၁၉၉၇ ခုနှစ်တွင် အာရှ၏ ဘဏ္ဍာရေး အကျပ်အတည်းကြီး အင်ဒိုနီးရှားကို ရိုက်ခတ်လာသောအခါ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အင်ဒိုနီးရှားကို ဘဏ္ဍာရေး အကူအညီ ထုတ်ပေးခဲ့သည်။ ထို IMF ထုတ်ချေးငွေကြောင့် အင်ဒိုနီးရှား ငွေကြေးအကျပ်အတည်းမှ လျင်မြန်စွာ ကျော်လွှားနိုင်ခဲ့သည်။ တကယ်တော့လည်း အင်ဒိုနီးရှားကို ၁၉၆၇ ကတည်းက အုပ်ချုပ်လာခဲ့သော အာဏာရှင် ဆူဟာတိုသည် နိုင်ငံစီးပွားရေးကို စီမံလုပ်ဆောင်ရန် အရည်အချင်း ပြည့်ဝသော အမေရိကန် တက္ကသိုလ်ကျောင်းထွက် ပညာရှင်များကို ခန့်ထား၍ ၎င်းတို့၏ အကြံဉာဏ်အတိုင်း ဆောင်ရွက်ခဲ့ရာ အင်ဒိုနီးရှားသည် အနှစ် ၃၀ အတွင်း လျင်မြန်စွာ တောက်လျှောက် စီးပွားရေး တိုးတက် ဖွံ့ဖြိုး လာခဲ့သည်။

ထိုနှစ်ပေါင်း ၃၀ ကျော် ကာလအတွင်း အာဏာရှင် ဆူဟာတို၊ သူ့မိသားစုများနှင့် ၎င်းတို့၏ ခရိုနီ အုပ်စုများသည် နိုင်ငံစီးပွားရေး၊ ငွေရေးကြေးရေး၊ အစိုးရနှင့် စစ်တပ်တို့တွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် ခြယ်လှယ်လာခဲ့ကြရာ အလွန်ချမ်းသာ ကြွယ်ဝ လာခဲ့ကြသည်။ အာရှ ငွေကြေး အကျပ်အတည်းကြောင့် ၎င်းတို့ အုပ်စုသည် နိုင်ငံ၏ ဘဏ္ဍာရေးစနစ် တစ်ခုလုံးအပေါ် မည်မျှအလွဲသုံးစား လုပ်ခဲ့ကြသည် ဆိုသည်မှာ ဘူးပေါ်သလို ပေါ်လာခဲ့သည်။ IMF က ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တောင်းပန်ခဲ့သော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အကျင့်ပျက် ခြစားမှုကို နှိမ်နင်းရန် ငြင်းပယ်ခဲ့ကြသည်။ တစ်ချိန်က အားကောင်းခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုသည် ၁၉၉၈ ခုနှစ်တွင် လုံးဝပြိုလဲသွားတော့သည်။ ဆယ်စုနှစ် သုံး ခုတိုင် ဆက်တိုက် တိုးတက်လာခဲ့သော အင်ဒိုနီးရှား စီးပွားရေး ဖွံ့ဖြိုးမှုမှာ နောက်ကြောင်းပြန်လှည့်သွားပြီး ၃၆ သန်းသော အင်ဒိုနီးရှား ပြည်သူများမှာ ဆင်းရဲမွဲတေမှု အဆင့်သို့ လျှောကျရောက်ရှိသွားကြသည်။ လူထုဆူပူ အုံကြွမှု၊ မတည်ငြိမ်မှုနှင့် သွေးမြေကျမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက် သမ္မတ ဆူဟာတိုလည်း ရာထူးမှ ဆင်းပေးခဲ့ရသည်။
