တစ်နေ့က ကျွန်တော့်ကဗျာလေး တစ်ပုဒ်တွင် သူငယ်ချင်း တစ်ယောက်က မှတ်ချက် လာပေးသည်။ “ကဗျာဆရာ သတ်ပုံကျနေတယ်” ဟူ၍ ဖြစ်သည်။ မှန်ပါသည်။ ကျွန်တော့် ကဗျာတွင် “နှုတ်ဆက်” ဆိုသော စကားရပ်ကို “နှုတ်ဆတ်” ဟု ရေးထားခြင်း ဖြစ်သည်။ ကျွန်တော် စဉ်းစားသည်။ ”ဘာကြောင့် နှုတ်ဆတ်ဟု ရေးသည်ကို ရှင်းပြရကောင်းမည်လား သို့မဟုတ် ဒီအတိုင်းပဲ ထားလိုက်ရမလား“ဆိုတာကိုပဲ ဖြစ်သည်။ သို့သော်လည်း နှုတ်ဆက်ဆိုသည့် စကားလုံးအစား “ဆတ်” ဆိုသည့် နာကျင်သည့်စကားလုံးဖြင့် တွဲသုံး ဖြစ်ပုံကို ရှင်းပြမိသည်။ တစ်ဆက်တည်းမှာ ဆရာဒဂုန်တာရာကို သတိရမိသည်။ အဘယ်ကြောင့် ဆိုသော် ဆရာ ဒဂုန်တာရာသည် ဤသို့ စကားလုံးများကို ပေါရာဏထဲမှ သော်လည်းကောင်း ထိုပေါရာဏများကို မိမိ စိတ်ကူးအရ တီထွင် အသုံးပြုခဲ့ သောကြောင့် ဖြစ်သည်။ ဤသို့ ဆိုရခြင်းမှာဆရာတို့ခေတ်တွင် ဆရာ အား စကားလုံးများ အသုံးပြုခြင်းနှင့် ပက်သက်ပြီး အင်တာဗျူး တစ်ခုတွင် ဆရာကိုယ်တိုင် ဖြေထားခဲ့သည်ကို ဖတ်ဖူး၍ ဖြစ်သည်။
ဆရာ့ရဲ့ ရန်သူမရှိ မိတ်ဆွေသာရှိ ၊ မုန်းသူမရှိ ချစ်သူသာရှိ ဆိုတဲ့စကားရပ်ဟာ နာမည်ကြီးသည်။
ဆရာတာရာနှင့် ပတ်သက်၍ ရေးပြစရာတွေက များသည်။ ဝေဖန်ရေးအကြောင်းတွင်လည်း ကဗျာတစ်ပုဒ် စာတစ်ပုဒ်ကို ကြိုက်သည်၊ မကြိုက်သည်မှာ လူတိုင်း ပြောနိုင်သော စကားဖြစ်သည်။ ထိုအရာသည်ကား ဝေဖန်ရေး မဟုတ်။ စိတ်ခံစားမှုမျှသာ။ ဝေဖန်ရေးဆိုသည်ကား ဝိဇ္ဇာနည်း ကျကျ ပြောနိုင်ရမည်ဟု ဆရာကလမ်းညွှန်သည်။ ကာလသုံးပါးကို ဆန်းစစ် နိုင်ရမည်။ “အတိတ်မှာ ဘယ်လိုလူတွေက ဘယ်လိုရေးခဲ့တယ်။ ယနေ့ အချိန်မှာ ဘယ်လို ရေးတယ်။ အနာဂါတ်အတွက်ဘယ်လိုအကျိုးရှိနိုင်တယ်” စသည်ဖြင့်ဖြစ်သည်။ ဤအရာသည်ကား အနည်းငယ် ဆက်စပ်နေ၍ ဆရာ၏ ဝေဖန်ရေးသဘောတရားကို အနည်းငယ်မျှ ဆိုခြင်းဖြစ်သည်။ ဆရာနှင့်ပတ်သက်၍ တကယ်ဆိုချင်သော အကြောင်းအရာက ဆရာ၏ စာပေသစ်ကို ဖြစ်သည်။ အဘယ်ကြောင့် စာပေသစ်ကိုရောက် သွားရသည်လည်းဟုဆိုရလျှင် စောစောကကျွန်တော်ကဗျာထဲတွင် အဆန်းထွင်ကာနှုတ်ဆတ်ဟုသုံးထားမိခြင်းက နေ၍ သတိရမိသောဆရာကဗျာတစ်ပုဒ်ကြောင့်ဖြစ်သည်။ စာပေသစ်ဆိုသော စကားရပ် ပါလာပြီလျှင် ဆိုကတည်း က ဝေဖန်ရေး လှိုင်းထန်ခဲ့သည်ကို စာပေသမားများ မီသူရော မမီသူများပါသဘောပေါက်ကြပါသည်။ ဆရာသည် ကား စာပေသစ်ကိုပြောခဲ့သလို ဆရာရေးသောစာများတွင်လည်း စာပေသစ်ဖို့အားထုတ်ခဲ့သည်။ ထိုမျှမက ဆရာသည် မျိုးဆက်သစ်လူငယ်များနှင့်ပါ စကားတွေပြောခဲ့သည်။ ပြောင်းလဲလာသောအရေးအသားများကို ဆရာသည် စူးစမ်းလေ့လာသည်” (မှတ်ချက်အနေဖြင့် ကျွန်တော်သည် ဆရာ၏မွေးနေ့ပွဲသို့တကြိမ်မျှမသွားခဲ့ဖူးသလို လူချင်းလည်း တစ်ခါမှမဆုံဖူးပါ။ ဆရာ၏စာများအရသာ ရေးနေခြင်းဖြစ်၍ အလွဲအမှားများရှိခဲ့ပါက ကျွန်တော်၏ စိတ်အထင်သာလျှင်ဖြစ်ပါသည်”)။ သေချာလှသည်က ဆရာ၏အားထုတ်မှုသည် ဆရာ၏အသက်ရှုသံပင်ဖြစ်နေ လိမ့်မည်ဟုထင်သည်။ အဘယ်ကြောင့်ထိုသို့ဆိုရသည်ကို ကျွန်တော်ကဗျာတစ်ပုဒ်နှင့်အဖြေရှာကြည့်ချင်ပါသည်။
ကဗျာနာမည်က “ထိုင်ကူမှ ကရင်မလင်သို့” တဲ့။
ငါ့မွေးရပ်ကား
ကျိုက်လတ်အနီး ၊ ဒေးဒရဲပိုင်
ထိုင်ကူဆိုသောမွန်ရွာကလေး။
အရှေ့မှာလျှင် ၊
ဧရာဝတီ ၊ ရေစီးခက်မွှာ
အိမ်နောက်မှာလျှင် ၊ စပါးပင်သိမ်း
စိမ်းစိမ်းမြမြ ၊ ကြယ်ရောင်လရောင်
နေရောင်ကြိုကြွ ၊ မျှဝေလျက်။
ဝါဆိုဦးတွင်
လယ်တစ်ခွင်လုံး ၊ မိုးရေဖုံးစဉ်
ဝါးလုံးများနှင့် ၊ လှေကိုထိုးသွား
ကစားကွင်းသစ် ၊ ပျော်ကြဘိခြင်း
ရေပင်လယ်တွင်း ၊ ကန်သင်းမှာတင်
အောက်သို့ဆင်းကာ ၊ တွန်းလာရ၏
ငါပေါင်မှာတော့ ၊ ကျွဲမျော့နက်တစ်ကောင်
လျော့ဆင်းရင်ကား ၊ တဟားဟား။
ညနေဆည်းဆာ
ရွှေရောင် ၊ ပန်းနုရောင် ၊ ဖြန်းပက်လိမ်းကျံ
မျက်နှာနီနီ ၊ ရွှေရည်အင်္ကျီ
စပါးပုန်းဝါရွှေ ၊ ကောက်လှိုင်းဝါရွှေ
နေညိုမှန်မြ ၊ လရောင်ငွေစက်
နေ့ညရောယှက် ၊ တိမ်တောက်ပြိုးပြက်
ပြောက်ကျားရောင်တင် ၊ တလင်းပြာမှာ
စပါးလှေ့ရာ ၊ ကောက်ရနံ့မွှေးမြ
