The Corner

The Corner

cropped-Logo_round_grey-background.png

ပျားအုပ်ပုံ ဒရုန်းအုပ်စု စစ်ဗျူဟာ

Share မယ်

ဒရုန်း (Drones) များသည် စစ်ပွဲ၏ စံနှုန်းမီလက်နက်များ ဖြစ်လာခဲ့ပြီဖြစ်သည်။ လက်တလောတွင် ယူကရိန်း စစ်မြေပြင်၌ အသေးစား ကွာ့ဒ်ကော့ပတာ (Quadcopters) ဒရုန်းများသည် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စေသည့် အဓိကလက်နက်များ ဖြစ်နေပြီး မကြာသေးခင် သီတင်းပတ်များအတွင်းကလည်း အီရန်နိုင်ငံသည် အရှေ့အလယ်ပိုင်းရှိ မြို့ကြီးများ၊ လေဆိပ်များနှင့် ရေနံ ထုတ်လုပ်ရေး အဆောက်အအုံများပေါ်သို့ ပိုမိုကြီးမားသည့် ဒရုန်း ထောင်ပေါင်း များစွာကို မိုးရွာသကဲ့သို့ ကျရောက်စေခဲ့သည်။ 

သို့သော် ဒရုန်းများစွာနှင့် ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်း အလားအလာ မည်မျှပင်ကြီးမားစေကာမူ အသုံးပြုရန်အတွက် လူအင်အား အမြောက်အမြား လိုအပ်ပါသည်။ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းခြင်းမျိုး မဟုတ်ပါက အသေးဆုံးဒရုန်းတစ်စင်းကိုပင် ထိန်းချုပ်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန်အတွက် လူခြောက်ဦးအထိ လိုအပ်နိုင်သည်။ အကယ်၍ ထိုအချိုးအစားကို ပြောင်းပြန်လှန်လိုက်နိုင်လျှင် —ဆိုလိုသည်မှာ လူတစ်ဦးတည်းက ဒရုန်းအများအပြားကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်ပြီး၊ ဒရုန်းတစ်စင်းချင်းစီကလည်း ပစ်မှတ်တစ်ခုတည်းကို တိုက်ခိုက်ရန် ဘေးပတ်ဝန်းကျင်ရှိ အခြားဒရုန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်လျှင် —ပိုမို ထိရောက် လာမည် ဖြစ်သည်။ ယခုအခါ ထိုကဲ့သို့သော “ပျားအုပ်ပုံ ဒရုန်းအုပ်စု” (Drone Swarms) များသည် လက်တွေ့မှာ ဖြစ်လာနေပြီဖြစ်သည်။ 

အဆိုပါ စနစ်အတွက် စိတ်ကူးစိတ်သန်းကို စာကလေးအုပ်များ သို့မဟုတ် ငါးအုပ်များကဲ့သို့ တိရစ္ဆာန်အုပ်စုများ၏ လှုပ်ရှားမှုမှ ရရှိခြင်းဖြစ်သည်။ ထိုသို့ အုပ်စုလိုက်လှုပ်ရှားရာတွင် ဗဟိုဦးနှောက်တစ်ခုက ညွှန်ကြားခြင်း သို့မဟုတ် သတ္တဝါတစ်ကောင်ချင်းစီတွင် ကြိုတင်သတ်မှတ်ချက်များ ပါဝင်နေခြင်းမျိုး မဟုတ်ဘဲ၊ အဖွဲ့ဝင်အားလုံး လိုက်နာရမည့် ရိုးရှင်းသော ထိန်းချုပ်ရေး ညွှန်ကြားချက် တစ်ခုမှတစ်ဆင့် လှုပ်ရှားမှုများ ပေါ်ထွက်လာခြင်းဖြစ်သည်။ စစ်ရေးလောကတွင်မူ ၎င်းသည် စစ်ဆင်ရေးမှူးတစ်ဦးတည်းက သတင်းအချက်အလက်များကို ကြည့်ရှုပြီး မည်သည့်ပစ်မှတ်ကို တိုက်ခိုက်ရမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်ပေးသကဲ့သို့ ဒရုန်းအုပ်စုတစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ 

