အခုလို ပွဲလမ်းသဘင်တွေ ပေါများတဲ့ ရာသီမှာ ဝိုင်ပူပူလေးတွေ၊ ဘရန်ဒီတွေနဲ့ အချိုကဲတဲ့ ပူတင်းမုန့်တွေကတော့ ရှောင်လွှဲလို့မရဘူးပေါ့။ ခရစ္စမတ် ရာသီမှာ Mulled wine ရေပန်းစားပါတယ်။ ဒါကတော့ ဝိုင် (အများအားဖြင့် ဝိုင်နီ) ကို သကြား၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့် စတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ သစ်သီးတွေနဲ့ ရောစပ်ပြီး ငွေ့ငွေ့လေး အပူပေးထားတဲ့ အရက်အဖျော်ယမကာ တစ်မျိုး ဖြစ်ပါတယ်။ ဟေမာန်ဆောင်း ကာလရဲ့ အများကြိုက် အဖျော်ယမကာ ပါ။ ယမကာ သောက်ရင်း အချိုတည်းရတာ လျှာရင်း မြက်စေပါတယ်။ ဒါပေမဲ့ အချို့ကတော့ သကြားချိုချိုကို ကျန်းမာရေး အရ ရှောင်လွှဲ ချင်ကြတယ်။ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်အောင်ဆိုပြီး သကြားဖြူအစား ပျားရည်တို့၊ သကြားညို (Raw sugar) တို့လို “သဘာဝ” အချိုတွေကို ပြောင်းသုံးရင် ရတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ဒါဟာ လုံးဝ အချိုလျှော့နိုင်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ သကြားညိုဆိုတာ ကြံရည်ကို အဆင့်အနည်းငယ်ပဲ သန့်စင်ထားတဲ့ Semi-processed သကြားဖြစ်ပါတယ်။
ထူးခြားချက်က မိုလက်ဆစ် (Molasses) ပါဝင်လို့ အရောင်ညိုပြီး အနံ့အရသာ ပိုပြင်းပါတယ်။သကြားဖြူနဲ့ ကယ်လိုရီ သိပ်မကွာလို့ ပိုကျန်းမာစေတယ်လို့ ပြောလို့မရပါ။ကော်ဖီ၊ မုန့်ဖုတ်လုပ်ငန်းနဲ့ အနံ့ပြင်းပြင်းကြိုက်တဲ့ သူများအတွက် လုပ်တဲ့ မုန့်တွေမှာ သုံးပါတယ်။ ဘယ်လို သကြားမျိုးပဲ သုံးသုံး အရေးမကြီးပါဘူး။ အဓိက အရေးကြီးတာက ဘယ်လောက်များများ စားမိလဲ နဲ့ ဘယ်နှကြိမ် စားမိလဲ ဆိုတာပါပဲ။
အစားအသောက် တံဆိပ်တွေပေါ်မှာ ကြည့်လိုက်ရင် သကြားအမျိုးအစားပေါင်း (၂၅၀) ကျော်တောင် ရှိနိုင်ပါတယ်။ သကြားညို၊ အုန်းသကြား နဲ့ ထန်းလျက်ကနေစလို့ ပြောင်းဖူးအချိုရည် (Corn syrup) ဒါမှမဟုတ် မေပယ်ရည် (Maple syrup) အထိ နာမည်တွေသာ ကွဲနေတာပါ။
မုန့်၊ အချိုရည် စတဲ့ အစားအသောက်တံဆိပ်တွေကို ကြည့်မယ်ဆိုရင် “sugar” ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး အမျိုးအစားပေါင်း ၂၅၀ ကျော်အထိ တွေ့နိုင်ပါတယ်။ အဓိကကတော့ အရင်းအမြစ် (source)၊ ထုတ်လုပ်ပုံ (processing)၊ သန့်စင်မှု (purity) အပေါ်မူတည်ပြီး နာမည်တွေကွဲသွားတာပါ။
သကြားအမျိုးအစားများကို ဥပမာပြရရင် –
- Raw sugar (သကြားညို)
