The Corner

The Corner

cropped-Logo_round_grey-background.png

‘Animal Farm’ ကို ဘာကြောင့် အဆိုးမြင်ရှုထောင့်က ‘ဂျော့ချ်အော်ဝဲလ်’ ရေးဖွဲ့ခဲ့တာလဲ  

Share မယ်
ဂျော့ချ် အော်ဝဲလ် (Source: Flickr)

“စပိန်နိုင်ငံထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့အတွက် ကျွန်တော်တို့ အတော် ကံကောင်းတယ် လို့ဆိုရမယ်။” – လို့ နောင်အခါမှာ ‘ဂျော့ချ်အော်ဝဲလ်’ က ရေးသားဖော်ပြခဲ့ဖူးတယ်။ စပိန်ပြည်တွင်းစစ်တုန်းက တိုက်ပွဲအတွင်း သူ့လည်ပင်း မှာ သေလောက်တဲ့ ဒဏ်ရာရခဲ့တဲ့အကြောင်း သူ မပြောဖူးပေမယ့် စတာလင်ရဲ့ သွေးဆာနေတဲ့ နိုင်ငံရေးမှူး တွေအကြောင်းတော့ သူပြောလေ့ရှိတယ်။ အဲဒီ  နိုင်ငံရေးမှူးဆိုသူတွေဟာ ၁၉၃၇ ခုနှစ်က အာဏာရ စပိန် အစိုးရအဖွဲ့ အပေါ် အတော်အတန် သြဇာ လွှမ်းမိုးခဲ့သူတွေ ဖြစ်တယ်။ 

‘ဂျော့ချ်အော်ဝဲလ်’ စပိန်ကို သွားခဲ့တာက အစိုးရဘက်က ပါဝင်တိုက်ခိုက်ပေးဖို့ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီလို ပါဝင်တိုက်ခိုက်ခဲ့ခြင်းဟာ သူကိုယ်စားပြုတဲ့ နိုင်ငံရေးကျင့်ဝတ်ကို ဖော်ပြရာရောက်တယ်လို့ သူယူဆခဲ့တာကြောင့် ဖြစ် တယ်။ သူယုံကြည်ခဲ့တဲ့ အဲဒီ နိုင်ငံရေးကျင့်ဝတ်ရဲ့ အရေးပါမှုကပဲ သူ့ဘဝကို နိဂုံးချုပ် သွားလုနီးနီး ဖြစ်ခဲ့ရတယ်။ အကြောင်း ကတော့ အဲဒီအချိန်က သူဟာ ထရော့စကီဘက်တော်သားတွေနဲ့အတူ တိုက်ပွဲဝင်နေခဲ့တာကြောင့် လို့ဆိုရမယ်။ ဒါပေမယ့် ကံအားလျော်စွာ အဲဒီကာလမှာ ‘ဂျော့ချ်အော်ဝဲလ်’ အနေနဲ့ ထရော့စကီဘက်တော်သား အဖြစ်က နုတ်ထွက်ပြီးချိန်ဖြစ်တယ်။ 

အဲဒီတုန်းက စတာလင်ဂိုဏ်းသားတွေက ရုရှားတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ထရော့စကီဘက်သားတွေရဲ့ စွမ်းဆောင်ချက် ခြေရာလက်ရာတွေ မှန်သမျှကို လိုက်လံတိုက်ဖျက်နေချိန် ဖြစ်နေတယ်။ အဲဒီ အမိန့် ညွှန်ကြားချက် တွေဟာ မော်စကိုကနေ  တိုက်ရိုက်လာတာဖြစ်ပေမယ့် အလွန်ခရီးဝေးကွာတဲ့ စပိန်နိုင်ငံအထိတိုင်အောင် ဆိုးဆိုး ရွားရွား အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်။  အဲဒီတုန်းက စပိန် ဒီမိုကရေစီ အစိုးရကို စတာလင်က အပေါ်ယံ ဟန်ပြ ထောက်ခံနေခဲ့ချိန်ဖြစ်တယ်။

“ကျွန်တော်တို့ ရဲဘော်မိတ်ဆွေ အများအပြား ပစ်သတ်ခံခဲ့ကြရတယ်။ တချို့က ထောင်ထဲမှာ နှစ်ရှည်လ များ ဖမ်းဆီးခံနေခဲ့ ရတယ်။ တချို့လည်း ဘာသတင်းမှ မကြားရတော့ဘဲ ပျောက်ဆုံးသွားကြတယ်” လို့ ‘ဂျော့ချ် အော်ဝဲလ်’ က သူ့ရဲ့ ၁၉၄၇ ခုနှစ်ထုတ် ယူကရိန်း ဘာသာပြန် ‘Animal Farm’ စာအုပ်အမှာစာမှာ ဖော်ပြခဲ့တယ်။ 

