဟု ဆိုရမည်။ အရာကိစ္စ အများစုသည် အမေရိကန် ပြည်ထောင်စု၏ ဆုံးဖြတ်ချက်များနှင့် နောင်အနာဂတ် ရွေးကောက်ပွဲ လှည့်ကွက်များ အပေါ် မူတည်နေပေသည်။

သို့သော် ယခုခေါင်းဆောင်မှု လစ်ဟာနေသော ကြားကာလ (Interregnum) ကို လွန်မြောက်သည့်အခါ မည်သို့ ဖြစ်လာမည်ကို စူးစမ်းလေ့လာခြင်းသည် အကောင်းဆုံး ဖြစ်နိုင်ခြေဟု ဆိုနိုင်သည်။ ထိုသို့ ဖြစ်လာမည်ဆိုလျှင် ကျွန်ုပ်တို့ ချန်ထားခဲ့ပြီးသော ‘ကမ္ဘာဟောင်း’ ထက် ပိုမို ကွဲပြားခြားနား၍ ပိုမို ကြမ်းတမ်းမည့် ကမ္ဘာတစ်ခုအတွက် ပြင်ဆင်ရမည့် ပထမခြေလှမ်းဖြစ်သည်။ ယနေ့ခေတ် ကမ္ဘာ၏ နိုင်ငံရေးဖြစ်စဉ်သည် အမေရိကန်နိုင်ငံက ဖန်တီးထားသော နိုင်ငံရေး အခင်းအကျင်း ပုံသဏ္ဌာန်၏ အစိတ်အပိုင်းတစ်ခု ဟု ဆိုနိုင်သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်၊ အမေရိကန်ပြည်ထောင်စုသည် “ယူရေးရှားဒေသ (Eurasia)” ၏ အစွန်အဖျား ဒေသအနှံ့တွင် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ကွန်ရက်များ တည်ဆောက်ခဲ့သည်။ ထိခိုက်ပျက်စီးသွားသော နိုင်ငံများကို ပြန်လည်တည်ဆောက်ပေးခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးလမ်းများကိုလည်း ပြန်လည်ရှင်သန်စေခဲ့သည်။

ဝေးလံသော ရေကြောင်းခရီးလမ်းများတွင် လွတ်လပ်စွာ သွားလာခွင့်ကို ကာကွယ်ပေးခဲ့သည်။ အခြားသော လူထုအကျိုးပြု ဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးခဲ့သည်။ ကမ္ဘာ့အစိုးရနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့သည်မှာ ကုလသမဂ္ဂမဟုတ်ဘဲ အမေရိကန်ပြည်ထောင်စု ဖြစ်ခဲ့သည်။

ထိုမူဝါဒများသည် အနောက်နိုင်ငံများ၏ စနစ်တစ်ရပ်ကို အောင်မြင်စွာ အခြေခံ အုတ်မြစ် ချပေးနိုင်ခဲ့သည်။ နောက်ဆုံးတွင် ‘ဆိုဗီယက် ယူနီယံ’ ကို အနိုင်ယူနိုင်ခဲ့သလို စစ်အေးကာလပြီးနောက် “လစ်ဘရယ်စနစ်” တစ်ရပ်အဖြစ် ဆက်လက်ချဲ့ထွင်ပေးနိုင်ခဲ့သည်။ သို့သော်လည်း အားလုံးသော အထင်ကရ အောင်မြင်မှုများကဲ့သို့ပင် အမေရိကန်၏ အောင်မြင်မှုများတွင်လည်း ဒဏ္ဍာရီဆန်ခြင်းများ၊ ချန်လှပ်ထားခြင်းများနှင့် လွန်လွန်ကဲကဲ ဖော်ပြခြင်းများ ပါဝင်နေပေသည်။

