ကမ္ဘာမြေကြီးက တဖြည်းဖြည်းနဲ့ အတော်ကလေး ကြပ်ညပ်လာပါပြီ။ တစ်နေ့မှာ အင်္ဂါဂြိုဟ်ကို ပြောင်းရွှေ့ အခြေချချင်သူ တွေအတွက် ကြော်ငြာတစ်ခုကို ခင်ဗျားတွေ့တယ်။ ခရီးစရိတ်ကလည်း အခမဲ့ပါတဲ့။ ကမ္ဘာသားဘဝကို စွန့်လွှတ် နိုင်မယ့် သူတွေအတွက် မြေယာအဆောက်အအုံ ပိုင်ဆိုင်မှု နဲ့ အလုပ်အကိုင်ကောင်းကောင်းလည်း ရမယ်။ ဂြိုဟ်ပေါ်မှာ အခုဆိုရင် ကိုလိုနီတစ်ခု ထူထောင်ပြီးသွားပြီ။ အခုအချိန် အဲဒီမှာ အင်မတန်လိုအပ်နေတဲ့ ကျွမ်းကျင်မှုက ခင်ဗျားဆီမှာ ရှိတယ်။ “ဘာလို့ မသွားရမှာလဲ” ခင်ဗျား ကောက်ချက်ချလိုက်တယ်။ အဲဒီနောက် အိပ်မက်ကင်းမဲ့တဲ့ စံလွန်အိပ်စက်ခြင်းတစ်ခု ကြာပြီးတဲ့အခါ အင်္ဂါဂြိုဟ်ကို ခင်ဗျား ရောက်သွားပါတော့တယ်။
အင်္ဂါဂြိုဟ်က ခင်ဗျား မျှော်လင့်ထားတာထက် စိမ်းစိုနေပြီး ခင်ဗျားရဲ့ မြေယာအသစ်ကလည်း အင်မတန်လှပါတယ်။ ဒါပေမဲ့ အရာအားလုံးက မြင်နေရတဲ့အတိုင်း မဟုတ်ဘူး။ ကမ္ဘာမှာကျန်ခဲ့တဲ့ လူတွေ မသိတဲ့အချက်ရှိနေတယ်။ အခြေချပြီးတဲ့ လူသားတွေချည်းသက်သက် ဒီဂြိုဟ်နီကြီးပေါ်မှာ နေကြတာ မဟုတ်ဘူး ဆိုတာပါပဲ။ ကောလာဟလတွေက ပျံ့နှံ့နေတယ်။ ရှာတွေ့ဖို့ ခက်ပေမယ့် အင်္ဂါဂြိုဟ်ရဲ့ မြေရိုင်းတွေမှာ ရေကြည်ရာမြက်နုရာ အုပ်စုဖွဲ့ သွားလာနေကြတဲ့ သတ္တဝါတွေ ရှိနေကြတယ်။ အဲဒါက ဘာအဓိပ္ပါယ်လဲ။ ခင်ဗျားမှာ အန္တရာယ် ရှိနေပြီလား။ ဒီမြေက ခင်ဗျားရဲ့ဥစ္စာ ဟုတ်လား။ မဟုတ်ဘူးလား။

ပစ္စည်းဥစ္စာအတွက် အခွင့်အရေး
ဒီခေါင်းစဉ်က အငြင်းပွားစရာကိစ္စပါပဲ။ သောမတ်စ်ဟော့ဘ်စ် နဲ့ ဂျွန်လော့ခ် တို့လို သဘောတရားရေးရာပညာရှင်တွေရဲ့ အဆိုအရ ဒါဟာ လူမှုသဘောတူစာချုပ်တစ်ခု ထူထောင်တဲ့နေရာမှာ အဓိကအကြောင်းရင်း ဖြစ်တယ်တဲ့။ ဘာအဓိပ္ပာယ်လဲ ဆိုတဲ့ နေရာမှာ တော့ အတွေးအခေါ်ပညာရှင်နှစ်ယောက် အမြင်ကွဲပြားကြတယ်။ “သင့်ဥစ္စာ” နဲ့ “ကိုယ့်ဥစ္စာ” ရဲ့ ကြားမှာ သဘာဝအရ ဘာခြားနားမှုမှ မရှိဘူးလို့ ဟော့ဘ်စ်က စဉ်းစားခဲ့တယ်။ ပစ္စည်းဥစ္စာ ဆိုတာ လူတစ်ယောက်စီ ရရှိနိုင်တဲ့ ထိန်းသိမ်းထားနိုင်တဲ့ အရာတစ်ခုရဲ့ ကိစ္စ ဖြစ်တယ်။ ဒါကြောင့် ခိုင်မာမှုရှိတဲ့ အခွင့်အရေး မဟုတ်ဘူးလို့ သူက ပြောတယ်။ ခင်ဗျားရဲ့ ပစ္စည်းဥစ္စာအတွက် အချုပ်အခြာ အာဏာပိုင်တဲ့သူကသာ အာမခံချက်ပေးနိုင်တယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကပဲ လွယ်လွယ်ကူကူနဲ့ ပြန်သိမ်း ယူသွားနိုင်တယ်တဲ့။ လော့ခ်ကတော့ ဆန့်ကျင်ဘက် စဉ်းစားခဲ့တယ်။ နိုင်ငံတော်က လူတစ်ယောက်ရဲ့ ပစ္စည်းဥစ္စာတွေကို ကာကွယ်ပေးသင့်တယ်ဆိုရင် အချုပ်အခြာ အာဏာပိုင်သူက ဘာစိတ်ထားရှိပါစေ အဲဒီ ပစ္စည်းဥစ္စာကို မတရား ရုပ်သိမ်းဖို့ အခွင့်အရေး မရှိဘူးတဲ့။
လော့ခ်ပြောတာကို လူ့အခွင့်အရေး ဥပဒေပြုသူတွေက သဘောတူကြတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (၁၉၄၈) ထဲမှာ “ပစ္စည်းဥစ္စာ ပိုင်ဆိုင်ဖို့ လူတိုင်းမှာ အခွင့်အရေးရှိတယ်” လို့ ဖော်ပြထားတယ်။ ဒါတင်မက အဲဒီအခွင့်အရေးကို “စိတ်ကူးပေါက်သလို ပိတ်ပင်တားဆီးတာမျိုး ဘယ်သူမှ မလုပ်ရဘူး” လို့ ထပ်လောင်းပါရှိတယ်။ ရေလှောင်ကန်ကြီး တစ်ကန် တည်ဆောက်ဖို့အတွက် အများပြည်သူအကျိုးစီးပွားနဲ့ဆိုင်တဲ့နေရာက မြေကို လျော်ကြေးပေးပြီး မဖြစ်မနေ ဝယ်ယူတာကို နိုင်ငံအတော်များများက ခွင့်ပြုကြတယ်။ ဒါပေမဲ့ အခြေအနေအများစုမှာ အစိုးရတွေဟာ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု လူ့အခွင့်အရေးကို လေးစားကြပါတယ်။ ဒါပေမဲ့ ဒေသခံ အင်္ဂါဂြိုဟ်သားတွေအတွက်ကျတော့ ဘယ်လိုစဉ်းစားကြမလဲ။ သူတို့မှာ အခွင့်အရေး မရှိဘူးလား။ ဒီနေရာမှာ သူတို့ အရင်ရှိနေတဲ့အတွက် ဒီမြေတွေက သူတို့နဲ့ မသက်ဆိုင်ဘူးလား။ တကယ်တော့ ဟော့ဘ်စ် နဲ့ လော့ခ် တို့ နှစ်ယောက်လုံးက ကိုလိုနီသမားတွေဘက်မှာ ရပ်တည်ဖို့ များပါတယ်။ ဒီနေရာမှာ ဥရောပသားတွေ အမေရိကနဲ့ တခြားနေရာတွေကို ကိုလိုနီပြုခဲ့တုန်းက အဖြစ်နဲ့ သိသိသာသာ တူနေတာကို ခင်ဗျား သတိထားမိပါလိမ့်မယ်။ ဒေသခံ အမေရိကန်တွေဆီမှာ “အစိုးရတစ်ရပ် လုံးဝမရှိကြဘူး။ ပြီးတော့ ဒီခေတ်မှာ အရိုင်းအစိုင်းလို နေကြတယ်”လို့ ဟော့ဘ်စ်က တွေးခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသား အင်္ဂါဂြိုဟ်သားတွေကို ဥပဒေမဲ့ အခြေအနေမှာ နေထိုင်နေကြတယ်လို့ ဟော့ဘ်စ်က စဉ်းစားကောင်းစဉ်းစားလိမ့်မယ်။ အဲဒီတော့ သူတို့သာ ခင်ဗျားတို့ လူ့အဖွဲ့အစည်းနဲ့ မပူးပေါင်းဘူးဆိုရင် သူတို့အတွက် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အခွင့်အရေး