ကစားကြသည် ၊ ကောက်သစ်ပေါ်ချိန်တေးဂီတ။
ကျောင်းစာသင်စ
သမိုင်းခံစား ၊ လူထုကြားမှာ
ငါလျှင်တွေးဆ ၊ သမိုင်းဘဝ
ပီကင်းမှသည် ၊ မော်စကိုသို့
လေယာဉ်ခရီး ၊ ဆိုက်ဘေးရီးယား
ကုလားဖော်မှာ ၊ မာရီယာတဲ့
ဗီတာဗာမှ ၊ ကချေသည်လှ
သူမထံမှ ၊ ရုရှစကားသင်ကြားရ၏။
လေယာဉ်ပေါ်တွင် ၊ မှိန်းငိုက်နေစဉ်
ကရင်မလင်သံကြား ၊ ငါနိုးထ၏
ပတ္တမြား ၊ ကြယ်နီပြိုးပြက်။
ငါတည်းခိုစဉ်
ရင်ပြင်နီရှေ့ ၊ နေရှင်နယ်ဟိုတယ်
အနီးဝယ်မှာ ၊ တက္ကသိုလ်ဟောင်းဝယ်
လူငယ်ပေါင်းစုံ ၊ တွေ့ဆုံပွဲတွင်
ဆိုဗီယက်ပြည်ထောင်စုသည်
ငြိမ်းချမ်းရေး၏ခံတပ်ကြီးဟု
ငါပြောခဲ့ရာ ၊ ခမ်းမဆောင်မှာ
တုန်ခါသိမ့်မှု ၊ လက်ခုပ်သံများ။
သုံးနှစ်အကြာ ၊
ဟန်ဂေရီမှာ ၊ ဘူဒါပက်တွင်
ဝင်ရောက်လာသည် ၊ ဆိုဗီယက်မှာ
ထွက်ခွာသွားရမည်ဟု ၊ ကန့်ကွက်အဆို
တင်ခဲ့ရာတွင် ၊ ဘာမျှမဖြစ်ရှုံးခဲ့၏။
သည်ကစ၍
ငါ၏အတွေးအခေါ် ဒဿနဗေဒ
ရန်သူမရှိ ၊ မိတ်ဆွေသာရှိ
မုန်းသူမရှိ ၊ ချစ်သူသာရှိ
သည်အတွေးဖြင့် ၊ လေးလေးနက်နက်
လွတ်လပ်ရေး ၊ ညီညွတ်ရေး ၊ ငြိမ်းချမ်းရေးရမည်ဟု
ယုံကြည်မိပေသည်။
ငါငယ်စဉ်က ၊ ရည်မှန်းခဲ့ရ
ကျောင်းသားဘဝ
စိတ်းကူးခဲ့ရ ၊ စာအုပ်ထဲမှ
လှပမွန်မြတ် ၊ ထင်မှတ်ဖူးသော
စိတ်ကူးယဉ်နန်းတော် ၊ သော်မှော်ပွင့်လျှံ
နိုင်ငံရေးယဉ်ကျေးမှု ၊ ကြေးမုံမှန်စကို ရှပေပြီကော။
ထမင်းစားပွဲ
ချိုငှချဉ်ဖန် ၊ ရှန်ပိန်အရက်
ဖန်ခွက်ခြင်းထိ ၊ ချွှင်ချွှင်သံမြည်ပ
ယူကရိန်းမှာ ၊ ငြိမ်းချမ်းရေးကထာ
ငါလျှင်ပြောကြား ၊ လက်ခုပ်သံများ
ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။
၃ . ၅ . ၀၇
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ၊ စက်တင်ဘာလ ၊ ၂၀၀၇