ဝါရှင်တန်အစိုးရသည် တစ်ခါတရံတွင် လစ်ဘရယ်စနစ်တစ်ရပ်ကို လစ်ဘရယ်မဆန်သော နည်းလမ်း များဖြင့် တည်ဆောက်ခဲ့ခြင်းမျိုး ရှိခဲ့သည်။ ဥပမာအားဖြင့် ပြင်းထန်သော စစ်ရေးစွက်ဖက် ကျူးကျော် ဝင်ရောက်မှုများနှင့် လျှို့ဝှက်အကြံအစည်များကို အသုံးပြုခဲ့သည်။ မဟာမိတ်အဖွဲ့ဝင်များ၏ စည်းလုံး ညီညွတ်မှုကို ချီးကျူးဂုဏ်ပြုသည့် သီချင်းများတွင် “၁၉၅၆ ခုနှစ် ဆူးအက်ဇ် (Suez) ပြဿနာ” မှ အစပြု၍ ၂၀၀၃ ခုနှစ်တွင် အမေရိကန်ဦးဆောင်သော အီရတ်ကျူးကျော်မှု အထိ ဒီမိုကရေစီ နိုင်ငံများအတွင်း ဖြစ်ပွားခဲ့သော ပြင်းထန်သော အငြင်းပွားမှုများကို လျစ်လျူရှုထားကြသည်ဟု ဆိုသည်။ မိမိတို့ကိုယ်တိုင် သတ်မှတ်ထားသော စည်းမျဉ်းများကိုလည်း အမေရိကန်သည် သူတို့ အကျိုးနှင့် မကိုက်ညီသော အခါ လျစ်လျူရှုခြင်း သို့မဟုတ် ပြောင်းလဲပစ်ခြင်းများ ပြုလုပ်ခဲ့သည်။ ဥပမာ ၁၉၇၁ ခုနှစ်တွင် Bretton Woods အပြည်ပြည်ဆိုင်ရာ ငွေကြေးစနစ်ကို စွန့်လွှတ်ခဲ့ခြင်းမျိုး ဖြစ်သည်။ ‘လိမ်လည်မှု’ နှင့် ‘အင်အားသုံးဖိအားများ’ မပါသည့် အမိန့်စနစ်ဟူ၍ မရှိဟု ဆိုနိုင်ပါသည်။

သို့ရာတွင် အများအားဖြင့် “Pax Americana” ဟုခေါ်သော “အမေရိကန် စစ်ရေးနှင့် စီးပွားရေး ဩဇာအာဏာ လွှမ်းမိုးရေးစနစ်” သည် အလွန်ကြီးမားသော အင်အားအာဏာကို အသုံးချကာ ကိုယ်ပိုင် အကျိုးစီးပွားကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်သည့်အမြင်ကို ထောက်ပံ့ပေးခဲ့သည်။ တည်နေရာအရ အလွန်ကွာဝေးနေသည့် မဟာနိုင်ငံတစ်နိုင်ငံဖြစ်စေကာမူ အားနည်းသော နိုင်ငံများကို စီးပွားရေး ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးပိုင်းတွင် အကူအညီပေးမှသာ တိုးတက်နိုင်မည်ဟု ယူဆသော အမြင်လည်း ဖြစ်သည်။ ထိုသို့ ‘ပေါင်းစပ်ထားမှု’ ကြောင့် သမိုင်းကို ပြောင်းလဲစေသည့် အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။

စစ်အေးခေတ်လွန် အမေရိကန်ဩဇာလွှမ်းမိုးရေးစနစ် နိဂုံးချုပ်တော့မည်လား?

