The Corner

The Corner

cropped-Logo_round_grey-background.png

ကျက်သရေရှိတဲ့ မိန်းမတစ်ယောက်ရဲ့ ပုံတူ

Share မယ်

လူတိုင်းရဲ့ အဘွားလို ကျွန်တော့်အဘွားလည်း အိုမင်းနေတဲ့ မိန်းမကြီးပေါ့ဗျာ။ သူ့ကို ကျွန်တော် သိခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ သူက အတော်အိုနေပြီ။ မျက်နှာနဲ့ လက်မှာ အရေတွေ တွန့်နေပြီ။ လူတွေက ပြောကြတယ်။ တစ်ချိန်က သူဟာ ငယ်ရွယ်နုနယ်ပြီး လှပသတဲ့၊ သူ့မှာ အကြင်ခင်ပွန်းတောင် ရှိသတဲ့။ ကျွန်တော့်အဖို့ အဲဒါ ယုံရခက်ကြီးဗျ။

ကျွန်တော့်အဘိုးရဲ့ ဓာတ်ပုံကို ဧည့်ခန်း မီးလင်းဖိုစင်ရဲ့ အထက်မှာ ချိတ်ထားတယ်။ ဗောင်းထုပ်ကြီးနဲ့၊ အဝတ်ပွပွကြီး ဝတ်လို့။ သူ့မုတ်ဆိတ်မွေး ဖြူဖြူရှည်ရှည်တွေက သူ့ရင်ဘတ်တစ်ခုလုံး နီးပါး ဖုံးလို့။ သူ့ပုံက အနည်းဆုံး အသက်တစ်ရာလောက် ရှိမယ့်ပုံ။ သူ့မှာ မိန်းမရှိမယ့်ပုံ၊ သားသမီးရှိမယ့်ပုံ မပေါက်ဘူး။ ဒါပေမဲ့ မြေးတွေ တစ်လှေကြီး ရှိမယ့်ပုံတော့ ပေါက်သဗျ။ ကျွန်တော့်အဘွားကို ငယ်ငယ်ရွယ်ရွယ် ချောချောလှလှရယ်လို့ ဘယ်လိုမှ တွေးကြည့်လို့ မရဘူး။ ကလေးဘဝက သူဆော့ခဲ့တဲ့ ကစားနည်းတွေ ကျွန်တော်တို့ကို မကြာခဏ ပြောပြတတ်တယ်။ သူလို အဘွားအိုနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့၊ မလိုက်ဖက်တဲ့ဟာတွေပါဗျာ။ ကျွန်တော်တို့ကို သူပြောပြတတ်တဲ့ ပရောဖက်ပုံပြင်တွေ၊ ဒဏ္ဍာရီတွေလိုပဲ ကျွန်တော်တို့က သဘောထားလိုက်ကြတာ။

အဘွားက အမြဲပဲ အရပ်ပုပုဝဝ၊ ခါးနည်းနည်းကိုင်းတယ်။ သူ့မျက်နှာတစ်ပြင်လုံး အတွန့်တွေ၊ အလိပ်တွေက ဟိုဘက်ဒီဘက် အပြန်အလှန် ကြက်ခြေခတ်နေကြလေရဲ့။ မဟုတ်သေးပါဘူး၊ အဘွားကို စသိကတည်းက တစ်လျှောက်လုံး ဒီအတိုင်းပါပဲ။ ဒါတော့ ကျွန်တော်တို့ သေချာပြောရဲတယ်။ သူက အိုသမှ ရေရေလည်လည် အိုတာ။ သူ့မှာ ဒါထက် အိုစရာ မရှိတော့ဘူး။ အနှစ် ၂၀ လုံးလုံး လက်ရှိအသက်ထက် ကြီးမလာဘဲ သူနေခဲ့တာ။ ဘယ်အရွယ်မှာမှ လှပချောမောသူ မဟုတ်ခဲ့ပေမဲ့ သူ့ကိုကြည့်လိုက်ရင် အစဉ်အမြဲ ကျက်သရေနဲ့ ပြည့်စုံနေသူ ဖြစ်ပါတယ်။

