The Corner

The Corner

cropped-Logo_round_grey-background.png

အဖေ့ခြေမီတဲ့သား

Share မယ်

အဂ္ဂါကီးရက် (၁၉၆၇-  )။ နာမည်ကျော်အစ္စရေးစာရေးဆရာ။ ဝတ္ထုတို၊ ရုပ်ပြဝတ္ထု၊ဇာတ်ညွှန်းရေးသူ။

“ထိုခုနစ်နှစ်”စာအုပ်က သူ့သားငယ်မွေးဖွားသည့်နှစ်နှင့် သူ့ဖခင်ကွယ်လွန်သည့်နှစ် ကြားကာလ သူ့ဘဝအတွေ့အကြုံမှတ်တမ်း။

စာရေးသူ Etgar Keret
The Seven Good Years စာအုပ်မျက်နှာဖုံး

ဒီညက အစ္စရေးကနေ လော့စ်အိန်ဂျယ်လိစ်ကို လေယာဉ်နဲ့ သွားရမယ့်ည။ ကျွန်တော့်စာအုပ် မိတ်ဆက်ပွဲခရီးစဉ် တာစ ထွက်ရမယ့် နေရာ။ ဒါပေမယ့် ဒီခရီး ကျွန်တော်မသွားချင်ဘူး။

အဖေသေတာက တစ်လရှိသေးတယ်။ ဒီခရီးသွားလိုက်ရင် အဖေ့သင်္ချိုင်းဂူ မှတ်တိုင် ဖွင့်ပွဲ ကျွန်တော်လွတ်သွားမှာ။ ဒါပေမဲ့ အမေက ကျွန်တော့်ကို သွားဖို့ တိုက်တွန်းတယ်။ “မင့်အဖေက မင့်ကို သွားစေချင်မှာ“တဲ့။ သူ့အကြောင်းပြချက်က ကျွန်တော်ငြင်းလို့ မရလောက်ဘူး။ အဖေကိုယ်နှိုက်က ကျွန်တော့်ကို ဒီခရီးသွားစေချင်ခဲ့မှာပဲ။ သူနေမကောင်းစ ဖြစ်တာနဲ့ ကျွန်တော့်ခရီးစဉ်တွေ အကုန် ဖျက်ပစ်လိုက်တယ်။ ဒီလို ခက်ခက်ခဲခဲကာလမှာ သူ့နဲ့ ကျွန်တော် အတူတူရှိနေဖို့ အရေးကြီးတယ် ဆိုတာ သူသိတယ်။ ဒါပေမဲ့ ခရီးစဉ်တွေဖျက်လိုက်ရတော့ သူစိတ်မကောင်း ဖြစ်ပြန်ရော။

ကျွန်တော် သားတော်မောင် ,လက်ဗ်ကို ရေချိုးပေးနေရာက အဖေ့အကြောင်းတွေးလိုက်၊ စာအုပ်မိတ်ဆက်ပွဲ ခရီးစဉ် အကြောင်း တွေးလိုက်။ အခုအချိန် လေယာဉ်ပေါ် တက်လိုက်သွားဖို့က ကျွန်တော်မလုပ်ချင်ဆုံး ကိစ္စပဲလို့ တွေးမိသလို လိုက်သွားပြီး ဟိုမှာအလုပ်တွေနဲ့၊ တခြားအာရုံတွေနဲ့ အခိုက်အတန့် နပန်းလုံး နေရတာလည်း ခပ်ကောင်းကောင်း ပဲလို့ တစ်ဖက်က တွေးမိ ပြန်ရော။

ကျွန်တော့်စိတ် တခြားရောက်နေမှန်း လက်ဗ်ကရိပ်မိတယ်။ ကျွန်တော်သူ့ကို ရေချိုးကန်ထဲကထုတ်၊ တဘက်နဲ့ ရေသုတ်ပေးတဲ့ အချိန်က သူ့အတွက် မဟာ အခွင့်အရေးကြီးပဲ။ သူ့အဖေ ခရီးမထွက်ခင် အဖေနဲ့ ကျီစယ် ထိုးကြိတ်ဖို့ နောက်ဆုံးရတဲ့ အခွင့်အရေးပဲ။ “ချုံခိုတိုက်ပွဲစပြီ” လို့ အော်ဟစ်လိုက်ပြီး သူ့ခေါင်းလေးနဲ့ ကျွန်တော့်ဗိုက်ကို အသာ ပြေးဆောင့်တယ်။ ကျွန်တော့်ဗိုက် ဘာမှမဖြစ်ပေမယ့်  သူကတော့ ရေစိုနေတဲ့ ကြမ်းပြင်ပေါ် ခြေချော်ပြီး နောက်လှန် ကျသွားတယ်။ သူ့ခေါင်းက ရေချိုးကန်ဟောင်းကြီးရဲ့ ပေါင်နဲ့ ရိုက်မိတော့မလို့ တဲတဲလေး။ ကျွန်တော့် လက်တစ်ဖက်ကို ရေချိုးကန်ပေါင်ပေါ်  ဆိုးခနဲ ဆတ်ခနဲ လှမ်းတင်ပြီး သူ့ခေါင်းကို အချိန်မီ ထိန်းလိုက်ရတယ်။