မျိုးဆက်တစ်ဆက်အတွင်း ကမ္ဘာစစ်နှစ်ကြိမ် ကြုံတွေ့ခဲ့ရပြီးနောက်၊ အမေရိကန်ပြည်ထောင်စု တည်ဆောက်ခဲ့သော စနစ်သည် မဟာအင်အားကြီးနိုင်ငံများအကြား ငြိမ်းချမ်းရေးကို ဆယ်စုနှစ် များစွာကြာသည်အထိ တည်တန့်စေခဲ့သည်။ အမေရိကန်ဦးဆောင်သော စီးပွားရေးစနစ်ကြောင့် လူနေမှုအဆင့်အတန်းများ မြင့်တက်လာခဲ့သည်။ အမေရိကန်၏ ဩဇာသက်ရောက်မှုကြောင့် ‘ဒီမိုကရေစီစနစ်’ သည် အဓိကနေရာ၌ ရပ်တည်လာခဲ့သည်။ “နိုင်ငံပျက်သုဉ်းခြင်း” (တည်ရှိနေသော လွတ်လပ်သည့် နိုင်ငံများကို အင်အားသုံး ဖျက်သိမ်းခြင်း) သည် ထိတ်လန့်စရာကောင်းပြီး မကြာခဏ ဖြစ်ပေါ်လာခြင်းမျိုး မရှိတော့ဘဲ တည်ငြိမ်လာခဲ့သည်။ ထို့ကြောင့် ‘ဝါရှင်တန်’ အဖို့လည်း အလွန် ကြီးမားသော အကျိုးကျေးဇူးများ ရရှိခဲ့သည်။ တည်ငြိမ်ပြီး တက်ကြွသည့် ကာလတစ်ခုတွင် နေထိုင်ခွင့် ရရှိရုံမက မဟာမိတ်များနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်သည့် ကွန်ရက်များကြောင့် အမေရိကန်ပြည်ထောင်စု၏ အင်အားကို ပိုမိုတိုးမြင့်စေခဲ့သည်။ ထို့ကြောင့် ‘ကမ္ဘာလုံးဆိုင်ရာ ဩဇာသက်ရောက်မှု’ ကိုလည်း ချဲ့ထွင်နိုင်ခဲ့သည်။

သို့သော် မည်သည့်အရာမျှ အမြဲတမ်း တည်မြဲ၍ မနေနိုင်ပါ။ အမေရိကန်ဩဇာ လွှမ်းမိုးရေးစနစ် (အထူးသဖြင့် စစ်အေးခေတ် ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအမြင်နှင့် တည်ဆောက်လာသော ပုံစံ) သည် ယခုအခါ အဆုံးသတ်ရတော့မည့် နိဂုံးကာလ အခြေအနေဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုစနစ်သည် ပြင်ပမှ ဖိအားများကို ကြုံတွေ့နေရသည်။ ‘ဘေဂျင်း’ ‘မော်စကို’ နှင့် ၎င်းတို့၏ မိတ်ဖက်များသည် အဆိုပါ အမေရိကန်ဩဇာ သက်ရောက်သည့်စနစ်ကို ၎င်းတို့၏ ရည်မှန်းချက် များအတွက် ကာဆီးနေသော အတားအဆီးအဖြစ် မြင်ကြသည်။ ၎င်းတို့၏ အာဏာပိုင် အုပ်ချုပ်ရေး စနစ်များ အတွက် အန္တရာယ်ကြီးအဖြစ် မြင်နေကြသည်။

ထို့ကြောင့် “ယူရေးရှားဒေသ” အနှံ့တွင် အာဏာညှိနှိုင်းမှုအတွက် အရေးပါသော စံနှုန်းများ (ဥပမာ ရေကြောင်း လွတ်လပ်ခွင့်နှင့် အင်အားဖြင့် နယ်မြေသိမ်းပိုက်ခြင်းကို တားမြစ်ထားမှု) ကို ချိုးဖောက် ဖျက်ဆီးနေကြသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် ‘ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်’ အတွင်းသို့ ဝင်ရောက်ပေါင်းစည်းခြင်းကို အသုံးချနိုင်ခဲ့၍ ကုန်ထုတ်လုပ်မှုနှင့် စစ်အင်အားတိုးချဲ့ တည်ဆောက် နိုင်ခဲ့သည်။ သို့ဖြင့် ယခုအခါ အမေရိကန်ကိုပင် စိန်ခေါ်လျက် ရှိလေသည်။

