The Corner

The Corner

cropped-Logo_round_grey-background.png

အဲလ်ဖရက်နိုဘယ်ရဲ့ဒုတိယအမှား

Share မယ်

တလောက နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချက်ဖိုင်းမင် (Richard Feynman) ၏ “Surely You’re Joking, Mr. Feynman!” (ဧပြီ၊ ၁၉၈၉။ Bantam trade edition) ဖတ်ရသည်။ မြန်မာပြည်မှာ ဆရာကိုတာကြောင့် လူသိများလာတဲ့ ရူပဗေဒပညာရှင်။ ယင်းစာအုပ်ထဲမှ Alfred Nobel’s Other Mistake ဆိုသည့်အခန်းကို ကောက်နုတ်ပြန်ဆိုပါသည်။

(၁)

ကျွန်တော့်သူငယ်ချင်း မက်ဆင်းစ်က “အဲလ်ဖရက်နိုဘယ်၏ ဒုတိယအမှား” ဟု အမည်ပေးထားသည့် စာအုပ်တစ်အုပ်ရေးဖို့ တစ်ချိန်က ကြံစည်ခဲ့ဖူးသည်။

နိုဘယ်ဆု ကြေညာသည့် ရာသီရောက်လာတိုင်း ဘယ်သူများရလေမလဲဟု နှစ်အတော်ကြာကြာ ကျွန်တော် စောင့်ကြည့် ခဲ့ဖူးသည်။ အဲသည်နောက်ပိုင်း နိုဘယ်ရာသီ ရောက်ပြီ၊ မရောက်ပြီ ကျွန်တော်အာရုံမထားမိတော့ပြီ။ ထို့ကြောင့် တစ်မနက်ခင်း စောစောစီးစီး ၃ နာရီခွဲ ၄ နာရီလောက် ဖုန်းမြည်လာတော့ ဘယ်သူဘာကြောင့်ခေါ်မှန်း ကျွန်တော်တွက်ဆ၍မရ။

“ပါမောက္ခဖိုင်းမင်ပါလားခင်ဗျာ”

“ဟေ့ – ဒီလိုအချိန်ကြီး ကျုပ်ကို ဘာ့ကြောင့်နှောင့်ယှက်ရတာတုံး”

“ခင်ဗျား နိုဘယ်ဆုရတဲ့ သတင်း သိချင်မယ် ထင်လို့ပါခင်ဗျ”

“အင်း။ ဒါပေမဲ့ ကျုပ်က အိပ်နေတာဗျ။ မနက်လင်းမှ ပြောရင်ပိုကောင်းတာပေါ့” ဟုပြောပြီး ကျွန်တော်ဖုန်းချလိုက်သည်။

ကျွန်တော့်မိန်းမကမေးသည်။ “ဘယ်သူ့ဆီကဖုန်းလဲ”

“သူတို့ကပြောတယ် ငါ နိုဘယ်ဆုရတယ်တဲ့”

“အိုး ရစ်ချက်။ ဘယ်သူ့ဆီကဖုန်းတုံး”

ကျွန်တော်က မိန်းမကို မကြာခဏနောက်ပြောင်ပြောလေ့ရှိသည်။ သို့သော်လည်း သူမက အလွန် ပါးနပ်သည့်အတွက် ကျွန်တော့်အကွက်ထဲ မိလေ့မရှိ။ ဒီတစ်ချီတော့ သူအမိခံလိုက်ရပြီ။

ဖုန်း ထပ်မြည်ပြန်သည်။

“ပါမောက္ခဖိုင်းမင်။ ခင်ဗျား သိပြီးပြီ . . .  “

(စိတ်ပျက်လက်ပျက်အသံ) “အင်း”

ဒီ့နောက် ကျွန်တော်စဉ်းစားရပြီ။ “ဒါတွေ အားလုံး ငါဘယ်လိုတားဆီးရမလဲ။ ဒါတွေ ဘာတစ်ခုမှ ငါမလိုချင်ဘူး”။ ဒီတော့ ပထမဦးဆုံး တယ်လီဖုန်းကို (သူ့နေရာ ပြန်မတင်ဘဲ) ဘေးချထားလိုက်သည်။ နို့မို့ဆိုရင် ခေါ်သံတွေက ဆက်တိုက်လာနေတာ။ ပြန်အိပ်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ပြန်အိပ်၍ မရတော့ပြီ။

အောက်ထပ်ဆင်း၊ စာကြည့်ခန်းထဲသွား။ ထိုင်တွေး။ ငါဘာလုပ်ရမလဲ။ ဒီဆုကြီးကို လက်မခံဘဲနေရင်ကော။ ဒီလိုဆို ဘာဖြစ်လာမလဲ။ ဒီလိုလုပ်လို့ကလည်း ဖြစ်မယ်မထင်ဘူး။

ကျွန်တော်ဖုန်းကို သူ့နေရာပြန်တင်လိုက်သည်။ ဖုန်းကချက်ချင်းမြည်လာသည်။ ဒီတစ်ခါတော့

“တိုင်းမဂ္ဂဇင်း”ကလူ။ ကျွန်တော်က “ကျွန်တော့် ပြဿနာလေး နားထောင်ပေးစမ်းပါဗျာ။ ဒီအကြောင်းတော့ ထည့်မရေးလိုက်ပါနဲ့။ ဒီအထဲက ဘယ်လိုရုန်းထွက်ရမှန်း ကျွန်တော်မသိဘူး။ ဒီဆုကြီးကို လက်မခံဘဲ နေလို့ရတဲ့ နည်းလမ်းလေး ဘာလေးရှိသလားဗျ” ဟုသူ့ကိုမေးလိုက်သည်။

သူကပြောသည်။

“ဆရာရေ။ ပြောရရင်တော့ မမြင်ဘူးဗျ။ ကိုယ်က ငြိမ်မနေဘဲ ဆုမယူဘူး၊ ဘာဘူးလုပ်ကာမှ ပြဿနာ ပိုလို့ရှုပ်ထွေးလာမှာ ကျွန်တော်စိတ်ပူတယ်ဗျ”

သူပြောတာရှင်းသည်။ သူနှင့် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်စကားပြောလိုက်ရသည်။ တိုင်းမဂ္ဂဇင်းက ဆရာလေး သူ့မဂ္ဂဇင်းမှာ ဒီအကြောင်းတစ်ခါမျှ ဖော်ပြခြင်းမပြုခဲ့။ သူ့ကို ကျေးဇူးအထူးတင်ကြောင်း ပြောပြီး ဖုန်းချလိုက်သည်။

