“၁-၂-၄” ပြဿနာဆိုလိုက်တော့ သင်္ချာရဲ့ GP Series လိုလို၊ အမှန်ကတော့ တရုတ်ပြည်သူတွေရဲ့ မိသားစုအလိုက် ဝင်ငွေနဲ့ အသုံးစရိတ် (Household Income and Consumption) ပြဿနာပါ။ မိသားစုအတွက် လိုအပ်တဲ့ ပစ္စည်း၊ ဝန်ဆောင်မှုတွေ ဝယ်ယူရတဲ့ အတွက် ကျခံရတဲ့ ကုန်ကျစရိတ်ပါ။ ဒီကုန်ကျစရိတ်ဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူကြပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တိုင်းပြည် ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၀ ရာခိုင်နှုန်း ဝန်းကျင် ရှိပါတယ်။ အမေရိကန် နိုင်ငံမှာ မိသားစုအလိုက် ကုန်ကျစရိတ်ဟာ (Household consumption) ဟာ တိုင်းပြည်ထုတ်ကုန်တန်ဖိုး (GDP) ရဲ့ ၆၈ ရာခိုင်နှုန်း ရှိပါတယ်။ ဥရောပမှာတော့ ၅၅ ရာခိုင်နှုန်း ပတ်ဝန်းကျင် ရှိပါတယ်။ ဒီကိန်းဂဏန်းဟာ တရုတ်နိုင်ငံမှာ ၃၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ချိန်ထိုးကြည့်လိုက်ရင် အတော်ကြီးကို နည်းပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ အာဏာပိုင်တွေဟာ မိသားစု အသုံးစရိတ် (Household consumption) တက်လာအောင် ကြိုးပမ်းနေကြပါတယ်။
ဒီပြဿနာရဲ့ အကြောင်းရင်းက ဘာလဲ။ ကမ္ဘာကျော် စီးပွားရေး ပညာရှင် ကေယူဂျင်း (Keyu Jin) က အဓိက အကြောင်းနှစ်ရပ်ကို ထုတ်ပြထားပါတယ်။ ပထမ အကြောင်းက တစ်အိမ်ထောင်မှာ ကလေးတစ်ယောက်သာ ရှိရမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒပါ (အခုတော့ ရုတ်သိမ်းလိုက်ပါပြီ)။ ဒုတိယ အကြောင်းရင်းကတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုမှာ အိုးအိမ်၊ ခြံမြေ ကဏ္ဍက အဓိက နေရာက ပါဝင်ခဲ့မှုပါ။ စီးပွားရေး ပညာရှင် ကေယူဂျင်းက တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်လက်ထက် တံခါးဖွင့် စီးပွားရေး မူဝါဒ အစောပိုင်းကာလမှာ အမေရိကန် နိုင်ငံမှာ ပညာသင်ကြားခွင့် ရခဲ့တဲ့ တရုတ် အမျိုးသမီးငယ်တွေထဲက တစ်ဦးပါ။
တရုတ်နိုင်ငံမှာ တစ်ဦးတည်းသော ကလေးအဖြစ် ရှင်သန်ရပ်တည်ခဲ့ရတဲ့ ပြည်သူအရေအတွက် သိန်း ၄၀၀ ဝန်းကျင်ရှိပါတယ်။ ပြည်သူတိုင်းကို စားနပ်ရိက္ခာ အပါအဝင် လိုအပ်တဲ့ စောင့်ရှောက်မှုတွေကို ပေးအပ်နိုင်ဖို့ကို ရည်ရွယ်ပြီး တစ်အိမ်ထောင်မှာ ကလေးတစ်ယောက်ဆိုတဲ့ မူဝါဒကို ချမှတ်ခဲ့ပေမယ့် ရည်ရွယ်မထားတဲ့ ဆိုးကျိုးက ကျွဲကူးရေပါ လိုက်ပါလာပါတယ်။ အရှေ့တိုင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ယဥ်ကျေးမှုမှာ မိအိုဖအို စောင့်ရှောက်ရေးက အခြေခံ အုတ်မြစ်ပါ။