လုံးဝမရှိပါဘူးတဲ့။ ဒီပြောဆိုချက်အတွက် ခင်ဗျားက လော့ခ်ရဲ့ အယူအဆကိုလည်း သုံးနိုင်တယ်။ ဘာလို့လဲဆိုတော့ အင်္ဂါဂြိုဟ်သားတွေဟာ ဂြိုဟ်ပေါ်က သဲကန္တာရတွေမှာ ဘာမှ စိုက်တာပျိုးတာမရှိဘဲ ရေကြည်ရာမြက်နုရာ လျှောက်သွားနေကြသူတွေ ဖြစ်တယ်။ ဘာအဆောက်အအုံမှလည်း မတည်ဆောက်ခဲ့ ကြဘူး။ မြေရိုင်း သက်သက်ဟာ တာရာနူးလိယပ်စ် (လက်တင် ဥပဒေ ဝေါဟာရ တစ်ခုဖြစ်တဲ့ “မည်သူမျှ မပိုင်သောမြေ”) ဖြစ်တယ်။ အဲဒါကြောင့် သိမ်းယူရင် မျှတပါတယ်တဲ့။ မြေယာဆိုတာကို “ကိုယ်ခန္ဓာ၏ အားထုတ်မှု နှင့် လက်၏အလုပ်” ကတစ်ဆင့် လူတစ်ယောက် အနေနဲ့ ရယူပိုင်ဆိုင်နိုင်တယ်လို့ လော့ခ်က ယူဆတယ်။ (ပြည်သူ့အစိုးရနှင့် သက်ဆိုင်သော ဒုတိယစာတမ်း၊ ၁၆၈၉)။ အဲဒီတော့ ဂြိုဟ်ပေါ်မှာ အင်္ဂါဂြိုဟ်မုန်လာဥနည်းနည်းလောက် စိုက်၊ ပြီးရင် အဲဒီမြေနေရာက ခင်ဗျားဥစ္စာဖြစ်သွားပြီပေါ့။ ရေကြည်ရာမြက်နုရာ ဘဝနေနည်းနောက်ကို လိုက်နေတဲ့ အင်္ဂါဂြိုဟ်သားတွေ ကတော့ အဲဒီမြေ ပိုင်ဆိုင်ခွင့်ကို တောင်းဆိုရာမှာ ရှုံးနိမ့်ခဲ့ပါပြီ။

အခြေခံဒဿနမေးခွန်း
ဥစ္စာပစ္စည်းအတွက် အခွင့်အရေး ဆိုတာ ရှိရင် ဘယ်အခြေခံအကြောင်းရင်းပေါ်မှာ မူတည်ထားတာလဲ။
မြေယာခွဲဝေခြင်း
ဒီလိုလုပ်တာက နည်းနည်းလောက်တော့ မမျှတဘူးလို့ ထင်စရာ ရှိတယ်။ ခင်ဗျားရော အဲဒီလို မထင်ဘူးလား။ ဒေသခံအင်္ဂါဂြိုဟ်သားတွေဟာ ရေကြည်ရာမြက်နုရာ လျှောက်သွားနေတဲ့သူတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ သူတို့ရဲ့ ဌာနေမြေပေါ်မှာ သူတို့ကို ကျူးကျော်သူတွေလို့ စဉ်းစားမယ်ဆိုရင် ရယ်စရာကောင်းမှာပေါ့။ သူတို့မှာ ကမ္ဘာသား ဒီမိုကရက်တွေ သတ်မှတ်သလို “ပြည်သူ့အစိုးရ” ရှိချင်မှ ရှိမယ်။ ဒါပေမဲ့ အဲဒါက သူတို့ဆီမှာ ယဥ်ကျေးမှုမရှိ၊ ဥပဒေလုံးဝမရှိဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါသလား။ အဲဒီလိုနည်းတွေနဲ့ အင်အားကြီး ဥရောပကိုလိုနီနိုင်ငံကြီးတွေဟာ တာရာနူးလိယပ်စ် အယူအဆ ကို သုံးပြီး ကျူးကျော်မှုတွေ နယ်မြေသိမ်းပိုက်မှုတွေဟာ တရားကြောင်း လုပ်ခဲ့ကြတယ်။ အာဖရိက၊ အမေရိက ဒါမှမဟုတ် သြစတြေးလျက ဌာနေတိုင်းရင်းသားတွေဟာ ရေကြည်ရာမြက်နုရာ သွားနေကြတဲ့သူတွေ မဟုတ်ပေမယ့် ယဥ်ကျေးမှု အဆင့်အတန်း လုံလုံလောက်လောက် မရှိဘူးလို့ သတ်မှတ်ကြတယ်။ ဒါကြောင့် သူတို့အတွက် “အကောင်းဆုံး အကျိုးစီးပွား” က သူတစ်ပါးအုပ်ချုပ်တာကို ခံလိုက်ဖို့ပဲလို့ ကိုလိုနီပြုသူတွေက ဆိုတယ်။