ဒီခပ်ရမ်းရမ်း စွန့်စားခန်း ကနေ လက်ဗ်တစ်ယောက် အထိအခိုက် အရှအနာမရှိ လွတ်မြောက်သွားတယ်။ ကျွန်တော်လည်း ထို့အတူပါပဲ။ ဘယ်ဘက် လက်ခုံ နည်းနည်းလေး စုတ်သွားတာတစ်ခုက လွဲလို့ပေါ့။  ကျွန်တော်တို့ ရေချိုးကန် ဟောင်းကြီးရဲ့ ပေါင်မှာ သံချေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်ရှိ   နေလေတော့ အိမ်နားက ဆေးခန်းတစ်ခု သွားပြီး မေးခိုင် ရောဂါ ကာကွယ်ဆေးတော့ ထိုးလိုက်ရ တယ်။ သားအိပ်ချိန်အမီ ပြန်လာနိုင်အောင်လို့ ဆေးထိုး ဆေးထည့်တဲ့ ကိစ္စ မြန်မြန် ထက်ထက် ပြီးအောင်လုပ်တယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ လက်ဗ်က အိပ်ရာထဲ ရောက်တောင်နေပြီ။ ညဝတ် အင်္ကျီလဲပြီး နေပြီ။ သူစိတ်မကောင်း ဖြစ်နေရှာတာ။

            “သူတို့က အဖေ့ကိုဆေးထိုးပေးလား” လို့မေးတယ်။ ကျွန်တော်ခေါင်းညိတ်ပြလိုက်တယ်။

            “ဆေးထိုးတာ နာသလား

            “နည်းနည်းနာတယ်” လို့ကျွန်တော်ကဖြေတယ်။

            “ဒါ မတရားဘူး။ ဒါလုံးဝမတရားဘူး။ ဒီကိစ္စက သားကြောင့်ဖြစ်ရတာ။ သားက ပွန်းရပဲ့ရမှာ။ သားက ဆေးထိုးခံရမှာ။ အဖေကဘာမှမဖြစ်ရဘူး။ အဖေက ဘာ့ကြောင့် သားခေါင်းအောက် လက်ထိုးခံရတာလဲ” လို့လက်ဗ်ကအော်ပြောတယ်။

            “သားကို ကာကွယ်ချင်လို့ပေါ့” လို့ လက်ဗ်ကိုပြောရတယ်။

            “ဒါ သားသိတယ်။ နေပါဦး။ အဖေက ဘာ့ကြောင့်သားကိုကာကွယ်ချင်ရတာတုံး” လို့သူကမေးပြန်တယ်။

            “ဘာ့ကြောင့်လဲဆိုတော့ သားကို ချစ်လို့ပေါ့။ သားက အဖေ့သားလေ။ အဖေဆိုတာ သူ့သားကို အမြဲတစေ ကာကွယ်ပေး ရတယ်လေ” လို့ ကျွန်တော်ကပြောတယ်။

            “ဘာ့ကြောင့်လဲ။ ဘာ့ကြောင့် အဖေက သူ့သားကို ကာကွယ်ရတာလဲ” လို့လက်ဗ်က မရမကဆက်မေးတယ်။ သူ့အမေးကို ဖြေဖို့ရာ ကျွန်တော်ခဏအချိန်ယူရတယ်။

ကျွန်တော်က သားငယ်ရဲ့ ပါးလေးကို ပွတ်သပ်ရင်း “ဒီလိုကွ၊ ဖေဖေတို့ နေတဲ့ကမ္ဘာကြီးက တစ်ခါတလေ နေရထိုင်ရတာ တော်တော်ကြီး ကြမ်းတမ်းတယ်ကွ။ ဒီတော့ကာ ဒီကမ္ဘာကြီးထဲ မွေးဖွားလာတဲ့ သူတိုင်း သူ့ကို အကာအကွယ် အစောင့်အရှောက် ပေးတဲ့လူ အနည်းဆုံး တစ်ယောက်မဟုတ် တစ်ယောက်တော့ ရှိသင့်တယ်ကွ“လို့ ပြောပြတယ်။ 