အိမ်ထဲမှာ ထော့နင်းထော့နင်းနဲ့ သူသွားတယ်။ သူ့ဆာရီက အစက်အပြောက်မရှိ ဖြူစင်လို့။ ကိုယ်ရှေ့ကိုင်းနေတာ လဲကျမသွားအောင် လက်တစ်ဘက် ခါးပေါ်တင်ပြီး ထိန်းလို့၊ ကျန်တစ်ဘက်က ပုတီးစိပ်လို့။ ငွေရောင်ဖြူလွ ဆံစတွေက သူ့ရဲ့ ဖြူဖျော့ရှုံ့တွ မျက်နှာပေါ်က စဉ့်ကရဲ ကျလို့။ သူ့နှုတ်ခမ်းတွေက အသံတိတ် ဘုရားစာတွေနဲ့ အမြဲတစေ တရွရွ လှုပ်လို့။ ဟုတ်ပါတယ်၊ သူက အမှန်တကယ် လှပသူပါ။ သူက တောင်တန်းတွေပေါ်က ဆောင်းရာသီ လွင်ပြင်လို၊ ငြိမ်းအေးခြင်း၊ ရောင့်ရဲခြင်း အငွေ့အသက်တွေကို မှုတ်ထုတ်နေတဲ့ အဖြူသားစစ်စစ် ကျက်သရေရှိတဲ့ မြင်ကွင်းကျယ်လို။

အဘွားနဲ့ ကျွန်တော်နဲ့က ရင်းချာတဲ့ သူငယ်ချင်းတွေ။ အဖေနဲ့ အမေက မြို့သွားအလုပ်လုပ်နေကြတဲ့ အချိန် ကျွန်တော့်ကို အဘွားနဲ့ ထားရစ်ခဲ့တဲ့အတွက် ကျွန်တော်တို့ မြေးအဘွား အမြဲတမ်း အတူတူ နေခဲ့ရသပေါ့။ မနက်ဆို အဘွားက ကျွန်တော့်ကို နှိုးပြီး ကျောင်းသွားဖို့ ပြင်ဆင်ပေးလေ့ရှိတယ်။ ကျွန်တော့်ကို ရေချိုးပေး၊ အဝတ်အစားလဲပေးရင်း မနက်ခင်း ဘုရားစာတွေကို ငြီးငွေ့ဖွယ် သီကျူးတတ်တယ်။ ကျွန်တော် နားယဉ်ပြီး အလွတ်ရသွားအောင်တဲ့။ သူရွတ်တာ ဖတ်တာကို ကျွန်တော် နားစိုက်ထောင်တယ်။ သူ့အသံကို ကြိုက်လို့။ သူ့ဘုရားစာတွေတော့ ကျက်မှတ်ဖို့ စိတ်ကူး မရှိပါဘူး။ အဲဒီနောက် ရေစင်စင်ဆေးပြီး မြေဖြူအဝါ သုတ်လိမ်းထားတဲ့ ကျွန်တော့်ရဲ့ သစ်သားကျောက်သင်ပုန်းရယ်၊ မြေမင်အိုး အသေးလေးရယ်၊ ကျူရိုးကလောင်တံရယ် သူယူလာတယ်။ အကုန်လုံးကို ကြိုးတစ်ချောင်းနဲ့ စည်းပြီးမှ အဲဒီအထုပ်ကို ကျွန်တော့်လက်ထဲ ထည့်တယ်။ မနက်စာအဖြစ် ဆီချေးစော်နံနေတဲ့ ချာပါတီ ထူထူတစ်ချပ်ပေါ် ထောပတ်ပါးပါးသုတ်၊ သကြားနည်းနည်းဖြူး စားပြီးတဲ့နောက် ကျွန်တော်တို့ မြေးအဘွား ကျောင်းသွားကြတယ်။