ဖုန်းက ချက်ချင်းလို မြည်လာသည်။ ဒီတစ်ချီ သတင်းစာဆရာဆီက။

“ဟုတ်ကဲ့။ အိမ်လာတွေ့လို့ရပါတယ်။ ဟုတ်ကဲ့ အဆင်ပြေပါတယ်။ ဟုတ်၊ ဟုတ်၊ ဟုတ် . . . “

ဖုန်းတစ်ခုက ဆွီဒင်ကောင်စစ်ဝန်ဆီက။ သူက လော့စ်အိန်ဂျလစ်မှာ ဧည့်ခံပွဲ တစ်ခု လုပ်ပေးဖို့ကိစ္စတဲ့။ ဆုကိုလက်ခံဖို့ မိမိကဆုံးဖြတ်ထားပြီးဆိုမှတော့ ဒါတွေအားလုံးကို ဖြတ်သန်းရမယ်ဆိုတာ ကျွန်တော်တွက်ဆပြီးသား။

ကောင်စစ်ဝန်ကပြောသည်။

“ခင်ဗျားဖိတ်ချင်တဲ့ လူစာရင်း လုပ်ထားပါ။ ကျွန်တော်တို့ ဖိတ်မယ့် လူစာရင်း ကျွန်တော်တို့ လုပ်ထားမယ်။ ပြီးတော့မှ ခင်ဗျာ့ ရုံးခန်းလာပြီး စာရင်းနှစ်ခု တိုက်ကြည့်တာပေါ့။ တူနေ ထပ်နေတာ ရှိမရှိ ကြည့်မယ်လေ။ ပြီးတော့မှ ဖိတ်ကြတာပေါ့ . . .  “

ဒီတော့ ကျွန်တော့်စာရင်း ကျွန်တော်လုပ်သည်။ စာရင်းက လူ ၈ ယောက်သာ။ မျက်နှာချင်းဆိုင်က ကျွန်တော့် အိမ်နီးချင်း။ ကျွန်တော့် အနုပညာ မိတ်ဆွေ ဇော်သီယံ။ စသည် … စသည် …။ ကောင်စစ်ဝန်က ကျွန်တော့်ရုံးခန်းကို သူ့စာရင်းကိုင်၍လာသည်။ ကယ်လီဖိုးနီးယား ပြည်နယ် ဘုရင်ခံ။ ထိုလူကြီး။ ဤလူကြီး။ ရေနံ သူဌေး။ ရုပ်ရှင်မင်းသမီး ဘယ်သူဘယ်ဝါ။ သူ့စာရင်းက လူပေါင်းသုံးရာရှိ သဗျ။ ပြောစရာမလိုပေါင်ဗျာ။ သူ့စာရင်းကိုယ့်စာရင်း ထပ်တာတိုက်တာမရှိပါဘူး။

ကျွန်တော်နည်းနည်း စိတ်ပူလာသည်။ ဒီလို နာမည်ကြီးပုဂ္ဂိုလ်တွေနှင့် တွေ့ရမှာ ကျွန်တော် လန့်လာသည်။ ကျွန်တော်စိတ်ပူတာကို ကောင်စစ်ဝန်က မြင်သည်။ သူက “အို မပူစမ်းပါနဲ့ဗျာ။ အများစုက မလာကြပါဘူး” ဟုပြောသည်။ ကဲဗျာ။ လူတွေကိုဖိတ်ပြီး သူတို့တတွေ မလာပါဘူးရယ်လို့ သိထားတဲ့ (မျှော်လင့်ထားတဲ့) ပါတီပွဲမျိုး ကျွန်တော်တစ်ခါမှမလုပ်ဖူးဘူး။ လူတွေကို တိုးလျှိုး တာမျိုး၊ ဒါ့အပြင် သူတို့ငြင်းမယ်ဆိုတာသိနေတဲ့ကြားထဲဖိတ်ကြားစာပို့ပြီး သူတို့ကိုဂုဏ်ပြုတာမျိုး ကျွန်တော် မလုပ်နိုင်ဘူး။ ဒါ အတော်တုံးတဲ့ကိစ္စပဲ”

အိမ်ပြန်ရောက်သည့်အခါ ဤကိစ္စကြီးကို ကျွန်တော်အတော်မကျေမလည်ဖြစ်မိသည်။ ကျွန်တော်  ကောင်စစ်ဝန်ကို ဖုန်းပြန် ခေါ်သည်။

“ကျွန်တော် ဒီကိစ္စ ပြန်စဉ်းစား ကြည့်တယ်။ ဒီဧည့်ခံပွဲ မလုပ်ချင်တော့ဘူးဆိုတာ ကျွန်တော် ကိုယ့်ဘာသာသိလာတယ်”

ကောင်စစ်ဝန် ဝမ်းသာသွားသည်။ “ခင်ဗျားဆုံးဖြတ်တာ သိပ်မှန်တယ်” ဟုပြောသည်။ သူလည်းပဲ ကျွန်တော့်လိုပါပဲ။ ဒီအူကြောင်ကြောင်ကိစ္စကြီးလုပ်ရမှာ သူ့မှာလည်း တစ်ဒုက္ခ။ ပါတီပွဲဖျက်လိုက်ခြင်းအတွက် နောက်ဆုံး လူတိုင်း စိတ်သက်သာရာ ရသွားတာတွေ့ရသည်။ ဒီပါတီပွဲက ဘယ်သူမှမလာချင်တဲ့ပွဲ။ ဂုဏ်ပြုခံရတဲ့ ဧည့်သည်တော်တောင်မတက်ချင်တဲ့ပွဲ။ ဧည့်မခံရတော့မည့် အိမ်ရှင်ကတော့ ပို၍ ကံကောင်းသည်ဆိုရမည်။ 

(၂)

ဒီကာလကို ဖြတ်သန်းရတာ ကျွန်တော့်အတွက် တစ်ဒုက္ခ။ ကျွန်တော်က အဖေရဲ့သွန်သင်မှုအောက်မှာ ကြီးပြင်းခဲ့ရတာ။ အဖေက မင်းစိုးရာဇာတွေ၊ ဟန်ကြီးပန်ကြီးသမားတွေကို မုန်းသည်။ (သူက ယူနီဖောင်းချုပ်လုပ်/ဖြန့်ဖြူးတဲ့ စီးပွားရေးသမား။ လူတစ်ယောက် ယူနီဖောင်းဝတ် ဘဝနှင့် ယူနီဖောင်းချွတ်ဘဝ ကွာခြားချက်ကိုသိလူ။ တကယ်တော့ ဒီလူဒီလူပဲ။) ကျွန်တော့်ဘဝ တစ်လျှောက်လုံး ဒီလိုလူတွေကို ဟားဖို့ သင်ယူခဲ့တာ။ ဒီအယူအစွဲက ပြင်းထန်လွန်းလှသမို့ ကျွန်တော့်ရဲ့ စရိုက်တောင်    ဖြစ်နေပါပြီ။ ဒါ့ကြောင့် ဘုရင်တစ်ပါးပါး ရှေ့မှောက် စိတ်အကျဉ်းအကျပ်မှုမရှိ အခစားဝင်ဖို့ရာ ကျွန်တော့်အတွက် ခက်လှသည်။ ဒါ ကလေးဆန်တာပဲဆိုတာ ကျွန်တော်သိပါသည်။ သို့ပေမယ့်ကျွန်တော် က ဒီလိုကြီးပြင်းခဲ့တာ။ ဒါ့ကြောင့် ကျွန်တော့်အတွက် ဒီကိစ္စက ပြဿနာ။