ထို့အပြင် ‘ဝါရှင်တန်’ ကိုယ်တိုင်လည်း မိမိဖန်တီးတည်ဆောက်ခဲ့သော နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း စနစ်များအပေါ် ငြီးငွေ့စိတ်ကုန်လာနေပြီဟု ဆိုနိုင်သည်။ အမှန်ဆိုရလျှင် အဆုံးစွန်အထိ စိတ်ပျက် ငြီးငွေ့နေပြီဟုပင် ဆိုနိုင်သည်။

ဤသို့ဖြင့် ကမ္ဘာကြီးသည် အလွန်ပင် မတည်မငြိမ် ဖြစ်နေလေပြီ။ ဤအမေရိကန်၏ မတည်ငြိမ်သော စိတ်ပျက် ငြီးငွေ့နေသည့် သဘောထားသည် တကယ့် မြေပြင်ပြဿနာများမှ မြစ်ဖျား ခံလာခြင်း ဖြစ်သည်။ အမေရိကန်၏ မဟာမိတ်များအတွင်း ဆက်လက်တည်ရှိနေသော မညီမျှမှုများနှင့် “ရေသာခို အချောင်လိုက်မှု” (Free-riding) ပြဿနာများ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပေါင်းစည်းမှု (Globalization) နှင့်အတူ လိုက်ပါလာသော စီးပွားရေးနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး မရှိခြင်းများ၊ ကျယ်ပြန့်လှသော အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဖန်တီးသည့် စစ်ပွဲများကြောင့် ပေါ်ထွက်လာသော ပြန်လည်တုံ့ပြန်မှု (Blowback) များ၊ ‘လစ်ဘရယ်စနစ်’ ကြောင့် တရုတ်နိုင်ငံ၏ တိုးတက်မှုကို အားပေးပံ့ပိုးခဲ့သည့် အချက်များ စသည်တို့ဖြစ်သည်။

ယခုအခါ ထိုသဘောထားများသည် အနည်းဆုံးအားဖြင့် အမေရိကန်နိုင်ငံ၏ ကမ္ဘာနှင့် ထိတွေ့ ဆက်ဆံမှုဆိုင်ရာ စည်းကမ်းချက်များကို အရေးတကြီး ပြန်လည်ပြင်ဆင်ညှိနှိုင်းရန် စဉ်းစား လာကြရပြီဟုဆိုသည်။ လက်ရှိ အစိုးရ အုပ်ချုပ်ရေးကဏ္ဍတွင် ထည့်သွင်းစဉ်းစား နေရပြီ ဖြစ်ကြောင်းလည်း ထင်ရှားပေါ်လွင်လာသည်။ ထိုမျှမက အချို့သော ဆွေးနွေးမှုများ၌ အမေရိကန်၏ အင်အားကို ပြန်လည်ထူထောင်ရန်အတွက် လက်ရှိ နိုင်ငံတကာဆက်ဆံရေးစနစ်ကိုပင် ဖျက်သိမ်း ရမည်ဟု အချေအတင် ငြင်းခုန်ဆွေးနွေးမှုများ ဖြစ်ပေါ်လာနေသည်။ လက်ရှိစနစ်များ ဖျက်သိမ်း၍ နိုင်ငံ့အင်အားကို ပြန်တည်ဆောက်ရန် ထောက်ခံပြောဆိုမှုများလည်း ရှိနေသည်။

ထိုသို့သော အခြေအနေများကြောင့် ယနေ့ကာလသည် မတည်ငြိမ်သလို ခံစားနေရခြင်းဖြစ်သည်။ ဝါရှင်တန်၏ အင်အားကို ယနေ့တိုင် ယှဉ်နိုင်သူ မရှိသေးပါ။ အမေရိကန်၏ မဟာမိတ်ကွန်ရက်များနှင့် “G-7” ကဲ့သို့သော လက်ရှိကမ္ဘာ့စနစ်၏ အဓိကဖွဲ့စည်းပုံများလည်း ယနေ့တိုင် တည်ရှိနေဲဖြစ်ပါသည်။ သို့သော် ထိုစနစ်၏ အနာဂတ်အခြေအနေသည် ယိမ်းယိုင်သည့်ဘက်သို့ ဦးတည်နေသကဲ့သို့  မကြာမီ မှာပင် အဆုံးသတ်အဆင့်သို့  ရောက်ရှိတော့မည်ဟုလည်း ထင်မြင်ရပါသည်။ ထိုစနစ်၏ နောက်ဆုံး လှုပ်ရှားမှုများ ပြီးဆုံးချုပ်ငြိမ်းသွားသည့်အခါ၊ ဘာတွေ ဆက်၍ ဖြစ်ပေါ်လာမည်နည်း။