ကျောင်းအသွားမှာ ဆီချေးစော်နံနေတဲ့ ချာပါတီ အတော်များများ အဘွားယူလာတယ်။ ရွာထဲက ခွေးတွေ ကျွေးဖို့။ ကျောင်းသွားတိုင်း အဘွားက ကျွန်တော်နဲ့ အတူလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းက ဘုရားကျောင်းနဲ့ တွဲထားလို့ပါ။ ဘုန်းကြီးက ကျွန်တော်တို့ကို ကကြီးခကွေး သင်ပေးတယ်။ မနက်ခင်း ဘုရားရှိခိုးစာ သင်ပေးတယ်။ ဝရန်တာရဲ့ ဟိုဘက်ဒီဘက် ကျောင်းသားတွေ စီတန်းထိုင်ပြီး ကကြီးခကွေးတွေ၊ ဘုရားစာတွေ သံပြိုင်သီကျူးနေတဲ့ အချိန် အဘွားက ဘုရားကျောင်းထဲ တရားစာတွေ ဖတ်ရှုနေလေရဲ့။ မြေးအဘွား နှစ်ယောက်လုံး ကိစ္စဝိစ္စပြီးပြီ ဆိုတာနဲ့ အိမ်ကို လမ်းအတူတူ လျှောက်ပြန်ကြတာ။ ဒီအချိန်မတော့ ရွာခွေးတွေက ကျွန်တော်တို့ နှစ်ဦးသားကို ဘုရားကျောင်း ပေါက်ဝမှာ ကြိုနှင့်နေကြပြီ။ အိမ်အထိ ဒီကောင်တွေ လိုက်လာကြတာ။ ကျွန်တော်တို့ ပစ်ပေးလိုက်တဲ့ ချာပါတီတွေကို လုရင်း အချင်းချင်း ဟောင်ကြဟိန်းကြ၊ ကိုက်ကြခဲကြပေါ့ဗျာ။

မြို့မှာ အလုပ်အကိုင် အဆင်ပြေ အခြေကျတာနဲ့ အဖေတို့ အမေတို့က ကျွန်တော်တို့ မြေးအဘွားကို အခေါ်လွှတ်တော့တာပဲ။ ဒီအရာက အဘွားနဲ့ ကျွန်တော့်ကြားက သူငယ်ချင်းဆက်ဆံရေးကို အလှည့်အပြောင်း တစ်ခု ဖြစ်သွားစေခဲ့တယ်။ အဘွားနဲ့ တစ်ခန်းတည်း အတူတူ နေရပေမဲ့လို့ အရင်လို ကျွန်တော် ကျောင်းသွားတဲ့အခါ အဘွား လိုက်ပို့လို့ မရတော့ဘူး။ ကျွန်တော် တက်တာက အင်္ဂလိပ်ကျောင်း၊ ကျောင်းသွားတာက ဘတ်စကားနဲ့။ လမ်းပေါ်မှာ ခွေးတွေ မရှိဘူး။ ဒီတော့ အဘွားက အိမ်က ခြံထဲမှာ စာကလေးတွေကို အစာကျွေးတယ်။

နှစ်တွေ ကြာလာလေ ကျွန်တော်တို့ မြေးအဘွား အထိအတွေ့ နည်းလာလေ။ အချိန်ကာလ တစ်ခုအထိတော့ ကျွန်တော့်ကို မနက်ခင်းအချိန် အိပ်ရာကနေ သူနှိုးတယ်။ ကျောင်းသွားဖို့ ပြင်ဆင်ပေးတယ်။ ကျောင်းက ပြန်လာရင် ဆရာဘာတွေ သင်ပေးလိုက်လဲလို့ မေးတတ်တယ်။ အင်္ဂလိပ်စာတွေ၊ အနောက်တိုင်း သိပ္ပံပညာရပ်တွေ သင်ကြောင်း သူ့ကို ကျွန်တော် ပြောပြရတယ်။ ကမ္ဘာ့ဆွဲအားတို့၊ အာခိမိဒိ စည်းမျဉ်းတို့၊ ကမ္ဘာကြီး လုံးဝန်းကြောင်းတို့ စသဖြင့်ပေါ့ဗျာ။ ဒါတွေ ကြားရတာ သူ စိတ်မချမ်းသာဘူး။ ကျွန်တော့် ကျောင်းစာတွေကို သူ မကူနိုင်တော့ဘူး။ အင်္ဂလိပ်ကျောင်းမှာ သင်တာတွေကို သူ မယုံဘူး။ ဘုရားသခင်အကြောင်း မသင်တာ၊ ကျမ်းစာတွေ မသင်တာကို သူ စိတ်ဆင်းရဲတယ်။ တစ်ရက်မတော့ ကျွန်တော်တို့ကို ဂီတသင်ခန်းစာတွေ ပို့ချတော့မယ့်အကြောင်း သူ့ကို အသိပေး ကြေညာမိတယ်။ အဲဒီသတင်း ကြားရတော့ သူ့မှာ စိတ်မချမ်းမြေ့ ဖြစ်ရှာတယ်။ သူ့အဖို့ ဂီတဆိုတာ ကာမဂုဏ်အာရုံတွေနဲ့ ဆက်စပ်နေတာ။ သူ့အဖို့ ဂီတဆိုတာ ပြည့်တန်ဆာတွေ၊ ဖက်ခွက်စားတွေရဲ့ ကိုယ်ပိုင်ပစ္စည်း။ သူ့အဖို့ ဂီတဆိုတာ လူကောင်းသူကောင်းတွေအတွက် မဟုတ်ဘူး။ အဲဒီနောက်ပိုင်း ကျွန်တော့်ကို သူ စကားမပြောတော့ သလောက်ပဲ။