ဆူဟာတိုခေတ် ကုန်ဆုံးသွားပြီးနောက် လက်ရှိကာလသည် အင်ဒိုနီးရှားတွင် ယေဘုယျအားဖြင့် ပျော်ရွှင်ဖွယ် ကောင်းသော အင်ဒိုနီးရှားအခေါ် Reformasi ဒီမိုကရေစီ စနစ်သို့ စပ်ကူးမပ်ကူး ကာလဖြစ်သည်။ ဒီလို အချိန်မျိုးတွင် လက်ရှိသမ္မတ ပရာဘိုရို ဆူဘီယန်တို Prabowo Subianto က အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ ကျေးဇူးကို ချီးမြှောက်ကာ နိုင်ငံသူရဲကောင်း အာဇာနည်အုပ်စု တွင် တစ်ဦးအပါအဝင်အဖြစ် ထည့်သွင်းဂုဏ်ပြုခဲ့သည်မှာ သတိထားဖို့ ကောင်းသလို စိုးရိမ်ဖွယ်လည်း ကောင်းနေလေသည်။
ဤသည်မှာ မျှော်လင့်မထားသော လုပ်ရပ်တစ်ခုတော့ မဟုတ်ချေ။ သမ္မတ ပရာဘိုဝို သည် ဆူဟာတို၏ အထူးတပ်ဖွဲ့တွင် တပ်မှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ တကယ်တော့ သူသည် ဆူဟာတို၏ သမီးနှင့်ပင် လက်ထပ်ခဲ့သူ ဖြစ်သည်။
သို့သော် သမ္မတ ပရာဘိုဝို ၏ လှုပ်ရှားမှုသည် ဆူဟာတို ခေတ်၏ အနိဋ္ဌာရုံများကို ဖုံးကွယ်ရန် ကြိုးပမ်းရုံ သက်သက်မျှ မကတော့ပေ။ ကွယ်လွန်သူ အာဏာရှင်ဟောင်း သမ္မတ ဆူဟာတိုကို ချီးကျူး ဂုဏ်ပြုသည့် တစ်နေ့တည်းမှာပင် အာဏာရှင်၏ အတိုက်အခံ အချို့ကိုလည်း နိုင်ငံ့ဂုဏ်ဆောင် သူရဲကောင်း စာရင်းတွင် ထည့်သွင်းဂုဏ်ပြုခဲ့သည်။ ထိုသူများထဲမှ တစ်ဦးမှာ အာဏာရှင် အစိုးရအား ဆန့်ကျင်ရေးတွင် ဦးဆောင်ခဲ့သူ အဗ္ဗဒူရာမန် ဝါဟစ် (Abdurrahman Wahid) သို့မဟုတ် Gus Dur ဖြစ်သည်။ ဝါဟစ် သည် အစ္စလမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မျက်မမြင်နီးပါး အမြင်အာရုံ ချို့တဲ့နေသူ ဖြစ်သည်။ ဆူဟာတို ခေတ်လွန်ကာလတွင် ကျင်းပပြုလုပ်ခဲ့သော လွတ်လပ်သည့် ရွေးကောက်ပွဲများတွင် သမ္မတအဖြစ် ပထမဆုံး ရွေးကောက် တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။ နောက်တစ်ဦးမှာ မာဆီနာ Masinah ဆိုသူ အလုပ်သမား ခေါင်းဆောင် အမျိုးသမီး ဖြစ်ကာ ၁၉၉၃ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံရပြီး သူမ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခဲ့ကြသည်။ ထိုသို့ သတ်ဖြတ်ခဲ့သော မည်သည့် စစ်သားမျှ အရေးယူ အပြစ်ပေးခြင်း မခံခဲ့ကြရပေ။ ဂျကာတာ မြို့တော်တွင် ပြုလုပ်ခဲ့သော ဂုဏ်ပြုပွဲ အခမ်းအနားတွင် Gus Dur နှင့် မာဆီနာ တို့၏ ဓာတ်ပုံကြီးများ ရှေ့မှောက်၌ သမ္မတ ပရာဘိုဝို က သူတို့၏ ဆွေမျိုးရင်းချာများကို သူရဲကောင်း ဂုဏ်ပြု ဆုတံဆိပ်များ ချီးမြှင့်ခဲ့လေသည်။

အင်ဒိုနီးရှား၏ သမိုင်းကို အားလုံး ပါဝင်စေသော သမ္မတသစ် ပရာဘိုဝို၏ ချဉ်းကပ်မှု နောက်ကွယ်တွင် ပြန်လည် ရင်ကြားစေ့ရေး စိတ်စေတနာ ပါရှိနေသည်ဟု ပရာဘိုဝို ထောက်ခံသူများက ထောက်ပြကြသည်။