အဖေ့ကျတော့ကော။ ဘိုးဘိုးကြီး သေသွားပြီဆိုတော့ အခု အဖေ့ကို ဘယ်သူက ကာကွယ်ပေးမှာလဲဟင်” လို့ လက်ဗ်က မေးတယ်။ လက်ဗ်ရှေ့မှာ ကျွန်တော်မငိုမိဘူး။ ဒါပေမဲ့ အဲဒီည လော့စ်အိန်ဂျယ်လိစ်သွားတဲ့ လေယာဉ်ပေါ် ကျတော့ ကျွန်တော် ငိုမိတယ်။

ဘင်ဂူရီယွန်လေဆိပ် ကောင်တာက လူက လက်ဆွဲ သေတ္တာလေးကို ကျွန်တော်နဲ့ တစ်ပါတည်း သယ်သွားဖို့ အကြံပေးပေမယ့် ဘာဝန်ထုပ်မှ သယ်ချင်စိတ် မရှိတာကြောင့် လက်ဆွဲသေတ္တာကို ပစ္စည်းအပ်တဲ့ ထဲထည့်လိုက်တယ်။ လေယာဉ် ဆိုက်ပြီးတဲ့နောက် ပစ္စည်းချပေးတဲ့ ဆုံလည် ခါးပတ်ကြီးနား ကျွန်တော်စောင့်တယ်။ ကျွန်တော့် သေတ္တာ ပါမလာဘူး။ လေဆိပ်ကောင်တာက သူကောင့်သားရဲ့ စကားကို ကျွန်တော်နားထောင်ခဲ့ရမှာ။ သေတ္တာထဲ ဘာမှတော့ သိပ်မပါပါဘူး။ အတွင်းခံအဝတ်တွေရယ်၊ ခြေအိတ်တွေရယ်၊ စာအုပ် မိတ်ဆက်ပွဲမှာ ဝတ်မယ့် မီးပူကျ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ ရှပ်အင်္ကျီ သုံးလေးထည်ရယ်၊ အဲ .. အဖေ့ ရှူးဖိနပ် တစ်ရန်ရယ်။ ဒါပဲ။

အမှန်ပြောရရင် နဂိုမူလ ရည်ရွယ်ထားတာက ဒီခရီးစဉ်တစ်လျှောက် အဖေ့ဓာတ်ပုံတစ်ပုံကို ကျွန်တော်နဲ့အတူ သယ်သွားဖို့ပါပဲ။ ဒါပေမဲ့ ဘယ်လိုက ဘယ်လိုဖြစ်သွားတယ်မသိဘူး။ အငှားကားပေါ် တက်ဖို့ အိမ်အောက်ထပ် ဆင်းခါနီး မိနစ်ပိုင်း အလိုကျမှ အဖေ့ဓာတ်ပုံအစား လွန်ခဲ့တဲ့ လအနည်းငယ်က အဖေအိမ် လာရင်း ကျန်ရစ်ခဲ့တဲ့ သူ့ဖိနပ်တစ်ရန်ကို ကျွန်တော့် လက်ဆွဲသေတ္တာထဲ ကောက်ထည့် လိုက်မိတယ်။ အင်း .. အခုတော့ ဒီဖိနပ်တွေ လေဆိပ်တစ်ခုခုရဲ့ ပစ္စည်းချတဲ့ ဆုံလည်ကြီးပေါ် ဝဲလှည့်နေရော့မယ်။

လက်ဆွဲသေတ္တာ ပြန်ရဖို့ တစ်ပတ်စောင့်လိုက်ရတယ်။ အဲဒီတစ်ပတ်အတွင်း ကျွန်တော် ပွဲ တော်တော် များများနွှဲရတယ်။ အင်တာဗျူးတွေ အများကြီးဖြေရတယ်။ အိပ်ချိန်မရှိသလောက်ဘဲ။ လေယာဉ်စီးရတဲ့ ဒဏ်ပဲ၊ အိပ်ချိန်ပြောင်းတဲ့ ဒဏ်ပဲလို့ ဆင်ခြေပေးလို့ရရဲ့။ ဒါပေမယ့် အမှန်တိုင်းပြောရရင် ခရီးမထွက်ခင် အစ္စရေးမှာ ရှိစဉ် ကတည်းကိုက ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်မရှိလှဘူး။ ကျွန်တော့်သေတ္တာနဲ့ ကျွန်တော် နယူးယောက်မှာ ပြန်လည်ဆုံစည်းခြင်းကို အောင်ပွဲခံတဲ့အနေနဲ့ ရေနွေးပူပူထဲ ကြာကြာ စိမ်ချိုးဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