ဒီကဗျာလေးကိုကျွန်တော်ပြန်ဖတ်မိလိုက်သည့်အခါ ဆရာ့ရဲ့စိတ်ကူးကို အရင်သိခဲ့တာထက်ထပ်ပြီးသိလိုက်ရသည်။ ဆရာ့ရဲ့ ရန်သူမရှိ မိတ်ဆွေသာရှိ ၊ မုန်းသူမရှိ ချစ်သူသာရှိ ဆိုတဲ့စကားရပ်ဟာ နာမည်ကြီးသည်။ နောက်ပြီး နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာ ဆိုသည့်စကားရပ်လည်းပါဝင်သည်။ သို့သော် ထိုစကားရပ် များထက်ယခုအခါတွင် ဆရာ၏ကဗျာရေးမှုကိုပိုပြီးစိတ်ဝင်စားမိသည်။ ဒီနေရာတွင် ဆရာပြောခဲ့ဖူးတာလေး တခုသတိရမိသည်။ မြန်မာစာစကားလုံးတွေမှာ အသံပါပြီးနေသားဖြစ်တဲ့အတွက် ကာရန်အတွက် တမင် အားထုတ်စရာမလိုဘူးဆို သောစကားရပ်ပင်ဖြစ်သည်။ ငြင်းဆိုလိုသူများ ငြင်းကြမည်ကိုလေ့လာကြည့်ချင်မိ၍ ထည့်ရေးခြင်းဖြစ်ပါသည်။ ဤကားစကားချပ်ဖြစ်သည်။ အထက်ကမြန်မာကဗျာဖွဲ့ဆိုမှုကိုဆက်ပါမည်။ မြန်မာကဗျာတွင် အဓိကကျသော ကာရန်စနစ်နှစ်မျိုးရှိပါသည်။ ကာရန်ရှိနေသော စကားလုံး တည်နေရာကို လိုက်၍ ၄ ၊ ၃ ၊ ၂ ကာရန်ယူနည်း ၊ ၄ ၊ ၃ ကာရန်ယူနည်း။ ၄ ၊ ၂ ကာရန်ယူနည်းစသည်ဖြင့် ပုံစံအမျိုးမျိုး ဖြင့်ရေးကြသည်ကိုနာမည်အမျိုးမျိုးပေးထား ကြသည်။ နောက်တစ်နည်းကား လေးမောင့်စံ ကျောင်းလို ကဗျာမျိုးဖြစ်သည်။ အလွယ်ဆုံးနည်းသည်ကား စကားလုံးတစ်လုံးချင်းကာရန်ယူခြင်းနှင့် စကားစု တစ်စုဖြင့် ကာရန်ယူခြင်းပင်ဖြစ်သည်။ သိပြီးသူများသည်းခံစေလိုပါသည်။ ထို့ကြောင့်ဆရာ့တာရာ၏ကဗျာတွင် ပထမနည်း ဖြစ်သော စကားလုံးတစ်လုံးချင်းကာရန်ယူ ထားသည့်နည်းဖြင့်ရေးဖွဲ့ထားခြင်းဖြစ်သည်။
ဤသို့ရေးဖွဲ့သည့်နေရာတွင် ဆရာသည်တိကျသောကာရန်ယူမှုကိုကိုင်စွဲမထားသည်ကိုတွေ့ရသည်။ ထိုကဗျာ စဖတ်လိုက်သည်ဆိုကတည်းက “ ငါ့မွေးရပ်ကား ဆိုသောပါဒမှ ရပ်နှင့် ကျိုက်လတ်အနီးပါဒမှ လတ်ဆိုသော စကားလုံးဖြင့်ကာရန်ယူထားပါသော်လည်း နောက်ပါဒတွင် ဒေးဒရဲပိုင် ပါဒမှ ပိုင် ဆိုသည့်စကားလုံးနှင့် ထိုင်ကူ ဆိုသော ပါဒမှ ထိုင်ဆိုသောစကားလုံးတို့ကို နေရာယူပုံမတူပဲယူထားသည်ကို သတိထားမိစေပါသည်။ ပထမ ပါဒတွင် ၃ ၊ ၂ ဆိုသောကာရန်ယူပုံဖြစ်နေသော်လည်း နောက်ပါဒတွင်မူ အဆုံးသတ်စကားလုံးနှင့် အစစကားလုံးဖြစ်နေပါသည်။ ထပ်ပြီးသတိထားစရာဖြစ်စေသည်က ထိုင်ကူဆိုသော ၊ မွန်ရွာကလေး