Photo credit: Flapone

ပျားအုပ်ပုံ ဒရုန်းအုပ်စု တိုက်ခိုက်မှုများတွင် နည်းပညာအနိမ့်အမြင့် အဆင့်ဆင့်ရှိပါသည်။ အခြေခံအကျဆုံးအဆင့်မှာ ပစ်မှတ်တစ်ခုတည်းကို ဒရုန်းအားလုံး စုပြုံမတိုက်ခိုက်မိစေရန် တစ်စင်းနှင့်တစ်စင်း ပဋိပက္ခမဖြစ်အောင် ထိန်းညှိသည့် စနစ် (Deconfliction) ပါရှိခြင်းဖြစ်သည်။ ထိုနည်းပညာကို လွန်ခဲ့သောနှစ် ၂၀ ကျော်ကတည်းက စတင် အသုံးပြု ခဲ့သည့် ဗြိတိန်နိုင်ငံထုတ် ဘရင်းစတုန်း တင့်ကားဖျက်ဒုံးကျည်တွင် သုံးထားဖူးသည်။ အဆိုပါနည်းပညာကို သုံးပြီး တစ်ကြိမ်တည်းဖြင့် ပစ်မှတ်အမြောက်အမြား ပစ်ခတ်နိုင်ပြီး ပထမဒုံးကျည်က ဦးစားပေးအဆင့် အမြင့်ဆုံးပစ်မှတ်ကို တိုက်ခိုက်ကာ၊ ဒုတိယဒုံးကျည်က နောက်ထပ်ဦးစားပေးအဆင့်ရှိသော ပစ်မှတ်ကို အစဉ်လိုက် တိုက်ခိုက်ခြင်းမျိုး ဖြစ်သည်။ 

ရုရှား၏ V2U တိုက်ခိုက်ရေးဒရုန်းသည်လည်း အလားတူချဉ်းကပ်ပုံမျိုးကို အသုံးပြုထားသည်။ ဒရုန်းတစ်စင်းချင်း စီတွင် မတူညီသော အရောင်များပါသည့် အတောင်ပံများရှိကြသည်။ ဥပမာအားဖြင့် အနီရောင်ဒရုန်းကို အရေးကြီးဆုံး ပစ်မှတ်အား တိုက်ခိုက်ရန် တာဝန်ပေးထားပြီး၊ လိမ္မော်ရောင်ဒရုန်းကို ဒုတိယအရေးကြီးဆုံးပစ်မှတ်အတွက် သတ်မှတ်ထားခြင်းမျိုးဖြစ်သည်။ အကယ်၍ ပထမဒရုန်းသည် ပစ်မှတ်ကို လွဲချော်သွားသည်ဟု ဒုတိယဒရုန်းက မြင်ပါက ၎င်းက ပထမဒရုန်း၏ တာဝန်ကို လွှဲပြောင်းယူမည်ဖြစ်သည်။ သို့သော်လည်း ဒရုန်းတစ်စင်းစင်းသည် ၎င်း၏ရှေ့က သွားနေသည့် ဒရုန်းကို မျက်ခြေပြတ်သွားပါက အစဉ်လိုက်တိုက်ခိုက်ရမည့် အလှည့်ကျော်သွားနိုင်ပြီး ၎င်းနောက်က လိုက်ပါလာသည့် ဒရုန်းများကိုပါ မှားယွင်းသည့်လမ်းကြောင်းသို့ ဆွဲခေါ်သွားနိုင်သည့် မှန်းဆ၍ မရနိုင်သည့် အန္တရာယ်ကလည်း ရှိနေသေးသည်။ 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ၂၀၂၁ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသ၌ ဒုံးကျည်များပစ်ခတ်နေသည့် ဟားမတ်စ်အဖွဲ့များကို ခြေရာခံရန် ပထမဆုံးသော စစ်ဆင်ရေးသုံး ဒရုန်းအုပ်စုကို အသုံးပြုခဲ့ဖူးသော်လည်း ထိုဒရုန်းများ အချင်းချင်း မည်သို့ဆက်သွယ်ဆောင်ရွက်သည့် လုပ်ဆောင်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် ခေတ်မီအဆန်းသစ်ဆုံး လုပ်ဆောင်ချက်အချို့ ယူကရိန်းက လက်တွေ့စစ်မြေပြင်တွင် အသုံးပြုနေသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုစဉ်က ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးဝန်ကြီးဖြစ်သူ Mykhailo Fedorov က ယူကရိန်းကုမ္ပဏီ ၁၂ ခုခန့်သည် ဒရုန်းအုပ်စုဖွဲ့စနစ်များကို တီထွင်နေကြပြီး ပထမဆုံးအသုတ်ကို ယခုနှစ်ကုန်တွင် စတင်အသုံးပြုနိုင်ရန် ရည်မှန်းထားကြောင်း ကြေညာခဲ့သည်။ ယခုအခါ မစ္စတာဖက်ဒေါရော့ဗ်သည် ယူကရိန်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပြီဖြစ်သည်။ 

