The Corner

The Corner

cropped-Logo_round_grey-background.png

အကျင့်ပျက် ခြစားခြင်းကို သုံးသပ်ခြင်း

Share မယ်

လွန်ခဲ့တဲ့လက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး ဟာ အငြင်းပွားဖွယ်ရာ ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။ ဒီဥပဒေအရ အမျိုးသား အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဗျူရိုနဲ့ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အထူးအဖွဲ့ စတဲ့ အရေးပါတဲ့ ဌာန နှစ်ခုကို အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို သွတ်သွင်းလိုက်ပါတယ်။ အဆိုပါ အဖွဲ့အစည်းများကို ၂၀၁၃-၁၄ တော်လှန်ရေးကာလအတွင်း အနောက်နိုင်ငံများရဲ့ တိုက်တွန်းမှုနဲ့ ဖွဲ့စည်း ထားတာပါ။

ဒီ ဥပဒေပြဋ္ဌာန်းပြီးနောက် ထောင်နဲ့ချီတဲ့ ယူကရိန်းပြည်သူများဟာ မြို့တော် “ကိယက်ဖ်” နဲ့ အခြား မြို့ကြီး တချို့မှာ လမ်းမများပေါ် ထွက်လာကြပြီး “လာဘ်စားမှုဟာ လူတွေကို သတ်ပစ် နိုင်တယ်“၊ “ယူကရိန်းဟာ ရုရှားမဟုတ်” စတဲ့ ကြွေးကြော်သံများ အော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ရုရှားက ယူကရိန်းအပေါ် စစ်ရေးနဲ့ ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက် ယူကရိန်း အစိုးရအပေါ်  ဆန္ဒထုတ်ဖော် ပွဲများလည်း ဖြစ်ပါတယ်။ တိုင်းပြည်မှာ ဒီလို စစ်ဘေးနဲ့ ကြုံနေရချိန် အစိုးရနဲ့ ပြည်သူများ တစ်သားတည်း ရှိနေသင့်တယ်ဆိုတဲ့ ဘယ်စာရွက်ပေါ်မှာမှ လက်မှတ် ထိုးမထားတဲ့ ကတိကဝတ်ကို ဖောက်ဖျက်ခြင်း တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဇူလိုင် ၂၃ ရက်နေ့ ယူကရိန်းနိုင်ငံ ကိယက်ဖ် မြို့တော် ပြည်သူ့ဆန္ဒ ထုတ်ဖော်ပွဲ (Source: Wikimedia)

ဒီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဟာ တကယ့်အရေးကြီးတဲ့ ကာလနဲ့ အချိန်ကိုက် “ကိယက်ဖ်” (ယူကရိန်း အစိုးရ) ဟာ ဥရောပ (EU)၊ ကမ္ဘာ့ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) တို့နဲ့ ဆက်ဆံရေး ပိုမိုဆိုးရွား သွားနိုင်ပါတယ်။ နောက်တစ်ဖက်ကလည်း ဥရောပက ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ယူရို သန်း ခြောက်ဆယ် မပေးတော့ပဲ ရပ်ပစ်လိုက်တာလည်း ဖြစ်သွား နိုင်ပါတယ်။ နောက်တော့ သမ္မတ ဇလန်းစကီး က အဆိုပါ ဥပဒကို လုံးဝ ပြောင်းပြန် လုပ်လိုက်ပါတော့တယ်။ သူ မှန်တယ်ထင်လို့ လုပ်လိုက်တာကို ဆက်လုပ်ရမယ့် အစား အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး ဌာနနှစ်ခုကို နဂိုမူလ အတိုင်းပဲ ပြန်ထား လိုက်ပါတယ်။ ယူကရိန်း လွှတ်တော်အမတ် ၃၄၀ ရှိတဲ့အနက် ၃၃၁ ယောက်က တစ်ခဲနက် ထောက်ခံ မဲပေး ခဲ့ကြတဲ့အတွက် ဇူလိုင်လ ၃၁ ရက်နေ့မှာ အရင်အတိုင်းပဲ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး အဖွဲ့တွေကို သီးခြား လွတ်လပ်တဲ့ အဖွဲ့များအဖြစ် ပြန်လည်ထားရှိတဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် လူထုနဲ့ ဆန္ဒပြတာနဲ့ နိုင်ငံတကာ ဖိအားတွေဟာ ဒီမိုကရေစီကို လမ်းကြောင်းမှန်ပေါ် ရောက်အောင်ပို့ဖို့ အကောင်းဆုံး နည်းတွေပဲလို့ ဆိုချင်ပါတယ်။ သို့သော်လည်း ဘရပ်ဆဲလ် (ဥရောပ သမဂ္ဂ) အနေနဲ့ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီတွေရှိနေရင် ပြီးတာပဲဆိုပြီး မျက်နှာလွှဲ ခဲပစ် မလုပ်သင့်ပါဘူး။ အကြောင်းကတော့ ဒီအဖွဲ့အစည်းတွေ အားလုံးဟာ ဖွဲ့စည်းပုံ အလုပ်လုပ်ကြပုံချင်း မတူကြပါ။

