The Corner

The Corner

cropped-Logo_round_grey-background.png

ပြန်ဆုံကြမယ်နော် 

Share မယ်

(‘ထိုက်’ ကလောင်နှင့် ရင်းနှီးသူများက သူ၏ “ဝလုံးရေ…” အစချီ ရေးသားခဲ့သည့် ခပ်သွက်သွက် ဆောင်းပါးများကို ဖတ်ဖူးသူများ ဖြစ်ကြပါ လိမ့်မည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထုတ် “သရဖူ” မဂ္ဂဇင်းပါ ‘ထိုက်’ ရေးသားခဲ့သည့် ရသ အသားပေး လက်ရာ တစ်ပုဒ်ကို ဒီလ The Corner အတွဲ (၈) တွင် ထိုက်၏ ပရိသတ်များအတွက် ပြန်လည် တင်ဆက် လိုက်ပါသည်။ မူရင်း သရုပ်ဖော်ပုံများကို သရဖူမဂ္ဂဇင်း၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ The Corner စာတည်းအဖွဲ့ )

~~~~~~~~~~~~~~

မူရင်း – သရဖူ မဂ္ဂဇင်း

အပြင်ဘက်က လူသံတွေက ကျွန်မ နားထဲမှာ နီးလာလိုက်၊ ဝေးသွားလိုက် နဲ့ အိပ်မက်လိုလို၊ တကယ်လိုလို၊ ဖွင့်ဖို့ သိပ်ခက်နေတဲ့ မျက်စိကို အားယူ ပြီး ဖွင့်ကြည့်လိုက်တော့ အိပ်ရာဘေး မီးတိုင်က မီးရောင်ဝါဝါလေးက အခန်းထဲမှာ အမှောင်မရှိရအောင် တာဝန်ကျေစွာ အလင်းရောင် ပေးနေ တယ်။ ညာဘက်ဘေးမှာတော့ အမြဲ တမ်းဖက်ထားနေကျ ဂါးဖီးဖက်အုံး ကလေးက သခင်မကို မကြောက်အောင် အနွေးဓာတ်ပေးနေကျအတိုင်း ရှိနေတယ်။ ဘယ်ဘက်ခြမ်း မှာတော့ လစ်ဟာနေတဲ့ နေရာကို မမြင်ရ အောင် အထပ်ထပ် ခုထားတဲ့  ခေါင်းအုံးပေါင်းများစွာက နေရာယူ ထားလေရဲ့။

အိပ်ဆေးသောက်ပြီး အိပ်ပေမယ့် ဒီအချိန် မနက်လေးနာရီလောက် ဆိုရင် အလိုလို နိုးလာနေ ကျလေ။ အဲဒီကျရင် အပြင်လောကမှာလည်း လူသံတွေ၊ ကားသံတွေနဲ့ အလင်းရောင် လေး သမ်းလာပြီး အသက်ဝင် လှုပ်ရှားစ ပြုလာပြီမို့ တစ်ယောက် တည်းပါလားဆိုတဲ့ ကြောက်စိတ်၊ မလုံခြုံစိတ်ကို ပျောက်သွားစေနိုင်တဲ့ အချိန်ပေါ့။ အဲဒီ အချိန်ကျမှ အခန်း ထဲမှာ မှောင်အတိ ကျမနေအောင် တစ်ညလုံးဖွင့်အိပ်ခဲ့ရတဲ့ မီးတိုင်ဝါ လေးကိုလည်း မလိုတော့ လို့ ထပိတ် လိုက်ပြီး ချက်ချပိတ်ထားတဲ့ အိပ်ခန်း တံခါးကိုလည်း ပြန်ဖွင့်လို့ ဒီတစ်နေ့ တာအတွက် စိတ်လုံခြုံမှု အခုမှ ရသွားတတ်တယ်။ အခန်းချက်ချထား လို့၊ အထဲဝင်ခွင့်မရလို့ အခန်းအပြင် မှာ ကပ်ပြီး စောင့်အိပ် နေရှာတဲ့ ကြောင်မ ကလေး မီယာကလည်း အခန်းထဲကို အပြေးအလွှားဝင်လာပြီး သူ့သခင်မ မနက်ရုံးမသွားခင်အထိဘေးမှာ အဖော် လာလုပ်ပေးတတ်တယ်။