လူတွေကပြောကြသည်။ ဆွီဒင်မှာဆုယူတဲ့အခါ စည်းကမ်းတစ်ခုရှိသတဲ့။ သင်ဆုယူပြီးသည့်အခါ ဘုရင့်ရှေ့မှောက်ကနေ လာလမ်းအတိုင်း နောက်ပြန်ဆုတ်သွားရသတဲ့။ သင့်ကိုယ်ကို မလှည့်ရပါတဲ့။ သင်လှေကားထစ်သုံးလေးထစ် ဆင်းလာ။ ဆုယူ။ လှေကားဆီနောက်ပြန်ဆုတ်။ သို့နှင့် “ရတယ်။ ဒီ ပြဿနာကို ကျွန်တော်ရှင်းမယ်”ဟု မိမိကိုယ်မိမိပြောမိသည်။ လှေကားကို နောက်ပြန်ခုန်တက်ဖို့  ကျွန်တော့်လေ့ကျင့်ခန်း ဝင်သည်။ သူတို့ နန်းဓလေ့ဆိုသဟာ ဘယ်လောက် ရယ်စရာ ကောင်းသလဲ ဆိုတာ ပြချင်လို့။ ကျွန်တော် စိတ်တွေတိုနေ စိတ်တွေ မွှန်ထူနေတဲ့ကာလပေါ့။ ဒီဓလေ့ကြီးက ကြောင်ပါ့။ အဓိပ္ပာယ်လည်းမရှိဘူး။ ဟုတ်တယ်နော်။

ဒီဓလေ့ကြီး အခုမကျင့်သုံးတော့ဘူးဆိုတာ ကျွန်တော်သိလာရသည်။ ဘုရင့်ရှေ့မှောက်ကနေ ထွက်လာပြီးတဲ့အခါ သင့်ကိုယ်သင် လှည့်နိုင်သတဲ့။ ပြီး သင်သွားလိုရာကို သာမန်လူလို နှာခေါင်းကို ရှေ့ တည့်တည့်ထားလျှောက်သွားနိုင်သတဲ့။

ဆွီဒင်က လူတွေ အားလုံးလိုလို ဒီရှေ့တော်ဝင် အခမ်းအနားကို အတော်ကြီး အလေးအနက်ထားမည်ဟု ခင်ဗျားတို့ ထင်ကောင်း ထင်ကြမည်။ တကယ်တော့ မဟုတ်ပေဘူးဗျ။ ဒီအတွက် ကျွန်တော် စိတ်သက်သာရာရမိ၊ ကျေနပ်မိသည်။ ဟိုရောက်တော့ သူတို့တစ်တွေ (ကိုယ်လိုလူတွေ) ခင်ဗျားဘက်မှာရှိတာ တွေ့လာရမည်။ ဥပမာတစ်ခုပြရလျှင် ကျောင်းသားတွေက နိုဘယ်ဆုရှင်တွေကို “မဏ္ဍူက ဘွဲ့ တံဆိပ်”အပ်နှင်းသည့် စပါယ်ရှယ် အခမ်းအနား တစ်ခု လုပ်ပေးသည်။ ကိုယ့်လက်ထဲ ဒီဖားကောင်လေးရလာလျှင် ဖားအော်သံလုပ်ပြရသည်။

ကျွန်တော် ငယ်ငယ်တုန်းက ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း။ သို့ပေမဲ့ အဖေက ကျွန်တော်တို့အနီး    အနားမှာစာအုပ်ကောင်းတွေ ချထားပေးသည်။ စာအုပ်တစ်အုပ်ထဲ ရှေးခေတ်ဟောင်း ဂရိပြဇာတ်တစ်ပုဒ်ဖြစ်တဲ့ “ဖားတွေ” ဆိုတာပါသည်။ တစ်ချိန်မှာ ကျွန်တော်အဲဒီစာအုပ် လှန်လှောကြည့်မိ သည်။ ပြဇာတ်ထဲ ဖားစကားပြောတာပါသည်။ “ဘရက်-ကက်-ကက်” ဟု အသံထွက်ကြောင်းရေး ထားသည်။ “ဘယ်ဖားမှ ဒီလိုအသံမထွက်ဘူး။ ဒီလို အသံမျိုး ရေးထားတာ ကြောင်လှချည့်” ဟုကျွန်တော်တွေးမိသည်။ သို့နှင့် ကျွန်တော် ဖားအော်သံကို တုကြည့်သည်။ မကြာခင် ဖားအော်သံနှင့် အတော်တူသော အသံရလာသည်။

အရစ္စတိုဖာနီးစ်၏ စာအုပ်ကို ကြုံတုန်းလှန်ကြည့်မိတာ နောင် ကျွန်တော့်အတွက်အသုံးတည့် သွားသည်။ နိုဘယ်ဆုရှင်တွေကို ကျောင်းသားတွေ ဂုဏ်ပြုတဲ့ပွဲမှာ ကျွန်တော် ဖားသံကောင်းကောင်း ထွက်အောင် လုပ်ပြနိုင်ခဲ့သည်။ ထို့ပြင် နောက်ပြန် ခုန်တတ်အောင် လေ့ကျင့်ထားတာ ဒီပွဲနှင့်အံကျဖြစ်သွားသည်။ ဒီပွဲမျိုး ကျွန်တော်ကြိုက်သည်။ အခမ်းအနား ချောချော မောမော ပြီးဆုံးသွားသည်။

(၃)