ဆိုသည့် ကပ်လျက်ပါဒနှစ်ခုတွင် ကာရန် မယူထားခြင်းပင်ဖြစ်သည်။ ဘယ်ကနေပြန်ယူသလဲ ဆိုသည်ကို သတိထား သေချာပြန်ဖတ်ကြည့်မိသည့်အခါမှ ထိုင်ကူဆိုသော ပါဒ၏အရှေ့မှ ဒေးဒရဲပိုင် ဆိုသောပါဒ၏ ဒေးဆိုသောစကား ရပ်ကို ပါဒတစ်ခုကျော်၍ ယူထားခြင်း များလား ဟူ၍တွက်ဆမိလေသည်။ ကဗျာကိုဆက်ဖတ်ကြည့်လိုက်မည် ဆိုလျှင်လည်း ဆရာ့ရဲ့ ကာရန်ယူပုံတွေကို အခုတင်ပြ ထားတဲ့သဘောတရားအတိုင်းဆက်တွေ့နိုင်ပါသည်။ “ထိုအပြင် ကဗျာဒုတိယအပိုင်တွင် စိမ်းစိမ်းမြမြ ၊ကြယ်ရောင်လရောင်၊ နေရောင်ကြိုကြွ၊ မျှဝေလျက်”ကို ကြည့်မည်ဆိုပါက ရှေးကဗျာတို့၏ ကာရန်ယူနည်းများကို ထပ်မံချဲ့ထွင်ထားသည်ကိုတွေ့နိုင်ပေသည်။ စိမ်းစိမ်းမြ မြပါဒမှ (မြ) ဆိုသည့် စကားလုံး၊ ကြယ်ရောင်လရောင်ပါဒမှ (လ) ဆိုသည့်စကားလုံး၊ နေရောင်ကြိုကြွမှ (ကြွ) ဆိုသည့်စကားလုံးနှင့်မျှဝေလျက်ပါဒမှ (မျှ)ဆိုသည့်စကားလုံးတို့ကို အသံကိုသာအဓိကထား၍ ယူထားသည်ကို တွေ့ရလေသည်။ ကဗျာပါဒလေးပိုဒ်ကိုအသံတူကာရန်ယူထားခြင်းဖြစ်သည်။ထိုအခြင်းအရာသည် ဆရာ၏ သမား ဂုဏ်ဟုဆိုရချိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရိုးရာနည်းစနစ်တွင်များသောအားဖြင့် ပါဒနှစ်ခုကို ကာရန်တူ ယူလျှင်ယူ သို့မဟုတ်လျှင် ပါဒသုံးပိုဒ်ကိုသာအများဆုံးယူလေ့ရှိသည်ကို ဆရာကပါဒလေးပိုဒ်အဖြစ် ချဲ့ထွင် ယူထားသောကြောင့်ဖြစ်သည်။ ဤသဘောတရားကိုနောက်ပိုဒ်များတွင်လည်းလေ့လာနိုင်ပါသည်။ထိုအပိုဒ်တွင် ( နေရောင်ကြိုကြွ ) ဟုသုံး နှုန်းထားပုံ ကလည်း အများကြီးစဉ်းစားစရာလေးနက်စရာတခုပင်ဖြစ်သည်။ သို့သော်လည်း ဆရာ၏ ပုံသဏ္ဍန် ဆန်းသစ်မှု ကိုသာအဓိကထားလိုသောကြောင့် စကားလုံးအနက်ခံစားမှုများအား ချန်လှပ် ထားခဲ့ပါမည်။ ကဗျာတွင်ထို့ကြောင့် ဆရာသည်ကားလူသည်အိုသော်လည်း အနုပညာအရ ပျိုမျစ်နေသူ တစ်ယောက်ဖြစ်သည်ကို အနည်းဆုံး ခန့်မှန်းနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာသည် ဒီကဗျာကို အသက်ရှစ်ဆယ့်ရှစ်နှစ်တွင်ရေးခဲ့သည်။ ကဗျာကျမ်းကျေနေရုံမကလွန်နေပြီဖြစ်သည်။ သို့သော်လည်းအသိ သတိ ကောင်းနေဆဲ ကာရန်တို့ကိုနိုင်နေဆဲ သစ်လွင်တောက်ပနေဆဲဆိုသည်ကိုအံ့ဩစွာတွေ့ခဲ့ရလေသည်။
