အာဆီယံက ခုတော့ (၁၁) နိုင်ငံဖြစ်သွားပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ (၂၆) ရက်ကစပြီး အရှေ့တီမော နိုင်ငံငယ် ကလေးက အဖွဲ့ဝင် ဖြစ်လာတာပါ။ အရှေ့တီမောက အာဆီယံမှာ သက်တမ်းအနုဆုံး နိုင်ငံဖြစ်သလို နောက်အကျဆုံး အဖွဲ့ဝင်ဖြစ်လာတဲ့နိုင်ငံပါ။ ၂၀၀၂ ခုနှစ်ကမှ အင်ဒိုနီးရှားနိုင်ငံလက်အောက်က လွတ်မြောက်ပြီး နိုင်ငံတခုအဖြစ် ပေါ်ထွန်းလာခဲ့တာပါ။ သမိုင်းကြောင်းအရ အရှေ့တီမောဟာ ပေါ်တူဂီကိုလိုနီအဖြစ် ၁၉၇၅ ခုနှစ်အထိ နေခဲ့ရပြီး ၁၉၉၉ ခုနှစ်မှာ အင်ဒိုနီးရှားတပ်တွေက ကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ၂၀၀၂ ခုနှစ်မှာ အရှေ့တီမော လွတ်လပ်ရေး ရခဲ့တယ်။ အင်ဒိုနီးရှားကျွန်းစုများရဲ့ အစွန်ဆုံး တီမောကျွန်းရဲ့ အရှေ့ဘက်ခြမ်းတည်ရှိလို့ အရှေ့တီမောလို့ ခေါ်တွင်တာဖြစ်တယ်။ တကယ်တော့ အာဆီယံမှာ ၂၀၂၅၊ အောက်တိုဘာ(၂၆)မတိုင်မီအထိ အဖွဲ့ဝင် (၁၀) နိုင်ငံပဲ ရှိခဲ့တယ်။
သိပ်မကြာသေးခင်ကပဲ (၄၇)ကြိမ်မြောက် အာဆီယံယံထိပ်သီးအစည်းအဝေး မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာ ကျင်းပပြီးစီးသွားခဲ့တယ်။ ဒီတကြိမ် အာဆီယံအစည်းအဝေးဟာ သမိုင်းမှတ်တမ်းဝင်မယ့် အစည်းအဝေးလို့ ဆိုနိုင်တယ်။ အရှေ့တီမော အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာတာ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင် တက်ရောက် လာတာ၊ ဒီအစည်းအဝေးကာလအတွင်း ထိုင်း နဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသအငြင်းပွားမှုကို မလေးရှားနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့ ဦးဆောင်မှုနဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ဒီအစည်းအဝေးရဲ့ ထူးခြားမှုလို့ ဆိုရမယ်။
အရှေ့တီမောက အာဆီယံအဖွဲ့ဝင်အဖြစ် ၂၀၁၁ခုနှစ်ကတည်း လျှောက်ထားခဲ့တာပါ။ ၂၀၂၂ မှာ အဖွဲ့ဝင်အဖြစ် လက်ခံဖို့ သဘောတူခဲ့ကြပြီး ဒီနှစ်မှာ တရားဝင်အဖွဲ့ဝင်ဖြစ်လာတာပါ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အပါဝင် သမ္မတတွေက အာဆီယံထိပ်သီးအစည်းအဝေးတွေကို ပုံမှန်တက်လေ့မရှိကြဘူး။ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ဖိလစ်ပိုင်မှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကို တကြိမ်ပဲ တက်ရောက်ခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အစည်းအဝေးကို တကြိမ်ပဲ လာတက်ခဲ့တယ်။
ဒီနှစ် အာဆီယံထိပ်သီးအစည်းအဝေးကို သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်လာတာဟာ အိမ်ရှင် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ရဲ့ စည်းရုံးရေး ကောင်းမွန်မှုကြောင့်လည်း ဖြစ်တယ်။