ဒီမိုကရေစီနိုင်ငံများအနေဖြင့် ကမ္ဘာနှစ်ခု ဖြစ်လာမည့် အခြေအနေကို လျော့မတွက်သင့်

လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အချိန်အများစုတွင် အမေရိကန်ဦးဆောင်သည့် ကမ္ဘာတစ်ခု၏ နောက်တွင် ကမ္ဘာနှစ်ခု ပေါ်ထွန်းလာမည်ဟု ထင်မြင်နေကြသည်။ ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ခု တည်းအဖြစ် ပေါင်းစည်းနေမည့် အိပ်မက်သည် အဖွဲ့လိုက် ပြိုင်ဆိုင်တိုက်ခိုက်မှုများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ရှုမြင်ကြသည်။ ဤအခြေအနေ၌ တရုတ်နိုင်ငံ ဦးဆောင်သည့် အဖွဲ့တွင် “ယူရေးရှားဒေသ” မှ တင်းမာသော အာဏာရှင်နိုင်ငံများနှင့်အတူ ကျူဘားမှ ပါကစ္စတန်အထိ ကမ္ဘာ့တောင်ပိုင်းဒေသအချို့ ပူးပေါင်းပါဝင်မည်ဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် အဖွဲ့တွင် ယူရေးရှား အနီးအနားဒေသရှိ ဒီမိုကရေစီ မဟာမိတ်နိုင်ငံများ ပါဝင်မည်ဖြစ်သည်။ အိန္ဒိယမှ ဆော်ဒီအာရေးဗီးယား၊ ဘရာဇီးမှ အင်ဒိုနီးရှားအထိ “လှုပ်ရှားနိုင်သော နိုင်ငံများ” သည် အဖွဲ့နှစ်ခုအကြား အခါအားလျော်စွာ အကျိုးရှိမည့်လမ်းကို ရွေးချယ်၍ ကိုယ့်အကျိုးအမြတ်အလိုက် လှည့်လည်ညှိနှိုင်းမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေး၏ အနာဂတ်သည် “စစ်အေးခေတ်” ကာလကဲ့သို့ အတိတ်ဘက်သို့ ပြန်လည်ဦးတည်သွားမည် ဖြစ်သည်။

သို့သော်လည်း ဤအခြေအနေသည် အတိတ်ကို အတိအကျ ပြန်လည်ထပ်မံ ဖော်ဆောင်ရန် မဟုတ်ပါ။ ကမ္ဘာနှင့် နီးကပ်စွာ ချိတ်ဆက်နေသော တရုတ်နိုင်ငံသည် စီးပွားရေးအရ ဆွဲဆောင်ခြင်းနှင့် ဖိအားပေးခြင်း များတွင် ယခင် ဆိုဗီယက် ‘ကရင်မလင်အစိုးရ’ ထက် ပိုမို ရွေးချယ်စရာများ ရှိနေသည်။ ဤအခြေအနေတွင် စီးပွားရေးပိတ်ဆို့မှုများနှင့် ထောက်ပံ့ရေးကွင်းဆက်များကို လက်နက် သဖွယ် အသုံးပြုလာသည့်အတွက် ကမ္ဘာ့စီးပွားရေးသည် တဖြည်းဖြည်း ကွဲပြား ခြားနားလာမည် ဖြစ်သည်။ “Decoupling” ဟုခေါ်သော ‘ခွဲထွက်မှု’ သည် ဖြစ်/မဖြစ်ဆိုသည့် မေးခွန်းမဟုတ်တော့ဘဲ ဘယ်အချိန်တွင်၊ ဘယ်သူ့ စည်းကမ်းအောက်တွင် ဖြစ်မည်ဆိုသည့် မေးခွန်းဖြစ်လာမည်ဖြစ်သည်။ “စစ်အေးခေတ်” ကကဲ့သို့ပင် အင်အားကြီး နှစ်အုပ်စု ပြိုင်ဆိုင်မှုသည် ဒေသတိုင်းကို ဆွဲဆောင်လိမ့်မည်ဖြစ်သည်။ အန္တရာယ်အများဆုံး ဒေသများဖြစ်သော “ယူကရိန်း” “ထိုင်ဝမ်” “တောင်တရုတ်ပင်လယ်” တို့သည် ‘ပထဝီနိုင်ငံရေး’ ကွဲပြားမှု မျဉ်းတန်းပေါ်တွင် ရှိနေမည် ဖြစ်သည်။

