The Corner

The Corner

cropped-Logo_round_grey-background.png

ဂါဇာ သုံးပွင့်ဆိုင် အုပ်ချုပ်ရေး မြင်ကွင်းသစ်

Share မယ်

ဂါဇာဒေသရဲ့  ပျက်စီးဆုံးရှုံးမှုက  ကျယ်ပြန့်နက်ရှိုင်းလွန်းတော့  တိုက်ခိုက်ယူလောက်စရာ  မက်စရာဆိုလို့  မရှိသလောက်ပါဘဲ။ ဂါဇာဒေသနေ  ပါလက်စတိုင်းတစ်ဦးကတော့  ဟီရိုရှီးမား၊ ဒရက်စဒန်တို့ထက်  ဆိုးတာပါဗျာ  လို့ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး  သဘောတူညီချက်  ထုတ်ပြန်လိုက်ချိန်မှာပဲ  စစ်ပွဲအလွန် ဂါဇာဒေသကို  ဘယ်သူ ထိန်းချုပ်မလဲ  ဆိုတဲ့  နိုင်ငံရေးအားပြိုင်ပွဲက  စတင် သက်ဝင်လှုပ်ရှားလာပါတယ်။ ဂါဇာဒေသရဲ့  အင်အားကြီး အုပ်စု တွေဟာ  ဂါဇာဒေသ ထိန်းချုပ်နိုင်ဖို့  ဟားမတ်စ်အဖွဲ့နဲ့  အသည်းအသန်  အပြိုင်အလှန်  တိုက်ခိုက်ကြပြီး  တစ်နေ့တည်းမှာ ကို  လူလေးဆယ်အထက်  သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့  ဂါဇာဒေသနဲ့  အလွန် ဝေးကွာတဲ့ ဒေသတွေမှာ လည်း  နိုင်ငံရေးသမားတွေ၊ ကန်ထရိုက်တာတွေနဲ့  နိုင်ငံခြားသား အတိုင်ပင်ခံတွေဟာ  သူတို့ သြဇာ လွှမ်းမိုးနိုင်ဖို့  အပြိုင်အဆိုင် ကြိုးပမ်းနေကြပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ  ဖုန်းဆိုးမြေဖြစ်သွားတဲ့  ဂါဇာဒေသကို ပြန်လည် တည်ဆောက်ဖို့  ကုလသမဂ္ဂက လိုအပ်တယ်လို့ ပြောနေတဲ့  ဒေါ်လာ ဘီလီယံ ၇၀ ထဲက ဝေစုခွဲဝေရဖို့  ဦးတည် ကြိုးပမ်းနေကြတာပါ။ ဒီရည်မှန်းချက်  ဆုပ်ကိုင်ရရှိနိုင်ဖို့ ဒေသတွင်း နိုင်ငံတွေအပါအဝင် အနောက်နိုင်ငံကြီး တွေရဲ့ ထောက်ခံမှုကို ရရှိချင် နေကြတာပါ။

ဂါဇာဒေသမှာရှိတဲ့  ပါလက်စတိုင်း  ပြည်သူတွေ အဖို့တော့  ဒီဖြစ်ရပ်ဟာ  ၂၀၀၅ခုနှစ်မှာ ဂါဇာဒေသကနေ အစ္စရေး တပ်ဖွဲ့ တွေ  ပြန်ရုပ်သိမ်းခဲ့တာကို  ပြန်တွေးမိလာစေမှာပါ။ အဲဒီတုန်းက  ပါလက်စတိုင်းခေါင်းဆောင်တွေက  ဂါဇာဒေသ ကို  စင်္ကာပူပုံစံ  အသွင်ပြောင်းလဲစေရမယ်လို့ ကတိပြုခဲ့ ကြတာပါ။ ဒါပေမဲ့ ချက်ချင်းဆိုသလို သက်ဆင်း သွားတဲ့ ဖြစ်ရပ်တွေကတော့  လုံခြုံရေး လေဟာနယ်ပါ။ အားပြိုင်အုပ်စုတွေနဲ့  ဆွေမျိုး အုပ်စုတွေကြား  လုယက်၊ ပြန်ပေးဆွဲ၊ အပြန်အလှန်ပစ်ခတ် ကြတာပါ။ အပြီးသတ် မှာတော့ ဟားမတ်စ်အုပ်စုက ထိန်းချုပ်လိုက်ပြီး  သူတို့ရဲ့  ပြိုင်ဘက်အုပ်စု (ဖာတာ  Fatah  ကိုဆိုလိုတာပါ။ ဘာသာပြန်သူ) တွေကို  အထပ်မြင့် အဆောက်အအုံတွေက  ပစ်ချသတ်ဖြတ်ခဲ့ပါတယ်။နောက်ဆက်တွဲ  ဖြစ်ရပ်ကတော့  ဟားမတ်စ်က  ဂါဇာဒေသကို ဆယ်စုနှစ် နှစ်ခုကြာ  ပြိုင်ဘက်ကင်းအုပ်ချုပ်ခဲ့တာပါ။