ကျွန်တော် တက္ကသိုလ်တက်တဲ့အခါ အဘွားနဲ့ခွဲပြီး ကိုယ့်အခန်းနဲ့ကိုယ် နေရတယ်။ အဘွားနဲ့ ကျွန်တော့်ကြားထဲက သူငယ်ချင်းဆက်ဆံရေးက တိခနဲ ပြတ်တောက်သွားလေရဲ့။ သူ့ဘာသာ လုံးချင်းနေရတာကို အဘွားက အလိုက်သင့် လက်ခံပါတယ်။ အဲဒီနောက် ချည်ငင်တဲ့ ရစ်ဘီးနားက သူ မခွာသလောက်ပဲ။ ဘယ်သူနဲ့မှ စကားမဆို သလောက်ပဲ။ နေထွက်က နေဝင် သူ့ရစ်ဘီးနား ထိုင်ပြီး ချည်ငင်လိုက်၊ ဘုရားစာရွတ်လိုက် လုပ်နေတော့တာ။ ညနေခင်းအချိန်လောက်ပဲ စာကလေးတွေကို အစာကျွေးဖို့ရာ သူ ခဏနားတော့တာ။ ဝရန်တာမှာ ထိုင်ပြီး ပေါင်မုန့်တွေကို ဖဲ့နေတဲ့အချိန် စာကလေး ရာပေါင်းများစွာက သူ့ပတ်ပတ်လည် ဝိုင်းလို့။ ကျီကျီကျာကျာနဲ့ ဆူညံပွက်ကလော ရိုက်လို့။ တချို့က သူ့ခြေထောက်ပေါ်၊ တချို့က သူ့ပခုံးပေါ် လာနားကြ၊ တချို့များ သူ့ခေါင်းပေါ် တက်ထိုင်လိုက်သေး။ ဒီအခါ သူပြုံးတယ်။ စာကလေးတွေကို ဘယ်တော့မှ သူ မောင်းမထုတ်ဘူး။ အဲဒီ နာရီဝက် အချိန်လေးဟာ သူ့အဖို့ တစ်ရက်တာအတွင်း အပျော်ရွှင်ဆုံး ကာလလေး ဖြစ်မှာ။

ပြည်ပရပ်ခြားကို သွားပြီး ဘွဲ့လွန်သင်တန်း တက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တဲ့အခါ အဘွား စိတ်ညစ်တော့မှာလို့ ကျွန်တော် တွက်ထားတယ်။ ကျွန်တော်က အဝေးမှာ ၅ နှစ် နေရမှာလေ။ ကျွန်တော် ပြန်လာတဲ့အခါ အဘွား ရှိချင်မှ ရှိတော့မှာ။ အဘွား အသက်အရွယ်က ဘယ်သူမှ ပြောလို့ရတာ မဟုတ်ဘူး။ ဒါပေမဲ့ အဘွားကတော့ ပြောလို့ရတယ်။ သူ့မှာ စိတ်လှုပ်ရှားမှု မရှိဘူး။ သူ ကျွန်တော့်ကို ဘူတာအထိ လိုက်ပို့တယ်။ ဒါပေမဲ့ သူ ဘယ်လိုခံစားရသလဲ ဆိုတာကို ပြောလည်း မပြောဘူး၊ ပြလည်း မပြဘူး။ သူ့ပါးစပ်က ဘုရားစာတွေ ရွတ်နေ၊ သူ့စိတ်က ဘုရားစာထဲ နစ်နေ၊ သူ့လက်ချောင်းလေးတွေက ပုတီးလုံးတွေနဲ့ အလုပ်များနေ။ ကျွန်တော့်နဖူးကို သူ တိတ်တိတ်ဆိတ်ဆိတ် နမ်းတယ်။ ကျွန်တော် ထွက်လာတဲ့အခါ နဖူးပေါ် ခတ်နှိပ်ထားတဲ့ စိုနေတဲ့ အမှတ်တံဆိပ်ကို ကျွန်တော်တို့ နှစ်ဦးကြား ခန္ဓာကိုယ်ချင်း ထိတွေ့ခဲ့ရတဲ့ နောက်ဆုံး လက္ခဏာတစ်ခုရယ်လို့ ကျွန်တော် အမြတ်တနိုး တန်ဖိုးထားမိတယ်။