မိမိ စိတ်တိုင်းကျ ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ၊ ဤအနာဂတ်ကို အားပေးနေသော ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ အင်အားကြီးနိုင်ငံများ ရှိနေသည်။ အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများသည် အစည်းအဝေးတစ်ခု၊ အကျပ်အတည်းတစ်ခုအလိုက် အတက်/အကျ ရှိနိုင်သော်လည်း အခြေခံအားဖြင့် ပဋိပက္ခသည် ပိုမိုပြင်းထန်လာနေသည်။ အဓိကကျသည့် နည်းပညာများ၊ ကမ္ဘာ့ကုန်သွယ်ရေးနှင့် အနောက်ပစိဖိတ်ဒေသတွင် ဩဇာလွှမ်းမိုးလိုသော တရုတ်၏ ကြိုးပမ်းမှု များသည် အမေရိကန်၏ ဩဇာအာဏာနှင့် အခွင့်အရေးများနှင့် ထိပ်တိုက်တိုးမိနေသည်။

အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုများသည် ကမ္ဘာ့နိုင်ငံရေးကို နှစ်ခြမ်းကွဲစေတတ်သလို အပြန်အလှန် မှီခိုမှုလည်း ရှိတတ်သည်။ အပြန်အလှန်မှီခိုမှုသည် ပြင်းထန်သော နှစ်ဖက် ပဋိပက္ခများအတွင်း အားနည်းချက် တစ်ခုအဖြစ် ပြောင်းလဲသွားတတ်သည်။ မည်သို့ဆိုစေ အခြေအနေအများစုအတွင်း ဤအနာဂတ်သို့ ဦးတည်နေသည့် အရှိန်အဟုန်သည် ပိုမို မြန်ဆန်လာနေသည်။

ရုရှား၏ ယူကရိန်းစစ်ပွဲသည် ယူရေးရှား အာဏာရှင်နိုင်ငံများအကြား စီးပွားရေး၊ နည်းပညာနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းမှုကို ပိုမို မြန်ဆန်စေခဲ့သည်။ တရုတ်ခေါင်းဆောင် ‘ရှီကျင့်ဖျင်’ နှင့် ရုရှားသမ္မတ ‘ဗလာဒီမီးယား ပူတင်’ တို့သည် “ဒီမိုကရေစီအုပ်စု” ကို တိုက်ခိုက်ရာတွင် အတူတကွ ရပ်တည်မှသာ အောင်မြင်နိုင်မည်ဟု သိရှိထားကြသည်။ အမှန်တကယ် မေးရမည့် မေးခွန်းမှာ ‘ဝါရှင်တန်’ သည် လွတ်လပ်သောကမ္ဘာကို ပြန်လည် စည်းရုံးနိုင်သေးသလား? ဆိုသည့် မေးခွန်းဖြစ်သည်။