ခါတိုင်းဆိုရင်တော့ ဘေးကို စမ်းလိုက်ရင် နွေးထွေးတဲ့ ရင်ခွင်တစ်ခုက အဆင်သင့်ဖက်ပေးထားနေ ကျလေ။ ယောက်ျား ညာဘက်မှာ မိန်းမ မအိပ်ရဘူးဆိုတဲ့ မြန်မာ့ထုံးစံ နဲ့ ပြောင်းပြန် နေရာ ယူတတ် သူ မို့ ညာလက်ရုံး ခေါင်းအုံး အိပ်မိလို့ ဘုန်းနိမ့် ပါတော့မယ် ချစ်သူရယ်လို့ ပြောခဲ့ . တုန်းက အဲလို အယူအစွဲတွေ မထား စမ်းပါနဲ့ဆိုပြီး ကိုယ်သန်တဲ့ ဘက်မှာပဲ အိပ်ပါလို့ နှစ်သိမ့်တတ် ခဲ့သူပါ။ အိပ်တော့လည်း သူ့ဘက်ကို လှည့်အိပ်ပါ လားလို့ ပြောပေမယ့် ဘယ်ဘက်ကို ဖိအိပ်ရင် နှလုံး ထိခိုက်တတ်တယ်ဆို တဲ့ ဘယ်တုန်းက မှတ်သားထားမှန်း မသိတဲ့ အူကြောင်ကြောင် အတွေးနဲ့ သူ့ကို ကျောခိုင်းအိပ်တတ်သူကိုလည်း နားလည်မှုနဲ့ ခွင့်လွှတ်ပေးတတ်တယ်။ အဲလိုသာ ကျောခိုင်း အိပ်ပေမယ့် ကိုယ်အနားမှာ ကပ်နေပေးပါလို့ ပြော လိုက်တိုင်း နောက်ကနေ သိုင်းဖက်ပြီး အိပ်ပျော်တဲ့အထိ နေပေးတတ်တယ်။ ခြောက်အိပ်မက်ဆိုးတွေ မက်ပြီး ကြောက်လန့်တကြား နိုးလာတိုင်း လည်း ဘေးမှာ သူရှိနေတယ် ဆိုတဲ့ အသိနဲ့ နွေးထွေးလုံခြုံစွာ အမြဲ ပြန် အိပ်လို့ ရခဲ့စေတယ်။

အခုတော့လေ ခုနပြောတဲ့ လစ် ဟာနေတဲ့နေရာကို မကြည့်မိအောင်၊ သတိမထားမိအောင် ကိုယ့်စိတ်ကိုယ် လှည့်စားနေရတယ်။ လွမ်းလိုက်တာ ချစ်သူရယ်၊ တစ်ယောက်တည်း နှစ် ပေါင်းများစွာ နေလာခဲ့တုန်းကကျ တော့လည်း ရနေခဲ့ပြီး အခုမှ ဘာ လို့ ဒီလောက် ခံစားရတာ လည်း မသိပါဘူး။ အဖေအမေ၊ မိသားစု ကွက်ကွက် ကလေးကိုပဲ ကိုယ့်ကမ္ဘာလုပ်ပြီး နေလာခဲ့တဲ့ ကျွန်မဟာ သူနဲ့တွေ့တဲ့ အချိန်မှာ ဘယ်လိုပြိုဆင်းသွားခဲ့မှန်း ကိုယ့်ကိုယ် ကိုယ် သတိမထားမိခဲ့ပေ မယ့် သူဟာ တစ်ဘဝလုံးစာအတွက်ဆို တာတော့ သိပ်သေချာသွားခဲ့တယ်။ အတိုက်အခိုက် တွေ၊ အတားအဆီး တွေကြားမှာ ဆယ်စုနှစ် တစ်စု ကျော်ကို ခါးစည်းပြီး လက်တွဲမဖြုတ်ဘဲ နေနိုင် လာတာဟာ ရူးသွပ်မှု၊ စိတ် ကစားမှုတစ်ခုလို့တော့ ဘယ်တုန်းက မှ မထင်ခဲ့ပါဘူး။