အလွန်လက်တံရှည်တဲ့ မော်စကိုရဲ့ နိုင်ငံရေးလုပ်ကြံမှုကနေ သီသီကလေး လွတ်လာခဲ့တဲ့ ဖြစ်ရပ်က ‘ဂျော့ချ် အော်ဝဲလ်’ ကို နိုင်ငံရေး နိုးကြားလာအောင် လှုပ်နှိုးလိုက်သလို ဖြစ်ခဲ့တယ်။ အနောက်ဥရောပ ဒီမိုကရေစီ နိုင်ငံတွေမှာ ရှိတဲ့ ရိုးသားယဉ်ကျေး ပြီး အလွယ်တကူယုံကြည်တတ်ကြတဲ့ လူအတော်များများဟာ အန္တရာယ် များပြီး စိတ်ကူးယဉ် ဆန်တဲ့ ရုရှားတော်လှန်ရေးရဲ့ အပေါ်ယံသွင်ပြင်ကို တကယ်ထင်ပြီး ဖြားယောင်းခံကြရတယ်။ ‘ဆိုဗီယက်’ ဆိုတဲ့ ပုံသဏ္ဌာန်ကို အမှန်အတိုင်းအရှိအတိုင်း မမြင်နိုင်အောင် မျက်စိပိတ် နားပိတ် ခံလိုက်ကြရတဲ့ သဘောပါပဲ။

စပိန်မှာ ရောက်နေတဲ့ ‘ဂျော့ချ်အော်ဝဲလ်’ကို လုပ်ကြံဖို့ လုပ်ခဲ့တဲ့ ဆိုဗီယက်ကွန်မြူနစ်ဝါဒဟာ အဲဒီလုပ်ရပ် အတွက် အတော် ကြီးမားတဲ့ တန်ကြေးပေးဆပ်လိုက်ရတယ်။ မော်စကိုရဲ့ နိုင်ငံရေးလုပ်ကြံမှုကနေ သီသီကလေး လွတ်လာခဲ့တဲ့ အတွေ့အကြုံ ကို အကြောင်းပြုပြီး‘အော်ဝဲလ်’ရဲ့ ‘Animal Farm’ (ခြေလေးချောင်း တော်လှန်ရေး) စာအုပ် ပေါ်ထွက်လာတာဖြစ်တယ်။ အော်ဝဲလ်’ရဲ့ ‘Animal Farm’ ဟာ ဆိုဗီယက်ကွန်မြူနစ်စနစ် ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ အတွင်းရေးဇာတ်လမ်းတွေကို ဖွင့်ချ တိုက်ခိုက်လိုက်တဲ့ နိုင်ငံရေးထိုးနှက်ချက်ဖြစ်တယ်။  

ဂျော့ချ်အော်ဝဲလ်၏ Animal Farm ရုပ်ရှင် ပိုစတာ (Source: Printerval)

‘Animal Farm’ စာအုပ်ဟာ ၂၀ ရာစုနှစ်အတွင်း နိုင်ငံရေးအရ ထိခိုက်နစ်နာမှု အကြီးမားဆုံးဖြစ်အောင် ထိုးနှက်တိုက်ခိုက်နိုင် ခဲ့တဲ့ နိုင်ငံရေးစာပေတွေ အနက် တစ်ခုဖြစ်ပါတယ်။ ‘ဂျော့ချ်အော်ဝဲလ်’ က သူ့စာအုပ်ကို ‘နတ်သမီးပုံပြင်’ လို့ ပြောစမှတ်ရှိပါ တယ်။ အထေ့အငေါ့ သရော်စာရေးရာမှာ ထင်ရှားတဲ့ ပြင်သစ် တွေးခေါ်ရှင် စာရေးဆရာ ဗော်လ်တဲယား (Voltaire) ရဲ့ ‘အကောင်းမြင်သမား’ (Candide) နဲ့ နှိုင်းယှဉ်ပြောလေ့ရှိတယ်။  ဘာကြောင့်လဲဆိုတော့ စာအုပ်နှစ်အုပ်မှာ ဖော်ပြတဲ့ အကြောင်းအရာ အတော်များများက တူညီတဲ့ သဘော သဘာဝတွေ တွေ့ရလို့ ဖြစ်တယ်။ နိုင်ငံရေးကျမ်စာအုပ်လို့ ပြောနိုင် သလို လူသားတွေရဲ့ မိုက်မဲမှုကို သရော်တဲ့ စာအုပ်လို့လည်း ပြောနိုင်တယ်။ စိတ်ကူးယဉ်လောကကို လိုလားတောင့်တနေသူ အားလုံးကို ကျယ်ကျယ် လောင်လောင် အော်ဟစ်ထေ့ငေါ့လိုက်တဲ့ စာအုပ်လို့လည်း ဆိုနိုင်တယ်။ ပုံဆောင်ခိုင်းနှိုင်းချက်တွေ နဲ့  သင်ခန်းစာ ပေးတဲ့ စာအုပ်လို့ဆိုရင်လည်း မမှားဘူး။ အီဆွပ်ပုံပြင်တွေရဲ့ အစဉ်အလာအရဆိုရင်လည်း အလွန်လှပ ကောင်းမွန်တဲ့ ပုံပြင်တစ်ပုဒ်လို့တောင် ပြောနိုင်တယ်။ နိုင်ငံရေးအကြောင်း ဘာမျှ မသိနားမလည်ခြင်းရဲ့ အန္တရာယ်တွေကို ဆန့်ကျင် ဟောပြောထားတဲ့ ပြင်းပြတဲ့ တရားဓမ္မ သွန်သင်ဟောပြောချက်လို့ ဆိုရင် လည်း မှန်တယ်။ 

