ယနေ့ခေတ်အခါမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်တာနဲ့အမျှ နေရာတိုင်း လိုလို မှာ အခမဲ့ ဝိုင်ဖိုင် တွေ တပ်ဆင်လာကြပြီပဲဖြစ်ပါတယ်။ ခေတ်အခြေအနေအရ အင်တာနက် အသုံးပြုသူတွေဟာ လက်ဖက်ရည်ဆိုင်၊ ကော်ဖီဆိုင် ထိုင်ရင်တောင်မှ ဝိုင်ဖိုင်ရတဲ့ဆိုင်၊ ဆိုင်တစ်ဆိုင်ဆိုင်မှာ ဈေးဝယ်လို့ ငွေသား မဟုတ်ဘဲ ကေပေး (K Pay)၊ ဧရာပေး (AYA Pay) စတဲ့ ဒစ်ဂျစ်တယ် ဝေါလတ်လို့ခေါ်တဲ့ ခေတ်ပေါ် PAY app တစ်ခုခုနဲ့ ပိုက်ဆံ ရှင်းမယ်၊ QR code ဖတ်တော့မယ် ဆိုရင်တောင် ဆိုင်က ဝိုင်ဖိုင်လေး ချိတ်လိုက်ရမှ ဆိုတဲ့ အနေအထားဖြစ်နေပါပြီ။ ဒါ့အပြင် အင်တာနက်ကို အမြဲ အသုံးပြုရတဲ့ remote job လုပ်တဲ့သူ တွေက အိမ်မှာဆို မီးပျက်တာ၊ အင်တာနက်ပျက်တာတွေ ဖြစ်မှာကြောင့် ဝိုင်ဖိုင်ရတဲ့ ဆိုင်တစ်ဆိုင်ဆိုင်မှာ ထိုင်ပြီး အလုပ်လုပ်တာ မျိုးတွေကလည်း တွင်ကျယ် လာနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ဈေးဝယ်စင်တာတွေ၊ ဆိုင်တွေ အတော် များများမှာ အသုံးပြုနိုင်တဲ့ အခမဲ့ အများသုံး ဝိုင်ဖိုင်တွေ တပ်ဆင်ပေးထားပြီး လူတွေကလည်း အဲဒီ ဝိုင်ဖိုင်တွေကို အလွယ်တကူ အသုံးပြုမိနေကြတာပဲဖြစ်ပါတယ်။

ဒီလို အများသုံး အခမဲ့ ဝိုင်ဖိုင်တွေသုံးတာ လုံခြုံမှု ရှိပါသလား။
သာမန်ကြည့်မယ်ဆို အခမဲ့ အများသုံး ဝိုင်ဖိုင်တွေ အသုံးပြုနေတာက အန္တရာယ်မရှိဘူးထင်ရပေမယ့် သတိထားသင့်တဲ့ အချက်တွေ အများကြီး ရှိနေပါတယ်။
မိမိအသုံးပြုနေတဲ့ ဒေတာများ ကြားဖြတ် အခိုးခံရခြင်း (သို့မဟုတ်) တိတ်တဆိတ် ဝင်ရောက်ကြည့်ရှုနိုင်ခြင်း (Data Interception)
အများသုံး ဝိုင်ဖိုင် ကွန်ရက်တွေမှာ ဒေတာကုဒ်ဝှက်မှု (data encryption) အားနည်းတတ်တာကြောင့် ဒေတာတွေ ခိုးယူ ခံရနိုင်ပါတယ်။ ဥပမာ… အများသုံး ဝိုင်ဖိုင်ကို အသုံးပြုပြီး ကိုယ့်သုံးမယ့် အကောင့်တစ်ခု၊ စနစ်တစ်ခုထဲကို လော့ဂ်အင် (log in) ဝင်လိုက်မယ်ဆိုရင် ဒီဝိုင်ဖိုင်ကွန်ရက်အတွင်းမှာပဲ ရှိနေတဲ့ ဟက်ကာ (Hacker) က ကိုယ် ဝင်လိုက်တဲ့ အချက်အလက်တွေကို ဖမ်းယူ ကြည့်ရှုနိုင် သွားပါပြီ။ ဒါကို Man in the middle Attack လို့ ခေါ်ပါတယ်။ ဟက်ကာဆိုတာ ကွန်ပျုတာ စနစ် တစ်ခုကို မွှေနှောက် ထိုးဖောက် ဝင်ရောက်နိုင်သူလို့ အလွယ်တကူ မှတ်ယူနိုင်ပါတယ်။ စာရှုသူကို သိစေလိုတာကတော့ ဟက်ကာများဟာ နေရာတကာမှာ ရှိနေတတ်တယ် ဆိုတာပါပဲ။