ပျော်စရာတွေကြုံတွေ့နေရသော်လည်း ဒါကြီးကို ဖြတ်သန်းရတာ ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုး   ဖြစ်နေဆဲပါပဲ။ ကျွန်တော့်အတွက် အခက်ခဲဆုံးပြဿနာက ဘုရင်တည်ခင်းတဲ့ ညစာစားပွဲမှာ ပြောရမည့်ကျေးဇူးတင်စကားဖြစ်သည်။ ကျွန်တော် ဆုယူသည့်အခါ ယခင်နှစ်များက ပေးခဲ့သော သပ်သပ်ရပ်ရပ်ချုပ်ထားသည့် စာအုပ်တွေပါ ရသည်။ ယင်းစာအုပ်များ၌ ကျေးဇူးတင် စကားတွေ အားလုံးကို တခုတ်တရထည့်ပေးထားသည်။ ဒီတော့ စဉ်းစားရပြီ။ ကိုယ့်မိန့်ခွန်းကို စက်တင်ပုံနှိပ်မှာဖြစ်  လေတော့ မိမိပြောမည့် အကြောင်းအရာ၏ အရေးပါပုံကို ထည့်စဉ်းစားရပြီ။ ကျွန်တော်မတွေးမိလိုက်တာက ဘယ်သူမှ ဒီမိန့်ခွန်းကို ဂရုတစိုက်နားထောင်မယ်မဟုတ်ဘူးဆိုတာ၊ ဘယ်သူမှ ဒီမိန့် ခွန်းကို ဖတ်မယ်မဟုတ်ဘူးဆိုတာပါပဲ။ ဘယ်ဟာ ဘယ်လောက်ပြောရမလဲ. .  ကျွန်တော် မသိတော့။ ကျေးဇူးတင်ပါတယ်. .  ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျ . .  ဆိုတာတွေ ကျွန်တော်အထပ်ထပ် မပြောလို။ ဒီလိုပြောရတာ လွယ်ပါ့။ သို့ပေမဲ့ ကျွန်တော်မပြောချင်။ ကျွန်တော့်မိန့်ခွန်းက ရိုးသားရမည်။ အမှန်တကယ်က ဒီဆုကိုကျွန်တော်မလိုချင်။ ကျွန်တော်မလိုချင်ဘဲရတဲ့ဟာကို ကျေးဇူးတင်ကြောင်း ဘယ်လိုပြောရမလဲ။

ဇနီးသည်ကပြောယူရသည်။ မိန့်ခွန်းထဲ ဘာတွေပြောရမလဲဆိုတာ တွေးပူနေလို့ ကျွန်တော်ကြောင်တောင်တောင်ဖြစ်သွားသတဲ့။ ဒီလိုနှင့် နောက်ဆုံး တော်တော်ကျေနပ်ဖွယ်ကောင်းသည့်မိန့်ခွန်းတစ်ခု၊ တစ်ချိန်တည်းမှာ လုံးဝ ရိုးသားဖြောင့်မတ်သည့် မိန့်ခွန်းတစ်ခု ကျွန်တော် ရေးလိုက်နိုင်သည်။ ကျွန်တော့်မိန့်ခွန်း နားထောင်သူတွေအနေနှင့် ဒီမိန့်ခွန်းကို ကျွန်တော်ဘယ်လောက် ပြင်ဆင်ခဲ့ရသည်ကို သိကြမည်မထင်။

ကျွန်တော်စပြောသည်။ ကျွန်တော် ဆုရပြီး ဖြစ်နေပါပြီ။ ကျွန်တော်တွေ့ရှိခဲ့တာ၊ ကျွန်တော့်တွေ့ရှိချက်ကို တခြားလူတွေ အသုံးချနေတာ၊ ဒါတွေကို သိလိုက်လို့ ရလာတဲ့ပီတိက ကျွန်တော့်အတွက် ဆုလာဘ်ပါပဲ။ ကျွန်တော် မျှော်လင့်ထားတာတွေ အားလုံး ကျွန်တော်ရပြီးပါပြီ။ ဒါနှင့်ယှဉ်လျှင် ကျန်တာတွေဘာမှအရေးမပါတော့ပါ။ ကျွန်တော် (ဒီဆုကြီးမရခင်ကတည်းက) ဆုရပြီးဖြစ်နေပါပြီ။

နိုဘယ်ဆုရှင် ရူပဗေဒပညာရှင် ရစ်ချက်ဖိုင်းမင်

ဒီ့နောက် ကျွန်တော်ဆက်ပြောသည်။ ကျွန်တော် တစ်ချိန်တည်းလိုလိုမှာ စာတွေတစ်ထွေးကြီးရလိုက်သည်။ (မိန့်ခွန်းထဲ ပြောတာက ဒီ့ထက်ပိုကောင်းသည်။) ကျွန်တော်သိတဲ့လူတွေကို ပြန်သတိရစေတဲ့ စာတွေ။ ငယ်သူငယ်ချင်းတွေ။ မနက်သတင်းစာ ဖတ်ပြီး “ဒီကောင် ငါသိတယ်။  ဒီကောင်က ငါတို့နဲ့ ကစားဖက်လေ”လို့ ဘာဘာညာညာ ထအော်တဲ့ကောင်တွေ။ ဒီလို လူတွေဆီက စာတွေ။ ကျွန်တော့်ကို အလွန်အထောက်အပံ့ပေးတဲ့စာတွေ။ ဒါချစ်ခြင်းမေတ္တာဖော်ပြခြင်းတစ်မျိုးပဲဟု ကျွန်တော်သဘော ထားသည်။ ဒီအတွက် သူတို့ကိုကျွန်တော်ကျေးဇူးတင်သည်။

မိန့်ခွန်းက အဆင်ပြေသည်။ သို့ပေမဲ့ မင်းစိုးရာဇာတွေနှင့် ပတ်သက်လာလျှင် ကျွန်တော်အမြဲပဲ ကသိကအောက်ဖြစ်ရသည်။ ဘုရင့်ညစာစားပွဲမှာ အမေရိကန်ကောလိပ်တစ်ခု၌ ပညာသင်ဖူးသည့် မင်းသမီးတစ်ပါးဘေးမှာထိုင်ရသည်။ (အမေရိကန်မှာ နေဖူးတော့) သူ့အမြင် ကိုယ့်အမြင်တူမှာပဲဟု ကျွန်တော် လွဲမှားစွာ ယူဆမိသည်။ သူ့ကို သူလိုကိုယ်လို ကလေး တစ်ယောက်ပဲ ဟုမြင်သည်။ ဘုရင်နှင့် မင်းစိုးရာဇာတွေ ညစာစားပွဲမတိုင်မီ ဧည့်သည်တော်တွေကို လက်ဆွဲနှုတ်ဆက်ရင်း အချိန်အကြာကြီး မတ်တတ်ရပ်ရတဲ့ အကြောင်း သူ့ကိုပြောမိသည်။ “အမေရိကန်မှာ ဆိုရင် ဒီကိစ္စကို ဒီ့ထက်ဒီ အချိန်သက်သာ၊ လူသက်သာ ဖြစ်အောင်လုပ်လို့ရတယ်။ လူတွေကို လက်ဆွဲနှုတ်ဆက်တဲ့ စက်တစ် လုံးထွင်လိုက်ရုံပဲ” ဟုကျွန်တော်ကပြောသည်။

“ဟုတ်ပါရဲ့။ ဒါပေမယ့် ဒီမှာတော့ ဒီစက်မျိုးအတွက် ဈေးကွက်ရှိမယ်မဟုတ်ဘူး။ ဒီမှာ မင်းစိုးရာဇာက ဒီလောက်မှမများတာ” ဟု သူမက မသက်မသာပြန်ပြောသည်။