ဒီနှစ် ထိပ်သီးအစည်းအဝေးမှာ သံတမန်ရေးအရ ချီးကျူးရမယ့်သူတစ်ဦးက အန်ဝါ အီဘရာဟင်ပါ။ မထင်မှတ်ဘဲ မလေးရှားနိုင်ငံရဲ့ ခေါင်းဆောင်နေရာကို ရောက်ရှိလာတဲ့ အန်ဝါ အီဘရာဟင်ဟာ သံတမန်ဆက်ဆံရေးကြွယ်ဝတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တယ်ဆိုတာ ဒီအစည်းအဝေးမှာ မြင်တွေ့လိုက်ရတယ်။
အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို ကြည့်ရင် ဝန်ကြီးချုပ် မဟာသီယာလက်ထက် ၁၉၉၈မှာ ဒု-ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေစဉ် မဖွယ်မရာ လိင်မှုကိစ္စအကြောင်းပြချက်နဲ့ အကျဉ်းကျခံခဲ့ရတယ်။ ၂၀၀၄ မှာ မလေးရှားဗဟိုတရားရုံးက သူ့အပေါ်ချမှတ်ထားတဲ့ အမှုကို ပယ်လိုက်တဲ့အတွက် ထောင်က ပြန်လွတ်လာခဲ့တယ်။ အတိုက်အခံခေါင်းဆောင်ဘဝနဲ့ ၂၀၁၃ ရွေးကောက်ပွဲမှာ အခြေအနေကောင်းခဲ့ပေမယ့် မဖွယ်မရာ လိင်မှုကိစ္စ ကျူးလွန်တဲ့ အမှုနဲ့ ထပ်မံပြီး အကျဉ်းကျခံခဲ့ရပြန်တယ်။ ရွေးကောက်ပွဲပြန်ဝင်တဲ့ အသက်(၉၂)နှစ်ရှိပြီဖြစ်တဲ့ မဟာသီယာက ၂၀၁၈ ရွေးကောက်ပွဲမှာ အနိုင်ရရင် အန်ဝါအီဘရာဟင်ကို အကျဉ်းထောင်ထဲက လွတ်မြောက်အောင် လုပ်ပေးပြီး ဝန်ကြီးချုပ်ရာထူးပေးမယ်ဆိုတဲ့ ကတိနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် မဟာသီယာ ကတိမတည်ခဲ့ဘူး။
၂၀၂၂ ခုနှစ် ရွေးကောက်ပွဲမှာ အန်ဝါ အီဗရာဟင်ရဲ့ ညွန့်ပေါင်းအဖွဲ့က နေရာအများဆုံးရခဲ့ပေမယ့် အစိုးရမဖွဲ့နိုင်ဘဲ ရှိနေစဉ်မှာ မလေးရှားဘုရင်က အန်ဝါကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တယ်။
အန်ဝါ အီဗရာဟင် ဒီနေရာကို ရောက်လာဖို့ (၂၅)နှစ် စောင့်ခဲ့ရတယ်။ သူ့ရဲ့ လက်ရှိအစိုးရသက်တမ်းကိုလည်း ခဏလေးနဲ့ ပြီးသွားမယ်လို့ ထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် အန်ဝါအီဗရာဟင် ဟာ ခုဆိုရင် ဝန်ကြီးချုပ်သက်တမ်း သုံးနှစ်အထိ ရောက်ရှိလာပြီဖြစ်သလို နိုင်ငံတကာ သံခင်းတမန်ခင်းတွေကိုလည်း ကောင်းကောင်းမွန်မွန် ထိထိ ရောက်ရောက် ကိုင်တွယ်နိုင်တာကို မြင်တွေ့ကြရတယ်။
အာဆီယံအစည်းအဝေးကို လာလေ့မရှိတဲ့ ဒေါ်နယ်ထရမ့်ကို ရအောင် ခေါ်ယူနိုင်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်နဲ့ အရေးကြီးသတ္တုဆိုင်ရာ သဘောတူညီချက်တွေလက်မှတ်ထိုးနိုင်ခဲ့တယ်။ အလားတူ တရုတ်သမ္မတ ရှီကျင့်ပင်းလည်း ပြီးခဲ့တဲ့ မတ်လက မလေးရှားကို လာရောက်သွားခဲ့တယ်။