ဝိုင်ဖိုင်ကွန်ရက် အတုများ ဖန်တီးခြင်း (Fake Wi-Fi Hotspot)
ဟက်ကာတွေက အသုံးပြုသူကို အလိုအလျောက် ချိတ်ဆက်မိအောင် ဖရီးဝိုင်ဖိုင်ရဲ့ နာမည်နဲ့ ဆင်တူတဲ့ ဝိုင်ဖိုင်ကွန်ရက် အတု တစ်ခုကို ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖုန်း၊ လက်ပ်တော့ (laptop) စတာတွေရဲ့ ဝိုင်ဖိုင်ကို ဖွင့်ပြီး အော်တို ချိတ်ဆက်မှုလုပ်တဲ့အခါ လိုင်းကောင်းတဲ့ ဝိုင်ဖိုင်က လာချိတ်မှာပဲဖြစ်ပါတယ်။ ဟက်ကာတွေရဲ့ ဝိုင်ဖိုင်က ပိုလိုင်းကောင်းနေမှာ အသေအချာပဲပေါ့။ ဒါမှမဟုတ် ကိုယ်ချိတ်လိုက်တဲ့ ဝိုင်ဖိုင်က ဟက်ကာတွေ ဖန်တီးထားတဲ့ အမည်ဆင်တူ ဝိုင်ဖိုင်ကို ချိတ်ဆက်မိ တာကို မသိဘဲ အသုံးပြုမိပြီ ဆိုရင်တော့ လော့ဂ်အင် အချက်အလက်တွေတင်မကဘဲ အီးမေးလ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေကစ ကျွန်တော်တို့ရဲ့ ဒေတာတွေအားလုံးကို ဟက်ကာတွေက ထိန်းချုပ် သွားနိုင်မှာပဲ ဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲ ပျံ့နှံ့မှု (Malware Infection)
ဟက်ကာတွေက အများသုံး ဝိုင်ဖိုင် ကွန်ရက်ထဲကနေ နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုနေသူတွေရဲ့ ဖုန်းတွေ၊ လက်ပ်တော့ ကွန်ပျူတာ (laptop)တွေ ထဲကို ဗိုင်းရပ်စ် (virus) ဒါမှမဟုတ် ransomware ၊ spyware တွေလိုမျိုး အန္တရာယ်ရှိတဲ့ ဆော့ဖ်ဝဲတွေ ထည့်သွင်းနိုင်ပါတယ်။ အဲဒီ ဆော့ဖ်ဝဲတွေကနေတစ်ဆင့် အချက်အလက်ခိုးယူတာတွေ၊ ဒေတာပေါက်ကြားတာတွေ ဖြစ်နိုင် ပါတယ်။ ဒါ့အပြင့ ဖုန်းတွေ၊ လက်ပ်တော့တွေရဲ့ လည်ပတ်မှု စနစ် (operating system-OS) ပျက်စီးတာတွေနဲ့ ဒေတာ ပျက်စီး တာ တွေ ဖြစ်နိုင်ပါတယ်။
အခမဲ့ အများသုံး ဝိုင်ဖိုင်ကို သုံးခြင်းဟာ လွယ်ကူ အဆင်ပြေတယ်လို့ ထင်ရသော်လည်း အထက်က ဖော်ပြထားသည့် အန္တရာယ်များ ကြုံရနိုင်ပါတယ်။ မိမိရဲ့ အရေးကြီး စကားဝှက် (password) များ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ခိုးယူ ကြည့်ရှုခံရခြင်းကို တတ်နိုင်သမျှ ကာကွယ်နိုင်ရန် လုံခြုံစွာ အသုံးပြုနည်း အချို့ကို အောက်ပါအတိုင်း မျှဝေ လိုက်ပါတယ်။
(၁) VPN အသုံးပြုပါ။