“မဟုတ်ဘူးဗျ။ ဒီမှာ ဈေးကွက်ကြီးကြီးရှိနိုင်တယ်။ ပထမတော့ ဘုရင်တစ်ပါးပဲ ဒီစက်ရှိမှာ။ ကျွန်တော်တို့က သူ့ကို လက်ဆောင်ပေးမှာပါ။ နောက်တော့ တခြားလူတွေလည်း ဒီလိုစက်မျိုး လိုချင်လာမှာပဲ။ ဒီနေရာမှာ ပြဿနာက ဘယ်သူ့ကို ဒီစက်မျိုး ပိုင်ဆိုင်ခွင့်ပေးမလဲဆိုတာပဲ။ ဝန်ကြီးချုပ်ကို တစ်လုံးဗျာ။ ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ တစ်လုံးဗျာ။ နောက်တော့ သူတို့အောက် အရေးပါတဲ့ပုဂ္ဂိုလ် တွေဗျာ။ ဒီလိုနဲ့ ကြီးထွားလာမယ့် ဈေးကွက်ကြီးဗျ။ သိပ်မကြာခင်မှာပဲ ခင်ဗျားတို့ ကျွန်တော်တို့ စက်တွေနဲ့လက်ဆွဲနှုတ်ဆက်ဖို့ တန်းစီစရာမလိုတော့ဘူး။ ကိုယ်က ကိုယ့်စက်ကို သူတို့ဆီပို့လိုက်ရုံပဲ”

(၄)

ညစာစားပွဲ ကျင်းပရေး ကော်မတီ တာဝန်ခံ အမျိုးသမီးနှင့် ကျွန်တော်ကပ်ထိုင်ရသည်။ စားပွဲထိုး အမျိုးသမီး တစ်ယောက်လာပြီး ကျွန်တော့်ဝိုင်ခွက်ကို ဖြည့်သည်။ “ကျေးဇူးပါခင်ဗျာ။ မထည့်ပါနဲ့။ ကျွန်တော်မသောက်ပါဘူး” ဟုပြောလိုက်သည်။

တာဝန်ခံအမျိုးသမီးက “မတားပါနဲ့။ ထည့်ပါစေ” ဟုပြောသည်။

“ကျွန်တော်မှ မသောက်တာ”

သူမကပြောသည်။ “ရပါတယ်ရှင်။ ကြည့်လိုက်လေ။ တွေ့တယ်မဟုတ်လား။ သူက ပုလင်းနှစ်လုံးကိုင်ထားတာ။ နံပါတ် ၈၈ ကအရက်မသောက်ဘူးဆိုတာ ကျွန်မတို့သိတယ်။ (နံပါတ် ၈၈ က ကျွန်တော့်  ထိုင်ခုံနောက်ကပ်ထားတဲ့နံပါတ်) ပုလင်းနှစ်လုံးက ကြည့်လိုက်ရင်တစ်ပုံတည်းပဲ။ ဒါပေမယ့်တစ်လုံးမှာ အရက်မပါဘူး”

“ဘယ်ပုလင်းဆိုတာ ခင်ဗျားဘယ်လိုသိလဲ” ဟုအလန့်တကြားမေးမိသည်။

သူမကပြုံးသည်။ “ဘုရင်ကြီးကို ကြည့်လိုက်လေ။ သူ ဘာတစ်ခုမှမသောက်ဘူး” ဟုသူမကပြော သည်။

ဒီနှစ် ကြုံရဆုံရသည့် ပြဿနာတချို့အကြောင်း သူမကပြောပြသည်။ ပြဿနာတစ်ခုက ရုရှားသံ အမတ်ကြီး ဘယ်နေရာ ထိုင်ရမလဲ။ ဒီလိုညစာစားပွဲတွေမှာ အမြဲကြုံရတဲ့ပြဿနာက ဘုရင်ကြီးနှင့်အနီးဆုံးဘယ်သူတွေထိုင်ရမလဲ။ နိုဘယ်ဆုရှင်တွေက သံတမန်တွေထက် ဘုရင်နှင့်ပိုနီးနီးထိုင်ရ သည်။ သံအမတ်တွေထိုင်ရသည့်အစီအစဉ်က ဆွီဒင်မှာ ဒီသံအမတ် ဘယ်လောက် ကြာကြာ နေပြီးပြီလဲဆိုတဲ့ ဝါစဉ်နှင့်ဖြတ်ရသည်။ ယင်းအချိန် အမေရိကန်သံအမတ်က ရုရှားသံအမတ်ထက် ဆွီဒင်မှာ ပို၍ အနေကြာသည်။ သို့သော်ထိုနှစ် စာပေနိုဘယ်ဆုရှင်က ရုရှားစာရေးဆရာကြီး မစ္စတာရှိုးလိုခေ့ါဗ်ဖြစ်ပြီး ရုရှား သံအမတ်ကြီးက ရှိုးလိုခေါ့ဗ်၏ စကားပြန်အဖြစ် ဆောင်ရွက်လိုသည်။ သို့အတွက် သူက စာရေးဆရာကြီးနှင့်ကပ်ထိုင်ချင်သည်။ ပြဿနာက အမေရိကန် သံအမတ်ကြီးနှင့်ကျန် သံကြီးတမန်ကြီးတွေအားလုံး စိတ်ကသိကအောက်မဖြစ်စေဘဲ ရုရှား သံအမတ်ကြီးကို ဘုရင်နှင့်ပို၍ နီးနီးကပ်ကပ် ထိုင်နိုင်အောင် ဘယ်လိုလုပ်ရပါ့မလဲ။

“သံအမတ်ကြီးကို မစ္စတာရှိုးလိုခေါ့ဗ်ဘေးထိုင်ခွင့်ပြုတဲ့စာ ကျွန်မလက်ထဲ မရောက်မချင်း သူတို့ ဘယ်လောက် အလုပ်ရှုပ်သွားသလဲ ဆိုတာ ရှင်တို့ မြင်စေ့ ချင်တယ်။ စာတွေ ဖုန်းတွေ အပြန်ပြန် အလှန်လှန်ပို့ကြ ဆက်ကြတာ။ နောက်ဆုံးတော့ သဘောတူညီချက်ရတယ်။ အဲဒီညနေ သံအမတ်ကြီးက ရုရှားသံရုံးကို ကိုယ်စားပြုတဲ့အနေနဲ့ တက်ရောက်တာ မဟုတ်ဘူး။ မစ္စတာရှိုးလိုခေါ့ဗ်ရဲ့စကားပြန်အဖြစ် တက်ရောက်ခြင်းသာဖြစ်တယ်ပေါ့ရှင်” ဟုသူမကပြောသည်။