အဲ… ကျွန်တော့်အထင် မမှန်ပေဘူးဗျ။ နောင် ၅ နှစ်အကြာ အိမ်ကို ပြန်လာတဲ့အခါ အဘွားက ကျွန်တော့်ကို ဘူတာရုံမှာ လာကြိုတယ်။ သူ့ကြည့်ရတာ တစ်ရက်စာတောင် အိုမင်းမသွားဘူး။ ခုအချိန်ထိ သူ့မှာ စကားပြောဖို့ရာ အချိန်မရှိဘူး။ သူ့လက်မောင်းနှစ်ဘက်နဲ့ ကျွန်တော့်ကို ထွေးပိုက်ထားရင်း ဘုရားစာတွေ ရွတ်နေတာ ကျွန်တော် ကြားရတယ်။ ကျွန်တော် ပြန်လာတဲ့ ပထမဆုံးနေ့မှာတောင် သူ့ရဲ့ အပျော်ရွှင်ဆုံးကာလက သူ့စာကလေးတွေနဲ့ နေနေတဲ့ အချိန်ပဲ။ စာကလေးတွေကို အရင်နေ့တွေထက် အချိန်ကြာကြာ သူ အစာကျွေးတယ်။ ဒီကောင်လေးတွေနဲ့ သူ ရယ်ရွှန်းဖတ်ရွှန်း ပြောလိုက်၊ သူတို့ကို ဆူပူလိုက် မောင်းမဲလိုက်နဲ့။

ညနေခင်း ရောက်တော့ အဘွားကြည့်ရတာ တစ်မျိုးပဲ။ အဲဒီညနေ သူ ဘုရားဝတ်မပြုဘူး။ အိမ်နီးချင်း မိန်းမတွေခေါ်၊ ဗုံဟောင်းတစ်လုံးရှာပြီး သီချင်းစုဆိုကြတော့တာ။ ခပ်နဲ့နဲ့ဗုံရဲ့ လျော့ရိလျော့ရဲ မျက်နှာစာ နှစ်ဘက်ကို အားရပါးရတီးပြီး သူရဲကောင်းတွေရဲ့ အိမ်ပြန်ခရီးအကြောင်း ဖွဲ့ထားတဲ့ သီချင်းကို နာရီပေါင်းများစွာ သူဆိုတယ်။ ပင်ပန်းမစိုးလို့ တော်ပါတော့လို့ သူ့ကို ကျွန်တော်တို့ တားယူရတယ်။ ကျွန်တော် သိသရွေ့ ညနေခင်း သူ ဝတ်မပြုတာ ဒါ ပထမဦးဆုံး အကြိမ်ပဲ။