စီးပွားရေး ပညာရှင် ကေယူဂျင်းရဲ့ ဖခင်ကိုပဲ ဥပမာအနေနဲ့ ကြည့်ရအောင်ပါ။ ကေယူဂျင်းရဲ့ ဖခင်ဟာ သူအပါအဝင် မွေးချင်းငါးယောက် ရှိပါတယ်။ သူတို့ မွေးချင်းငါးယောက်ဟာ မိအိုဖအိုတွေရဲ့ တာဝန်ကို မျှယူကြပါတယ်။ စီးပွားရေး ပြေလည်တဲ့ တစ်ယောက်က နေစရာ တာဝန်ယူတယ်။ အနီးအနားမှာ နေတဲ့သူတစ်ယောက်က ကိုယ်တိုင်စောင့်ရှောက်တယ်။ ကျန်သုံးယောက်က စားဝတ်နေရေး ကျန်းမာရေး စရိတ်တွေကို စုပေါင်းကျခံကြပါတယ်။ ဒီလို အားလုံးက မျှခံကြတော့ ဘယ်သူ့အပေါ်မှာမှ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူးပေါ့။ အခုတော့ တရုတ်နိုင်ငံမှာ သားသမီး တစ်ယောက်ပဲ ရှိတော့ အဲဒီတစ်ယောက်ကပဲ မိအိုဖအို နှစ်ယောက်ရဲ့ တာဝန်ကို ယူရပါတော့တယ်။ အမေဘက်က အဘိုးအဘွား၊ အဖေဘက်က အဘိုးအဘွားများပါ ရှိရင်တော့ နောက်ထပ် လေးဦးကို တာဝန်ယူရမှာပါ။ (၁-၂-၄) ပြဿနာဆိုတာ ဒီပြဿနာကို ဆိုလိုတာပါ။ ဒီလောက် တာဝန်ကြီးမှတော့ လိုအပ်ချက် အရပ်ရပ် ဖြည့်ဆည်းနိုင်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ကြိုတင်စုဆောင်းထားမှပဲ ဖြစ်နိုင်မှာပါ။ စုဆောင်းရေးက နံပါတ်တစ် လိုအပ်ချက် ဖြစ်နေတော့မှတော့ အိမ်အသုံးစရိတ်ကို ဖြစ်နိုင်သမျှ လျှော့ချရပြီပေါ့။
နောက်ထပ် အခြေခံ အကြောင်းတစ်ခုကတော့ အိုးအိမ်ခြံမြေကိစ္စဆိုပေမယ့် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒနဲ့ ဆက်စပ်နေပါတယ်။ ကလေးတစ်ယောက်သာ ယူရမယ်ဆိုတဲ့ အချိန်မှာ တရုတ်နိုင်ငံရဲ့ ယဥ်ကျေးမှု အခြေအနေအရ သားယောင်္ကျားလေးကိုပဲ ဦးစားပေး ယူကြပါတယ်။ ရလဒ်ကတော့ အိမ်ထောင်ပြုရမယ့် အသက်အရွယ် အပိုင်းအခြား လူငယ်တွေထဲမှာ ယောင်္ကျားလေးက မိန်းကလေး ဦးရေထက် ၃၄ သန်းဝန်းကျင်ပိုများနေပါတယ်။ ဒီလိုအခြေအနေမှာ မိန်းခလေးရှင် မိဘတွေဟာ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့ ယောင်္ကျားလေးရဲ့ စီးပွားရေးအရ တောင့်တင်းမှုကို အဓိကထား စဥ်းစားလာပါတယ်။ ဒီလိုစဥ်းစားတဲ့ နေရာမှာ ယောင်္ကျားလေးမှာ ကိုယ်ပိုင်တိုက်ခန်း ရှိမရှိကို ကြည့်ပါတယ်။ ပေကျင်းလိုမြို့ကြီးဆိုရင် တိုက်ခန်းတစ်ခန်းရဲ့ တန်ဖိုးဟာ ပျှမ်းမျှတစ်နှစ်ဝင်ငွေရဲ့ အဆပေါင်း ၄၀ လောက်ကို များပါတယ်။ ဒီတော့ အိမ်ထောင်ပြုတော့မယ်ဆိုရင် သတို့သားရော သတို့သမီးရော နှစ်ဖက်မိဘတွေရော တစ်ခါတစ်ရံ အဘိုးအဘွားတွေပါ တိုက်ခန်းအတွက် စုပေါင်းထည့်ဝင်ကြရပါတယ်။ စုပေါင်းထည့်ဝင်ဖို့ ဆိုတာကလည်း နှစ်ပေါင်းများစွာ ကြိုတင်စုဆောင်း မှပဲ ဖြစ်နိုင်မှာပါ။ စုဆောင်းထားသမျှကို တိုက်ခန်းမှာ ပုံအောမြှုတ်နှံလိုက်ရတော့ ကျန်လိုအပ်ချက်များကို ဖြစ်နိုင်သမျှ လျှော့ချရပြီပေါ့။ အိမ်အသုံးစရိတ် (Household consumption) က ဘယ်လိုလုပ် ‘တက်’ လာမှာလဲ။