အပြင်ပန်းအားဖြင့်  ဟားမတ်စ်က  ဂါဇာဒေသ အပေါ်  ထိန်းချုပ်မှု  စွန့်လွှတ်ဖို့  သဘောတူတယ်ဆိုပေမယ့်  ဒီတစ်ကြိမ် မှာလည်း  အင်းအားအတောင့်တင်းဆုံးအုပ်စုက  ဟားမတ်စ်ပါပဲ။ ဂါဇာဒေသမှာ  အထပ်မြင့် အဆောက် အအုံ  နည်းနည်းပဲကျန်တော့တဲ့  အခြေအနေမှာ  ဟားမတ်စ်ရဲ့စိတ်ကြိုက်  ဟန့်တားရေး  ဗျူဟာက  ပြိုင်ဘက်တွေကို  လူမြင်ကွင်းမှာ  ပစ်သတ် စီရင်တာပါ။ အကြီးမားဆုံး ဆွေမျိုးစု အုပ်စုက စုစည်းနိုင်တဲ့ အင်အားက  တပ်ဖွဲ့ဝင် ၂၀၀ လောက်ပဲရှိပါတယ်။ အပစ်အခတ်ရပ်စဲရေး  စကတည်းက  ဟားမတ်စ်အဖွဲ့က  ဂါဇာလမ်းမတွေပေါ်  သူ့တပ်ဖွဲ့ဝင် ၇၀၀၀ စေလွှတ်ထားတယ်လို့  ဆိုပါတယ်။အပစ်အခတ် ရပ်စဲရေး မတိုင်ခင်  အကြိုနေ့မှာ  မြူဂျေဒါ ဆွေမျိုးအုပ်စု  (Mujayda clan) ဟာ  ဟားမတ်စ် အဖွဲ့ဝင် (၁၁) ဦးကို  သတ်ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့  အစ္စရေးက  ထောက်ခံမှု မပေးတော့တဲ့ အတွက်  မြူဂျေဒါ ဆွေမျိူးအုပ်စုဟာ  အောက်တိုဘာ (၁၄) ရက်နေ့မှာ  ဟားမတ်စ်အဖွဲ့ဆီ  လက်နက်ချခဲ့ပါတယ်။ စစ်ပွဲကာလအတွင်းမှာတော့ ဟားမတ်စ်အဖွဲ့ အပေါ်ဝေဖန်မှုဟာ ဂါဇာဒေသမှာ ပုံမှန် တွေ့ရတဲ့ ကိစ္စပါ။ ယခုအချိန်မှာတော့  လက်စားချေ  တိုက်ခိုက်  အရေးယူလာမှုများကို  စိုးရိမ်တဲ့အတွက်  ဟားမတ်စ်အဖွဲ့အပေါ်  ဝေဖန်မှုက  လျော့နည်း အားပျော့ လာပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အချက် (၂၀) ပါဂါဇာ  ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ရဲ့  ပထမအဆင့်ကိုပဲ  ဟားမတ်စ်အဖွဲ့က  အစ္စရေး နည်းတူ  လက်မှတ် ရေးထိုးတာပါ။ ဂါဇာ ပဋိပက္ခရဲ့  သဘောသဘာဝအရ   ကြားကာလလုပ်ငန်းစဥ်တွေဟာ  တစ်ဆို့လေ့ရှိပါတယ်။ ငြိမ်းချမ်းရေး  ဆွေးနွေးပွဲမှာ ပါဝင်နေသူ တစ်ဦးက  ဒုတိယ အဆင့် သဘောတူညီချက် မရမချင်း  ဂါဇာဒေသကို  ဟားမတ်စ်အဖွဲ့က ဆက်အုပ်ချုပ်နေမှာလို့ပြောဆိုခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်  ကိုယ်တိုင်  ဒီအချက်ကို  လက်ခံထားပုံရပါတယ်။ အရှေ့အလယ်ပိုင်းကို သွားတဲ့  လေယာဥ်ခရီးစဥ်အတွင်း  သမ္မတ ဒေါ်နယ်ထရမ့် က ဟားမတ်စ်ထိန်းချုပ်မှုကိုအချိန် အတိုင်းအတာ တစ်ခုအထိ သဘောတူ ထားပါတယ်လို့  ရှင်းပြခဲ့ပါတယ်။