ညစာစားပြီး ကျွန်တော်တို့နောက်တစ်ခန်းကူးသည်။ လူစုံ စကားစုံပြောနေလိုက်ကြတာ။ ဒိန်းမတ် မင်းသမီးတစ်ပါးက စားပွဲတစ်လုံးမှာ ထိုင်နေသည်။ သူ့အနား လူတချို့ဝိုင်းနေသည်။ ထိုဝိုင်းမှာ ခုံ တစ်ခုံလွတ်နေ၍ ကျွန်တော်ဝင်ထိုင်လိုက်သည်။

သူမက ကျွန်တော့်ဘက်လှည့်ပြီး “ဪ ရှင်က နိုဘယ်ဆုရှင်တစ်ဦးပဲ။ ရှင့်ဘာသာရပ်က ဘာလဲ” ဟုမေးသည်။

“ရူပဗေဒပါ” ဟု ကျွန်တော်ကဖြေသည်။

“ဟုတ်လား။ ဪ ဒီဘာသာရပ်အကြောင်း ဘယ်သူမှသိပ်မသိကြဘူး။ ကျွန်မတို့ ရူပဗေဒ အကြောင်းပြောလို့မဖြစ်ဘူး ထင်တယ်”

“မဟုတ်သေးဘူးခင်ဗျ။ ရူပဗေဒအကြောင်း တစ်ယောက်ယောက်က အထိုက်အလျောက်သိနေမှ ဒီအကြောင်းက ပြောလို့မဖြစ်မှာဗျ။ (စကားဝိုင်းထဲကလူတွေက ရူပဗေဒအကြောင်း တစ်ယောက်မှမသိလေ၊ စကားဝိုင်းကဖြစ်လေ။ ရူပဗေဒသိတဲ့လူ ပါတာနဲ့ စကားဝိုင်းကပျက်ပြီ။ အခုဟာက သူကရူပဗေဒပညာရှင်လေ။ ဒါ့ကြောင့်စကားဝိုင်းက မဖြစ်သင့်တာ။ ဖိုင်းမင်ရဲ့ ရွဲ့တဲ့တဲ့ လောဂျစ်ကို မင်းသမီးလေးခမျာ ဉာဏ်မီပုံမရလေ။) ကြည့်လေ . . ကျွန်တော်တို့ မိုးလေဝသ အကြောင်းပြော နိုင်တယ်။ လူမှုရေး ပြဿနာတွေ အကြောင်း ပြောနိုင်တယ်။ စိတ်ပညာအကြောင်း ပြောနိုင်တယ်။ နိုင်ငံတကာ ငွေရေး ကြေးရေးကိစ္စ ပြောနိုင်တယ်။ ဟော. .  ရွှေအလွှဲအပြောင်းကိစ္စ – ဒါမျိုးကျတော့ ကျွန်တော်တို့မပြောနိုင်တော့ဘူး။ ဒါ့ကြောင့်  အကြောင်းအရာတစ်ခုခုကို ဘယ်သူက ဘာမှမသိဘူးဆိုရင် အဲဒီအကြောင်းက ပြောလို့ဖြစ်တယ်” ဟု ကျွန်တော်က ဖြေလိုက်သည်။

(မျက်နှာတစ်ခုလုံး ရုတ်ခြည်းအေးခဲတင်းမာသွားအောင်) မျက်နှာပေါ် ရေခဲဖုံးလိုက်သည့်နည်းပညာ ရှိသည်။ သူတို့တွေ မည်သို့ လုပ်လိုက်သည် ကျွန်တော်မသိ။ ဒီမင်းသမီး ဒီနည်းသုံးလိုက်သည်။ သူမတစ်ဖက်လှည့်သွားပြီး တခြားလူနှင့်စကားပြောသည်။

တအောင့်ကြာတော့ သူတို့ စကားဝိုင်းကနေ ကျွန်တော် လွတ်နေတာ မိမိဘာသာသိလာသည်။ သို့နှင့် ခုံမှထရပ်ပြီး ထွက်လာသည်။ ထိုဝိုင်းထိုင်နေသော ဂျပန်သံအမတ်ကြီးလည်း သူ့ခုံမှ ဗြုန်းခနဲ ထလိုက်ပြီး ကျွန်တော့်နောက်က လျှောက်လိုက်လာသည်။

“ပါမောက္ခဖိုင်းမင်ခင်ဗျား။ သံတမန်လောကနဲ့ ပတ်သက်ပြီး ခင်ဗျားကို တစ်ခုလောက်ပြောပြချင်ပါတယ်” ဟုသူကပြောလာသည်။

သူ့ဇာတ်ကြောင်းကရှည်ရှည်။ ဂျပန်မှာ လူငယ်တစ်ဦး တက္ကသိုလ်တက်ပုံ၊ တိုင်းပြည်အတွက် တစ်ခု ခုလုပ်ပေးနိုင်သည်ဟုယူဆ၍ နိုင်ငံတကာ ဆက်ဆံရေး ပညာရပ်ကို သင်ယူပုံက အစချီသည်။ တက္ကသိုလ်ဒုတိယနှစ်ရောက်တော့ သူဘာသင်နေရတယ်ဆိုတာ သူ့ဘာသာသံသယစိုးစိဝင်လာသည်။ ကျောင်းပြီးတော့ သံရုံးမှာအလုပ်ဝင်သည်။ သံတမန်လောကအကြောင်း သူနားလည်မလည် သူ့ဘာသာမရေမရာ။ နောက်ဆုံးမတော့ နိုင်ငံတကာဆက်ဆံရေးဆိုတာ ဘယ်သူမှ သေသေချာချာနားမလည်ဘူးဆိုတာ သူသိလာသည်။ အဲဒီအချိန်မှာပဲ သူသံအမတ်ဖြစ်လာသည်။

“ဒါ့ကြောင့် ပါမောက္ခဖိုင်းမင်ခင်ဗျား။ နောင်တစ်ချိန် ဘယ်သူမှမသိတဲ့ နားမလည်တဲ့အကြောင်းအရာကို လူတိုင်းလိုလို ပြောဆိုဆွေးနွေးနေတဲ့ကိစ္စများ ခင်ဗျားအနေနဲ့ ဥပမာပေးမယ်ဆိုရင် နိုင်ငံတကာ ဆက်ဆံရေး ပညာရပ်ကိုလည်း ထည့်သွင်းပေးပါလို့ တောင်းဆိုပါရစေခင်ဗျား” 