ကွယ်လွန်သွားပြီ ဖြစ်သော သူ့ယောက္ခမဖြစ်သူ အာဏာရှင်၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်လိုခြင်းဟုလည်း ဆိုနိုင်ပေသည်။ သို့နှင့်တိုင် ဆူဟာတို၏ အတိုက်အခံများကို တစ်ပြိုင်နက်တည်း အတူ ဂုဏ်ပြုလိုက်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ဖြစ်စေနိုင်ပေသည်။ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သူများနှင့် ဒီမိုကရေစီကို ဖိနှိပ်သူများ နှစ်ဦးစလုံးကို ဂုဏ်ပြုလိုက်ခြင်းဖြင့် အင်ဒိုနီးရှား သမိုင်းကို ချေဖျက်လိုက်ရာ ကျပေသည်။ သမ္မတ ပရာဘိုဝို ရှုမြင်စေလိုသော အင်ဒိုနီးရှား၏ ၂၀ ရာစု နိုင်ငံရေး မြေမျက်နှာပြင်တွင် ကိုယ်ကျင့်သိက္ခာအရ ပေါ်လွင်ထင်ရှားသူဟူ၍ မရှိ၊ ကုသိုလ်၊ အကုသိုလ် လုပ်ဆောင်ခဲ့ကြသူ အားလုံးကို အတူတူ တစ်ပြေးညီ ဂုဏ်ပြုထားလေသည်။
သမိုင်းကို ချေဖျက်ထားသော ပုံစံဖြင့် ပြောဆိုတင်ပြခြင်းသည် ပရာဘိုဝို အတွက် အကျိုးရှိစေသည်။ ဆူဟာတိုခေတ် က သူ၏ ဘဝလုပ်ငန်းတွင် မမှန်မကန် မတော် မတရား ကျူးလွန်လုပ်ဆောင်မှုများ ရှိခဲ့သည်။
ဆူဟာတို အုပ်ချုပ်မှု နောက်ဆုံးလများအတွင်း ဆူဟာတို မိသားစု၏ လောဘဇောတိုက်မှုကို ဒေါသထွက် မကျေမနပ် ဖြစ်နေကြသော ထောင်ပေါင်းများစွာသော ကျောင်းသားများ လမ်းမပေါ် ထွက်လာကြစဉ် ပရာဘိုဝို၏ စစ်တပ်က အကြမ်းဖက် နှိမ်နင်းသဖြင့် ကျောင်းသားခေါင်းဆောင် ကိုးဦးထက်မနည်း ဖမ်းဆီးနှိပ်စက် ခံရပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြသည်။ နောက်ပိုင်းတွင် ပရာဘိုဝိုက သူတို့ကို ဖမ်းဆီးရန် သူအမိန့်ပေးကြောင်း ဝန်ခံခဲ့သော်လည်း သူတို့မှာ အန္တရာယ် ကင်းရှင်းလျက် ရှိကြောင်း ပြောဆိုခဲ့သည်။ သူ၏ ရှေ့နေများကတော့ သူတို့အထဲမှ နှစ်ယောက်မှာ ယခု ပရာဘိုဝို အစိုးရအဖွဲ့တွင် ဒုဝန်ကြီးများ အဖြစ်ပင် ပါဝင် အမှုထမ်း နေကြပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သီးခြားဖြစ်စဉ် တစ်ခုတွင် တက်ကြွလှုပ်ရှားသူ ကျောင်းသား ၁၃ ဦးတို့မှာ ပျောက်ကွယ် သွားခဲ့ကြပြီး သူတို့အကြောင်း ဘာမှ မကြားမသိရတော့ပေ။ ပရာဘိုဝိုကတော့ ဒီကိစ္စများနှင့် ပတ်သက်ပြီး သူဘာမှ မသိခဲ့ရကြောင်း ပြောခဲ့သည်။ သို့သော် သူသမ္မတ ကျမ်းသစ္စာ ကြိမ်ဆိုမှု မတိုင်မီ သူ၏ ပါတီဝင်များသည် ထိုကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များထံ တိတ်တဆိတ် သွားရောက်ပြီး နှုတ်ပိတ်ခ တစ်ဦးလျှင် ဒေါ်လာ ၆၀,၀၀၀ စီ ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။ သို့သော် ကျောင်းသားများအား သတ်ဖြတ်ခဲ့ကြသော တာဝန်ရှိသူများ ကတော့ ဘာမှ အပြစ်ပေး မခံခဲ့ကြရပေ။