- Coconut sugar (အုန်းသကြား)
- Palm sugar (ထန်းလျက်သကြား)
- Date sugar (စွန်ပလွံ သကြား)
- Corn syrup (ပြောင်းဖူးအချိုရည်)
- Maple syrup (မေပယ်အချိုရည်)
- Honey (ပျားရည်)
စသည်တို့ပါပဲ။
Maple ဆိုတာ တကယ်တော့ အသီးထက် “အပင်” က ပိုပြီး နာမည်ကြီးတာပါ။ ကနေဒါနိုင်ငံရဲ့ အလံမှာပါတဲ့ အရွက်က မေပယ်ရွက် ဖြစ်ပါတယ်။ အစားအသောက်လောကမှာ Maple လို့ ပြောလိုက်ရင် ဒီအပင်ရဲ့ ပင်စည်ကနေရတဲ့ “အချိုရည်” ကို ဆိုလိုတာ များပါတယ်။ ပင်စည်ကို အပေါက်ဖောက်ပြီး ထွက်လာတဲ့ အရည်ကို ကျိုချက်လိုက်ရင် ပျားရည်လိုမျိုး အရောင်ရှိတဲ့ Maple Syrup ရပါတယ်။ အရသာက ပျားရည်နဲ့ ဆင်တူပေမယ့် ထူးခြားတဲ့ အနံ့လေး ရှိပါတယ်။ ဘာမှမထည့်ထားတဲ့ မုန့်ပျားသလက်လို (Pancake) တွေပေါ်မှာ ဆမ်းစားလေ့ ရှိကြပါတယ်။
တကယ်တမ်းတော့ အဲဒါတွေ အကုန်လုံးကို အခြေခံ မော်လီကျူး နှစ်ခုဖြစ်တဲ့ Fructose (ဖရုတို့စ်) နဲ့ Glucose (ဂလူးကို့စ်) နဲ့ပဲ လုပ်ထားတာ ဖြစ်ပြီး အဲဒီ နှစ်ခုကပဲ သကြားကို ချိုစေတာ ဖြစ်ပါတယ်။ Glucose (ဂလူးကို့စ်) နဲ့ Fructose (ဖရုတို့စ်) နှစ်ခု တူတူပေါင်းလိုက်ရင် ကျွန်တော်တို့ နေ့တိုင်းမြင်နေရတဲ့ သကြားဖြူ (Sucrose) ဖြစ်လာတာပါ။ ဒါဟာ စားပွဲဝိုင်းမှာသုံးတဲ့ သကြား၊ အချိုမုန့်၊ အချိုရည်မှာ ပါဝင်နေတဲ့ သကြား ပါပဲ။
ဂလူးကို့စ် (Glucose) အကြောင်း သိကောင်းစရာ
ဂလူးကို့စ်က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအတွက် အဓိက အင်အားရရှိရာ အရင်းအမြစ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို တစ်ခါတည်းနဲ့ အများကြီး စားမိရင်တော့ ဒုက္ခပေးပါတယ်။ အများကြီးစားလိုက်ရင် သွေးထဲက သကြားဓာတ် (Blood sugar) က ချက်ချင်း ထိုးတက်သွားပြီး ပြီးရင်လည်း ချက်ချင်း ပြန်ထိုးကျသွားပါတယ်။ အဲဒီအခါမှာ သင်ဟာ ချက်ချင်း ပြန်ဆာလာပြီး မုန့်တွေ ထပ်စားမိပါလိမ့်မယ်။ ဒီလိုမျိုး သွေးတွင်းသကြားဓာတ် ခဏခဏ ထိုးတက်လိုက် ကျလိုက် ဖြစ်နေရင် နောက်ပိုင်းမှာ သွေးချိုကို မထိန်းချုပ်နိုင်တော့ဘဲ ဆီးချိုရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာစေပါတယ်။
ဖရုတို့စ် အကြောင်း သိကောင်းစရာ