အများသုံး ဝိုင်ဖိုင် တစ်ခုကို ချိတ်ဆက်တိုင်း Virtual Private Network (VPN) ခံပြီး အသုံးပြုပါ။ VPN ကို အသုံးပြုပြီး ဒေတာ ပို့လွှတ်တဲ့အခါ ဒေတာကုဒ်ဝှက်မှု (data encryption) နည်းပညာ သုံးထားတာမို့ ကြားဖြတ် ခိုးယူခံ ရနိုင်ခြေကို ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် VPN က ကျွန်တော်တို့ရဲ့ IP address ကိုလည်း ဖုံးကွယ်ပေးထားတာကြောင့် ကျွန်တော်တို့ ဘယ်ဝက်ဘ် ဆိုက်တွေကို ဝင်နေ တယ်၊ ဘာတွေလုပ်နေတယ်ဆိုတာပါ ခြေရာခံလို့ရနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အများသုံး ဝိုင်ဖိုင် အသုံးပြုတိုင်း စိတ်ချရတဲ့ VPN ကို အမြဲဖွင့်ထားပါ။
(၂) https:// နဲ့ စတဲ့ ဝက်ဘ်ဆိုက်တွေကိုသာ ဝင်ပါ။
http မဟုတ်ဘဲ https ဆိုပြီး “s” ပါတဲ့ ဝက်ဘ်ဆိုက်တွေကိုသာ ဝင်ကြည့်ပါ။ “s” ဆိုတာ “secure” လုံခြုံ စိတ်ချရခြင်း ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပါဝင်နေခြင်းဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်တွေက encryption စနစ်အသုံးပြုထားပြီးတော့ ကျွန်တော်တို့ ဝင်ရောက်တဲ့အချိန်မှာ ဟက်ကာတွေ အချက်အလက် ခိုးယူဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ Browser မှာ သော့ခလောက်ပုံစံကို စစ်ဆေးပါ။ “connection is secured” ဆိုပြီး သော့ ပုံစံပါတဲ့ ဝက်ဘ်ဆိုက်တွေမှာ ကျွန်တော်တို့ လော့ဂ်အင်ဝင်တဲ့ အချက်အလက် တွေက စိတ်ချရ နိုင်ခြေ များပါတယ်။
(၃) ဝိုင်ဖိုင်ရဲ့ လုံခြုံမှုကို စစ်ဆေးပါ။
ဆိုင်တစ်ဆိုင်မှာ ဝိုင်ဖိုင်ချိတ်တော့မယ်ဆိုရင် ဝိုင်ဖိုင်နာမည်၊ စကားဝှက် (ပတ်စ်ဝဒ် – password) ကို ဆိုင်ဝန်ထမ်းကို မေးပါ။ ဆိုင်နာမည်နဲ့တူတဲ့ ဒါမှမဟုတ် ဆိုင်ကဝိုင်ဖိုင်နာမည်နဲ့တူတဲ့ ဝိုင်ဖိုင်အတုကို ဟက်ကာ တွေက ဖန်တီးထား နိုင်ပါတယ်။ password မပါတဲ့ ဝိုင်ဖိုင်တွေနဲ့ မချိတ်ဆက်ပါနဲ့။

(၄) အလိုအလျောက် ချိတ်ဆက်မှုကို ပိတ်ပါ။ (Turn off auto-connect)
ဖုန်း၊ လက်ပ်တော့ (laptop) မှာ အလိုအလျောက် ချိတ်ဆက်ခြင်း “connect automatically” ရွေးချယ်မှု ကို ပိတ်ထားပါ။ ဒါကို ပိတ်ထားမယ်ဆိုရင် အဆိုပါ အများဆုံး ဝိုင်ဖိုင်ကွန်ရက်အနီးကို ရောက်သွားတဲ့အခါ မိမိဖုန်း (သို့) လက်ပ်တော့ က အဲဒီ ကွန်ရက်ကို ကိုယ်မသိပဲ အလိုအလျောက် သွားမချိတ် နိုင်တော့ပါဘူး။ ဖြစ်နိုင်မယ် ဆိုရင် အင်တာနက် အသုံးပြုပြီးပါက ဝိုင်ဖိုင်ကို ပိတ်ထားလိုက်ပါ။ နောက်ပြီး ပိုစိတ်ချရအောင် အဆိုပါ ဝိုင်ဖိုင် ကွန်ရက် အမည်ကို forget network လုပ်ပါ။