ကိယက်ဖ်မြို့တော်မှာ လူထောင်ပေါင်းများစွာ ဆန္ဒပြနေကြတဲ့ တစ်ချိန်တည်း လောက်မှာပဲ ဘူလ်ဂေးရီယားနိုင်ငံ ဆိုဖီယာ မြို့တော်ရဲ့ လမ်းများပေါ်မှာလဲ စိတ်ဆိုး ဒေါသထွက်နေကြတဲ့ လူများ ဟာလည်း ဆန္ဒပြနေကြပါတယ်။ သူတို့ ဆန္ဒပြကြတဲ့ အကြောင်းက လွတ်လပ်သော အဂတိ လိုက်စားမှု တိုက်ဖျက်ရေးလို့ မည်ကာမတ္တ ဖွဲ့ထားတဲ့ အဖွဲ့ကို ပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစား လုပ်နေပါတယ်လို့ စွပ်စွဲပြီး ထိုအဖွဲ့ကို အပြီးအပိုင် ပိတ်သိမ်းဖို့ကိုပါ ဆန္ဒပြ တောင်းဆိုနေကြတာပါ။ ဗာနာ (Verna) မြို့တော်ဝန်ကို လာဘ်စားမှုနဲ့ ဖမ်းဆီးခဲ့တာဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မရိုးမသား လုပ်ဆောင်တာလို့ ပြောဆိုကြတဲ့အပြင် ပြိုင်ဘက်ကို နိုင်ငံရဲ့ လိုအပ်ချက်အရ ဆိုပြီး တည်ထောင် ထားတဲ့ အဖွဲ့ကို အသုံးချခဲ့လို့ မကျေနပ်မှုတွေ စတင် ခဲ့တာပါ။ အခြေအနေကို ပိုပြီး ရှုပ်ထွေးစေတာက အဆိုပါ ကော်မရှင်ကို ဖွဲ့စည်း တည်ထောင်ဖို့ ကြိုးစားခဲ့ကြသူ ခေါင်းဆောင်တွေကပဲ ပြန်ပြီးတော့ ယင်းအဖွဲ့ကို စုံစမ်းစစ်ဆေးဖို့နဲ့ ဖမ်းဆီးတာတွေ လုပ်ဖို့ တောင်းဆိုနေသူများ ဖြစ်ကြပါတယ်။

ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာ မှ ဆန္ဒပြပွဲ တစ်ခု (Source: Wikimedia)

ဒါဆိုရင် အဂတိ တိုက်ဖျက်ရေးအဖွဲ့အစည်းတွေဆိုတာ ကိုယ်မကြိုက်တဲ့ သူတွေကို ပြတ်ပြတ်သားသား အရေးယူတတ်ပြီးတော့ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေ မဟုတ်တာ လုပ်တာကို တွေ့ရင် သိုသိုသိပ်သိပ်နဲ့ မျက်နှာလွှဲနေ တတ်တာမျိုးလား ဒါမှမဟုတ် ဘာတွေထပ်ပြီး မျှော်လင့်ရဦးမှာလဲ။ ဒီဆန္ဒပြပွဲကနေ ဘူလ်ဂေးရီးယား ပြည်သူတွေဟာ ပေးအပ်ထားတဲ့ အာဏာကို အလွဲသုံးစားလုပ်နေကြပါလားဆိုတာကို သိပြီးဖြစ်နေကြတဲ့အပြင် လက်နက်သဖွယ်အသုံးပြုဖို့ သက်သက် ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေက ပေးတတ်တဲ့ ဆိုးကျိုးတွေကိုလဲ နားလည်ကြပုံပါပဲ။