ထရမ့်၏ မူဝါဒတွင် “ကောင်းမွန်သောဘက်” များသည် ဝါရှင်တန်နှင့် ၎င်း၏ မဟာမိတ်များကို စစ်အေးတိုက်ပွဲ အသစ်တွင် အောင်မြင်ရန် အခြေခံပေးနိုင်သည်။ သို့သော် “ဆိုးရွားသောဘက်” များကမူ အခြား မတူသော ဇာတ်လမ်းတစ်ပုဒ် ပြောပြနေသည်။ ထရမ့်၏ အားသာချက်ကို ပြောရလျှင် ၎င်း၏ အုပ်ချုပ်ရေးသည် အပြန်အလှန် ဆက်စပ်နေသော အန္တရာယ်များကို တားဆီးရန် စစ်ရေး အသုံးစရိတ် မြှင့်တင်ရေး တောင်းဆိုခြင်းဖြင့် လက်နက်ပြည့်စုံသော ဒီမိုကရေစီအုပ်စု တစ်ခုကို တည်ဆောက်နေသည်။

မဟာမိတ်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကို အမေရိကန်၏ ဆန်းသစ်တီထွင်မှုအခြေခံသို့ ဆွဲဆောင် နိုင်သော ကုန်သွယ်ရေး သဘောတူညီချက်များသည် တရုတ်၏ စီးပွားရေးအရွယ်အစားကို ယှဉ်နိုင်ရန် လိုအပ်သော အရင်းအမြစ်များနှင့် ကုန်ထုတ်လုပ်မှုများကို ပေါင်းစည်းရန် အားပေးနိုင်သည်။ အရေးပါသော သတ္တုများဆိုင်ရာ မဟာမိတ်ပူးပေါင်းမှုများသည် တရုတ်၏ ချုပ်ကိုင်မှုမှ လွတ်မြောက် ရန် လမ်းကြောင်းတစ်ခု ပေးစွမ်းနိုင်သော်လည်း အချိန်များများ ယူဖို့ လိုအပ်မည်ဖြစ်သည်။

ထို့အပြင် ထရမ့်သည် အီရန်နှင့် ဗင်နီဇွဲလားကဲ့သို့ အားနည်းသော အာဏာရှင်နိုင်ငံများကို တိုက်ခိုက်ခြင်းဖြင့် အာဏာရှင်အုပ်စုကို ထိခိုက်နစ်နာစေခဲ့သည်။ နောက်တစ်ကြိမ် ကျူဘားလည်း ဖြစ်နိုင်သည်။ သမိုင်းကို လေ့လာကြည့်လျှင် ဒေသအတွင်း အာဏာကို ပြန်လည်ခိုင်မာစေရန် သူ၏ ကြိုးပမ်းမှု “Monroe Doctrine” သည် ကမ္ဘာအနှံ့ အင်အားပြသနိုင်ရန် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပုံရသည်။ ထရမ့်၏ မူဝါဒတွင် “ကောင်းမွန်သောဘက်များ” သည် ဝါရှင်တန်နှင့် မဟာမိတ်များကို အောင်မြင်မှုဆီသို့ ဦးတည်စေနိုင်သော်လည်း “ဆိုးရွားသောဘက်များ” ကမူ အခြားပုံပြင်တစ်ပုဒ် ပြောပြနေသည်။

ထရမ့်၏ စိတ်ဓာတ်တွင် အင်အားကြီးနိုင်ငံများက ဆုံးဖြတ်ချက်များချမှတ်ပြီး အင်အားနည်း နိုင်ငံများက ယင်းဆုံးဖြတ်ချက်များကို လက်ခံရမည်ဟု ယုံကြည်ချက်ရှိသဖြင့် ၎င်းသည် အမေရိကန်၏ မဟာမိတ်များထက် ရှီကျင့်ဖျင်နှင့် ပူတင်တို့နှင့် ပိုမို တူညီနေသည်။ ၎င်း၏ ဖိအားပေးမှုအခြေခံ၊ မညီမျှသော သဘောတူညီချက်ချမှတ်ပုံများသည် ဒီမိုကရေစီ အုပ်စုကို အားဖြည့်ပေးရန်ထက် သူ့အကြိုက် လိုက်လျောမှုများကို ဖိအားပေးရယူရန် ပိုမို စိတ်ဝင်စားနေသည်ဟု ထင်မြင်ဖွယ်ရာ ဖြစ်နေသည်။