ဖရုတို့စ်ကိုတော့ သစ်သီးတွေနဲ့ ပျားရည်မှာ တွေ့ရတတ်ပြီး ပိုပြီးတော့လည်း ချိုပါတယ်။ “Fructose” ဆိုတဲ့ အမည်ဟာ Latin စကား “fructus” (သစ်သီး) မှ ဆင်းသက်လာတာဖြစ်ပြီး သစ်သီးထဲမှာ အများဆုံးတွေ့ရတဲ့အတွက် အဲဒီလိုအမည်ပေးထားတာပါ။ Glucose (ဂလူးကို့စ်) ထက် (၁ ဒသမ ၂– ၁ ဒသမ ၈ ဆ ချိုတတ်ပြီး သဘာဝအချိုတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ သူကတော့ သွေးတွင်းသကြားဓာတ်ကို ချက်ချင်း ထိုးမတက်စေပါဘူး။ ဘာလို့လဲဆိုတော့ အူနဲ့ အသည်းကနေ သူ့ကို ဂလူးကို့စ်အဖြစ် အရင်ပြောင်းလဲပေးရလို့ပါ။ ဒါပေမဲ့ ဖရုတို့စ် အများကြီး စားမိရင်တော့ အသည်းမှာ အဆီအဖြစ် သိုလှောင် လိုက်ပါတယ်။ ဖရုတို့စ်ကို ကောင်းကောင်း မချေဖျက်နိုင်တဲ့သူတွေမှာဆိုရင် ပိုနေတဲ့ ဖရုတို့စ်တွေက အူထဲမှာ ကျန်နေခဲ့ပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေကို အစာကျွေးသလို ဖြစ်သွားတတ်ပါတယ်။ အဲဒီအခါမှာ ဗိုက်ပွတာ၊ ဗိုက်ထဲ မအီမသာဖြစ်တာမျိုးတွေ ကြုံရတတ်ပါတယ်။
ဖြည်းဖြည်းချင်းစားဖို့ အကြံပြုချက်
သင်စားတာ (ဂလူးကို့စ်၊ ဖရုတို့စ် ဒါမှမဟုတ် သကြားဖြူ) ဘယ်လိုသကြားမျိုးပဲ ဖြစ်ဖြစ် အကောင်းဆုံးနည်းလမ်းကတော့ ဖြည်းဖြည်းချင်းပဲ စားဖို့ ပါပဲ။ ဒါမှသာ ခန္ဓာကိုယ်က ပိုနေတဲ့ သကြားဓာတ်တွေကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဂလူးကို့စ် (glucose)၊ ဖရုတို့စ် (fructose)၊ သကြားဖြူ (sucrose) ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွက် အချိုဓာတ်တွေကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့ အဓိကက “ဖြည်းဖြည်းချင်းစားခြင်း” ဖြစ်ပါတယ်။တစ်ကြိမ်တည်း အများကြီးစားလိုက်ရင် သွေးချိုတက်မြန်ပါတယ်။ဖြည်းဖြည်းချင်းစားရင် သွေးချို တက်မှုကို တဖြည်းဖြည်းသာ ဖြစ်စေပြီး အင်ဆူလင် (insulin) စနစ်တကျ အလုပ်လုပ်နိုင်ပါတယ်။ အချိုဓာတ်ကို တဖြည်းဖြည်း စိမ့်ထုတ်နိုင်ပြီး အစာအိမ်အလွန်အမင်းအလုပ်မများစေပါ။ ဖြည်းဖြည်းချင်း စားသုံးတာ က ခန္ဓာကိုယ်အတွက် အကောင်းဆုံးနည်းလမ်းပါ။ တဖြည်းဖြည်းချင်းအားဖြင့် အသည်းနဲ့ အင်ဆူလင်က တဖြည်းဖြည်း ကိုင်တွယ်နိုင်ပြီး အဆီဓာတ်မဖြစ်ပေါ်လွယ်လို့ ကျန်းမာရေးကို အထောက်အကူပြု ပါတယ်။
အချိုနဲ့ ပတ်သက်ရင် သိထားသင့်တဲ့ အချက်တွေ ရှိပါသေးတယ်။
အဓိက မှတ်ထားရမှာက သကြားကို အရည်ဖျော်ပြီး မသောက်ဖို့ ပါပဲ။ သကြားရည်က အစားအသောက်ထဲက သကြားထက် ပိုဆိုးပါတယ်။ ဘာလို့လဲဆိုတော့ သောက်လိုက်တဲ့အခါ သကြားဓာတ်က ခန္ဓာကိုယ်ထဲကို ပိုမြန်မြန် ရောက်သွားလို့ပါ။