ဒီ ကျွန်းသေးသေးလေးပေါ်က နိုင်ငံကို စရောက်တဲ့အချိန်ဟာ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံး နေခဲ့တဲ့ ကျွန်မအတွက်ရော၊ ကျွန်မ ကြောင့် နေရာကောင်း၊ လခကောင်း တဲ့ ရာထူးကြီး ကို စွန့်ခွာခဲ့တဲ့ သူ့ အတွက်ရော နှစ်ယောက်စလုံးအတွက် အင်မတန် ခက်ခဲကြမ်းတမ်းခဲ့တဲ့ အချိန်တွေပါ။ ဒါပေမဲ့ စပြီးပတ်သက်မိကြတဲ့ အချိန်ကစပြီး “I always will” လို့ အမြဲပြောခဲ့တဲ့ သူနဲ့ ကျွန်မဟာ တစ်နေ့မှာ နှစ်ယောက်အတူနေကြ မယ်ဆိုတဲ့ မျှော်လင့်ချက် တစ်ခုကို ဆုပ်ကိုင်ပြီး အချိန်ကာလအရှည်ကြီး . ကို အားတင်းဖြတ်ခဲ့ကြရတယ်။ အဲဒီ မျှော်လင့်ချက်တစ်ခုတည်းက ကျွန်မ တို့ကိုရှေ့ဆက်ဖို့ ခွန်အားတွေ အများ ကြီးပေးနိုင်ခဲ့ပါတယ်။

နှစ်ယောက်တစ်ဘဝ အစမှာ စက်ဘီးလေးတစ်စီးကို နှစ်ယောက် အတူပိုင်ဆိုင်ခဲ့ဖူးတဲ့ အချိန်လေးတွေ၊ အဲဒီ စက်ဘီးကို ဝယ်နိုင်ဖို့တောင် ကျွန်မတို့ တော်တော်စဉ်းစားခဲ့ကြရတယ်။ ရုံးကအပြန် တစ်နေ့မှာ စက်ဘီးနဲ့ လာကြိုတဲ့ သူ့နောက်က ထိုင်လိုက်ရင်း သဲကြီးမဲကြီး ရွာချ တဲ့မိုးကြောင့် နှစ်ယောက်စလုံး ရွှဲနစ် ခဲ့ကြပေမယ့် တစ်ယောက်နဲ့ တစ် ယောက်ကြားက မေတ္တာတွေကြောင့် နွေးထွေးခဲ့ကြတာ၊ ပြန်သတိရလိုက်တာ ချစ်သူရယ်။ အဲဒီအချိန်တုန်းက ဘဝမှာ ရှေ့ကိုဘာမှ မမြင်ရအောင် မျှော်လင့်ချက်တွေ ပိတ်မှောင်နေပေ မယ့် နှစ်ယောက်အတူ ရှိနေတယ်ဆိုတဲ့ အသိနဲ့ ကျွန်မတို့ သိပ်ပျော်ခဲ့ကြပါတယ်။ မအောင်မြင်တဲ့ ရက်တွေ။ ဆုံး ရှုံးခဲ့တဲ့ ရက်တွေ၊ အပူတွေ၊ သောက တွေ၊ မွန်းကျပ်မှုတွေ အများကြီးကြား မှာ တစ်ယောက်ကို တစ်ယောက် ဖေးမလို့ အားပေးခဲ့ကြတယ်။

အခုတော့ ကျွန်မတစ်ယောက် တည်းရှိနေတဲ့၊ အရင်က ကျွန်မတို့ နှစ်ယောက်ရဲ့ ဒီအိမ်ကလေးမှာ ကျွန်မတို့ ပျော်ခဲ့တဲ့အချိန်တွေ အများ ကြီး ရှိဖူးတယ်။ ငိုခဲ့တဲ့ အချိန်တွေ အများကြီးရှိဖူးတယ်။ ဟိုအရင်တုန်း ကတည်းက ပူဆာခဲ့ဖူးတဲ့ “ကို.. ငါ တို့အတူနေရင် အခန်းထဲမှာ အဲကွန်းတပ်ပေးပါ၊ တီဗီလည်း ထားပေးပါ နော်’ ဆိုတဲ့ ကျွန်မရဲ့ စိတ်ကူးထဲက အိပ်ခန်းပုံစံကလေးအတိုင်း တကယ် နှစ်ယောက်အတူနေဖြစ်တဲ့အချိန်မှာ ရအောင် သူဖြည့်ဆည်း ပေးခဲ့တဲ့ ဒီ အိမ်ကလေးကို ကျွန်မသိပ်ကို ချစ်ပါတယ်။