နိုင်ငံတိုင်းရဲ့ မြို့ပြကြီးတွေမှာလည်း ဒီပြဿနာကို ရင်ဆိုင်ကြရပေမယ့် တရုတ်နိုင်ငံမှာမှ မိသားစုအလိုက် အသုံးစရိတ် (Household consumption) အပေါ် အနုတ်လက္ခဏာ သက်ရောက်တဲ့ အထိ ဘာလို့ကျယ်ပြန့် နက်ရှိုင်းနေရတာလဲ။ နောက်ခံ အုတ်မြစ် အကြောင်းတရားက တရုတ်နိုင်ငံရဲ့ လူမှု ဖူလုံရေး စနစ်က လိုအပ်သလောက် ကျယ်ပြန့်ခိုင်မှာမှု ရှိမနေတာပါ။ အပေါ်ယံ ကြည့်လိုက်ရင် တော့ တရုတ်နိုင်ငံရဲ့ ပင်စင်စနစ်က ပြည်သူသန်းတစ်ထောင်ကို ပံ့ပိုးနေတော့ အထင်ကြီးစရာပါပဲ။ အသေးစိတ်ကြည့်လိုက်မှပဲ အားနည်းချက်ကို တွေ့ရမှာပါ။ မြို့ပြပင်စင်ပေးငွေဟာ ပျှမ်းမျှတစ်လကို ဒေါ်လာ ၄၂၀ ဝန်းကျင် ရှိပါတယ်။ ဒီငွေပမာဏဟာ ဘေဂျင်းလို၊ ရှန်ဟိုင်းလို မြို့ပြကြီးတွေမှာ အိမ်ငှားခအတွက် တောင် အနိုင်နိုင်ပါ။ ကျန်းမာရေးစရိတ်၊ ပညာရေးစရိတ်၊ စားစရိတ် ဆိုတာတွေ ထည့်စဥ်းစားဖို့က မလွယ်ပါဘူး။ ကျေးလက်ဒေသမှာဆိုရင် တစ်လစာ ပင်စင်ဟာ ပျှမ်းမျှ ၂၈ ဒေါ်လာ ဝန်းကျင်ပဲ ရှိတာပါ။ နေ့စဥ် စားဝန်နေရေး လိုအပ်ချက်အတွက် မလုံလောက်နိုင်ဘူးဆိုတာ ထင်းကနဲ ပေါ်လွင်နေတာပါ။ တခြားနိုင်ငံကြီးတွေမှာလို တရုတ်နိုင်ငံမှာလည်း ကျန်းမာရေး အာမခံစနစ် ရှိပေမယ့် ကင်ဆာလို ရေရှည်ကုသရတဲ့ ကျန်းမာရေး ပြဿနာမျိုးမှာ တကယ့်ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်း ဝန်းကျင်ကိုပဲ ဒီကျန်းမာရေး အာမခံစနစ်က ပံ့ပိုးနိုင်တာပါ။ ဒီတော့ နှစ်ရှည်လများ ကုသရတဲ့ ကျန်းမာရေး ပြဿနာမျိုး ကြုံလာရပီဆိုရင် ကိုယ်ပိုင်စုဆောင်းငွေထဲကပဲ ကျခံကြရပါတယ်။ ဒီတော့ ဒီလိုပြဿနာမျိုး ကြုံလာခဲ့ရင် ဆိုတဲ့အတွေးနဲ့ တရုတ်ပြည်သူတွေဟာ နှစ်ရှည်လများ ကြိုတင်စုဆောင်းကြရပါတယ်။ တရုတ်နိုင်ငံမှာ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ဆိုတာမျိုး ရှိပေမယ့် အလုပ်လက်မဲ့ဖြစ်တိုင်း ခံစားခွင့်ရှိတာမျိုး မဟုတ်ပါဘူး။ စည်းကမ်း ကန့်သတ်ချက်တွေနဲ့ ညီညွတ်မှ ခံစားခွင့်ရှိတာပါ။ ခံစားခွင့် ပမာဏကလည်း လုံလောက်မှု မရှိပါဘူး။ ဝင်ငွေနည်း ပြည်သူတွေအတွက် ထောက်ပံ့မှု ရှိပေမယ့် လုံလောက်မှု မရှိဘူးလို့ပဲ ပြောရမှာပါ။
