ဒီနှစ်မှာတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ ကျွန်တော်အကြိုက်ဆုံး အစိတ်အပိုင်းကတော့ ပွဲလမ်းသဘင်မှာ ကျွေးမွေးလေ့ရှိတဲ့ မုန့်အချိုအချဉ်တွေနဲ့ သရေစာတွေပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် ကျွန်တော့်ရဲ့ ဆွေမျိုးအသိုင်းအဝိုင်းကြီးထဲက လူအတော်များများဆီကို မသွားချင်သွားချင်နဲ့ လိုက်လည်ခဲ့ရဖူးပါတယ်။ အဲဒီဆွေမျိုးတွေထဲက အများစုကို ကျွန်တော် လုံးဝသဘောမကျခဲ့သလို (အခုထိလည်း သဘောမကျသေးပါဘူး)၊ အဲ့ဒီလို သွားလည်ရတဲ့အခါ ကျွန်တော့်အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာကတော့ သူတို့အိမ်တွေမှာ ပြင်ဆင်ထားတဲ့ စုံလင်လှတဲ့ စားစရာသရေစာတွေပါပဲ။
ကျွန်တော့်ရဲ့ တစ်နေ့တာ အနှောင့်အယှက်ဖြစ်ရတဲ့အတွက် ကလဲ့စားချေတဲ့အနေနဲ့ သူတို့ရဲ့ သရေစာတွေကို တတ်နိုင်သမျှ အများကြီး စားပစ်ခဲ့တာလည်း ဖြစ်နိုင်သလို၊ ဒါမှမဟုတ် ကျွန်တော် ကိုယ်တိုင်ကပဲ ငယ်ငယ်က မုန့်အလွန်ကြိုက်တဲ့ကလေး ဖြစ်နေလို့လည်း ဖြစ်ပါလိမ့်မယ်။
တရုတ်နှစ်သစ်ကူးရဲ့ အထိမ်းအမှတ် စားသောက်ဖွယ်ရာတွေဟာ တရုတ်ပြည်ရဲ့ ဒေသအလိုက် အမျိုးမျိုး ကွဲပြားကြပေမဲ့ နွေဦးဦးဦးကာလကို ကြိုဆိုကြတဲ့ တရုတ်လူမျိုးစု အတော်များများမှာတော့ ရိုးရာသရေစာ အနည်းငယ်ကို ဘုံတူညီစွာ စားသုံးလေ့ရှိကြပါတယ်။
အဲ့ဒီထဲမှာ “ကျောက်ဖရုံယို” ကတော့ ပွဲတော်ကာလရဲ့ လူကြိုက်အများဆုံး အချိုမုန့်တွေထဲက တစ်ခုပါ။ ကျောက်ဖရုံသီးရဲ့ သဘာဝအတိုင်း အထားခံတဲ့ ဂုဏ်သတ္တိဟာ ခေတ်သစ်မတိုင်မီ နှစ်သစ်ကူး ပြင်ဆင်မှုတွေ အတွက် အလွန်သင့်တော်ခဲ့သလို၊ အပြင်ဘက်မှာ သကြားခဲလေးတွေ ဖုံးလွှမ်းနေပြီး အတွင်းသားကြည်လင်နေတဲ့ အချိုမုန့်အဖြစ် ဖန်တီးလိုက်တာကတော့ နှစ်သစ်မှာ “ချိုမြိန်တဲ့ အစပြုခြင်း” ဖြစ်ပါစေဆိုတဲ့ ဆုတောင်းကို ဖော်ဆောင်နေခြင်းလည်း ဖြစ်ပါတယ်။