နောက်ထပ်အကြောင်းတစ်ခုသည်ကား မြန်မာကဗျာဆရာကြီးများ၏ အားထုတ်မှုများဖောက်ထွက်လိုသောစိတ် ပင်ဖြစ်သည်။ လွယ်သည်ဟုမထင်မှတ်စေလိုပါ။ အဘယ့်ကြောင့်ဆိုသော် အစဉ်အဆက်မြန်မာကဗျာဖြစ်ပေါ် မှုတွင် ရိုးရာအစဉ်အလာရေးဟန်များ ( သို့မဟုတ် ) ဂန္ထဝင်ရေးဟန်များကို တီထွင်ကြံဆခဲ့ကြသည်မှာ လက်စွမ်းကုန် ၊ စိတ်အစွမ်းကုန်ပင်ဖြစ်သည်။ မြန်မာကဗျာတိုးတက်မှုကို ဖတ်ကြည့်လျှင်တွေ့နိုင်ပါသည်။ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကဗျာရေးရန်နည်းလမ်းများသည်က နောက်ထပ်လူများကြံစည်ဖန်တီးအားထုတ် မှုလုပ်ဖို့ရာ မလွယ်လောက် အောင်ပင် ကြိုးစားခဲ့ကြသည်။ နည်းလမ်းများအပြင် ထိုနည်းလမ်းများကိုပါ အမည်ပေး ခဲ့ကြသည်။ ဘယ်လိုရေးလျှင် ဘာနည်း စသည်ဖြင့်။ ထို့ကြောင့်ဂန္ထဝင်ကဗျာတို့တွင် ရတု ၊ ရကန် ၊ အဲချင်း ၊ ညဉ်းချင်း စသည်ဖြင့် စသည်ဖြင့် အမျိုးအစားပေါင်း များစွာတည်ရှိနေခဲ့ခြင်းဖြစ်သည်။ ကျွန်တော်သိသလောက် ထိုရှိပြီးသား ကဗျာရေးနည်း စနစ်များ ထက် ကျော်လွန်၍ နောက်လူများတီထွင်ရေးသားခဲ့သည်မှာ အတော်ရှားပါသည်။ (နောက်များကြုံလျှင် တိတိကျကျ ရေးချင် ပါသေးသည်။) ယခုတွင်မူဆရာတာရာ၏အားထုတ်မှုပေါ်လွင် စေရန်မျှသာဖြစ်ပါသည်။ ဆရာတို့ ခေတ်တွင်ရှိ နေသော ရေးဆဲဖြစ်သော ပုံစံမျိုးမှနေ၍ ဆရာသည် ပါဒတစ်ခုကို ကျော်၍ကာရန်ယူကြည့်သည်။ နောက်ဆုံး စကားလုံးနှင့် ရှေ့ဆုံးစကားလုံးကို ကာရန်ယူကြည့်သည်။ နောက်ဆုံးစကားလုံးနှင့် နောက်ဆုံးစကားလုံးကို ကာရန်ယူကြည့်သည်။ စကားလုံး ကန့်သတ်ချက်ကိုကျော် ကြည့်သည်။ ကာရန်စနစ်ကိုကျော်ကြည့်သည်။ ကဗျာသည် စိတ်ခံစားမှု အပေါ်တွင်အခြေခံသော်လည်း ဆရာသည် ကဗျာဖွဲ့စည်းပုံကို လက်လွတ်စပယ် မပြုသည်ကိုလည်း