(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဒေါ်နယ်ထရမ့်အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်က ခေါင်းဆောင်တွေ တက်ရောက်လာကြတဲ့အထဲမှာ ဘရာဇီးသမ္မတ လူလာ ဒါဆေးလ်ဗား နဲ့ တောင်အာဖရိကသမ္မတ ဆီရီလ် ရာမဖိုဆာ လည်း ပါဝင်ခဲ့တယ်။ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တရုတ် ဝန်ကြီးချုပ်၊ ဂျပန် ဝန်ကြီးချုပ်သစ်၊ တောင်ကိုးရီးယား ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ကြတယ်။ ဒီအစည်းအဝေးမှာ အမှတ်ရခဲ့သူ တစ်ဦးကိုပြပါဆိုရင် လက်ရှိ အာဆီယံဥက္ကဌ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကိုပဲ လက်ညှိုးထိုးပြရလိမ့်မယ်။
နိုင်ငံတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ပူးပေါင်းတာ၊ စုဖွဲ့ကြတာ ကိုယ်ကျိုးစီးပွား ကိုယ်စီအတွက်ပါ။ ၂၀၂၅ခု နှစ်ဆန်းပိုင်းက ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပဋိပက္ခက စတင်လိုက်တဲ့ စစ်မီးဟာ အပြန်အလှန်ပစ်ခတ်မှုနဲ့ လူပေါင်း ၄၀ ကျော် သေဆုံးပြီး လူပေါင်း ၃၀၀၀၀၀ ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့တယ်။ ဇူလိုင်လမှာ တင်းမာမှုတွေ ထပ်ဖြစ်တဲ့အခါ ဒေါ်နယ်ထရမ့်က အပစ်မရပ်ရင် နှစ်နိုင်ငံလုံးကို ကုန်သွယ်ခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ပြီး အပစ်ရပ်ဖို့ တိုက်တွန်းခဲ့သလို အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ် အီဗရာဟင်ကလည်း ကြားဝင်စေ့စပ်ပေးခဲ့တယ်။ နှစ်နိုင်ငံအပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် အတိအကျ မရသေးပေမယ့် ဒေါ်နယ့်ထရမ့်က အာဆီယံ အစည်းအဝေးမှာ နှစ်နိုင်ငံ လက်မှတ်ရေးထိုးဖြစ်အောင် တွန်းအားပေးနေသလို အီဘရာဟင်ကလည်း ကြားဝင် ပေးနေတယ်။

တကယ်တော့ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခဖြေရှင်းရေးဟာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်တဲ့ အဆင့်ထိကို မရောက်သေးဘူး။ အမေရိကန်သမ္မတရဲ့ ဩဇာအာဏာဟာ ခုချိန်ထိ နိုင်ငံငယ်တွေအပေါ် သက်ရောက် နေဆဲ ဖြစ်တာကို ဒီအစည်းအဝေးမှာ တွေ့ရတယ်။
လေဆိပ်ရောက် ရောက်ချင်းပဲ ထရမ့်ရဲ့ ထုံးစံအတိုင်း ကြိုဆိုတဲ့အကအဖွဲ့ရှေ့မှာ လက်လှုပ် ခြေလှုပ် ကပြတယ်။ နောက်တော့ ထရမ့်ရဲ့ ဖိတ်ခေါ်မှုနဲ့ အီဘရာဟင်က ထရမ့်နဲ့အတူ ကားပေါ်လိုက်သွားပြီး နှစ်ယောက်သား ကမ္ဘာ့အရေး၊ ဂါဇာငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံအရေးတွေ ပြောဆိုဆွေးနွေးခဲ့ကြတယ်။

ကမ္ဘောဒီးယား နဲ့ ထိုင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုး ပူးတွဲကြေညာချက်ထုတ်ပြန်အပြီးမှာ အန်ဝါ က “ခင်ဗျားရဲ့ သတ္တိရှိတဲ့ အစွမ်းကုန် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုကို ကျနော်တို့ မြတ်နိုးသလို ကမ္ဘာကြီးကလည်း ဒီလို ခေါင်းဆောင်မျိုးလိုအပ်တယ်။ ဒီလို ရလဒ်တွေ ရရှိဖို့ တစ်ခါတစ်ရံ စည်းကမ်းဖောက်သင့်ရင် ဖောက်ရမှာပဲ။ ဒီနေ့ ခင်ဗျားလုပ်သလိုမျိုးပေါ့” လို့ ဒေါ်နယ်ထရမ့်ကို ချီးကျူးသွားခဲ့တယ်။