အချိုရည်မျိုးစုံ (Soft drinks, Juice, Sweetened beverages) က သာမန်အစားအသောက်ထဲက သကြားထက် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အမျှင်ဓာတ် (Fiber) မရှိခြင်းက ပထမ အချက်ပါ။ သစ်သီးကို ဒီအတိုင်းစားရင် ပါဝင်တဲ့ Fiber က သကြားဓာတ်ကို သွေးထဲ ဖြည်းဖြည်းချင်းပဲ စိမ့်ဝင်စေပါတယ်။ ဒါပေမဲ့ အချိုရည် သို့မဟုတ် သစ်သီးဖျော်ရည် သောက်တဲ့အခါ Fiber မပါတော့တဲ့အတွက် သကြားဓာတ်က သွေးထဲကို တိုက်ရိုက်နဲ့ အလျင်အမြန် ရောက်ရှိသွားပါတယ်။
ဒုတိယ အချက်က စုပ်ယူမှု မြန်ဆန်ခြင်း (Liquid Form) ဖြစ်ပါတယ်။ အစာခဲတွေကို ခြေဖျက်ဖို့ ခန္ဓာကိုယ်က အချိန်ယူရပေမယ့် အရည်ဖြစ်တဲ့ အချိုရည်တွေကတော့ အစာခြေစနစ်ကို အလွယ်တကူ ကျော်ဖြတ်ပြီး သွေးထဲကို ခဏချင်း စိမ့်ဝင်သွားနိုင်ပါတယ်။
နောက် တစ်ချက် က Lycemic Load မြင့်မားခြင်းပါ။ အချိုရည်တွေမှာ သကြားဓာတ် အလွန်အမင်း ပါဝင်တဲ့အတွက် Glycemic Index (GI) ကို ရုတ်တရက် မြင့်တက်စေပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ် (Blood Sugar) ဆောင့်တက်သွားပြီး အင်ဆူလင် (Insulin) ထုတ်လုပ်မှုကို အလွန်အမင်း အလုပ်ပေးရပါတယ်။
အလွယ်တကူနဲ့ ပမာဏ များများ ပိုဝင်သွားတာဟာ ကျန်းမာရေး အန္တရာယ်ပါ။
ဥပမာအားဖြင့် သစ်သီးဖျော်ရည် တစ်ခွက်မှာ သစ်သီး သုံး လုံးကနေ လေး လုံးစာလောက်ရှိတဲ့ သကြားဓာတ် ပါဝင်နေပါတယ်။ သစ်သီးကို ဒီအတိုင်းဆိုရင် လေးလုံးဆက်တိုက် စားဖို့ ခက်ပေမယ့် ဖျော်ရည် အဖြစ်တော့ ခဏချင်းနဲ့ အများကြီး သောက်မိသွားတတ်ပါတယ်။
ဖျော်ရည် (အချိုရည်) ဟာ သွေးတွင်းသကြားဓာတ် မတည်ငြိမ်ခြင်းကို ဖြစ်စေတယ်။ သွေးထဲ သကြားဓာတ် ချက်ချင်းတက်ပြီးနောက် အလျင်အမြန် ပြန်ကျသွားတတ်တဲ့အတွက် ခဏခဏ ပြန်ဆာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အဆီစုဆောင်းမှု မြန်ဆန်ခြင်းကို ဖြစ်စေတယ်။ အချိုရည်မှာပါတဲ့ Fructose ကို အသည်းကနေ အဆီအဖြစ် တိုက်ရိုက်ပြောင်းလဲပစ်တဲ့အတွက် အသည်းအဆီဖုံးတာနဲ့ ဗိုက်ခေါက်ထွက်တာတွေကို ဖြစ်စေပါတယ်။
ရောဂါအန္တရာယ်များကို သတိမူရမှာက ရေရှည်မှာ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးခြင်းနဲ့ အဝလွန်ခြင်း စတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို တိုက်ရိုက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် သစ်သီးဖျော်ရည် တွေက အဖတ်တွေ ကို ဖယ်လိုက်တဲ့အခါ အဲဒီဖျော်ရည်ဟာ သကြားဖြူနဲ့ သဘောတရားချင်း အတူတူပဲ ဖြစ်သွားပါပြီ။ ဥပမာပြောရရင် လိမ္မော်ရည် တစ်ဖန်ခွက်မှာပါတဲ့ သကြားဓာတ်ဟာ ကိုကာကိုလာ တစ်ဖန်ခွက်နဲ့ အတူတူနီးပါးပါပဲ။