သတိထားမိသည်။ ဖွဲ့စည်းပုံအသစ်ကိုရှာသည်။ အဟောင်းကိုဖောက်ထွက်ကြည့်သည်။ ထိုသို့ဆိုသည်ကား လွယ်တော့ မလွယ်ပေ။ ကာရန်ဆိုလျှင် ကာရန် အလျောက်။ စကားပြေ ဆိုလျှင်လည်း စကားပြေအလျောက် ကျွမ်းကျင် ပိုင်နိုင်မှသာ လျှင်ထိုသို့လုပ်နိုင်ပေလိမ့်မည်။ ထိုသို့ ပိုင်နိုင်သော ဆရာသည်ကား ဆရာပြောခဲ့သည် စာပေသစ်ကို မနားတမ်းများရှာဖွေခဲ့ လေသလား။ ကျွန်တော် ဆက်၍ လေ့လာ ရပါဦးမည်။ ဤကဗျာတစ်ပုဒ်တည်းနှင့် သက်သေပြချက်တို့သည် မလုံလောက်ပါချေ။
ဤသို့ဖြစ်လျှင် ဘာကြောင့်ရေးနေသနည်း။ အရှင်းဆုံးဆိုရလျှင် ယနေ့ကဗျာဟုဆိုကာ စိတ်ခံစားမှု ပေါ်လာတိုင်း ချရေးနေမှုတို့ကိုသဘောမကျသလို ၊ မြန်မာကဗျာကွဆိုပြီး ကာရန်ပါအောင်ရေးရမည် ဆိုသည့်အစွန်းနှစ်ဖက်ရှိ ကဗျာများကိုသဘောမကျသောကြောင့်ဖြစ်သည်။ သင်သည်နေ့တိုင်း ထမင်း စားနိုင်ပါသော်လည်း နေ့တိုင်း ဟင်းတစ်မျိုးတည်းဖြင့်မစားနိုင်ပါချေ။ အကယ်ဟင်းတစ်မျိုးတည်းဖြင့် စားနိုင်ပါက သင်သည်အစွန်းနှစ်ဖက် ထွက်နေသောကဗျာမျိုးများကိုရေးနိုင်ပါသည်။ သို့သော်လည်း ကျွန်တော်သည်လည်း ဟင်းတစ်မျိုးတည်းဖြင့် နေ့တိုင်းမစားနိုင်သလို ဆရာဒဂုန်တာရာသည်လည်းမစားခဲ့ပါချေ။ ဆရာသည် ဆရာ့ခေတ် ဆရာ့အခြေအနေ ဆရာ့အသိုင်းအဝန်း နှင့် ဆရာ့ပတ်ဝန်းကျင်တွင် စာပေသစ်ခဲ့ပါသည်။ ကျွန်တော်တို့သည်လည်း ကျွန်တော်တို့ အခြေအနေ ၊ ကျွန်တော်တို့အသိုက်အဝန်း နှင့် ကျွန်တော်တို့ ဝန်းကျင်တွင် စာပေသစ်ဖို့ ကြိုးစားသည်မှာ အမှားမဟုတ်။ တချို့ကဆို ကောင်းဆိုမည် မြန်မာဖြစ်ပြီးမြန်မာလို ကာရန်မပါအောင် ဘာကြောင့်ရေးသလဲဟု။ ဆရာ့ဆရာ ကြီးများက မည်သို့ဆိုမည် ကိုမသိသော်လည်း ကျွန်တော်အနေဖြင့် ကျွန်တော်တို့ ရေးနေသော ကဗျာများသည် ကာရန်မပါ ရေးနေခြင်းမဟုတ်ဟု ဆိုချင်ပါသည်။ အထက်တွင် ကျွန်တော်ပြောခဲ့သည့် အချက်နှစ်ချက် ရှိပါသည်။ တစ်ချက်က မြန်မာအက္ခရာတို့တွင်အသံပါပြီးဖြစ်နေ၍ တမင်ကာရန်ကို အားထုတ်ရန် မလိုဟူသော