ကြာစေ့ယိုကတော့ ကြာပန်းရဲ့ နက်ရှိုင်းလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်လက္ခဏာတွေကို ဖော်ဆောင်နေပါတယ်။ ကြာမြစ်ကို ဖြတ်တောက်လိုက်ရင်တောင် ပြတ်မသွားဘဲ ဆက်သွယ်နေဆဲ ဖြစ်တဲ့ ချည်မျှင်လေးတွေကြောင့် ကြာပန်းကို စင်ကြယ်ခြင်း၊ မျိုးဆက်ပြန့်ပွားခြင်းနဲ့ စည်းလုံး ညီညွတ်ခြင်းတို့ရဲ့ သင်္ကေတအဖြစ် ကာလရှည်ကြာ သတ်မှတ်ခဲ့ကြတာပါ။ ဒါကြောင့် ကြာစေ့ယိုဟာ မိသားစုအချင်းချင်း သံယောဇဉ်ခိုင်မြဲဖို့နဲ့ မျိုးဆက်တစ်ခုကနေ တစ်ခုကို အဆက်မပြတ် လက်ဆင့်ကမ်း နိုင်ဖို့ မျှော်လင့်ကြတဲ့ မိသားစုတွေကြားမှာ ရေပန်းစားတဲ့ နှစ်သစ်ကူးသရေစာ ဖြစ်ပါတယ်။
နှစ်သစ်ကူးကာလ ဧည့်သည်လာတဲ့အခါ နေရာတိုင်းလိုလိုမှာ တွေ့ရလေ့ရှိတဲ့ ဖရဲစေ့ကတော့ မင်မင်းဆက် (၁၃၆၈-၁၆၄၄) နဲ့ ချင်းမင်းဆက် (၁၆၄၄-၁၉၁၁) ကာလတွေမှာ လူကြိုက် များလာခဲ့တာပါ။ ဖရဲစေ့ဟာ သားသမီးရတနာ ထွန်းကားခြင်းနဲ့ မျိုးဆက်ပွားခြင်းတို့ကို ကိုယ်စားပြုတဲ့အတွက် မင်္ဂလာရှိတဲ့အရာလို့ ယူဆကြပေမဲ့၊ သူ့ရဲ့ လူမှုရေးဆိုင်ရာ အခန်းကဏ္ဍ ကလည်း အရေးပါလှပါတယ်။ ဖရဲစေ့ကို တမြုံ့မြုံ့ ကိုက်စားရတာက အချိန်ယူရသလို ဝိုင်းဖွဲ့လုပ်ဆောင်ရတာဖြစ်လို့ နှစ်သစ်ကူးကာလမှာ စကားဖောင်ဖွဲ့ ပြောဆိုကြတဲ့အခါမျိုးအတွက် အလွန်ပဲ သင့်တော်ပါတယ်။
အဲဒီ သရေစာတွေကို အကန့်လေးတွေ ခွဲထားတဲ့ အဝိုင်းပုံ ဒါမှမဟုတ် ရှစ်မြှောင့်ပုံ မုန့်ဗန်း လေးတွေထဲမှာ အတူတကွ ထည့်သွင်းပြင်ဆင်ထားလေ့ ရှိပါတယ်။ ဒါဟာ မုန့်ထည့်တဲ့ ဗန်းတစ်ခုဆိုတာထက် ပိုပြီး ပြည့်စုံခြင်းနဲ့ သဟဇာတဖြစ်ခြင်းဆိုတဲ့ စိတ်ကူးစိတ်သန်းတွေကို ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။
တရုတ်ပြည်မကြီး၊ ထိုင်ဝမ်၊ ဟောင်ကောင် ဒါမှမဟုတ် မကာအိုက လာတဲ့ တရုတ်လူမျိုး တစ်ယောက်အနေနဲ့ စင်ကာပူနဲ့ မလေးရှားမှာတွေ့ရတဲ့ နှစ်သစ်ကူးသရေစာအချို့ကို ကြည့်ရင် တရုတ်လူမျိုးချင်း တူသော်ငြားလည်း ဓလေ့ထုံးတမ်းချင်း မတူတာကို ချက်ခြင်းပဲ သိနိုင်ပါတယ်။ အဲ့ဒီမုန့်အချို့ဟာ တကယ်ပဲ “တရုတ်” ရိုးရာမုန့်တွေ ဟုတ်ရဲ့လားလို့တောင် သူတို့ သံသယ ဖြစ်မိနိုင်ပါတယ်။