ဆူဟာတို အတွက်တော့ ၁၉၆၅-၆၆ သူ၏ အုပ်ချုပ်မှု အစဦးကာလက သူကျူးလွန်ခဲ့သော ပြစ်မှုများ အတွက်ပင် မည်သည့် အခါကမှ ဖြေကြားခဲ့ရခြင်း မရှိပေ။ သူအာဏာရရေး လမ်းကြောင်းပေါ်တွင် ကွန်မြူနစ် ထောက်ခံသူများဟု ယူဆရသူ သိန်းနှင့်ချီ၍ သတ်ဖြတ်ခဲ့သည်။ ထိုအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဆူဟာတို ၏ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များထဲမှ တစ်ဦးအပါအဝင် ဖြစ်သော ဆာဝို အက်ဟီး ဝီဘိုဝို Sarwo Edhie Wibowo သည်လည်း ယခုလပိုင်းတွင် ပြုလုပ်ကျင်းပသော ဂုဏ်ပြုပွဲတွင် ဂုဏ်ပြုခံ နိုင်ငံ့သူရဲကောင်း တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
သမ္မတသစ်၏ ဤလုပ်ဆောင်လာမှုများနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံး ကိစ္စမှာ သူ၏ လုပ်ဆောင်မှုများမှာ အတိတ်က ဖြစ်ရပ်များနှင့် ပတ်သက်၍ သက်သက်သာ မဟုတ်တော့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား ရှိ နိုင်ငံရေး ပါတီများ အားလုံး ပါဝင်သော ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကို သမ္မတသစ်က လှုံ့ဆော်လာသည်။ ထိုသို့ဖွဲ့နိုင်ရန် တရားဝင် အကျပ်ကိုင်မှုကိုလည်း ပြုလုပ်ရန် ဆန္ဒရှိကြောင်းလည်း သမ္မတက ပြောသည်။ သူ၏ ညွန့်ပေါင်းအစိုးရတွင် နိုင်ငံရေးပါတီများ အားလုံးမှ ပါဝင်ရမည်။ သို့သော် တာဝန်ယူမှု တာဝန်ခံမှုတော့ ရရှိမည် မဟုတ်ချေ။ ဒီလို ညွန့်ပေါင်းအစိုးရကို အမြဲတမ်း ဖြစ်သွားအောင်လည်း သမ္မတ ပရာဘိုဝိုက လုပ်ကောင်းလုပ်နိုင်သည်။
ဤသို့ဆိုလျှင် သမ္မတ ဆူဟာတို လက်ထက်တုန်းကလို တစ်ပါတီ အာဏာရှင်စနစ်ဆီ နောက်ကြောင်းပြန်သွားခြင်း ဖြစ်တော့မည်။ အာဏာရှင် သမ္မတဟောင်း ဆူဟာတိုကို ပြန်လည်သိက္ခာတင်နေသော သမ္မတ ပရာဘိုဝို၏ လုပ်ရပ်များ သည် အတိတ်အပေါ် သူ၏ သဘောထားကို ဖော်ပြနေသကဲ့သို့ပင် သူ၏ အနာဂတ် အကြံအစည်များကိုလည်း ထုတ်ဖော်ပြသနေသကဲ့သို့ပင် ရှိချေပြီ။
ကိုးကား – To glimpse Indonesia’s future, look to its president view of the past, The Economist Nov 2025