သစ်သီးကို အလုံးလိုက်စားတာကတော့ လုံးဝကွဲပြားပါတယ်။ လိမ္မော်ရည် တစ်ဖန်ခွက်ရဖို့ လိမ္မော်သီး သုံးလုံးလောက် သုံးရပေမယ့် လိမ္မော်သီး သုံးလုံးကို တစ်ထိုင်တည်း အလုံးလိုက် စားဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ သစ်သီးထဲမှာပါတဲ့ အမျှင်ဓာတ် (Fibre) က ဗိုက်ပြည့်စေလို့ပါ။ အဲဒီအမျှင်ဓာတ်က သကြားတွေ သွေးထဲရောက်မယ့်နှုန်းကိုလည်း နှေးကွေးသွားစေပါတယ်။
ဒါကြောင့် သကြားကို ပရိုတင်း (Protein) ဒါမှမဟုတ် အဆီ (Fat) နဲ့ တွဲစားတာမျိုး (ဥပမာ- သစ်စေ့ပါတဲ့ ကိတ်မုန့်) က ပိုကောင်းပါတယ်။ ဒီအာဟာရဓာတ်တွေက သကြားဓာတ် အူထဲကို အမြန်ကြီး ရောက်မသွားအောင် တားဆီးပေးပြီး ဗိုက်ကိုလည်း ကြာကြာပြည့်စေပါတယ်။ အစာကို သေချာဝါးစားတာကလည်း သကြားဓာတ် အစာအိမ်ထဲ ရောက်မယ့်နှုန်းကို နှေးစေပါတယ်။
“သဘာဝ” ဆိုတဲ့ သကြားတွေကလည်း တကယ်တော့ သိပ်မထူးခြားလှပါဘူး။
စွန်ပလွံသီးကရတဲ့ သကြားမှာ အမျှင်ဓာတ် နည်းနည်းပါပေမယ့် သကြားစုပ်ယူမှုကို နှေးစေလောက်အောင်တော့ မများပါဘူး။
ပျားရည်မှာ သတ္တုဓာတ်နဲ့ အန်တီအောက်ဆီးဒင့် (Antioxidants) တွေ ပါတာမှန်ပေမယ့် ဘလူးဘယ်ရီ တစ်ခွက်စာ အာဟာရရဖို့ဆိုရင် ပျားရည်ကို ပုလင်းလိုက်ကြီး သောက်မှ ရပါလိမ့်မယ် (ဒါကလည်း ကျန်းမာရေးနဲ့ မညီညွတ်ပြန်ဘူး)။
Antioxidants (အန်တီအောက်ဆီးဒင့်) ဆိုတာ ဘာလဲ?
အလွယ်ပြောရရင် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို မပျက်စီးအောင် ကာကွယ်ပေးတဲ့ “ကိုယ်ရံတော်” တွေပါ။ ခန္ဓာကိုယ်ထဲမှာ အလိုအလျောက် ဖြစ်ပေါ်တတ်တဲ့ အဆိပ်အတောက် (Free Radicals) တွေက ဆဲလ်တွေနဲ့ DNA တွေကို လိုက်ဖျက်ဆီးတတ်ပါတယ်။ အန်တီအောက်ဆီးဒင့်က အဲဒီအဆိပ်တွေကို လိုက်ဖမ်းပြီး ဖျက်ဆီးပစ်တာပါ။ ဆဲလ်တွေ ပျက်စီးတာ နည်းသွားတဲ့အတွက် အသားအရေနဲ့ ခန္ဓာကိုယ် အိုမင်းရင့်ရော်မှုကို လျှော့ချပေးပါတယ်။ကင်ဆာနဲ့ တခြားရောဂါဆိုးတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
သဘာဝ အသီးအနှံတွေမှာ Antioxidants အဓိက ပါဝင်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ ချဉ်တဲ့ အသီးများ (လိမ္မော်၊ ရှောက်သီး)၊ ဗီတာမင် E ပါဝင်တဲ့ အစေ့အဆန်များ၊ ဆီထွက်သီးနှံများ၊ ဘီတာ ကာရိုတင်း ပါဝင်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းသီးဟင်းရွက်၊ ငါး နဲ့ လက်ဖက်စိမ်း (Green Tea) ဖြစ်ပါတယ်။