စစ်ကို ရပ်တန့်ဖို့အတွက် ပွင့်လင်းမြင်သာမှု မရှိတဲ့ ကန့်လန့်ကာ နောက်ကွယ်က အပေးအယူ တွေ လုပ်မလား နဲ့ ပြည်သူတွေ ကြိုက်ကြိုက် မကြိုက်ကြိုက် စစ်ဆက်တိုက်မလား ဆိုတဲ့ လုပ်စရာ နှစ်ခု အကြား ဗျာများနေတဲ့ ယူကရိန်းသမ္မတ ဇာလန်းစကီးအတွက် သူ့မိတ်ဆွေ ရောင်းရင်းတွေကို အလွဲသုံးစားမှုနဲ့ တရားစွဲဆိုခံရ အဲဒီကနေ အမျှင်တန်းပြီး ပြဿနာတွေ ပိုပြီး ရှုတ်ထွေး ကြီးထွားလာမယ့် အရေးကို ကြောက်မှာတော့ အသေအချာပါပဲ။ ဒါ့အပြင် သူခေါင်းဆောင်တဲ့ အစိုးရအတွက်လည်း အန္တရာယ်ကြီး ပါတယ်။ အစိုးရရဲ့ လာဘ်စားမှုကြောင့် နိုင်ငံရဲ့ ကာကွယ်ရေး အဆောက်အအုံကြီး တည်ဆောက်မှု နှောင့်နှေးခဲ့တာရယ် စစ်တပ်ရဲ့ အားနည်းမှုတွေကြောင့် သူတို့ မိသားစုတွေ အသက်တွေ ဆုံးရှုံးခဲ့ ရတာလို့ ယူကရိန်း ပြည်သူများက အပြစ်တင် နေကြတာပါ။  အချိန် ကြာလာ တာနဲ့အမျှ စစ်ရေး အောင်မြင်မှု ရည်မှန်းချက်တွေ ပျောက်ရတော့မလိုဖြစ်နေချိန် အစိုးရ အထက်ပိုင်း မှာ မသမာမှုတွေ များလာမှာကို စိုးရိမ်နေကြပါတယ်။ ဒီလို သက်ဆိုင်ရာ အရာရှိတွေ တာဝန်ရှိသူ တွေဟာ သူတို့ကို ခြိမ်းခြောက်လာတယ်လို့ ခံစားရရင် နိုင်ငံခြားကို ထွက်ပြေးခိုလှုံကြတာ ပိုပြီး ကောင်းတယ် လုံခြုံတယ် ဆိုတဲ့ အမြင်မျိုးတွေ ဖြစ်နေပါပြီ။