ဒါပေမဲ့ ဒီဒေသက နှစ်သစ်ကူးသရေစာတွေဟာ အစဉ်အလာအတိုင်း ဆင်းသက်လာတဲ့ ရိုးရာတွေ သာမက ဒေသတွင်း သမိုင်းကြောင်းနဲ့ အရသာတွေကိုပါ ထင်ဟပ်နေပါတယ်။ အထူးသဖြင့် ဝက်သားပြား (Bak Kwa) နဲ့ နာနတ်သီးဌာပနာမုန့် (Pineapple tarts) ဆိုတဲ့ အစားအစာ နှစ်မျိုးကတော့ အာရှဘက်အခြမ်းရဲ့ တရုတ်နှစ်သစ်ကူးရာသီကို ဖော်ပြနေတဲ့ အထင်ရှားဆုံး အမှတ်အသားတွေ ဖြစ်လာခဲ့ပါတယ်။
ဝက်သားပြား (Bak kwa) (မန်ဒရင်းဘာသာဖြင့် ရို့ကန်း – rougan နှင့် ကန်တုန်ဘာသာဖြင့် ယွတ်ဂွန် – yuk gon) ဆိုသည်မှာ ချိုငန်အရသာရှိသော အကင်ခြောက်တစ်မျိုးဖြစ်ပြီး၊ ၎င်း၏မူလဇစ်မြစ်မှာ တရုတ်ပြည် ဖူကျန့်ပြည်နယ် (Fujian) တောင်ပိုင်းနှင့် ကွမ်တုန်းပြည်နယ်အရှေ့ပိုင်း ချောင်ရှန်း (Chaoshan) ဒေသတို့၏ အသားကို တာရှည်ခံအောင် ပြုလုပ်သည့် နည်းလမ်းများမှ ဆင်းသက် လာခြင်းဖြစ်တယ်။ အဲဒီဒေသများတွေမှာ ဝက်သားကို ဆားနယ်၊ အခြောက်ခံပြီး အကြာကြီး သိုလှောင်ရန်နဲ့ အထားခံနိုင်အောင် လုပ်ထားကြတယ်။
စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှာတော့ အဲဒီမုန့်လုပ်နည်းတွေဟာ နိုင်ငံနဲ့ ဒေသ အခြေအနေတွေ အပေါ်လိုက်ပြီး ပြောင်းလဲသွားခဲ့ပုံရတယ်။ နေလှန်းတဲ့ နည်းလမ်းကို မီးသွေးနဲ့ကင်တဲ့ နည်းလမ်းနဲ့ အစားထိုးခဲ့ကြသလို သကြားဓာတ်ကဲနေတာကိုလည်း သတိထားမိပါတယ်။ အဲဒါရဲ့ ရလဒ်ကတော့ အားလုံးသိပြီးဖြစ်ကြတဲ့အတိုင်း မွှေးကြိုင်ပြီး အရောင် တလက်လက်နှင့် စားမ၀နိုင်အောင် ကောင်းလွန်းတဲ့ ဝက်သားပြားများပင် ဖြစ်သည်။ ကျွန်တော်ဆို ၁ ကီလိုဂရမ် ရှိတဲ့ ဘတ်ကွာ အထုတ် တစ်ထုတ်ကို တစ်ထိုင်တည်းနှင့် ကုန်အောင် စားနိုင်တယ်။
စင်ကာပူနှင့် မလေးရှားရှိ တရုတ်နှစ်သစ်ကူးကာလအတွင်း ဝက်သားပြား (ဘတ်ကွာ) ဟာ ပေါကြွယ်ဝခြင်းနှင့် ကြီးပွားချမ်းသာခြင်းကို ကိုယ်စားပြုတယ်လို့ ပြောကြတယ်။ အကြောင်းကတော့ သမိုင်း တစ်လျှောက်မှာ အသားဟာ ဇိမ်ခံစားစရာတစ်ခု ဖြစ်ခဲ့ပြီး ဧည့်သည်များကို အသားနှင့် ဧည့်ခံခြင်းဟာလည်း ချမ်းသာကြွယ်ဝမှုနှင့် ရက်ရောမှုကို ပြသရာရောက်သောကြောင့် ဖြစ်ပါတယ်။