နှစ်ယောက်တည်းရှိတဲ့ အိမ်ထဲ မှာ တစ်ယောက်တစ်နေရာစီဖြစ်မနေ အောင်ဆိုပြီး ရှိသမျှတီဗီ၊ ကွန်ပျူတာ တွေကအစ အိပ်ခန်းထဲမှာ ထည့်ထား တာမို့ ဒီအိပ်ခန်းလေးထဲမှာပဲ ပစ္စည်း အစုံ အလင်နဲ့ ခိုအောင်းနေတတ်ကြ တယ်။ အရင်တုန်းက ဆူညံသံတွေ၊ အလင်းရောင်တွေကြားမှာ အိပ် မပျော်တတ်ခဲ့ပေမယ့် သူနဲ့ ဆုံစည်း ပြီးနောက်မှာတော့ သူစိတ်ဝင်တစား ကြည့်တတ်တဲ့ တီဗီက တင်းနစ်လိုင်းက ဘောလုံးသံ တဘုတ်ဘုတ်ကြားမှာ လုံခြုံနွေးထွေးစွာ အိပ်ပျော်သွားတတ်ခဲ့တယ်။ မနက်စောစောထရမှာ အင်မတန်မုန်းတတ်တဲ့ ကျွန်မကို နည်းနည်းလောက် ပိုအိပ်ပါ စေဆိုပြီး မိုးလင်းတာနဲ့ ထမင်းဘူး ထထုပ်ပေး၊ ကော်ဖီ ထဖျော်ပေးတာတွေကို မညည်းမညူ နှစ်နဲ့ချီ လုပ်ပေးတတ် သေးတယ်။ 

တကယ်ကတော့ ကျွန်မက ဟို အပျိုပေါက်ဘဝကတည်းက တခြား လူတွေကို ငဲ့ပြီး နေလာရတော့ ကျွန်မကို ပြန်ငဲ့တာလေးနဲ့ ကြုံဖူးသွား တဲ့အခါ အဲဒီအရသာလေးကို သိပ်နှစ် သက်သွားတာ နေမှာပါ။ ကိုယ့်ကိုပဲ လိုအပ်တဲ့သူတွေ များခဲ့တဲ့အချိန်မှာ ကိုယ့်ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့သူ တစ်ယောက်ရှိလာခဲ့မယ်လို့ ကျွန်မ တစ်ခါမှ မမျှော်လင့်ထား ခဲ့ပါဘူး။

သူ့ကို အားကိုးလွန်းလို့လည်း ကျွန်မထက် ၁ဝ လနီးပါးငယ်ပေမယ့် ကိုလို့ ခေါ်ချင်တယ်လို့ ပြောပြီး မြတ်မြတ် နိုးနိုး ခေါ်ခဲ့တယ်။ နှစ် ယောက်တည်းရှိတဲ့အချိန်တွေမှာကျ တော့ ချစ်သူလို့ ခေါ်တယ်။ အဲဒါက ဆရာမကြီး ဒေါ်ခင်နှင်းယု ရဲ့ ကျွန်မ ချစ်သူဆိုတဲ့ အသုံးအနှုန်းကလေးကို သိပ်ကြိုက်လို့ ခေါ်မယ်လို့ ဆုံးဖြတ်ခဲ့ တာပါ။ ချစ်သူ ဆိုတာ ကိုယ်ကချစ်တဲ့ သူ၊ ကိုယ့်ကို ချစ်တဲ့သူကို ပြောတာတဲ့၊ ဇနီး၊ ခင်ပွန်း ရည်းစားဆိုပေမယ့် လည်း ချစ်ချင်မှ ချစ်ကြတာဆိုတာလေးကို ဖတ်ပြီး ကတည်းက သူ့ကို ဘာကြောင့် ချစ်သူလို့ ခေါ်ချင်တယ် ဆိုတာ ရှင်းပြပြီး