တကယ်တော့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးလက်မှတ်ရေးထို့ဖို့ အသင့်အနေအထား မရောက်ကြ သေးဘူး။ ဒေါ်နယ်ထရမ့်က ဒီကိစ္စအကောင်အထည်ဖော်ဖို့ တိုက်တွန်းနေသလို အီဘရာဟင်ကလည်း တွန်းအား ပေးနေတယ်။ ထိုင်းမှာ ဘုရင့်မိဖုရားကြီး သီရိခေတ် ကံတော်ကုန်ချိန်နဲ့ တိုက်ဆိုင်နေတော့ ထိုင်းဝန်ကြီးချုပ် အနုတင်က အာဆီယံအစည်းအဝေးကို တစ်ရက် နောက်ဆုတ်ပြီးမှ ရောက်လာတယ်။
နောက်ဆုံးတော့လည်း လက်မှတ်ထိုးလိုက်ကြရတာပဲ။
ထိုင်းဝန်ကြီးချုပ် အနုတင် နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ရဲ့ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးကြပုံက စိတ်ဝင်စားဖို့ကောင်းတယ်။ မလေးဝန်ကြီးချုပ် အီဗရာဟင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနုတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ စားပွဲခုံမှာ နေရာအသီးသီးယူကြတယ်။ လက်မှတ်မရေးထိုးမီ စားပွဲပေါ်မှာ တင်ထားတဲ့ နိုင်ငံအမည်နဲ့ လူနေရာ လွဲနေတော့ ထိုင်းဝန်ကြီးချုပ် အနုတင်က သူ့ရှေ့ ရောက်နေတဲ့ ကမ္ဘောဒီးယားအမှတ်အသားကို ဟွန်မာနက်ဘက်ပို့ပြီး ဟွန်မာနက်ရှေ့က ထိုင်းအမှတ်အသားကို သူ့ရှေ့ဆွဲယူလိုက်တယ်။ ဒီမြင်ကွင်းက မြင်ရသူတွေအတွက် ရယ်စရာတခုဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးပွဲဟာ ဒီအပြုအမူလေးကြောင့် ပိုအသက်ဝင်သွားတယ်။
မိန့်ခွန်းတွေ အသီးသီး ပြောကြတယ်။ ကျေးဇူးတင်စကားတွေ ပြောကြတယ်။ သံတမန်သဘောအရ ငြိမ်းချမ်းရေးကို ရှေ့ရှုတဲ့ကတိစကားတွေကို အင်္ဂလိပ်ဘာသာနဲ့ ပီပီသသ ပြောသွားကြတယ်။ ဟွန်မာနက်က ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ရင်း နိုဘယ်ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ချီးကျူးသလို အနုတင်ကလည်း ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ပေးတဲ့ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်ကြောင်း ပြောသွားတယ်။ နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးပွဲမြင်ကွင်းဟာ ကြည်နူးစရာကောင်းနေတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သက်တော်ရှည် အာဏာရှင် ဟွန်ဆန်ရဲ့ သားဆိုပေမယ့် ပညာတတ် လူငယ်တစ်ဦးပီပီ ပါးပါးနပ်နပ် မိန့်ခွန်းပြောသွားတယ်။ သူက အမေရိကန် ဝက်စ်ပွိုင့် ကျောင်းဆင်းတဦးလည်း ဖြစ်တယ်။ အင်္ဂလိပ်လိုပြောတဲ့ မိန့်ခွန်းကို ပီပီသသ ပြောနိုင်တယ်။ အလားတူ ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း မိန့်ခွန်းကို အင်္ဂလိပ်လို လုံးစေ့ပတ်စေ့ ပီပီပြင်ပြင် ပြောသွားတယ်။ သူကလည်း အမေရိကန် နယူးယောက် တက္ကသိုလ်က ကျောင်းပြီးထားတဲ့ အင်ဂျင်နီယာ။