နာနတ်သီးဌာပနာမုန့် (Pineapple tarts) ဟာလည်း စင်ကာပူနဲ့ မလေးရှားက တရုတ်နှစ်သစ်ကူးပွဲတော်မှာ မရှိမဖြစ်တဲ့ သရေစာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမုန့်ရဲ့ မူလဇစ်မြစ်ကတော့ တရုတ်ရိုးရာ စစ်စစ် မဟုတ်ဘဲ သိသိသာသာကို ကွဲပြားနေပါတယ်။ သူတို့ဟာ ကိုလိုနီခေတ် အရှေ့တောင်အာရှမှာ ဥရောပတိုက်သားတွေက ဒေသတွင်း မီးဖိုချောင်တွေဆီကို မုန့်ဖုတ်ပစ္စည်းတွေနဲ့ နည်းပညာတွေ စတင်မိတ်ဆက်ပေးခဲ့ရာကနေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ဒီမုန့်တွေဟာ တရုတ်နှစ်သစ်ကူး ဓလေ့ထုံးတမ်းတွေထဲမှာ ရောနှော ပါဝင်သွားခဲ့ ပါတယ်။ အကြောင်းရင်းကတော့ အင်မတန် တိုက်ဆိုင်လှတဲ့ ဘာသာစကားဆိုင်ရာ အနက်အဓိပ္ပာယ်ကြောင့်ပဲ ဖြစ်ပါတယ်။ မင်နန် (Minnan) ဘာသာစကား (Hokkien စကား) မှာ နာနတ်သီးကို “အုန်းလိုင်” (Ong lai) လို့ ခေါ်ဆိုပြီး၊ အဲ့ဒီအသံထွက်ဟာ “လာဘ်လာဘများ ရောက်ရှိလာခြင်း” လို့ အဓိပ္ပာယ်ရတဲ့ အသံထွက်နဲ့ တစ်ထပ်တည်း တူညီနေပါတယ်။ ဒီလို အဓိပ္ပာယ်ဆင်တူတဲ့ အသုံးအနှုန်းကြောင့်ပဲ ရိုးရိုးရှင်းရှင်း ကွတ်ကီလို မုန့်တစ်မျိုးဟာ စားသုံးလို့ရတဲ့ “ကောင်းချီးမင်္ဂလာ” တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
ဝက်သားပြား၊ နာနတ်သီးဌာပနာနဲ့ တခြားသော ပွဲတော်လာ သရေစာအမျိုးမျိုးဟာ စင်ကာပူနဲ့ မလေးရှားရဲ့ တရုတ်နှစ်သစ်ကူး စိတ်ဓာတ်ခွန်အားကို ပေါ်လွင်စေပါတယ်။ ဒါဟာ ဟောင်ကောင်မှာ “ဒိန်းမတ် ထောပတ်ကွတ်ကီး” (Danish butter cookies) တွေ ရေပန်းစားသလိုပါပဲ။ ဒီမုန့်တွေအားလုံးဟာ ရိုးရာယဉ်ကျေးမှုမှာ အခြေခံထားပြီး နိုင်ငံခြားလွှမ်းမိုးမှုတွေနဲ့ ရွှေ့ပြောင်းအခြေချမှုတွေကနေတစ်ဆင့် ပုံဖော်လာခဲ့တာ ဖြစ်သလို၊ ဒေသတွင်း ယဉ်ကျေးမှုနဲ့ အရသာတွေကနေတစ်ဆင့် အစဉ်တစိုက် အသစ်သစ်သော ပုံစံများအဖြစ် ပြန်လည်ဖန်တီးထားခြင်းလည်း ဖြစ်ပါတယ်။
မိတ်ဆွေတို့ရော တရုတ်နှစ်သစ်ကူးရက်တွေမှာ ဘာတွေစားကြပါသလဲ။
မူရင်း – What common Lunar New Year snacks in China, Singapore and Malaysia symbolise, SCMP