သူ့ရဲ့ အာဏာကို ဥပဒေအသစ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားတဲ့ ဇာလန်းစကီးဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အဖွဲ့တွေကို ဖက်ပြိုင် အံတုတဲ့ အမေရိကန်သမ္မတ ထရမ့်ရဲ့  ကြိုးစားမှုတွေကို အားကျတာလည်း ပါနိုင်တဲ့အပြင် ယူကရိန်းအပေါ်မှာ နှုတ်ဆိတ်နေတဲ့ ဥရောပ ကြောင့်လည်း ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ သူ့တွက်ကိန်း မှားသွားပါတယ်။ သူဟာ ဥရောပအပေါ် ကောက်ချက်ချတာ လွဲသွားတဲ့အပြင် သူ့ပြည်သူ ပြည်သားတွေ ကိုလည်း လျှော့တွက်ခဲ့ပါတယ်။ သူ့လုပ်ရပ်က အမှားကြီး တစ်ခုဖြစ်သွားပြီး ရုရှားအတွက် မျှော်လင့်မထားတဲ့ လက်ဆောင်မွန် တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ယူကရိန်းပြည်သူတွေ စိုးရိမ်တာက လက်ရှိ အာဏာကိုင်စွဲထားသူတွေ အပြစ်က လွတ်ကင်း သွားမှာ တင်မကဘဲ လွတ်လပ်ပြီး မျှတပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေ ထင်ရာစိုင်းမှာကိုလည်း ကြောက်ကြလို့ပါ။ ဒီလိုမျိုး စိုးရိမ်မှုမျိုးကို ဘူလ်ဂေးရီးယားနိုင်ငံက နိုင်ငံရေး သမားများလည်း နားလည်ကြပါတယ်။ လမ်းပေါ်တက် ဆန္ဒပြနေကြတဲ့ ဘူလ်ဂေးရီးယား ပြည်သူများကလည်း သူတို့ခေါင်းဆောင်တွေကို သူတို့ရဲ့ ဆန္ဒသဘောထားများကို ပြတ်ပြတ်သားသား ပြခဲ့ကြပြီးဖြစ်တယ်။ နောက် ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ကြီးကလည်း လွတ်လပ်တဲ့ အဖွဲ့အစည်းများလို့ အမည်တပ်ထားတဲ့ အဖွဲ့အစည်းတိုင်းဟာ တကယ်လွတ်လပ်မှု ရှိမရှိဆိုတာ ဆန်းစစ်သင့်ပါတယ်။ နောက်ဆုံးတော့ လူထု ဆန္ဒထုတ် ဖော်ပွဲတွေကသာ အဖြေဖြစ်နိုင်ပြီး ဒါတွေဟာ အကျင့်ပျက် ခြစားမှုကို ဆန့်ကျင်တဲ့အပြင် အာဏာ အလွဲသုံးစား လုပ်မှုတွေကိုပါ လက်မခံတဲ့ သဘောကို သက်ရောက် စေပါတယ်။

ဇာလန်းစကီးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီများကို အစိုးရ လက်အောက်ကို ပို့စေခြင်းဟာ အန္တရာယ်များလှတဲ့ လုပ်ရပ်တစ်ခုဖြစ်ပေမယ့် သူရဲ့ သစ္စာခံ လုပ်ဖော်ကိုင်ဖက်များကို စစ်ဆေးမေးမြန်း အရေးယူခံရတဲ့ ဖြစ်ရပ်မျိုးကနေ ကာကွယ်ပေးချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘူလ်ဂေးရီးယား ဥပမာကို ကြည့်မယ်ဆိုရင်တော့ အစိုးရမှာ ဒီထက်ဆိုးဝါးတဲ့ အကြောင်းတွေ ရှိနေနိုင်ပါတယ်။ အစိုးရတွေဟာ အထူးသဖြင့် အကျပ်အတည်းထဲကို ရောက်လာကြတဲ့အခါ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွေကို အသုံးချလာကြပြီး သူတို့ရဲ့ သစ္စာခံများကို လွတ်ငြိမ်းချမ်းသာခွင့် ရစေတာမျိုးအပြင် အဂတိ တိုက်ဖျက်ရေး ဥပဒေကို မျှော့ကြိုးလို အလျှော့အတင်း လုပ်ပြီး သူတို့ရဲ့ ပြိုင်ဘက် အဖွဲ့တွေကို ထိန်းချုပ် စီရင်နိုင်ဖို့ပါ လုပ်ကြတယ်။

၁၉ ရာစုနှောင်းပိုင်း ကာလမှာ ဗီယင်နာမြို့တော်ဝန်ဖြစ်လာတဲ့ ကားလ် လူဂါဟာ ဂျူးလူမျိုးများနဲ့ ပူးပေါင်းပြီး ဂျူးမုန်းတီးရေး တရားကို ဟောပြောခဲ့တာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ တစ်ချိန်က သူ့ ရဲ့ နာမည်ကျော် အမိန့်တစ်ရပ် ရှိခဲ့ပါတယ်။ “ဂျူးဖြစ်ခွင့်ကို သူကပဲ ဆုံးဖြတ်ပေးနိုင်တယ်” တဲ့။ အကျင့်ပျက်နေတဲ့ အစိုးရတစ်ရပ်က သူတို့ဆီမှာ ဘယ်သူကဖြင့် အကျင့်ပျက်နေတယ်ဆိုတာကို ဆုံးဖြတ်ခွင့် ရှိနေရင် ဒီမိုကရေစီဆိုတာလည်း ရှိတော့မှာ မဟုတ်ပါ။

ကိုးကား “When anti-corruption campaigns become corrupted”, The Financial Times

Click to rate this post!
[Total: 0 Average: 0]