ယူကရိန်းရှိ ထောက်ပံ့ရေးကုမ္ပဏီအချို့သည် [ပျားအုပ်သဏ္ဌာန်] ဒရုန်းအုပ်စုဖွဲ့တိုက်ခိုက်မှုစနစ်များကို အသေးစား အတိုင်းအတာဖြင့် စတင်အသုံးပြုနေပြီဖြစ်သည်။ ယူကရိန်းနိုင်ငံ၊ လဗိဗ် (Lviv) အခြေစိုက် Sine Engineering ကုမ္ပဏီသည် Pasika (ပျားမွေးမြူရေးခြံဟု အဓိပ္ပာယ်ရသည့်) စနစ်တစ်ခုကို မိတ်ဆက်ခဲ့သည်။ ၎င်းစနစ်သည် FPV (First-Person View ရှေ့တည့်တည့်မြင်ကွင်းသုံး) ဒရုန်းတစ်စင်း၏ ဆက်သွယ်ရေး၊ လမ်းညွှန်မှုနှင့် ပျံသန်းမှု လမ်းကြောင်းကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရေးဆွဲနိုင်စွမ်းတို့ကို ကိုင်တွယ်ဆောင်ရွက်ပေးသည်။ ကုမ္ပဏီက ထိုစနစ်ကို ဒရုန်းထိန်းချုပ်မောင်းနှင်သူများအတွက် “ဖြတ်လမ်းနည်း” (Cheat code) တစ်ခုဟု တင်စားခေါ်ဆိုသည်။ Pasika စနစ်ကြောင့် ဒရုန်းများသည် သတ်မှတ်ထားသော နေရာတစ်ခုသို့ မိမိဘာသာလမ်းရှာသွားနိုင်ပြီး ထိုနေရာတွင် ပတ်ပတ်လည် ပျံသန်းနေနိုင်ကာ —၎င်းတို့အချင်းချင်း ရေဒီယိုလှိုင်းမှတစ်ဆင့် ဆက်သွယ်လျက်— ထိန်းချုပ်သူက သတ်မှတ်ပေးလိုက်သည့် ပစ်မှတ်များကို တိုက်ခိုက်ရန် ညွှန်ကြားချက်မရမချင်း စောင့်ဆိုင်းနေနိုင်ကြသည်။ 

ယူကရိန်းအမျိုးသားအစောင့်တပ်ဖွဲ့၊ အမှတ် (၁၁) တပ်ရင်းမှ Samosud ဟု အမည်ဝှက်ပေးထားသည့် ထိန်းချုပ်သူ တစ်ဦးက Pasika စနစ်သည် ရုရှားတို့၏ အုပ်စုလိုက်အင်အားသုံး ထိုးစစ်ဆင်မှုများကို ဟန့်တားရာတွင် အလွန် ထိရောက်ကြောင်း ပြောကြားခဲ့သည်။ ထိုသို့သော အရှိန်အဟုန်ပြင်းထန်သည့် ထိုးစစ်မျိုး၊ ဒရုန်းတစ်စင်းချင်းစီကို တားဆီးရန်မှာ အလွန်ပင် ခက်ခဲလှသည်။ 

အခြားယူကရိန်းကုမ္ပဏီတစ်ခုဖြစ်သည့် Swarmer သည်လည်း ပြီးခဲ့သည့် စက်တင်ဘာလက ပထမဆုံးအကြိမ် အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။ ၎င်းမှာ ထိန်းချုပ်သူ တစ်ဦးတည်းကပင် ကင်းထောက် ဒရုန်းတစ်စင်းနှင့် ဗုံးကြဲဒရုန်းနှစ်စင်းပါဝင်သည့် “အသေးစားဒရုန်းအုပ်စု” ကို လိုအပ်သလို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ ထိန်းချုပ်သူက ကင်းထောက်ဒရုန်းကို အသုံးပြု၍ ပစ်မှတ်ကို ရှာဖွေပြီးနောက် ဗုံးကြဲဒရုန်းများက ထိုပစ်မှတ်ကို အလိုအလျောက် သွားရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ယခုအခါ ဒရုန်းအစင်း ၂၅ စင်းအထိ ပါဝင်သော အုပ်စုဖွဲ့စနစ်များကို စမ်းသပ်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားထားသည်။ 