အစ္စရေး နိုင်ငံအတွင်းရှိ  တချို့ အင်အားစု တွေကလည်း  ရန်သူတော် ဟားမတ်စ်က  ဂါဇာဒေသအပေါ် ထိန်းချုပ် ထားတာဟာ  ၂၀၀၇ ခုနှစ် နောက်ပိုင်း  ကာလမှာ  အစ္စရေးတွေ ဆောင်ရွက်ခဲ့သလို အစ္စရေးနိုင်ငံအတွက်  အကျိုးအမြတ် ရှိလိမ့်မယ်လို့  ရှုမြင်ကြတာရှိပါတယ်။အတိတ်ကာလတွေတုန်းကလိုပဲ  ဟားမတ်စ်အုပ်ချုပ်မှုဟာ  ပါလက်စတိုင်းနိုင်ငံကို  ဦးတည်တဲ့နိုင်ငံရေး  လုပ်ငန်းစဥ်တွေကိုဟန့်တားပေးလိမ့်မယ်လို့  ဒီအင်အားစုတွေက  ယူဆကြတာပါ။နောက်တစ်ချက်ကလည်း  ဟားမတ်စ်တို့ရဲ့   ထိန်းချုပ်မှုဟာ  အစ္စရေးအဖို့  ဂါဇာဒေသကို  အဆက်မပြတ်  ထိုးနှက်တိုက်ခိုက်ဖို့  အကြောင်းပြချက်ကောင်းဖြစ်နေပါတယ်။

ဒါပေမဲ့လည်း  စစ်ပွဲက  ဟားမတ်စ်အဖွဲ့ရဲ့  တွက်ကိန်းကိုပြောင်းလဲစေခဲ့ပါတယ်။၂၀၀၇ခုနှစ်က  ဂါဇာဒေသမှာ  မြို့တွေ၊ တက္ကသိုလ်၊ ဟိုတယ်တွေရှိပါတယ်။လက်ရှိမှာတော့  ဂါဇာဒေသဆိုတာ  ဖုန်းဆိုးမြေပါ။  ဂါဇာဒေသကို  ပြန်မတည် ဆောက်ခဲ့ရင်  ဟာမတ်စ်အဖွဲ့ဟာ  လက်ကျန် လူထုထောက်ခံမှုကို ဆုံးရှုံးရတော့မှာပါ။  ဒါပေမဲလည်း  ဟားမတ်စ် အဖွဲ့ကသာ  ဆက်အုပ်ချုပ်နေမယ်ဆိုရင်  ဂါဇာဒေသပြန်လည်တည်ဆောက်ဖို့  ငွေကြေးထည့်ဝင်နိုင်ခြေရှိတဲ့  သူတွေဟာ  ထည့်ဝင်တော့မှာမဟုတ်ပါဘူး။ ဂါဇာ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဖြစ်တဲ့  ဆူဟေးလ် အယ်လ်ဆာကာ (Suhail  al-Saqqa) ကတော့ ဟားမတ်စ်အဖွဲ့သာ ဆက်အုပ်ချုပ် နေခဲ့ရင်  သူတို့ကုမ္ပဏီအနေနဲ့    ကျောက်တုံး တစ်တုံးတောင် ရွှေ့မှာမဟုတ်ဘူးလို့  ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒီအခြေအနေဟာ  သမ္မတဒေါ်နယ်ထရမ့်ရဲ့  ငြိမ်းချမ်းရေး  အစီအစဥ်မှာ ပါတဲ့အတိုင်း နိုင်ငံတကာ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ (Board of Peace)ရဲ့  ဦးဆောင်မှုအောက်မှာ  နိုင်ငံရေးအင်အားစု  မဟုတ်သော  ပါလက်စတိုင်း  ပညာရှင်တွေရဲ့  အုပ်ချုပ်မှုကို  ဟားမတ်စ်က  လက်ခံအောင် တွန်းအားပေးနိုင်ပါတယ်။ ဟားမတ်စ်၊အစ္စရေးနဲ့  သူတို့ရဲ့  ငြိမ်းချမ်းရေး ညှိနှိုင်းမှု  အဖွဲ့ဝင်တွေဟာ  ပါလက်စတိုင်းအုပ်ချုပ်ရေး  ကော်မတီအတွက်  အနည်းဆုံး လူပုဂ္ဂိုလ် (၁၄) ဦး ကို  သဘောတူ ပြီးသားပါ။