ခေါ်ခဲ့ တယ်။ နောက်ပိုင်းကျတော့ သူပါ အဲဒီ အခေါ်လေးကို ကြိုက်လာပြီး ကျွန်မ တို့ချင်းကြားမှာ အပြန်အလှန်ခေါ်တဲ့ နှစ်ယောက်တည်း သိတဲ့ အခေါ် အဝေါ် ဖြစ်လာခဲ့တယ်။ နောက်တစ် ခု ကျွန်မကို သူခေါ်တတ်တာကတော့ ကြောင်တဲ့ လေ၊ မြင်မြင်သမျှ ကြောင် လေကြောင်လွင့်ကမကျန် အင်မတန် ချစ်တတ်တဲ့သူအပြင် စိတ်ဆိုးရင် အတင်းကုတ်ဖဲ့ ကိုက်တတ်လို့ ကြောင်နဲ့ တူလို့ ခေါ်တာတဲ့။ လူက ကြောင်နဲ့တူတယ်ဆိုတာ မဖြစ်နိုင်မှန်း သိပေမယ့် အဲဒီလို သူခေါ်လိုက်တိုင်း ကျွန်မစိတ်မှာ နွေးထွေးပြီး သိပ်ကို ကြိုက်တာ ပါပဲ။

ကျွန်မဘဝမှာလေ ကိုယ်ချစ်တဲ့ သူတွေ ကိုယ့်ကို ခွဲသွားမှာကို သိပ် ကြောက်လွန်းလို့ ကိုယ်ကသာ အရင် ခွဲရတဲ့သူ ဖြစ်ပါစေလို့ အမြဲ ဆုတောင်းမိပါတယ်။ ခွဲခွာခြင်းကို မကြိုက်လို့ ခရီးတွေဆိုရင် အသွား ခရီးကို လိုက်မပို့တတ်ဘဲ အပြန်ခရီး တွေကိုသာ ကြိုချင်တတ်တဲ့သူပါ။ ကျွန်မ အဲဒီလောက် တွယ်တာတဲ့သူနဲ့ အခုလို ခွဲနေရမယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့မိတာ အမှန်ပါ။ ဘယ် သွားသွား နှစ်ယောက် တတွဲတွဲ ရှိနေ ခဲ့တဲ့ ဘဝကနေ တစ်ယောက်တည်း နေခဲ့ရမယ်လို့လည်း မစဉ်းစားခဲ့မိပါ ဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို ချတာ ကလည်း ကျွန်မကိုယ်တိုင် ဖြစ်နေခဲ့ ပြန်တယ်။

သူပြန်မယ့်နေ့တိုင်း၊ နောက်နှစ်ပတ်နေရင် တစ်ခါပြန်လာဦးမယ်ဆို တာ သိနေပေမယ့်လည်း မျက်ရည် ဘယ်လိုမှ မထိန်းနိုင်အောင် အမြဲငိုတတ်တဲ့ ကျွန်မကိုကြည့်ပြီး သူပါ မျက်ရည်တွေ ပြည့်တက်လာတဲ့ ကျွန်မ သိပ်ချစ်တဲ့ သူ့မျက်လုံးတွေကို တွေ့ရလေ ကျမရင်ထဲအောင့်တက် လာအောင် ခံစားမိလေပါ။ “ကို့ ကို အားကိုးပါ ချစ်သူရယ်၊ ကို့ဆီလိုက် လာခဲ့ပါ၊ တစ်ယောက်တစ်နေရာစီ ခွဲမနေပါနဲ့၊ ထိုက်ကို ပျော်အောင်ထားပါ့မယ်” ဆိုတဲ့ စကားတွေကို ကြားတိုင်း ဘာမှ ပြန်မပြောနိုင်အောင် အမြဲဆို့နင့် တတ်ခဲ့ရပါ တယ်။ တစ်ခါတလေ အထီးကျန်မှုတွေ နဲ့ တရေးနိုး လာတဲ့ ညတွေက ခါးသီး လွန်းတဲ့အခါ၊ တစ်နေ့တစ်နေ့ ခံစား ချက်မရှိတဲ့ စက်ရုပ်တစ်ရုပ်လို