မလေးရှား အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက လူငယ်နိုင်ငံရေးခေါင်းဆောင်တွေကို မြင်ရတယ်။ စင်ကာပူ ဝန်ကြီးချုပ် လောရင့်စ် ဝေါင်း၊ ထိုင်းဝန်ကြီးချုပ် အနုတင် နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့ ရင်းရင်းနှီးနှီး စကားတပြောပြောနဲ့ ရင်ဘောင်တန်း လမ်းလျှောက်လာကြတယ်။ မျက်နှာသစ် ခေါင်းဆောင်တွေ။ ဟွန်မာနက်က (၄၈)နှစ်၊ လောရင့်ဝေါင်းက (၅၂)နှစ်၊ အနုတင်က (၅၉)နှစ်။ အာဆီယံ ထိပ်သီးအစည်းအဝေးကို ဂျပန်ဝန်ကြီးချုပ်သစ် ဆာနအီ တာကာအီချီ(၆၄)နှစ်လည်း ဝန်ကြီးချုပ်ဖြစ်ပြီး ရက်ပိုင်းအတွင်း လာတက်တယ်။ ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်းချင်း၊ ဖိလစ်ပိုင် ဝန်ကြီးချုပ် ဂျူနီယာမားကို့စ်၊ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို။
မလေးရှား ရေဒီယို နဲ့ ရုပ်သံက အာဆီယံခေါင်းဆောင်တွေရဲ့နာမည်ကို မှားပြီး ဖော်ပြလိုက်တာလည်း တွေ့ရတယ်။ ထိုင်း၊ စင်ကာပူ နဲ့ အင်ဒိုနီးရှားခေါင်းဆောင်တွေကို အရင်ခေါင်းဆောင်ဟောင်းတွေရဲ့ နာမည်နဲ့ ဖော်ပြမိလို့ အမှားပြင်ချက်ထည့်ပြီး တောင်းပန်လိုက်ရတယ်။
အာဆီယံနိုင်ငံရေးဇာတ်ခုံပေါ်မှာ မျက်နှာသစ် နိုင်ငံရေးခေါင်းဆောင်တွေ နေရာယူလာကြတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံး ပညာတတ်ကြတယ်။ မလေးရှား ဝန်ကြီးချုပ် အီဘရာဟင်ကအစ စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်းအထိ နိုင်ငံရေး၊ သံတမန်ရေး ကျွမ်းကျင်လိမ်မာကြတာတွေ့ရတယ်။
အာဆီယံ နိုင်ငံရေး ဇာတ်ခုံ
အာဆီယံ ဖြစ်ပေါ်လာပုံက နည်းနည်းဆန်းကြယ်တယ်လို့ ဆိုနိုင်တယ်။ မူလက စစ်အေးကာလအတွင်း အရှေ့တောင် အာရှနိုင်ငံတွေကို ကွန်မြူနစ်ဝါဒလွှမ်းမိုးလာမှုက ကာကွယ်ဖို့ ရည်ရွယ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ ငါးနိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ၁၉၅၄ ခုနှစ်က အမေရိကန်၊ ဗြိတိန် နဲ့ ဩစတြေးလျတို့က ဦးဆောင် ပြီး ဖွဲ့စည်းခဲ့တဲ့ NATO ပုံစံ SEATO, South East Asia Treaty Organization က အာဆီယံရဲ့ မူလအစလို့ ဆိုနိုင်တယ်။ နောက်ပိုင်းမှာတော့ အာဆီယံရဲ့ မူဝါဒတွေ တဖြည်းဖြည်း ပြောင်းလဲလာသလို အဖွဲ့ဝင်နိုင်ငံတွေလည်း တိုးပွား လာခဲ့တာ ဖြစ်တယ်။