ခုချိန်ထိ ပြန်မလွှတ်ရသေးပေမယ့် မာဂျစ် အဗူ ရာမာဒန် (Majed  Abu  Ramadom) လည်း  ဒီအုပ်ချုပ်ရေး ကော်မတီမှာ ပါဝင်မည်ဆိုပြီး  ပြောဆိုတာမျိုး ရှိပါတယ်။ မာဂျစ် အဗူ ရာမာဒန်ဟာ  အနောက်ဘက်ကမ်းကို အုပ်ချုပ်တဲ့  သမ္မတ မာမွတ်အဘာ့စ် ဦးဆောင်သော  ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဖြစ်သလို  ဆရာဝန်တစ်ဦးလည်း ဖြစ်ပါတယ်။ မာဂျစ် အဗူ ရာမာဒန်ဟာ  ဂါဇာဒေသသား တစ်ဦးဖြစ်ပြီး  သူ့ရဲ့  ညီအစ်တော် တစ်ဦးဟာ  ဂါဇာဒေသ  ကုန်သွယ်ရေးအဖွဲ့ကို  ဦးဆောင်နေပါတယ်။ ပထမဦးဆုံးသော ပါလက်စတိုင်းသမ္မတ မာဘာဘာရာဖတ်ရဲ့ တူတော်သူ နာဆာအမ်လ်ကစ်စ်ဒဝါ  (Nasser  al-Kidwa) ဟာ  ဖာတာအဖွဲ့ (Fatah) ကနေ ထုတ်ပယ် ခံခဲ့ရပါတယ်။ ဖာတာအဖွဲ့ (Fatah) ဆိုတာ  ပါလက်စတိုင်း  သမ္မတ မာမွတ်အာဘာ့စ်ရဲ့ နိုင်ငံရေး ပါတီပါ။ ဒီနှစ် အောက်တိုဘာလမှာ  နာဆာအယ်လ်ကစ်ဒဝါဟာ သမ္မတ ထရမ့် စီစဥ်နေတဲ့   ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ  ပါလက်စတိုင်း ကိုယ်စားပြု  ကိုယ်စားလှယ်အနေနဲ့  ပါဝင်မယ်ဆိုတဲ့  ခန့်မှန်းပြောဆိုမှုတွေ  ရှိနေပါတယ်။ ဒီလို ခန့်ထားမှုတွေသာ  အမှန်တကယ်  ဖြစ်ခဲ့ရင်  ဂါဇာဒေသကို  ဖာတာ (Fatah)အဖွဲ့က  ပြန်အုပ်စိုးတဲ့သဘော  ဖြစ်လိမ့်မယ်လို့  အရာရှိတစ်ဦးကပြောဆိုခဲ့ပါတယ်။ [၂၀၀၇ခုနှစ် မှာ ဟားမတ်စ်အဖွဲ့က ဖာတာ (Fatah) အဖွဲ့ကို  ဂါဇာဒေသကနေ မောင်းထုတ် ဖယ်ရှားခဲ့တာပါ] အသက် ကြီးရင့်နေပြီ ဖြစ်တဲ့  မာမွတ်အဘာ့စ်  ကိုယ်တိုင်  ရာထူး တစ်နေရာ  ရယူဖို့  ကြိုးပမ်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ သမ္မတထရမ့်က  ပြီးခဲ့တဲ့လက  နယူးယောက်  ကုလသမဂ္ဂ  အထွေထွေညီလာခံတက်ဖို့  သမ္မတ မာမွတ်တ်အဘာ့စ်ကို  ဗီဇာ  ထုတ်မပေးဘဲ  မထီမဲ့မြင် ပြုခဲ့ပါတယ်။ ဒါပေမဲ့ ရှမ်အီးရှိတ် (Shanm  al –Sheikh) ဂါဇာငြိမ်းချမ်းရေးညီလာခံမှာတော့  သမ္မတထရမ့်နဲ့  မာမွတ် အဘာ့စ်တို့ဟာ  လက်ဆွဲနှုတ်ဆက်ပြီး  စကားပြောဆိုခဲ့ကြပါတယ်။