နေ့ရက်တွေကို တစ်ယောက်တည်း ဖြတ်သန်းနေရတာကို မခံနိုင်လွန်းတဲ့ အခါတွေမှာတော့ သူ့နောက်ကို ချက်ချင်း ထလိုက် သွားချင် လိုက်တာလေ။ ကျွန်မ ချစ်သူ၊ ကျွန်မ ခင်ပွန်းကို ကျွန်မ တကယ်လွမ်းပါတယ်။ ဘယ်သူက တစ်ယောက်တည်း နေချင်မှာတဲ့ လဲလေ။ အထူးသဖြင့် ကိုယ့်အပေါ် အင်မတန် ကောင်းပြီး အရိပ်တကြည့် ကြည့် အလိုလိုက်တတ်တဲ့သူနဲ့ ဘယ် လို ခွဲချင်ပါ့မလဲ။ ဒါပေမဲ့ ဘာမှန်းမသိတဲ့ အတွေးတွေက ကျွန်မ ခေါင်းထဲ မှာ နေရာယူထားတယ်၊ ရှုပ်ထွေး နောက်ကျိနေတာပါပဲ။ ကျွန်မမိဘ တွေပြီးရင်၊ တစ်ခါတလေဆိုရင် ကျွန်မ မိဘတွေထက်တောင် ကျွန်မကို ပိုသိတတ်တဲ့ ချစ်သူသိတာတွေ အများကြီးရှိသလို သူမသိသေးတာ တွေလည်း ရှိသေးတယ်။

သူသိပြီးသား တစ်ခုကတော့ ကျွန်မအနေနဲ့ အလုပ်တစ်ခု လုပ်နေ သေးတယ်ဆိုတာ တစ်ခုအတွက်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလေး နောက်တစ်ခါ မပျောက်ဆုံးဖို့အတွက် ဆက်နေ နေတာပါ။ သူ မသိသေးတာ ကတော့ ဖေဖေ လေ၊ ဖေဖေ မဆုံးခင် မနက်က ကျွန်မကို ပြောသွားတယ်၊ “စင်ကာပူမှာ ပြန်ကုမယ်” တဲ့။ ပြီးတော့ ဒီအိမ်ကလေးမှာ ဖေဖေ ကြာကြာနေ သွားခဲ့တယ်လေ၊ ဖေဖေနဲ့ ကျွန်မ အတူတူနေခဲ့ဖူးတာက ၃၃ လမ်း အိမ် နဲ့ ဒီ ဘဒုတ် (Bedok) အိမ်ကလေးနဲ့ နှစ်အိမ်ပဲ ရှိတယ်။ ဖေဖေ့ကို ခဏစောင့်ချင် သေးတယ်။ ဒါတွေကို ချစ်သူ နားလည်မယ်ထင်ပါတယ်။ နောက် တစ်ခုကတော့ ဒီနှစ်ထဲမှာ ကျွန်မရဲ့ ကျန်းမာရေး အရမ်းညံ့တယ် ပြောထားဖူးတဲ့ စကားကြောင့် ကျန်းမာရေး အတွက် ဆေးကုသမှု ပိုအဆင်ပြေတဲ့ ဒီနိုင်ငံမှာ နောင်နှစ် မွေးနေ့ ကျော်တဲ့အထိ ဆက်နေချင် သေးတယ်လေ။ အစွဲအလမ်းတွေ မထားသင့်မှန်း သိပေမယ့် ဖေဖေဆုံးပြီးကတည်းက စိတ္တဇ လိုဖြစ်နေတဲ့ အတွေးတွေက ကျွန်မကို အမြဲဖိစီးနေတာပါ။