Antioxidant ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးတာဟာ “ဆဲလ်တွေ သံချေးမတက်အောင်” ကာကွယ်ပေးတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ရောဂါကင်းပြီး အသက်ရှည်ချင်ရင် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများစားဖို့ လိုပါတယ်။
သဘာဝ အစာတွေနဲ့ တွဲ စားပါ
သကြားကို အမျှင်ဓာတ်၊ ပရိုတင်း ဒါမှမဟုတ် အဆီဓာတ်ပါတဲ့ သဘာဝအတိုင်း အစားအသောက် (Whole foods) တွေနဲ့ တွဲစားတာက အန္တရာယ်အကင်းဆုံးပါ။ အချိုရည်တွေနဲ့ “သဘာဝ” လို့ နာမည်တပ်ထားတဲ့ သကြားတွေကတော့ သင့်ကို တကယ်တမ်း ကာကွယ် မပေးနိုင်ပါဘူး။
သဘာဝအတိုင်းကောင်းတဲ့ အစာအစားတွေ (Whole Foods)
“စက်ရုံမှာ အဆင့်ဆင့် ပြုပြင်မထားတဲ့ သဘာဝအတိုင်း ရှိနေတဲ့ အစားအစာ” တွေကို ခေါ်တာပါ။
Whole Foods ရဲ့ အဓိပ္ပာယ် ကတော့ စိုက်ခင်းကနေ ထွက်လာတဲ့အတိုင်း (သို့မဟုတ်) သဘာဝအတိုင်း အတိုင်းအတာတစ်ခုအထိ မပြောင်းလဲဘဲ ရှိနေတဲ့ အစားအစာတွေပါ။ ဥပမာ – အာလူးကို စက်ရုံပို့ပြီး အာလူးကြော်ထုပ် (Processed Food) မလုပ်ခင် မူလအတိုင်းရှိနေတဲ့ “အာလူး” ဟာ Whole Food ဖြစ်ပါတယ်။

Whole Foods ဆိုတာကို နမူနာ ပြရရင်
- အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များဖြစ်တဲ့ လတ်ဆတ်တဲ့ ပန်းသီး၊ ငှက်ပျောသီး၊ ကန်စွန်းရွက်၊ ဂေါ်ဖီထုပ် စတာတွေ။
- သီးနှံနဲ့ အစေ့အဆန် တွေဖြစ်တဲ့ ဆန်လုံးညို၊ အုတ်ဂျုံ (Oats)၊ ပြောင်းဖူး၊ ပဲအမျိုးမျိုး။
- အသားနဲ့ ငါး ဖြစ်တဲ့ ပြုပြင်မထားတဲ့ လတ်ဆတ်တဲ့ အသား၊ ငါးနဲ့ ဥအမျိုးမျိုး။
- အခွံမာသီးများ ဖြစ်တဲ့ မြေပဲ၊ သီဟိုဠ်စေ့၊ ဗာဒံစေ့ (ဆားနဲ့ ဆီမပါဘဲ သဘာဝအတိုင်းရှိတာမျိုး)။
ဘာကြောင့် Whole Foods ကို စားသင့်တာလဲဆိုတော့ အာဟာရအပြည့်ရတယ်။ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် (Fiber) တွေက မူလအတိုင်း ပါဝင်နေပါတယ်။ ဓာတုပစ္စည်းကင်းတယ်။တာရှည်ခံဆေး၊ ဆိုးဆေးနဲ့ အနံ့အတုတွေ မပါဝင်ပါဘူး။ ကျန်းမာရေးအတွက် ကောင်းတယ်။ နှလုံးရောဂါ၊ ဆီးချိုနဲ့ အဝလွန်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
သွေးထဲကို သကြားဓာတ်ဆောင့် မဝင်စေနဲ့
သဘာဝအတိုင်းရတဲ့ အစားအသောက် (Whole Foods) တွေက ဘာလို့ကျန်းမာရေးအတွက် ပိုကောင်းတာလဲဆိုရင်… သူတို့ထဲမှာပါတဲ့ အာဟာရဓာတ်တွေက သွေးထဲ သကြားဓာတ် ရုတ်တရက် ဆောင့်တက်မသွားအောင် ထိန်းပေးနိုင်လို့ပဲ။