လက်ဆွဲသေတ္တာ ဖွင့်လိုက်တော့ ပထမဆုံး မြင်မိတာက အဖေ့ဖိနပ်တွေ။ မီးပူကျ ရှပ်အင်္ကျီ အထပ်ပုံပေါ် လဲလျောင်းနေတာ။ ကျွန်တော် ပစ္စည်းတွေကို ထုတ်ပြီး စားပွဲခုံပေါ် တင်လိုက်တယ်။ ပြီးတော့ စွပ်ကျယ်အင်္ကျီရယ်၊ အောက်ခံ ဘောင်းဘီတိုရယ်ကောက်ယူပြီး ရေချိုးခန်းဝင်တယ်။ နောက် ၁၀ မိနစ်အကြာ ရေချိုးခန်းကထွက်လာတော့ ကျွန်တော် ရင်ဆိုင်လိုက်ရတာက ရေတွေ ရေတွေ။ ကျွန်တော့်အခန်းကြမ်းပြင်တစ်ခုလုံး ရေအောက်ရောက်နေပြီ။

နှုတ်ခမ်းမွေးထူထူနဲ့ ဟိုတယ်ပစ္စည်းပြင်/ထိန်းဆရာက ဒီလိုပိုက်ပေါက်တာမျိုးက ဖြစ်ခေါင့်ဖြစ်ခဲပဲလို့ သူ့ပိုလန်သံ ဝဲဝဲကြီးနဲ့ ပြောတယ်။ ကျွန်တော် သေတ္တာထဲက ထုတ်ပြီး ကြမ်းပေါ် ချထားမိတဲ့ အရာမှန်သမျှ ရေစိမ်ထားသလို ရွှဲလို့နစ်လို့။ ကျွန်တော့်ဂျင်းဘောင်းဘီနဲ့အင်္ကျီကို ခုတင်ပေါ်လွှားထားမိတာ၊ အတွင်းခံအဝတ်တွေကို တစ်ဖက် စင်ပေါ် ချိတ်ထားမိတာ အတော် ကံကောင်းသွားတယ် ဆိုရမယ်။

စာအုပ်ပွဲတော်ကို လိုက်ပို့ဖို့ လာခေါ်မယ့်ကားက မိနစ်ပိုင်းအတွင်း ရောက်လာတော့မှာ။ ဒီအတောအတွင်း ခြေအိတ် တစ်စုံ အချိန်မီ ခြောက်သွားအောင် ဆံပင်မှုတ်စက်နဲ့ လုပ်လိုက်နိုင်ပေမယ့် ဒီလုပ်ရပ် ဘာမှအကျိုးမရှိမှန်း ကျွန်တော် သိလိုက်ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော့်ရှူးဖိနပ်တွေက ကျွန်တော့်အခန်းတစ်ဖြစ်လဲ ညိုညစ်ညစ် ရေကန်ကြီးရဲ့ အောက်ခြေမှာ စံမြန်းနေတာကိုတွေ့လိုက်ရလို့ပါပဲ။

အငှားကားဒရိုင်ဘာက သူ့လက်ကိုင်ဖုန်းနဲ့ ကျွန်တော့်ကို လှမ်းခေါ်တယ်။ သူအခုပဲရောက်တယ်၊ ဒီနေရာ တစ်ဝိုက်က ကားရပ်စရာနေရာကောင်းကောင်းမရှိဘူး၊ ဒါ့ကြောင့် ကျွန်တော်ဆင်းလာဖို့ရာအတွက် သူဘယ်လောက် ကြာကြာ စောင့်ရမလဲ သိချင်ပါတယ်တဲ့။ ခုံပေါ်မှာ အခန့်သားရှိနေတဲ့ အဖေ့ဖိနပ်တွေကို ဖျတ်ခနဲ ကျွန်တော် လှမ်းကြည့် မိတယ်။ ဖိနပ်တွေက ခြောက်ခြောက်သွေ့သွေ့။ စီးကြည့်ရင်သက်  သောင့်သက်သာရှိမယ့်ပုံ။ ဖိနပ်တွေကို ကျွန်တော် ကောက်စွပ်ပြီး ကြိုးချည်လိုက်တယ်။ အမယ် … အဖေ့ဖိနပ်တွေက ကျွန်တော့်ခြေထောက်နဲ့ အံကျပါကလား။

Source: Freepik

၁၉-၈-၂၁။

၃၀-၅-၂၅

စာညွှန်း။ Etgar Keret. 2013. In My Father’s Footsteps. The Seven Good Years.

Click to rate this post!
[Total: 1 Average: 5]