ဒီလူက အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့လူ။ ကျွန်တော်တို့စကားပြောဖြစ်သွားသည်။ မတူကွဲပြားသည့် နိုင်ငံတွေ၊ မတူကွဲပြားသည့် လူမျိုးတွေ မတူကွဲပြားစွာ ဖွံ့ဖြိုးတိုးတက်လာပုံကို ကျွန်တော်အစဉ်အမြဲ စိတ်ဝင်စားသည်။ သံအမတ်ကြီးကို ကျွန်တော့်အတွက် အစဉ်လိုလို ထူးထွေသည့်အံ့ရာသောဝ်ဖြစ်နေတဲ့ကိစ္စတစ်ခုကို ပြောပြမိသည်။ ဂျပန်နိုင်ငံဟာ ဘယ်လိုက ဘယ်လို ကမ္ဘာပေါ်မှာခေတ်မီတိုးတက်တဲ့၊ သြဇာတိက္ကမ ကြီးမားတဲ့ နိုင်ငံအဖြစ် လျင်လျင်မြန်မြန် ထိုးတက်လာခဲ့ရသလဲ။ “ဂျပန်လူမျိုးတွေရဲ့ ဘယ်စရိုက်၊ ဘယ်လက္ခဏာက ဒီလိုဖြစ်လာအောင် ပံ့ပိုးထောက်ပံ့ပေးခဲ့တာလဲ” ဟုကျွန်တော်မေးမိသည်။

ဂျပန်သံအမတ်၏အဖြေက ကျွန်တော်ကြားချင်သည့်ပုံစံဖြစ်နေသည်။

“ကျွန်တော်မသိဘူးဗျ။ ကျွန်တော်ထင်တာတစ်ခုတော့ရှိတယ်။ မှန်မမှန်တော့ မသိဘူး။ လူ့ဘဝမှာ အထက်ကိုတက်လှမ်းဖို့က နည်းလမ်း တစ်ခုပဲရှိတယ်လို့ ဂျပန်တွေကယုံကြည်ကြတယ်။ သူတို့သား သမီးတွေက သူတို့ထက်ပညာပိုတတ်ရမယ်။ ပညာတတ်ဖို့ရာ သူတို့အနေနဲ့ မိရိုးဖလာတောင်သူလုပ် ငန်းကနေရုန်းထွက်ဖို့ အလွန်အမင်းအရေးကြီးတယ်လို့ ခံယူတယ်။ ဒီတော့ကာ ကလေးတွေကိုကျောင်းမှာ ပညာကောင်းကောင်းသင်ဖို့၊ ရှေ့ရောက်အောင်တွန်းအားပေးဖို့ မိသားစုတွေက သူတို့ရဲ့အချိန်အား၊ လူအားကိုကောင်းကောင်းကြီးသုံးကြသဗျ။ ဒီလိုအရာရာကို သင်ယူဖို့စိတ်ညွှတ်နေလေ တော့ ပြင်ပက စိတ်ကူးသစ်တွေ အတွေးသစ်တွေက ပညာရေးစနစ်ကြီးတစ်ခုလုံးထဲပျံ့နှံ့ဖို့ လွယ်သွားတာပေါ့ဗျာ။ ဂျပန်နိုင်ငံ ဒီလောက် လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာတာ ဒါကအကြောင်းတစ်ခုဖြစ်ပါလိမ့်မယ်”

(၅)

ချုပ်ပြောရရင် နောက်ဆုံးမတော့ ဆွီဒင်ခရီးက ကျွန်တော့်အတွက် ပျော်စရာခရီးဟုဆိုရမည်။

နိုဘယ်ခရီးပြီးတော့ အိမ်တန်းမပြန်သေးဘဲ လက်ချာတစ်ခုပေးရန် ဆွစ်ဇာလန်နိုင်ငံရှိ ဥရောပအဏုမြူ သုတေသနအဖွဲ့ (European Organization for Nuclear Research) သို့သွားသည်။ လက်ချာပေးဖို့ ရာအတွက် လုပ်ဖော်ကိုင်ဖက်ပညာရှင်တွေရှေ့ ဘုရင့်ညစာစားပွဲ ဝတ်စုံနှင့်ကျွန်တော်စင်မြင့်ပေါ်တက်သွားသည်။ ဒီလို လူလူသူသူဝတ်စုံနှင့် ယခင်က တစ်ခါမှ လက်ချာမပေး ဘူးခဲ့။ ကျွန်တော်က လက်ချာကို ဤသို့စလိုက်သည်။

“ရယ်စရာတော့အကောင်းသားဗျ။ ဆွီဒင်မှာ ကျွန်တော်တို့တစ်တွေ စုထိုင်ပြီးစကားပြောကြတော့ နိုဘယ်ဆု ရသွားလို့ ကျွန်တော်တို့ဘာတွေများ ပြောင်းသွားသလဲဆိုတာပါတယ်။ ပြောရရင် ကျွန် တော်ပြောင်းလဲသွားတာ ကျွန်တော်မြင်နေရပြီ။ ကျွန်တော် ဒီဝတ်စုံကို ကြိုက်လာပြီဗျ။”

အားလုံး “ဟေး၊ ဟေး” “ဟား၊ ဟား” ထအော်ကြသည်။ သြစတြီးယားနွယ်ဖွား ရူပဗေဒပညာရှင်     ဗွိုက်စ်ကော့ဖ်က ထခုန်လိုက်ပြီး သူ့ကုတ်အင်္ကျီကို ချက်ချင်းဆွဲချွတ်သည်။ “ငါတို့က လက်ချာတွေမှာ ကုတ်အင်္ကျီမဝတ်ဘူး” ဟု ပြောလိုက် သေးသည်။

ကျွန်တော် ကုတ်အင်္ကျီကိုချွတ်၊ လည်စီးကိုလျှော့ပြီး ပြောသည်။

“ဆွီဒင်ပွဲတော်ကြီးကို ဖြတ်သန်းပြီးတဲ့နောက် ကျွန်တော်ဒီဝတ်စုံတွေကို ကြိုက်စပြုလာတယ်။ အခုကျွန်တော် လောကကြီးထဲ ပြန်ရောက်လာပါပြီ။ အရာခပ်သိမ်း အရင်အတိုင်းပြန်ဖြစ်သွားပါပြီ။ ကျွန်တော့်ကို အခုလိုတည့်မှတ်ပေးတာကျေးဇူးတင်ပါတယ်”

သူတို့တစ်တွေက ကျွန်တော့်ကို မပြောင်းလဲစေချင်ကြ။ ဒီတော့ ဆွီဒင်က ကျွန်တော့်ကို ပုံသွင်းလိုက်သမျှ ဆွစ်ဇာလန်ကလူတွေက မြန်မြန်ဆန်ဆန် ပြန်ဖျက်ပစ်သည်။