အခြေအနေတရပ်လုံးကို ခြုံကြည့်လိုက်ရင် တရုတ်မိသားစုတွေဟာ ကိုယ့်မိသားစုရဲ့ တစ်သက်တာ ရပ်တည်နိုင်ရေးအတွက် ကိုယ့်စုဆောင်းငွေကိုပဲ အားကိုးကြရတာပါ။ ပြောရရင် နိုင်ငံရဲ့ လူမှုဖူလုံရေး စနစ်အပေါ် အားကိုးအားထား မပြုနိုင်တဲ့ အခြေအနေမျိုးပါ။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံပဲ လူမှုဖူလုံရေး စနစ်ကောင်းကောင်း တစ်ရပ် တည်ဆောက်ဖို့ မတတ်နိုင်စရာ အကြောင်း မရှိပါဘူးလို့ ထင်စရာအကြောင်း ရှိပါတယ်။ ဒီနေရာမှာ နောက်ခံ အုတ်မြစ် အကြောင်းတရားက တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု ဖော်ဆောင်ခဲ့တဲ့ ဖြစ်စဥ်ပါ။ ဒီဖြစ်စဥ်မှာ အိုးအိမ်ခြံမြေ ကဏ္ဍကနေ ပါဝင်ပတ်နေတာပါ။ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ ဒေသခံ အစိုးရအဖွဲ့တွေ (ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ၊ ခရိုင်၊ မြို့နယ်စတဲ့ အစိုးရအဖွဲ့တွေကို ဆိုလိုတာပါ) ဟာ မြေယာလုပ်ပိုင်ခွင့်ကို စီးပွားရေးသမားတွေဆီ ပေးအပ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ငွေကြေးကို ရှာဖွေကြရပါတယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက် အပြိုင်အဆိုင် မက်လုံးပေး လုပ်ကြတဲ့အတွက် လုပ်မှားကိုင်မှား ဖြစ်ပြီး ဆုံးရှုံးကြတာက ရှောင်လို့မရတဲ့ ပြဿနာဖြစ်လာပါတယ်။ ဒီပြဿနာကြောင့် ဒေသအစိုးရတွေက ပေးဆပ်ရမယ့် ကြွေးမြီပမာဏက ဒေါ်လာ ကိုး ထရီလီယံ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီချေးငွေတွေ ထုတ်ပေးထားတဲ့ ဘဏ်လုပ်ငန်းတွေ ပြိုလဲမသွားဖို့ တရုတ်အစိုးရဟာ ဒေသခံ အစိုးရအဖွဲ့တွေကို ပံ့ပိုး ကျားကန်ပေးထားရပါတယ်။ ပြောလိုတာက ဒီအခြေအနေမှာ တရုတ်တစ်နိုင်ငံလုံးအတွက် ကျယ်ပြန့် ပြည့်စုံတဲ့ လူမှုဖူလုံရေး စနစ် အကောင်အထည်ဖော်ဖို့ဆိုတာ ငွေရေးကြေးရေးအရ ဖြစ်နိုင်ခြေ မရှိပါဘူး။
တရုတ်နိုင်ငံမှာ ကျယ်ပြန့်ပြည့်စုံတဲ့ လူမှုဖူလုံရေးစနစ် မရှိသေးသရွေ့ တရုတ်ပြည်သူတွေဟာ တစ်သက်တာအရေးအတွက် စုဆောင်းရေးကိုပဲ နံပါတ်တစ် လိုအပ်ချက်အဖြစ် သတ်မှတ်ထား လုပ်ဆောင်နေမှာပါ။ ဒီလို လုပ်ဆောင်နေသရွေ့ ပြည်သူတွေရဲ့ မိသားစုအလိုက် အသုံးစရိတ် (Household consumption) က တက်လာစရာ အကြောင်းမရှိပါဘူး။ အရှိန်အဟုန်ကောင်းကောင်းနဲ့ ခုန်ပျံကျော်လွှား တိုးတက်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို နောက်ခံထား စဥ်းစား ကြည့်လိုက်ရင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဟန်ချက်ညီဖို့က ဘယ်လောက် အရေးပါလဲဆိုတာ ဒီဖြစ်ရပ်က မီးမောင်းထိုးပြ နေတယ်လို့ပဲ ဆိုပါရစေ။
ကိုးကား – “The real reason Chinese families don’t spend” The US-World (Youtube)