အခုဆိုရင် ကျွန်မရဲ့ ကွန်ပျူတာ google bar မှာ ချန်ဂီလေဆိပ်ရဲ့ လေယာဉ်အသွားနဲ့ အပြန် အချိန် ဇယား နှစ်ခုကို အမြဲဖွင့်ထားတယ်။ အသွားအချိန်ဇယားကို ကွန်ပျူတာ စကရင်မှာ စောင့်ကြည့် ရတိုင်း ကျွန်မ မုန်းတယ်။ ဒီအချိန်ဆို သူလေယာဉ်ပေါ် ရောက်သွားပြီဆိုတာ ကို စောင့်ကြည့်ရတိုင်း ကျွန်မ မုန်း တယ်။ ဒီကြားထဲမှာ သူပြောဖူး သလို နေ့တွေကို အားတင်းပြီး ဖြတ်ရမှာ ပေါ့။ ဒါပေမဲ့ ချစ်သူပြန်လာတဲ့ရက်တွေကို မျှော်ရတာကြာလှသလောက် အတူနေရတဲ့ ရက်တွေကျတော့ သိပ် မြန်လွန်းတယ်။ အဲဒါတွေကိုတော့ ဘာမှမဖြစ်သလိုနေနိုင်တဲ့ ခွန်အား ကျွန်မမှာ မရှိသေးပါဘူး။

မူရင်း – သရဖူ မဂ္ဂဇင်း

ဟိုတစ်ခါ သူမသွားခင်တုန်းက ကျွန်မဖွင့်ပြီး နားထောင်မိတဲ့၊ အခုလည်း အကြိမ်ကြိမ် နားထောင်နေမိတဲ့ ထူးအိမ်သင်ရဲ့ “ကြယ်တွေစုံတဲ့ည” ဆို တဲ့ သီချင်းလေးလေ၊ ကျွန်မသိပ် ကြိုက်တာပါပဲ။

ကြယ်တွေဆုံတဲ့ည ကိုယ့်အိပ်မက် လေးရယ် xxx 

ကြယ်တွေဆုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ် xxx ရင်ခုန်သံ နဲ့ ထုဆစ်ထားတဲ့ သီချင်းနေ့လေး xx 

ရင်တွေကွဲသွားအောင် ဆိုနေဦး မယ် xxx 

ကြယ်တွေဆုံတဲ့ည အဝေးအိမ်ကို လွမ်းတယ် xxx ကြယ်တွေဆုံည ခရီးမိုင်တွေခြားစေ xxx 

ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့တွေလေ xxx ကျော်လွန်သွားခဲ့ရင် တို့ပြန်ဆုံဦးမယ် xxx 

နာကျင်စွာ တစ်ယောက်တည်း xxx တစ်‌ရေးနိုးတဲ့ညတို့ မှောင်နေဆဲ xxx 

အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတဲ့ အိပ်မက်ရှည်တွေနဲ့ xxx 

အိုး အမြဲတမ်း သတိရနေတယ် xxx ရှင်းပြလို့ ပေးပါကွယ် xxx 

ကြယ်ပွင့်လေးရယ်  င့ါရဲ့အကြောင်းတွေ xxx

 ကြယ်တွေဆုံတဲ့ည ထပ်ကြုံရဦးမယ် xxx ကြယ်တွေ တကယ်ဆုံတဲ့ည လှနေမှာပေါ့ကွယ် xxx 

နေညိုညို လမ်းလေးထက် နေ့စဉ်စောင့်နေတယ် xxx မျှော်လင့်ခြင်းများရယ် xxx အိမ်ပြန်ချိန်ညရယ် . . .

နေညိုညို လမ်းလေးထက် နေ့စဉ်စောင့်နေတယ် xxx မျှော်လင့်ခြင်းများရယ် xxx အိမ်ပြန်ချိန်ညရယ် . . .

ကြယ်တွေစုံတဲ့ည တကယ်ထပ် ကြုံဦးမှာပါ ချစ်သူရယ်နော်၊ ဒဏ်ရာတွေနဲ့ ရေးခြစ်ထားတဲ့နေ့တွေ တစ်ချိန်မှာ ကျော်လွန်သွားမှာ မဟုတ် လား။ အားတင်းပြီး ဖြတ်ကြည့်ဦး မယ်လေ။ ပြန်ဆုံကြမယ်နော်. . . ။

ထိုက်

 ၂၀၁၄ သြဂုတ်လ

Click to rate this post!
[Total: 0 Average: 0]