ဆုနှင့်အတူ ပိုက်ဆံလေးဘာလေးရတာတော့ ကောင်းသည်။ ပင်လယ်ကမ်းခြေ အပန်းဖြေ အိမ်တစ်လုံး ကျွန်တော် ဝယ်နိုင်သွားသည်။ သို့ပေမဲ့ စာရင်းချုပ်လိုက်ရင် ဆုမရတာ ပို၍ကောင်းသည်ဟု ကျွန်တော်ထင်မြင်မိသည်။ အများပြည်သူနှင့် ပတ်သက်သောပွဲများ၊ နေရာများမှာ ကျွန်တော့်ကို (အရင်ကလို) အရင်းအတိုင်းဆက်ဆံတာ မခံရတော့ပြီ။

ဒီနိုဘယ်ဆုက ကျွန်တော့်အတွက် တစ်နည်းအားဖြင့် ဂြိုဟ်ဆိုးတစ်ကောင်ဖြစ်သော်လည်း သူ့ကြောင့် မိမိမှာအနည်းဆုံး ပျော်ရွှင်စရာတစ်ခုတော့ ရခဲ့သည်ဟု ဆိုနိုင်သည်။ ဆုရပြီး များမကြာမီ ကျွန်တော်နှင့်အတူ ဇနီးဖြစ်သူပါ မြို့တော်ရီယိုဒီဂျနေးရိုး၌ ကျင်းပမည့် ရိုးရာဘာသာရေးပွဲတော်     ကြီးသို့အထူးဧည့်သည်တော်အဖြစ်တက်ရောက်ရန် ဘရာဇီးအစိုးရ၏ ဖိတ်ကြားခြင်း ခံရသည်။ ဖိတ်ကြားချက်ကို ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်သည်။ အဲဒီမှာ ကျွန်တော်တို့အတော်   ပျော်ခဲ့ကြသည်။ အကတွေ တစ်ခုပြီးတစ်ခု ကြည့်ကြ။ ထူးထူးခြားခြားစည်းဝါးတွေ၊ ဂီတတွေဖန် တီးထုတ်လုပ်သည့် နာမည်ကြီး ဘရာဇီး ရိုးရာဆမ်ဘာအကအဖွဲ့တွေ လမ်းမကြီးများပေါ် လှည့်လည်ဖျော်ဖြေတာကိုအကဲခတ်ကြ။ သတင်းစာ/မဂ္ဂဇင်း ဓာတ်ပုံဆရာတွေက တစ်ချိန်လုံးဓာတ်ပုံတွေရိုက်ကြ။ “ကြည့်ကြဟေ့။ ဟောဒီမှာ အမေရိကန်ပါမောက္ခက ဘရာဇီးမယ်နဲ့ တွဲကနေသဗျ”

နာမည်ကြီးမျက်နှာဖုံးသတင်းရှင်ဖြစ်ရတာ ပျော်စရာပါ။ သို့ပေမဲ့ ကျွန်တော်တို့က (ရွေးသူ မျက်စိမှောက်သွားသည့်) အရွေးမှား “ဆယ်လီ”တွေဖြစ်ပါသည်။ အထူးဧည့်သည်တော်နှင့်ပတ်သက်၍ ထိုနှစ်က မည်သူမျှလှုပ်လှုပ်ခတ်ခတ်မဖြစ်ခဲ့ကြပါ။ ကျွန်တော်တို့ကို ဘာကြောင့်ဖိတ်ကြားဖြစ်သည်ဆိုတာ နောင်မှကျွန်တော်သိလာရသည်။ အစက ရုပ်ရှင်မင်းသမီး ဂျီနာလိုလို ဘရစ်ဂျီးဒါးကို အထူး ဧည့်သည်တော်အဖြစ် လျာထားသည်။ သို့ပေမဲ့ ပွဲတော်ကျင်းပခါနီးကပ်ပြီး သူမက ငြင်းလိုက်သည်။ ပွဲ တော်ကို ဦးစီး ကျင်းပရတဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးက ရူပဗေဒသုတေသနဌာနမှာ သူ့  မိတ်ဆွေတချို့ရှိသည်။ ဒီလူတွေက ဘရာဇီးရိုးရာ ဆမ်ဘာတီးဝိုင်းမှာ ကျွန်တော်ဝင်တီးဖူးတာသိ သည်။ နိုဘယ်ဆုပူပူနွေးနွေးရထား၍ သတင်းထဲ ခဏပါဖူးတာသိသည်။ ဝန်ကြီးနှင့် သူ့မိတ်ဆွေ   တစ်စုပျာယာခတ်သွားရာက နာမည်ကြီးမင်းသမီးနေရာကို ရူပဗေဒပါမောက္ခနှင့် အစားထိုးဖို့ စိတ်  ရူးပေါက်သလိုကြံစည်လိုက်ကြခြင်းပါပဲ။

ပြောစရာပင် လိုမည်မထင်။ ပွဲတော်ကြီးကိုစီမံခန့်ခွဲပုံ ညံ့ဖျင်းမှုကြောင့် (ပွဲတော်အပြီးမှာ) ဝန်ကြီးအလုပ်ပြုတ်သွားသည်။

ဒေါက်တာအောင်ကြီး

၄-၁၂-၁၉ / ၁၆-၁၀-၂၅

မှတ်စု။

  • ရစ်ချက်ဖိုင်းမင် (၁၉၁၈-၁၉၈၈)။ နာမည်ကျော် အမေရိကန်ရူပဗေဒပညာရှင်။ ၁၉၆၅ ခု ရူပဗေဒ နိုဘယ်ဆုရှင်။
  • မဏ္ဍူက (ပါဠိ) = ဖား (frog)
  • အရစ္စတိုဖာနီးစ်။ အသောပြဇာတ်များရေးသည့် ရှေးဟောင်းဂရိပြဇာတ်ဆရာ။
  • ဗွိုက်စ်ကော့ဖ် (Victor Weisskopf) (၁၉၀၈-၂၀၀၂)။ သြစတြီးယားလူမျိုး၊ အမေရိကန်နိုင်ငံသား ရူပဗေဒပညာရှင်
  • ဘရာဇီးရိုးရာဘာသာရေးပွဲတော်။ ကက်သလစ်ခရစ်ယာန်ဘာသာရေးအခြေခံပွဲတော်ကြီး။ ရက် ၄၀ ကြာ စောင့်ထိန်း ရသည့် ဥပုသ်ကာလ မတိုင်မီ ကျင်းပသည်။ မြို့တော်ရီယိုဒီဂျနေးရိုး၌ ကျင်းပသောပွဲတော်မှာ ကမ္ဘာတစ်ဝန်း အကြီးကျယ်ဆုံး ပွဲတော်ကြီးဖြစ်သည်။ နှစ်ပေါင်း ၃၀၀ နီးပါးသက် တမ်းရှိပြီဖြစ်ပြီး တစ်ရက်တစ်ရက်မြို့တော်လမ်းမများ၌ လူ နှစ်သန်းခန့် ရှိသည်အထိ စည်ကားသည်။
Click to rate this post!
[Total: 1 Average: 5]