အယူအဆ။ နောက် တစ်ချက်က မြန်မာကဗျာတွင် စကားတစ်လုံးချင်း ကာရန်ယူသောစနစ်နှင့် စကားစု ကာရန်ယူသော စနစ် ပင်ဖြစ်သည်။ ဤသို့ကာရန်ယူသောစနစ်တို့သည် ပြည့်စုံလုံလောက်နေပြီဖြစ်သဖြင့် ကျွန်တော်တို့ လုပ်စရာ ရှိသည်ကား ထိုစနစ်ကို ထပ်မံဖြည့်ဆည်းဖို့ရာအတွက် ဖြိုဖျက်ခြင်းနည်းလမ်း ( သို့မဟုတ် ) ငုံ၍ အသစ် ထပ်ဆောက်ခြင်းနည်းလမ်းသာ သုံးခွင့်ရှိပါသည်။ ကျွန်တော်တို့ စကားတစ်လုံးချင်းနှင့် စကားစု ကာရန်ယူခြင်း အစား ကဗျာစာကြောင်းတစ်ကြောင်း နှင့်တစ်ကြောင်း ကူးလူးဆက်သွယ်မှုနည်းလမ်းများ၊ ကဗျာစာပိုဒ် တစ်ပိုဒ်နှင့် တစ်ပိုဒ် ကူးလူးဆက်သွယ်မှုနည်း လမ်းများ ၊ ကဗျာ တစ်ပုဒ်လုံးအပေါ်တွင် တည်ဆောက်မှုနည်းလမ်းများ၊ စကားတစ်လုံးချင်း မှပေးနိုင်သော အနက် အဓိပ္ပာယ်များကို ဆန့်ကျင်ဘက် (သို့မဟုတ်) ဖြန့်ထွက်အဓိပ္ပါယ်များဖြင့် အသုံးချခြင်း နည်းလမ်းများ စသည်စသည် တို့ကို အနောက်တိုင်းကဗျာများလေ့လာပြီး မြန်မာမှု အသစ် တစ်ခု ဖြစ်ပေါ်လာစေရန် ပျိုးထောင်နေ ခြင်းဖြစ်ပါသည်။ဤသို့ဆိုလျင် ဆရာ ဒဂုန်တာရာ အနေဖြင့် မည်သို့ပြောလိမ့်မည်ကို မသိ နိုင်တော့ သော်လည်း ကန့်ကွက်လိမ့်မည်ဟု မထင်မိပါ။
မည်သို့ပင်ဆိုစေကာမူကဗျာနှင့်အနီးအစပ်မရှိသူများအတွက်နည်းနည်းလေးအကျိုးရှိမည်ဆိုလျှင်ကျေနပ်ပါသည်။ ကဗျာဆရာ့ဆရာကြီးများမှ ရှုတ်ချလျှင်လည်းကျေနပ်ပါသည်။ ကဗျာတွင် စိတ်ခံစားမှုတစ်ခုတည်းမဟုတ် စကားလုံးများကိုကြိုးစားဖွဲ့တည်ထားပုံပါသောကဗျာများကိုကျွန်တော်ကြိုက်သည်။ ဆားဗီးယားကဗျာဆရာ အဒိုနီးစ်က အနုပညာဖန်တီးသူဆိုတာ တော်လှန်ပြောင်းလဲမှုနဲ့အမြဲတွဲပြီးရှိနေရမယ် လို့ပြောခဲ့ဖူးသည်။တော်လှန် ပြောင်းလဲမှုဆိုသည်မှာလူပုဂ္ဂိုလ်နှင့်မသက်ဆိုင်။ ကိုယ်ရေးနေသည့်ကဗျာသဘောတရား၊ ကဗျာဖွဲ့စည်းပုံနှင့်သာ သက်ဆိုင်မည်ထင်သည်။ ထိုအချက်ကိုဆရာကြီးဒဂုန်တာရာက လမ်းညွှန်ပြသခဲ့သည်ဟုလေးလေးနက်နက် ယုံ ကြည်မိပါသည်။