ဒါပေမဲ့ ခင်ဗျားကတော့ သူများမြေကိုလုတဲ့ နယ်ချဲ့ လူဆိုးတစ်ယောက် မဟုတ်ဘူး မဟုတ်လား။ အင်္ဂါဂြိုဟ်ပေါ်မှာ ခင်ဗျား နေထိုင်ဖို့ အစီအစဉ်ရှိရင် ခင်ဗျားအနေနဲ့ မျှမျှတတ ဖြစ်အောင် လုပ်ချင်မှာပဲ။ အဲဒီတော့ ခင်ဗျားရယ် တစ်ခြား စိတ်ထားကောင်းတဲ့ ကိုလိုနီသမားတွေရယ်က ဒေသခံတွေနဲ့ ဆွေးနွေးကြတယ်။ နေထိုင်ဖို့အတွက် ခွင့်တောင်းကြတယ်။ ဒေသခံ အင်္ဂါဂြိုဟ်သား တွေဟာ တကယ်တော့ အင်မတန်အေးချမ်းပြီး ဖော်ရွေကြပါတယ်။ တစ်ယောက်ရဲ့ ဘာသာစကား၊ ယဉ်ကျေးမှုကို တစ်ယောက်က ပိုပြီးနားလည်လာတဲ့အခါ ဘယ်သူ ဘာပိုင်သင့်လဲဆိုတာအတွက် အခြေခံစည်းမျဉ်း တချို့ကို ခင်ဗျားတို့ စဆွေးနွေးကြတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ခင်ဗျား ပြဿနာနဲ့ တိုးတော့တယ်။ ခင်ဗျားက မြေကို အညီအမျှ ခွဲဝေချင်ပေမယ့် ခင်ဗျားရဲ့ ရောင်းရင်း အခြေချသူတချို့က လွတ်လပ်ခွင့်ပဓာနဝါဒီတွေ ဖြစ်တယ်။ လူတိုင်းသာ စိုက်ပျိုးဖို့ မြေပမာဏ အတူတူရကြမယ်ဆိုရင် အင်္ဂါဂြိုဟ်ရဲ့ အပျံသင်စ စီးပွားရေးကို ဆွဲချသလို ဖြစ်လိမ့်မယ်လို့ သူတို့က ဆိုတယ်။ လူတိုင်းဆီမှာ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု ညီတူညီမျှနဲ့ အစပြုတဲ့အခါ သဘာဝအရ တချို့လူတွေက သူတို့ရဲ့မြေကို ရောင်းချင်လာပြီး တချို့ကတော့ ဝယ်ချင်လာပါတယ်။ တချို့ဧရိယာတွေက တချို့ဧရိယာတွေထက် မြေသြဇာ ကောင်းနိုင်တာကိုး။
ဒါပေမဲ့ ခင်ဗျားက ဥစ္စာပစ္စည်း အရောင်းအဝယ်ကို ကန့်သတ်လိုက်ရင် အဲဒါဟာ ပုဂ္ဂလိက လွတ်လပ်ခွင့်အပေါ် ကန့်သတ်ရာ မရောက်ဘူးလား။ ဒါက နိုင်ငံတော်ထိန်းချုပ်မှု ဆိုတဲ့ အစွန်းရောက် ပုံသဏ္ဌန်တစ်မျိုးဆီ သွားနေတာ မဟုတ်ဘူးလား။ (ကွန်မြူနစ်စနစ်ရဲ့ ပုံသဏ္ဌန်တစ်မျိုး ဒါမှမဟုတ် အာဏာရှင်ဝါဒနဲ့ တချို့တဝက်တူတဲ့ ပုံသဏ္ဌန်တစ်မျိုး) ဒါပေမဲ့ မြေယာ ဖော်ထုတ်သူ တွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့် ပေးလိုက်ရင်လည်း မညီမျှမှုရယ် ဆင်းရဲသူနဲ့ ချမ်းသာသူအကြား ခြားနားမှု