အုပ်ချုပ်ရေး အောင်မြင်မယ်  မအောင်မြင်ဘူးဆိုတာ   လုံခြုံရေး  အခြေအနေအပေါ်  အဓိက မူတည်မှာပါ။ လုံခြုံရေး အခြေအနေ ဆိုတာကလည်း  နိုင်ငံတကာ  လုံခြုံရေးအဖွဲ့က  ကျားကန်ပေးမယ့်  ပါလက်စတိုင်း ရဲတပ်ဖွဲ့သစ်အပေါ်  မူတည်မှာပါ။ ညှိနှိုင်း ဆွေးနွေးမှုတွေနဲ့  နီးစပ်တဲ့  ပါလက်စတိုင်းတစ်ဦးကတော့  အီဂျစ်နိုင်ငံဟာ  ရဲတပ်ဖွဲ့ကို  လေ့ကျင့်ပေးနေပြီး  တပ်ဖွဲ့ဝင်အများစု  ထည့်ဝင်မယ်လို့  ပြောဆိုပါတယ် ။ဒီအခြေအနေတွေ မှန်ခဲ့ရင် တောင်မှ  ဟားမာတ်စ်ရဲ့ အခန်းကဏ္ဍဟာ  အရေးပါတဲ့နေရာက  ရှိနေမှာပါ။ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ (IST) က အစ္စရေးနဲ့  ထိပ်တိုက် မတိုးအောင်  ကြားခံသဘော  ရပ်တည်ပေးနိုင်ခဲ့ဆိုရင်  ဟားမတ်စ်အပါအဝင်  ဂါဇာ လက်နက်ကိုင် အုပ်စုတွေက  လက်ခံနိုင်တယ်လို့  ဟားမတ်စ်နဲ့အတူ  တိုက်ပွဲဝင်ခဲ့တဲ့  လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်  တစ်ဦးကဆိုပါတယ်။ တကယ်လို့  နိုင်ငံတကာ လုံခြုံရေးအဖွဲ့ (IST) ရဲ့  ဦးတည်ချက်က  ထရမ့်ရဲ့  အစီအစဥ်များ ရေးဆွဲထားသလို  ဟားမတ်စ်အဖွဲ့ကို  လက်နက်ဖြုတ်သိမ်းပြီး  မြေအောက်လိုဏ်ခေါင်းတွေ အပါအဝင်  စစ်ရေးအခြေခံ  အဆောက်အအုံတွေ  ဖျက်ဆီးရေးဖြစ်ခဲ့ရင်  ဟားမတ်စ်နဲ့  တခြား ပါလက်စတိုင်းအဖွဲ့တွေမှာ  ဟန့်တား နှောင့်ယှက်နိုင်တဲ့  နည်းလမ်းတွေ  အများကြီးရှိပါတယ်။