နောက်နေ့မနက်ကျ အဘွား ဖျားပါလေရော။ အဖျားက မကြီးပါဘူး၊ ပျောက်သွားမှာပါလို့ ဆရာဝန်က ပြောတယ်။ အဘွားကတော့ အဲသလို မထင်ဘူး။ ကျွန်တော်တို့ကို ပြောတယ်။ သူသွားဖို့ရာ နီးပြီတဲ့။ သူ့ဘဝကားချပ် ရုပ်သိမ်းခါနီး နာရီအနည်းငယ် အလိုမှာ ဘုရားဝတ်မပြုခဲ့ရဘူး။ ဒါကြောင့် လက်ရှိကျန်တဲ့ အချိန်လေးကို ကျွန်တော်တို့နဲ့ စကားပြောပြီး အချိန်မဖြုန်းတော့ဘူးလို့ ပြောတယ်။ ကျွန်တော်တို့ အားလုံး အဘွားကို ဝိုင်းကန့်ကွက်ကြတယ်။ ဒါပေမဲ့ အဘွားက ကျွန်တော်တို့ရဲ့ ကန့်ကွက်မှုကို မသိကျိုးကျွန်ပြုပြီး အိပ်ရာထဲ သူ အေးအေးချမ်းချမ်း လှဲနေတော့တာ။ ဘုရားစာရွတ်၊ ပုတီးစိပ်နေတော့တာ။ ကျွန်တော်တို့ သတိမပြုမိခင် ကလေးမှာပဲ သူ့နှုတ်ခမ်းတွေ မလှုပ်တော့ဘူး။ အသက်ဓာတ် ကင်းမဲ့သွားတဲ့ သူ့လက်ချောင်းလေးတွေထဲက စိပ်ပုတီး ပြုတ်ကျသွားတယ်။ ပကတိ အေးငြိမ်းတဲ့ အဖြူက သူ့မျက်နှာပေါ် လွှမ်းသွားတယ်။ သူ သေပြီဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်။

ကျွန်တော်တို့ ထုံးစံ သူ့ကို ခုတင်ပေါ်က မပြီး ကြမ်းပြင်ပေါ်ချ၊ သူ့အလောင်းကို ဝတ်ရုံအနီနဲ့ လွှမ်း။ သူ့အလောင်းဘေး နာရီအတန်ကြာ ငိုကြရှိုက်ကြ လုပ်ပြီးတဲ့အခါ အသုဘကိစ္စ စီစဉ်ဖို့ သူ့ဘေးက ကျွန်တော်တို့ ခွာခဲ့ကြတယ်။ ညနေခင်း ရောက်တော့ သင်္ဂြိုဟ်မယ့် နေရာကို အလောင်းသယ်သွားဖို့ ထမ်းစင်အကြမ်း တစ်ခုသယ်ပြီး သူ့အခန်းကို သွားတယ်။ နေက ဝင်လုဆဲဆဲ၊ နေရောင်ကြောင့် သူ့အခန်းနဲ့ ဝရန်တာက ရွှေရောင်အလင်းနဲ့ လျှံတက် တောက်ပနေရဲ့။ ခြံထဲ တစ်ဝက်လောက်အရောက် ကျွန်တော်တို့ ရပ်တန့်လိုက်ကြ။

ဝရန်တာ တစ်လျှောက်လုံး၊ သူ့အခန်းတစ်ခန်းလုံး ပြည့် စာကလေးတွေ… စာကလေးတွေ… ထောင်ပေါင်းများစွာ ဖြန့်ထိုင်နေကြ။ အနီရောင် ဝတ်ရုံလွှားထားတဲ့ သက်မဲ့လှဲလျောင်းနေတဲ့ တောင့်တင်းနေတဲ့ သူ့အလောင်းနား ရောက်တဲ့အထိ။ သူတို့လေးတွေ ကျီကျီကျာကျာ တစ်စက်မှ မမြည်ကြ။ ငှက်ကလေးတွေအတွက် စိတ်မကောင်းဖြစ်တာနဲ့ အမေက သူတို့အတွက် ပေါင်မုန့် သွားယူတယ်။ အဘွား လုပ်သလို ပေါင်မုန့်ကို တစ်စစီဖဲ့ပြီး စာကလေးတွေဆီ ပစ်ပေးတယ်။ ပေါင်မုန့်စတွေကို စာကလေးတွေက ဂရုမထားကြဘူး။ အဘွားအလောင်းကို ကျွန်တော်တို့ မလိုက်တာနဲ့ သူတို့လေးတွေ အဝေးကို တိတ်တဆိတ် ပျံသန်းသွားကြတယ်။ နောက်တစ်နေ့မနက်ကျ အိမ်သန့်ရှင်းရေး အကူက ပေါင်မုန့်စလေးတွေကို လှည်းကျင်းပြီး အမှိုက်ပုံးထဲ ထည့်လိုက်ရတယ်။

၃၁ ဇန်နဝါရီ ၂၀၂၆

စာညွှန်း
Khushwant Singh. 2014. The Portrait of a Lady. 99 Unforgettable Fiction, Non-fiction, Poetry & Humour. New Delhi. Aleph Book Company.