ဒီအဖွဲ့ကိုကြည့်ရင် မတူညီတဲ့ နိုင်ငံရေးစနစ်တွေနဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံတွေကို တွေ့ရမှာဖြစ်တယ်။ ၁၉၈၄ ခုနှစ်မှာ ဘရူနိုင်းက အဖွဲ့ဝင်သစ်ဖြစ်လာပြီး ၁၉၉၅ခုနှစ်မှာ ဗီယက်နမ်က အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်လာတယ်။ အာဆီယံရဲ့ မူလနိုင်ငံရေးမူဝါဒမှာ ကွန်မြူနစ်အန္တရာယ်တားဆီးရေး ဖြစ်ခဲ့ပေမယ့် နောက်ပိုင်း ပြောင်းလဲသွားတဲ့ မူဝါဒအရ ဗီယက်နမ်ကို အဖွဲ့ဝင်အဖြစ်လက်ခံခဲ့တယ်။
အာဆီယံဟာ လူဦးရေသန်း ၆၀၀ ရှိပြီး ကုန်းမြေအကျယ် (၁ ဒသမ ၇) သန်း စတုရန်းမိုင် ကျယ်ဝန်းတယ်။ ၂၀၂၂ ခုနှစ် စာရင်းအရ အာဆီယံရဲ့ GDP က ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံ ရှိတယ်။
အာဆီယံဟာ မတူညီတဲ့ နိုင်ငံရေးစနစ်တွေ ပါဝင်တဲ့ နိုင်ငံများနဲ့ ဖွဲ့စည်းထားပေမယ့် အာဆီယံရဲ့ ဘုံရည်မှန်းချက်က ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်တယ်။ ၁၉၆၇ ခုနှစ် ဩဂုတ်လ (၈)ရက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံသက်တမ်းက ခုဆိုရင် ၅၈ နှစ် ရှိလာပြီ ဖြစ်တယ်။
ဒီနေ့အချိန်မှာ အဖွဲ့ဝင် (၁၁) နိုင်ငံ ဖြစ်လာပြီဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာလည်း ပိုမိုကျယ်ပြန့်လာတာ တွေ့ရတယ်။ အာဆီယံ-တရုတ်၊ အာဆီယံ-အရှေ့အာရှ၊ အာဆီယံ- အမေရိကန် အစရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို အခု ကျင်းပပြီးစီးသွားတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြင်တွေ့ကြရတယ်။
ဒီနှစ် အာဆီယံမြင်ကွင်းကို ကြည့်ရှုလိုက်တဲ့အခါ အာဆီယံမှာ မျက်နှာသစ်ခေါင်းဆောင် အတော်များများ မြင်တွေ့ကြရတယ်။ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် အစရှိတဲ့ဒီမိုကရေစီနိုင်ငံတွေမှာ မျက်နှာသစ် ခေါင်းဆောင်တွေ မကြာခဏ ပြောင်းလဲသွားတာ မထူးဆန်းပေမယ့် ကွန်မြူနစ် ဗီယက်နမ်နဲ့ လာအိုနိုင်ငံတွေကလည်း မျက်နှာသစ် ဝန်ကြီးချုပ်တွေ တက်ရောက်လာတာ တွေ့ရတယ်။ ဗီယက်နမ်မှာ ကွန်မြူနစ်ပါတီခေါင်းဆောင် အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက်မှာ ငယ်ရွယ်တဲ့ ဖန်မင်ချင်းက ဝန်ကြီးချုပ်ဖြစ်လာသလို လာအိုမှာလည်း ဆုန်ဇေး ဆီဖန်ဒုန်းက ဝန်ကြီးချုပ်ဖြစ်လာတယ်။ အာဆီယံနိုင်ငံရေးခေါင်းဆောင်များနဲ့ နိုင်ငံရေးဇာတ်ခုံဟာ အပြောင်းအလဲတွေနဲ့ ရှေ့ဆက်ချီတက်နေတာ မြင်တွေ့ကြရတယ်။
ref. Trump inks US deals on trade, critical minerals with Southeast Asian partners, Bangkok Post.
Google other related news of Asean Summit, Malaysia.