ဂရင်းလန်နှင့် ကနေဒါနိုင်ငံအပေါ် ထရမ့်၏ တောင်းဆိုမှုများသည် ဝါရှင်တန်ကို နယ်မြေတိုးချဲ့လိုသော ပြုပြင်ပြောင်းလဲရေးဝါဒီများနှင့် တန်းတူဖြစ်နေသည်။ အနောက်တောင် အတ္တလန်တိတ်ဒေသရှိ လွတ်လပ်သော ကမ္ဘာ၏ အခြေခံမူကို ပစ်ပယ်လိုက်သလို ဖြစ်နေသည်။ ယခုအချိန်တွင် ဥရောပ မဟာမိတ်နိုင်ငံများသည် တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ကဲ့သို့ လောဘကြီးသော အင်အားကြီး နိုင်ငံများကြားတွင် ပိတ်မိသွားမည်ကို ပိုမို ကြောက်ရွံ့လာကြသည်။ အကယ်၍ ထိုကဲ့သို့ ဖြစ်လာပါက စစ်အေးတိုက်ပွဲ အသစ် မရှိနိုင်တော့ပါ။ အာဏာရှင်အုပ်စုကို တားဆီးနိုင်သော ဒီမိုကရေစီအုပ်စု မရှိတော့၍ ဖြစ်သည်။

သို့သော် ကမ္ဘာနှစ်ခု ဖြစ်လာမည့် အခြေအနေကို လျော့မတွက်သင့်ပါ။ “ထရမ့်ခေတ်” သည် ဖျက်ဆီးမှု သာမက တည်ဆောက်မှုလည်း ကျန်ရစ်စေလိမ့်မည် ဖြစ်သည်။ အာဏာရှင် အန္တရာယ်များ တိုးလာသည့် အခါ ဒီမိုကရေစီနိုင်ငံများအကြား အကျိုးအမြတ်အခြေခံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာလိမ့်မည်ဖြစ်သည်။ ‘ထရမ့်’ နောက်က ဆက်ခံသူများသည် ကိုယ့်အကျိုးအမြတ် အတွက်မျှသာ မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ချက်တစ်ခုကို ပြောပြနိုင်ပါက လွတ်လပ်သော ကမ္ဘာ၏ သဘောတူညီမှုကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်သည်။

အဖွဲ့လိုက် ကြိုးပမ်းမှု အသစ်များနှင့် တာဝန်ဝေခွဲမှု နည်းလမ်းအသစ်များကို ဖန်တီးနိုင်မည်လည်း ဖြစ်သည်။ ဤအနာဂတ်ကမ္ဘာတွင် အကျပ်အတည်းများနှင့် ပဋိပက္ခများ ဆက်လက်ရှိနေမည် ဖြစ်ပြီး အန္တရာယ်များလည်း လျော့နည်းသွားဖွယ် မရှိပါ။ သို့သော် ဒီမိုကရေစီနိုင်ငံများအတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်နေဆဲပင် ဖြစ်သည်။ ကမ္ဘာနှစ်ခု ဖြစ်နေခြင်းသည် တရုတ်ဦးဆောင်သည့် စနစ်တစ်ခု သို့မဟုတ် ထပ်မံ ခွဲခြားကွဲပြားနေမည့် ကမ္ဘာတစ်ခုထက်တော့ ပိုမို ကောင်းမွန်နေလိမ့်မည် ဖြစ်ပါသည်။

Reference: 

“The World After Trump’ : Three Scenarios for a Post-Trump World, – By – Hal Brands, a professor of global affairs at the Johns Hopkins School of Advanced: FOREIGN POLICY Thursday, 09 Apr 2026.

Click to rate this post!
[Total: 0 Average: 0]

Leave a Comment

Your email address will not be published. Required fields are marked *