တွေရယ် ရှိသူတွေနဲ့ မရှိသူတွေရယ် ဆိုတဲ့ မျိုးစေ့တွေကို ခင်ဗျား စိုက်ပျိုးလိုက်သလို ဖြစ်ဦးမှာပဲ။ ခင်ဗျားက ကမ္ဘာမြေကို ထားခဲ့ပေမယ့် သူ့ရဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့ ဘေးကျပ်နံကျပ် ပြဿနာအားလုံးကို သယ်လာခဲ့မိပါလားလို့ ခင်ဗျား တဖြည်းဖြည်းနဲ့ သဘော ပေါက်လာ ပါတယ်။
နော့ဇစ်ခ် နဲ့ ခံစားပိုင်ခွင့် သဘောတရား
ကားလ်မာ့က်စ် ဆိုရင် ဘာလုပ်မလဲ ကျွန်တော်တို့ သိကြတယ်။ ပုဂ္ဂလိကပိုင်ဆိုင်မှုအားလုံးကို ဖျက်သိမ်းမှာပေါ့။ ဒါပေမဲ့ အဲဒါတွေအားလုံးကို မတည်ပေးထားတဲ့ စျေးကွက်လွတ်လပ်ရေး အရင်းရှင်တွေကတော့ ကားလ်မာ့က်စ်နဲ့ တစ်ဖက်ထဲ ရှိမှာမဟုတ်ဘူး။ မျှတမှု တချို့တလေ ထူထောင်နိုင်ဖို့ ခင်ဗျားဆီမှာ တစ်ခြား စဉ်းစားပုံ စဉ်းစားနည်းရော ရှိသေးလား။
အစိုးရ ဝင်ရောက်စွက်ဖက်ခြင်း ကို ဆန့်ကျင်တဲ့နေရာမှာ လွတ်လပ်ခွင့်ပဓာနဝါဒီ ဒဿနပညာရှင် ရောဘတ်နော့ဇစ်ခ်ရဲ့ ဆွေးနွေးချက် ရှိပါတယ်။ လူတွေရဲ့ ကြွယ်ဝချမ်းသာမှု နဲ့ ပိုင်ဆိုင်မှုက လုံးဝမတူကြရင်တောင် သူတို့ပိုင်ဆိုင်တဲ့အရာတွေအပေါ်မှာ မျှမျှတတ ခံစားပိုင်ခွင့် ရှိနိုင်တယ်လို့ သူက ပြောတယ်။ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာမယ်ဆိုရင် လူတွေဟာ လွတ်လွတ်လပ်လပ် ရောင်းဝယ်နိုင်တယ်။ ပစ္စည်းဥစ္စာ ပမာဏ အမျိုးမျိုး ပိုင်ဆိုင်ရင်လည်း ရတယ်လို့ နော့ဇစ်ခ်ရဲ့ ခံစားပိုင်ခွင့် သဘောတရားက ဆိုပါတယ်။ ဒါကြောင့် နော့ဇစ်ခ်ဟာ ပစ္စည်းဥစ္စာအခွင့်အရေးဆိုင်ရာ သမိုင်းဝင် အမြင်တစ်ခုကို တင်ပြခဲ့တယ်။ ပိုင်ဆိုင်မှုကို အချက် သုံးချက်နဲ့ ဆုံးဖြတ်ပေးနိုင်တယ်။ (၁) ပစ္စည်းဥစ္စာကို မှန်မှန်ကန်ကန် ရယူထားတာ ဖြစ်ရမယ်။ (၂) လွှဲပြောင်း ထားတဲ့ ဥစ္စာဆိုရင် နည်းမှန်လမ်းမှန် ဖြစ်ရမယ်။ (၃) တစ် နဲ့ နှစ် ကို ချိုးဖောက်ခဲ့ရင် ပြင်ဆင်မှုတွေ လုပ်ရမယ်။
နော့ဇစ်ခ် ရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ ခံစားပိုင်ခွင့်သဘောတရား
၁။ ပစ္စည်းဥစ္စာရရှိမှု နိယာမ
ပစ္စည်းဥစ္စာ အမျိုးအစား တချို့ကိုပဲ ပိုင်ဆိုင်ခွင့်ရှိပြီး အဲဒါတွေ ရရှိဖို့အတွက် စည်းကမ်းနဲ့အညီ ဖြစ်ရပါမယ်။
၂။ လွှဲပြောင်းမှု နိယာမ