အမျှင်ဓာတ် (Fiber)က သကြားဓာတ်တွေကို သွေးထဲ စိမ့်ဝင်မယ့်နှုန်းကို နှေးသွားအောင် လုပ်ပေးတယ်။ ဒါကြောင့် သွေးထဲမှာ သကြားဓာတ်က တစ်မုဟုတ်ချင်း တက်မသွားဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ပုံမှန်လေးပဲ ရနေစေတာပါ။ ပရိုတင်း (Protein) ကတော့ အစာအိမ်ထဲမှာ အစာခြေတဲ့နှုန်းကို မှန်အောင် ထိန်းပေးတယ်။ အစာခြေစနစ်ကို အေးအေးဆေးဆေး အလုပ်လုပ်စေတဲ့အတွက် သကြားဓာတ် စုပ်ယူမှုကလည်း ပုံမှန်ပဲ ဖြစ်နေတော့တာပေါ့။
အကျိုးပြုအဆီ (Healthy Fat) ဓာတ်ကလည်း အစာခြေတဲ့နှုန်းကို နှေးစေတဲ့ (Slow down) အာနိသင် ရှိတယ်။ ဒါကြောင့် သကြားဓာတ် စုပ်ယူမှုကို တားပေးသလို ဖြစ်သွားပြီး သွေးထဲ သကြားတက်မယ့်နှုန်းကို လျှော့ချပေးပါတယ်။ အင်ဆူလင် (Insulin) တွေလည်း အလုပ်အများကြီး မလုပ်ရတော့ဘူးပေါ့။
Whole Foods တွေမှာက အာဟာရဓာတ်တွေ အစုံအလင် ပါပြီးသားမို့လို့ သကြားဓာတ်ကို ခန္ဓာကိုယ်က အန္တရာယ်မဖြစ်အောင် ဖြည်းဖြည်းချင်းပဲ စုပ်ယူသွားတာပါ။ ဒါကြောင့် သဘာဝအတိုင်း စားတာက ကျန်းမာရေးအတွက် အကောင်းဆုံးပဲပေါ့။
ခရစ္စမတ် လက်ဆောင်ခြင်းနဲ့ ကျန်းမာရေး သတိပြုစရာ
ခရစ္စမတ်လက်ဆောင်ခြင်းထဲမှာ ပါတဲ့မုန့်တွေက သစ်သီးခြင်း မဟုတ်ဘူးဆိုရင်တော့ ဘယ်မုန့်က ပိုကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပြီး ငြင်းခုံနေလို့ မရပါဘူး။ အချိုဓာတ် ပါဝင်မှု အရတော့ အကုန်လုံးက အတူတူပါပဲ။
ဒါပေမဲ့ အချိုစားတဲ့အခါ ပါးပါးနပ်နပ် စားလို့ရတဲ့ နည်းလမ်းလေးတွေ တော့ ရှိပါတယ်။ ဥပမာ – အချိုကို ဖြည်းဖြည်းချင်းပဲ စားပါ။ တစ်ခါတည်း အများကြီး မစားပါနဲ့။ အချိုရည်သောက်မယ့်အစား ကိတ်မုန့် လိုမျိုးကိုပဲ ရွေးစားပါ။
အကောင်းဆုံးကတော့ အဲဒီကိတ်မုန့်ထဲမှာ သစ်စေ့ (Nuts) တွေ အများကြီး ပါတာမျိုးကို ရွေးစားတာ ပိုကောင်းပါတယ်။ (အဆီနဲ့ ပရိုတင်းက သကြားစုပ်ယူမှုကို နှေးစေလို့ပါ)။
အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်ကူးအားလပ်ရက်တွေမှာ ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက် ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ!
SOURCE:
1. Well informed, Are some types of sugar healthier than others? The Economist magazine, December 18th 2025
2. Antioxidants Explained in Simple Terms, Healthline