(၅) အများသုံး ဝိုင်ဖိုင်တွေမှာ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်တာ၊ အရေးကြီးတာတွေနဲ့ ငွေကြေး လွှဲပြောင်းမှုတွေ စတဲ့ လုပ်ဆောင်မှုများ တတ်နိုင်သမျှ မလုပ်ပါနဲ့။
အများသုံး ဝိုင်ဖိုင်ကို ချိတ်ဆက် အသုံးပြုပြီး ဘဏ်အကောင့် ဝင်တာ၊ အွန်လိုင်း ဈေးဝယ်တာတွေလုပ်ပြီး ကိုယ်ရေး အချက်အလက်ဖြည့်သွင်းတာနဲ့ အွန်လိုင်းငွေပေးချေတာမျိုးကို တတ်နိုင်သမျှရှောင်ပါ။ လိုအပ်ရင် VPN အသုံးပြုပါ။ ဝိုင်ဖိုင်ကို ဖြုတ်ပီး မိုဘိုင်း ဒေတာ အသုံးပြုပါ။
(၆) ဖိုင်မျှဝေခြင်း (file sharing) ကို ပိတ်ထားပါ။
အများသုံး ဝိုင်ဖိုင်ကို အသုံးပြုနေချိန်မှာ ဖိုင်မျှဝေခြင်း (file sharing) အက်ပ် တွေကို ပိတ်ထားပါ။ “AirDrop”, “Network sharing” စတာတွေကို ပိတ်ထားရပါမယ်။ ဒါမှ အခြားသူတွေက ကျွန်တော်တို့ရဲ့ စက်ထဲကို ဒေတာပေးပို့တာတွေ၊ ဝင်ရောက်တာတွေကို ကန့်သတ်ပေးနိုင်မှာပါ။
(၇) ဆော့ဖ်ဝဲတွေကို နောက်ဆုံး အဆင့်မြင့် ဗားရှင်း လုပ်ထားပါ။ (software update)
ကျွန်တော်တို့အသုံးပြုနေတဲ့ စက်တွေရဲ့ လည်ပတ်မှုစနစ် (OS) တွေ၊ အက်ပ်တွေ (Application) နဲ့ ဘရောက်ဇာ (Browser) တွေကို နောက်ဆုံး ဗားရှင်း အပ်ပဒိတ် လုပ်ထားရပါမယ်။ နောက်ဆုံးဗားရှင်း တွေက များသောအားဖြင့် လုံခြုံရေး ချိုးဖောက်ခံရမှု အကာအကွယ်ပေးနိုင်မှု အားနည်းချက်တွေကို ဖြေရှင်းထားပြီးဖြစ်လို့ ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုတဲ့ စက်တွေမှာ anti-virus ဆော့ဖ်ဝဲထည့်သွင်းထားခြင်းကလည်း မလိုလားအပ်တဲ့ ဝင်ရောက်မှုတွေကို ကာကွယ်နိုင်ပါတယ်။
ဝိုင်ဖိုင်ကို ပေါ့ပေါ့ပါးပါးပဲ သုံးတာဆိုတဲ့ အတွေးနဲ့ သတိပြု ရမှာတွေ၊ ကာကွယ်ရမယ့်အချက်တွေကို မလုပ်မိ လိုက်ဘူး ဆိုရင် ဟက်ကာတွေရဲ့ သားကောင်က ကိုယ်ဖြစ်သွားနိုင်ပါတယ်။ စီးပွားဖြစ် ဟက်ကာမဟုတ်ဘဲ ဝိုင်ဖိုင် ကွန်ရက်ထဲက လက်တည့်စမ်း နေတဲ့ ဟက်ကာလောင်းလျာတွေကြောင့် ကိုယ့်ဒေတာတွေ ပျက်စီးတာ၊ စက်ပစ္စည်းရဲ့စနစ်တွေ ပျက်စီးတာ ဖြစ်နိုင်ပါသေးတယ်။ ဒါ့အပြင် အသေးအမွှား ပေါ့ဆမှုကြောင့်လည်း ကိုယ့်ရဲ့ ဘဏ်အကောင့်က ငွေတွေ ခိုးယူခံရတာ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အခိုးခံရပြီး မသမာတဲ့ နည်းလမ်းတွေလုပ်ဖို့ တစ်ဆင့် ဖြန့်ဝေခံရတာတွေ ဖြစ်နိုင်ပါသေးတယ်။ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ အင်တာနက်ကို လုံခြုံစွာအသုံးပြုနိုင်ဖို့ အကောင်းဆုံး ကြိုးစားကြရ မှာပဲ မဟုတ်ပါလားဗျာ။