ပစ္စည်းဥစ္စာတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ လွှဲပြောင်း၊ ပေးအပ်၊ ရောင်းဝယ်လို့ ရတယ်။
၃။ ပြင်ဆင်မှု နိယာမ
ပစ္စည်းဥစ္စာတွေဟာ မှန်မှန်ကန်ကန် ရရှိထားတာ ဒါမှမဟုတ် လွှဲပြောင်းထားတာ မဟုတ်ဘူးဆိုရင် နစ်နာသူအတွက် လျော်ကြေးတစ်ခု ရှိရမှာဖြစ်တယ်။
ဒီအချက်တွေဟာ ခင်ဗျား တားဆီးချင်တဲ့ တရားလက်လွတ် နယ်မြေလုယူတာမျိုးကို ဖယ်ရှားပေးနိုင်မယ်လို့ ထင်ရတဲ့ အတွက် မျှတ (ညီတူညီမျှမဖြစ်ရင်တောင်) ပုံရပါတယ်။ မြေနေရာက ခန့်မှန်းခဲ့တာထက် အကျိုးဖြစ်ထွန်းလာရင်တော့ ဘယ်တတ် နိုင်မလဲ။ ကုန်သွယ်မှုလုပ်တာပဲလေ။
အခု ခင်ဗျားရဲ့ အင်္ဂါဂြိုဟ်စားကျက်မြေကို ကြည့်ကြစို့။ အဲဒါကို ခင်ဗျား ပိုင်ဆိုင်ပုံက နော့ဇစ်ခ်ရဲ့ စံနှုန်းတွေနဲ့ ညီရဲ့လား။ ပြဿနာက နော့ဇစ်ခ်ရဲ့ အယူအဆဟာ ဌာနေတိုင်းရင်းသားတွေအတွက် တာရာနူးလိယပ်စ် မေးခွန်းကို လျစ်လျူ ရှုထားပုံ ပေါ်တယ်။ သူ့ရဲ့ ခံစားပိုင်ခွင့်သဘောတရားထဲမှာ နော့ဇစ်က ကျွန်တော်တို့ကို “သဘာဝအခြေအနေ” တစ်ခု စိတ်ကူး ကြည့်ခိုင်း တယ်။ အဲဒီနေရာမှာ လူတိုင်းက ညီတူညီမျှ အစပြုရမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒါက တကယ့်ဘဝမှာ မမှန်ပါဘူး။ ဥပမာ အင်္ဂါဂြိုဟ်သားတွေက သူတို့ရဲ့ မြေပေါ်မှာ နေပြီးသားပဲ။ အဲဒီတော့ မြေပိုင်ဆိုင်ခွင့် တောင်းဆိုရာမှာ အသစ် ရောက်လာသူ တွေထက် သူတို့ဘက်က ပိုပြီးခိုင်ခိုင်မာမာ ရှိတာပေါ့။ ဒါပေမဲ့ ဒီလို ကျိုးကြောင်းမမြင်နိုင်မှုထဲ ပိတ်မိနေတာ နော့ဇစ်ခ်ရဲ့ သဘောတရား တစ်ခုတည်း မဟုတ်ဘူး။ “ပိုမျှတတဲ့” ရလဒ်ကို ပစ်မှတ်ထားတဲ့ ဂျွန်ရောလ်စ်လည်း ပါတယ်။ သူ့ရဲ့ အတွေးအခေါ် ကလည်း အတူတူပါပဲ။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ဟာ လူမှုသဘောတူစာချုပ်ထဲမှာ ပါသူတွေပဲ ရသင့်တယ်လို့ ဆိုပြန်တယ်။ ပြဿနာက သူ့အယူအဆဟာ ဖြေရခက်တဲ့မေးခွန်းကိုကျတော့ ကျော်သွားခဲ့တယ်။ ကိုယ့်မြေကိုယ့်ရေပေါ်မှာ နေတဲ့ မူလနေထိုင်သူ အဖြစ်ကနေ အခွင့်အရေး အကန့်အသတ်ပဲရတဲ့ “နိုင်ငံသား” အဖြစ်ကို အင်္ဂါဂြိုဟ်သားတွေ ဘယ်လိုလုပ် ရောက်သွားရတာလဲ။ သူတို့က ဘာဖြစ်လို့ မြေကို ခွဲပေးသင့်ရမှာလဲ။ ဒီနေရာကို သူတို့ အရင်ရောက်တာ မဟုတ်ဘူးလား။ သူတို့အပေါ် ပြဋ္ဌာန်းမယ့် လော့ခ်၊ နော့ဇစ်ခ်၊ ရောလ်စ် တို့ရဲ့ လစ်ဘရယ် ဒီမိုကရက် စံနှုန်းတွေကို သူတို့က ဘာဖြစ်လို့ လက်ခံရမှာလဲ။ ဂျမေကာနိုင်ငံသား ဒဿနပညာရှင် ချားလ်စ် ဒဗလျူ မေးလ်စ် (၁၉၅၁ မွေး) က နော့ဇစ်ခ် နဲ့ ရောလ်စ်တို့ဟာ ဒီပြဿနာကို ငြင်းပယ်ရုံ မကဘူး၊ ထည့်စဉ်းစားဖို့ကို မလုပ်ခဲ့ကြဘူးလို့ ထောက်ပြခဲ့တယ်။ “လက်တွေ့မှာ ရောလ်စ် နဲ့ နော့ဇစ်ခ် တို့က တာရာနူးလိယပ်စ် (မည်သူမျှမပိုင်သောမြေ) အယူအဆကို လက်ခံခဲ့ကြပြီး ဒေသခံတွေအပေါ် နယ်မြေသိမ်းယူမှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကို လျစ်လျူရှုခဲ့ကြပါတယ်”
ဆုံးဖြတ်ချက်ချမှတ်ခြင်း
ခင်ဗျား ဘယ်လိုပဲ တရားကြောင်းပြဖို့ ကြိုးစားပါစေ၊ မြေယာခွဲဝေခြင်းအတွက် ခင်ဗျားရဲ့ “မျှတ”တဲ့ နည်းလမ်းက ဘာပဲဖြစ်ပါစေ အင်္ဂါဂြိုဟ်ပေါ်မှာ ခင်ဗျားရှိနေတာကိုက ပြဿနာ ဖြစ်လာပါတယ်။ ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်မှု၊ စည်းမျဉ်းဥပဒေ၊ လူ့အခွင့်အရေး စသဖြင့် အဲဒါတွေအပေါ်ထားတဲ့ အင်္ဂါဂြိုဟ်သားတွေရဲ့ အယူအဆဟာ ခင်ဗျားနဲ့ မတူဖို့များပါတယ်။ တကယ်တော့ တစ်ဦးချင်းစီ ဆိုတဲ့ အဓိပ္ပာယ်အပေါ်မှာတောင် သူတို့ရဲ့ ခံယူချက်တွေက ကွဲပြားနိုင်တယ်။ အစောပိုင်းကာလ ဥရောပ “အခြေစိုက်သူတွေ” နဲ့ ဌာနေတိုင်းရင်းသားတွေ ကြားက ခြားနားမှုတွေဟာ အစွန်းရောက်လွန်းခဲ့တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေစိုက် သူတွေအနေနဲ့ သူများမြေပေါ် ဝင်နေတာကို အကြောင်းပြတဲ့နေရာမှာ ကိုယ့်ရဲ့ သတ်မှတ်ချက်တွေ (ဥပမာ လူမှု သဘောတူ စာချုပ်သဘောတရားတို့၊ တာရာနူးလိယပ်စ်တို့) ကို သုံးတာကတော့ ဘက်လိုက်ရာရောက်ပါတယ်။ သူတစ်ပါးမြေမှာ အခြေချဖို့၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ဖို့အတွက် အဲဒီဒေသမှာ နေထိုင်တဲ့သူတွေဆီက သတ်မှတ်ချက်နဲ့ ခွင့်ပြုချက်တွေကို တောင်းဆိုတာက ပိုပြီး မျှတ၊ ပိုပြီးကောင်းလိမ့်မယ် မဟုတ်ပါလား။
နောင်နောင်စိုးသိမ်း
စာရေးဆရာ Gareth Southwell ရေးတဲ့
What would Marx do?
How the greatest political theorists would solve your everyday problems စာအုပ်က
Should I emigrate to Mars? ဆောင်းပါးကို ဘာသာပြန်ပါတယ်။