သိပ္ပံစိတ်ကူးယဉ် နိယာမများကို အစွဲပြု၍ အမည်ပေးထားသော ယူကရိန်းကုမ္ပဏီ The Fourth Law သည် “လိုအပ်လျှင် အလိုအလျောက် လိုအပ်သည့် အရေအတွက်များများ တိုးချဲ့အသုံးပြုနိုင်သည့် စနစ်” (Massively scalable autonomy) အထိရောက်အောင် ရည်ရွယ်ချက်ထား တီထွင်လုပ်ဆောင်လျက် ရှိသည်။ ၎င်းသည် AI နည်းပညာကို အသုံးပြု၍ ဒရုန်းအမြောက်အမြားကို လူမပါဘဲ မိမိဘာသာ ပျံသန်းခြင်းနှင့် ပစ်မှတ်ရှာဖွေခြင်းတို့ကို လုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကုမ္ပဏီအနေဖြင့် အလိုအလျောက် ဗုံးကြဲခြင်း၊ ပစ်မှတ်ကို ရှာဖွေ ဖော်ထုတ်ခြင်း၊ GPS အကူအညီ မပါဘဲ လမ်းကြောင်းရှာခြင်းနှင့် အလိုအလျောက် ပျံတက်/ဆင်းသက်ခြင်းတို့ကို နောက်ထပ်စိန်ခေါ်မှုများအဖြစ်တော့ တွက်ဆထားကြသည်။ အကယ်၍ ပျားအုပ်ပုံ ဒရုန်းအုပ်စု တစ်စုသည် ဤအချက်အားလုံးကို ကျော်လွှားနိုင်ပါက လူသား၏ ထိန်းချုပ် ကြီးကြပ်မှု အနည်းငယ်မျှဖြင့် စစ်ဆင်ရေးတစ်ခုလုံးကို အစအဆုံး ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 

ယူကရိန်း၏ တီထွင်သူများသည် အားကျစရာကောင်းသော်လည်း အမေရိကန်အခြေစိုက် Auterion ကုမ္ပဏီထံမှ ပြင်းထန်သော ပြိုင်ဆိုင်မှုနှင့် ရင်ဆိုင်နေရသည်။ ထိုကုမ္ပဏီသည် ယူကရိန်းသို့ Skynode တိုက်ခိုက်ရေးပစ္စည်းကိရိယာ အစုံအလင် သောင်းနှင့်ချီ၍ ထောက်ပံ့ပေးထားပြီးဖြစ်သည်။ ဤကိရိယာများသည် ဒရုန်းများကို AI စွမ်းဆောင်ရည် မြှင့်တင်ပေးကာ အလိုအလျောက်လမ်းကြောင်းရှာခြင်း၊ ပစ်မှတ်ကို ပိတ်ဆို့သတ်မှတ်ခြင်း (Lock-on) နှင့် အုပ်စုဖွဲ့တိုက်ခိုက်ခြင်း (Swarming) တို့ကို လုပ်ဆောင် နိုင်စေသည်။ 

ဇန်နဝါရီလတွင် အမေရိကန် စစ်ဘက်ဆိုင်ရာဌာနက ၎င်းတို့၏ “Swarm Forge” အစီအစဉ်မှ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုဗီဒီယိုတွင် Skynode စနစ်ပေါ်၌ အခြေခံထားသော Auterion ၏ Nemyx အုပ်စုဖွဲ့တိုက်ခိုက်ရေး ဆော့ဖ်ဝဲလ်အကူအညီဖြင့် FPV ဒရုန်းအများအပြားသည် ပစ်မှတ်များကို တစ်ခုပြီးတစ်ခု အချိန်တိုအတွင်း ထိမှန်အောင် တိုက်ခိုက်ပြခဲ့သည်။ ထိန်းချုပ်သူအနေဖြင့် ပစ်မှတ်ကို ရွေးချယ်ပေးရုံသာဖြစ်ပြီး ကျန်ရှိသည့် အရာများကို ဆော့ဖ်ဝဲလ်က အလိုအလျောက် ဆက်လက်ဆောင်ရွက်ပေးခြင်းကို ဆိုလိုသည်။ 