အခြား ရွေးချယ်စရာ နည်းလမ်းတွေကို  အဆိုပြုထားတာလည်းရှိပါတယ်။ ဗြိတိန် နိုင်ငံကလည်း  မြောက်ပိုင်း အိုင်ယာလန်  လက်နက်ဖြုတ်သိမ်းရေး  အတွေ့အကြုံအပေါ် မူတည်ပြီး  အလယ်အလတ် နည်းလမ်းတစ်ရပ်  ကူညီ ရှာဖွေပေးမယ်လို့  ကမ်းလှမ်းထားပါတယ်။ ဖြုတ်သိမ်းလိုက်တဲ့ လက်နက်တွေကို  အစ္စရေးကို မပေးဘဲ  တတိယ အင်အားစု တစ်ရပ်ဆီ  လွှဲပြောင်းပေးအပ်နိုင်တယ်လို့  အနောက်တိုင်း သံတမန်တစ်ဦးကဆိုပါတယ်။ အိုင်ယာလန်  ရီပက်ဘလီကန် စစ်တပ် (IRA) နဲ့ ဆင်ဖိန်း (Sinn  Fein) လို  ဟားမတ်စ်အဖွဲ့က  နိုင်ငံရေး ပါတီတစ်ရပ် အသွင် ပြောင်းတာ မျိုးလည်း  ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဟားမတ်စ် အဖွဲ့ကို  ဘေးဖယ်ထားလို့ မရပါဘူးလို့  သံတမန် တစ်ဦးက ထောက်ပြပါတယ်။ တချို့ လက်နက်ကိုင် အင်အားစုတွေက  လက်ခံ နိုင်ခြေ ရှိပါတယ်။ ပါလက်စတိုင်း လွတ်မြောက်ရေး ပေါ်ပြူလာ တပ်ဦး (Popular  Front  For  the  liberation of Palestine) ရဲ့  ဒုတိယ ခေါင်းဆောင်  ဂျာမီးလ်မာဇာ (Jamil  Mazhar)က  ဂါဇာအနေနဲ့ လက်ရှိ  ဖိစီးမှုအကျပ်အတည်းတွေကို  ဖယ်ရှားပြီး  အားမွေးဖို့ လိုပါတယ်လို့  ပြောဆိုခဲ့ပါတယ်။ပါလက်စတိုင်းလွတ်မြောက်ရေးပေါ်ပြူလာတပ်ဦးဟာ  လက်နက်ကိုင် အင်အားစုတွေထဲက  တစ်ဖွဲ့ဖြစ်ပြီး  ဟားမတ်စ်အဖွဲ့နဲ့ညှိနှိုင်းနေတဲ့  အဖွဲ့လည်းဖြစ်ပါတယ်။

ပြန်လည် တည်ဆောက်ကြရမယ့် ဂါဇာမြို့ပျက်ကြီး (Photo: Aljazeera)

ရှေ့မျက်နှာ ရောက်နေတဲ့  လက်နက်ကိုင် အင်အားစုတွေနဲ့  နိုင်ငံရေးသမားတွေရဲ့  နောက်ကွယ်မှာ  စီးပွားရေးသမား ကန်ထရိုက်တာတွေက  လက်ဦးမှုရနိုင်ဖို့  အသည်းအသန်  ကြိုးပမ်းနေကြပါတယ်။ အတော်များများက  အီဂျစ်နိုင်ငံ  ကိုင်ရိုမြို့မှာ  ရုံးတွေဖွင့်ထားပြီးပါပြီ။ ဂါဇာဒေသမှာ  ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက်  ကိုင်ရိုမြို့ဟာ  လမ်းဖွင့်ပေးနိုင်တဲ့  အဝင် ဂိတ်ပါ။ တချို့ကတော့  နိုင်ငံတကာ ကြိုးပမ်းမှုအပေါ်  မယုံကြည်  သံသယ ဝင်နေ ကြပါတယ်။ လက်ရှိမှာ  ကိုင်ရိုမှာ နေထိုင်တဲ့  ဂါဇာဒေသသား မြို့ပြအင်ဂျင်နီယာ  ဇဟာကိုင်း (Zaher  Kyle)ကတော့  ဂါဇာပြည်သူတွေကို  ကိုယ်စားပြု  ဆောင်ရွက်တာ  မဟုတ်ခဲ့ရင်  ကျွန်တော်တို့က  နိုင်ငံတကာစီမံအုပ်ချုပ်မှုကို  ဆန်ကျင်မှာပါလို့  ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တခြား ကန်ထရိုက်တာတွေ ကတော့  သမ္မတထရမ့်ရဲ့  သိမ်မွေ့တဲ့ နိုင်ငံရေး လုပ်ငန်းစဥ်တွေ ကျော်လွှားပြီး  ရန်ပုံငွေ ရအောင် ဖန်တီးနိုင်တဲ့  သြဇာအာဏာကို  ဂုဏ်ပြု ကြိုဆို ခဲ့ပါတယ်။ ဂါဇာဒေသရဲ့  သြဇာကြီး  ဆူဟေးလ်ဟမ်လ်ဆာကတော့  ကျွန်တော့်ကို  ဂျေရုဆလင်တို့၊ ပါလက်စတိုင်း နိုင်ငံ ဆိုတာတွေ  လာပြောမနေပါနဲ့  ဂါဇာဒေသမှာ  လူပီပီသသ နေထိုင်နိုင်ရေးကိုပဲ  ပြောကြရအောင်ပါ လို့ ပြောဆို ထားပါတယ်။

ကိုးကား – The new players who could run Gaza, The Economist October 2025

Click to rate this post!
[Total: 0 Average: 0]