ကွတ်ရှ်ဝမ့်ဆင်း (၁၉၁၅-၂၀၁၄)

The Speaker, Lok Sabha, Shri Somnath Chatterjee presenting National Amity Award to Shri Khushwant Singh at a function, in New Delhi on September 26, 2008. (Photo: Wikipedia)


အိန္ဒိယနိုင်ငံသား ဆစ်ခ်လူမျိုး စာရေးဆရာ၊ နိုင်ငံရေးသမား၊ ရှေ့နေ၊ သတင်းစာဆရာ၊ သံတမန်။ ၁၉၄၇ ခုနှစ် အိန္ဒိယ-ပါကစ္စတန် နှစ်ခြမ်းကွဲကာလ အတွေ့အကြုံများကို ထင်ဟပ်ထားသော Train to Pakistan (၁၉၅၆) ဝတ္ထုကြောင့် လူသိများ ထင်ရှားသည်။ အင်္ဂလန်နိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး လန်ဒန်တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ ထို့နောက် ရှေ့နေ၊ အိန္ဒိယ နိုင်ငံခြားရေးဌာန အမှုထမ်း၊ အောလ်အင်ဒီးယားရေဒီယို အသံလွှင့်ဌာန သတင်းစာဆရာ၊ ပြင်သစ်နိုင်ငံ ပါရီယူနက်စကိုရုံး အမှုထမ်းအဖြစ် အလုပ်မျိုးစုံ လုပ်ခဲ့သည်။ နောက်ဆုံး အလုပ်နှစ်ခုက သူ့ကို စာပေလမ်းကြောင်းပေါ် တွန်းပို့လိုက်သည်။ စာရေးဆရာ တစ်ယောက်အနေနှင့် သူ၏ ထက်မြက်ပြတ်သားသော လောကီရေးရာဝါဒ (Secularism)၊ ဟာသဉာဏ်၊ သရော်စာနှင့် ကဗျာချစ်မြတ်နိုးစိတ်တို့ကြောင့် လူသိများသည်။

၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း သတင်းစာနှစ်စောင် အပါအဝင် စာပေနှင့် သတင်းမဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ်လည်းကောင်း၊ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၆ ခုနှစ်အတွင်း အိန္ဒိယ အထက်လွှတ်တော် (ရာဇသဘ) လွှတ်တော်အမတ် အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ သည်။ ၁၉၇၄ ခုနှစ်တွင် အိန္ဒိယအစိုးရက သူ့အား ပဒမဘူရှန် (Padma Bhushan) ဆု ချီးမြှင့်သည်။ ၁၉၈၄ ခုနှစ်၌ အိန္ဒိယစစ်တပ်က အမ္မရစ်ဆာမြို့ရှိ ဆစ်ခ်ရွှေကျောင်းတော်ကို ဝင်ရောက်စီးနင်းခဲ့သော Operation Blue Star ကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် အဆိုပါဆုကို ပြန်လည်အပ်နှံခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဒုတိယအမြင့်ဆုံး ပြည်သူ့ဂုဏ်ရည်ဆုဖြစ်သော ပဒမဝိဘူရှန် (Padma Vibhushan) ဆု ထပ်မံချီးမြှင့်ခြင်း ခံရသည်။

The President, Dr. A.P.J. Abdul Kalam presenting Padma Vibhushan to Shri Khushwant Singh, at an Investiture Ceremony at Rashtrapati Bhavan in New Delhi on March 23, 2007. (Photo: Wikipedia)

ယခုအက်ဆေးတွင် မလှသော်လည်း ချောမောသော၊ ကျက်သရေနှင့် ပြည့်စုံသော သူ့အဘွားအကြောင်းကို ကွတ်ရှ်ဝမ့်ဆင်းက ရိုးရိုးလေး ဖွဲ့ဆိုထားသည်။ အက်ဆေးနိဂုံးက ရင်ထဲစွဲကျန်ရစ်သည်။

Click to rate this post!
[Total: 4 Average: 4.3]