Auterion ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ Lorenz Meier က Nemyx ဆော့ဖ်ဝဲလ်သည် ဒရုန်းများအချင်းချင်း ဆက်သွယ်စေပြီး ပစ်မှတ်များကို ဦးစားပေးအဆင့်အလိုက် တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။ ဒရုန်းအုပ်စုသည် အချင်းချင်း ဟန်ချက်ညီအောင် ချိတ်ဆက်ထားသဖြင့် အကယ်၍ ဒရုန်းတစ်စင်း ဆုံးရှုံးသွားပါက အခြားဒရုန်းတစ်စင်းက ၎င်း၏ပစ်မှတ်ကို အလိုအလျောက် လွှဲပြောင်းတိုက်ခိုက်မည်ဖြစ်သည်။ ဤစွမ်းဆောင်ရည်ကို ယူကရိန်းတွင် စတင်အသုံးပြုနေပြီ ဖြစ်သည်။ 

ယူကရိန်းကျွမ်းကျင်သူအချို့ကမူ ဒရုန်းအစင်းရေ ဆယ်ဂဏန်းပါဝင်သော အဆင့်မြင့်ဒရုန်းအုပ်စုများ ပေါ်ပေါက်လာရန် နောက်ထပ် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် လိုသေးသည်ဟု ခန့်မှန်းထားကြသည်။ ၎င်းမှာ ဒရုန်းအုပ်စုကြီးများ အချင်းချင်း အချက်အလက်ဖလှယ်နိုင်ရန် အသုံးပြုသည့် Mesh Network (ယှက်ဖြာ ကွန်ရက်စနစ်) ကို အတိုင်းအတာကြီးမားစွာ တိုးချဲ့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲကြောင့် ဖြစ်သည်။ သို့သော် အခြေအနေများက ခန့်မှန်းသည်ထက် ပိုမိုမြန်ဆန်လာနိုင်ပါသည်။ မတ်လ ၁၃ ရက်နေ့တွင် ရုရှားစစ်ဘက်ဆိုင်ရာ ဝေဖန်သုံးသပ်သူများက ယူကရိန်းဘက်မှ စစ်မျက်နှာအကျဉ်းလေးတစ်ခုအတွင်း ဒရုန်းအစင်းရေ ၃၀၀ မှ ၄၀၀ ခန့်အထိ အသုံးပြု၍ အလုံးအရင်းနှင့် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။ ထိုဒရုန်းများသည် ပစ်မှတ်များကို ၂၀ ကီလိုမီတာအနက်အထိ ထိုးဖောက်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းတပ်ဖွဲ့များ လျင်မြန်စွာ ရှေ့တိုးလာနိုင်ရန် ကူညီပေးခဲ့သည်ဟု ဆိုသည်။ ဤနေရာတွင် ပျားအုပ်ပုံ ဒရုန်းအုပ်စုဖွဲ့ စနစ်များက အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ဖွယ်ရှိသည်။ 

ယနေ့အထိ ယူကရိန်းစစ်ပွဲတွင် FPV ဒရုန်းအမြောက်အမြားရှိနေခြင်းသည် ထိန်းချုပ်သူက ဘေးကင်းရာ အကွာအဝေးမှ နေ၍ ရန်သူကို မြင်နိုင်၊ တိုက်ခိုက်နိုင်သည့် ခံစစ်ဆင်သူများအတွက် အကျိုးတစ်စုံတစ်ရာ ရှိစေ ခဲ့သည်မှာ ငြင်းမရနိုင်ပါ။ ထို့ကြောင့် ရုရှားတို့၏ နယ်မြေသိမ်းပိုက်နိုင်မှုမှာ နည်းပါးပြီး ခက်ခက်ခဲခဲ ရုန်းကန် နေရခြင်း ဖြစ်သည်။ သို့သော် ပစ်ခတ်မှုစွမ်းအားကို ထိရောက်မြန်ဆန်စွာ စုစည်းပေးနိုင်သည့် “ပျားအုပ်ပုံ ဒရုန်းအုပ်စုဖွဲ့ တိုက်ခိုက်မှုစနစ်” များသည် စစ်ပွဲ၏ အသာစီးရမှု အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ဖွယ် ရှိနေပါသည်။ 

Photo credit: Depositphotos

ထူးခြားဆန်းကြယ်သည့် အေအိုင် (AI) သည် သာမန်လူသားများ၏ နေ့စဉ်ဘဝကိုသာမက ယနေ့ခေတ်စစ်ရေးတွင် အဓိကကျသည့်နေရာမှ ပါဝင်လာပြီဖြစ်သည်။ 

ကိုးကား – Autonomous swarms are the future of done warfare, The Economist 26th Mar 

Click to rate this post!
[Total: 1 Average: 4]

Leave a Comment

Your email address will not be published. Required fields are marked *