‘Animal Farm’ စာအုပ်ရဲ့ တစ်နေရာမှာ ‘ဘောက်ဆာ’(Boxer)ဆိုတဲ့ မြင်းအကြောင်း ‘အော်ဝဲလ်’က သရုပ်ဖော် ပုံရာမှာ သူ့စိတ် ကို မထိန်းနိုင်လောက်အောင် ရက်စက်လွန်းတဲ့ အမုန်းတရားကို အခြေခံပြီး ဆိုဗီယက်စနစ်ရဲ့ အဆိုးမြင် သဘောထား အပေါ် ထိုးနှက်ရေးသားခဲ့တယ်။ ရုရှားအလုပ်သမားလူတန်းစားကို ကိုယ်စားပြုတဲ့ သူ့ဇာတ်ကောင် မြင်းလုပ်သား ‘ဘောက်ဆာ’ဟာ သစ္စာရှိသလောက် တုံးအမိုက်မဲလွန်းတယ် လို့  ‘အော်ဝဲလ်’ က ရေးဖွဲ့ခဲ့တယ်။ ဒါကြောင့် အသုံးမဝင်တော့တဲ့ အချိန်မှာ သူယုံကြည်လေးစားတဲ့ သူ့အလုပ်ရှင်က သူ့ကို သားသတ်ရုံမှာ ရောင်းစားတာခံလိုက်ရတယ်။ သူ့အလုပ်ရှင်အဖြစ် ‘နပိုလီယံ’ ဆိုတဲ့ ‘ဝက်’ ဇာတ်ကောင်ကို ဖန်တီးထားတယ်။ တကယ်တော့ ‘နပိုလီယံ’ ဆိုတာက ဆိုဗီယက် ကွန်မြူနစ် အာဏာရှင် ‘စတာလင်’ ကို ရည်ညွှန်းထားတာဖြစ်တယ်။ 

အော်ဝဲလ်’ရဲ့ ‘Animal Farm’ ဟာ အတွေးအခေါ်အယူဝါဒဆိုတဲ့ ဆေးလုံးကို နတ်သမီးပုံပြင်နဲ့ ထောင်ချောက် ဆင်ထားတဲ့ သဘောမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲ ပြောပြော အော်ဝဲလ်’ရဲ့  ‘Animal Farm’ ဟာ မယုံနိုင် လောက် အောင်မြင် ကျော်ကြားခဲ့တဲ့ နိုင်ငံရေးအကြောင်းခံ စာအုပ်ဖြစ်တာကတော့ အသေအချာပါပဲ။ ဒုတိယ ကမ္ဘာ့စစ် ပြီးစမှာ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့ကတည်းက အခုအထိ ပရိသတ် သန်းပေါင်းများစွာ အော်ဝဲလ်’ရဲ့ ‘Animal Farm’ ဖတ်ရှုနေကြပါတယ်။ အဲဒီ စာအုပ်ထွက်ပြီး နောက်သုံးနှစ်အကြာမှာ ‘အော်ဝဲလ်’ ရဲ့ ‘၁၉၈၄’ စာအုပ်ထွက်ပါတယ်။ အဲဒီအချိန် ကစပြီး ‌’ဂျော့ချ် အော်ဝဲလ်’ ဟာ စာပေနယ်ပယ်မှာ အရေးပါတဲ့ စာရေးဆရာအဖြစ် အသိအမှတ် ပြုခံခဲ့ ရပါတယ်။ 

အော်ဝဲလ်’ရဲ့ ‘Animal Farm’ ဟာ ‌ခေတ်သစ် နိုင်ငံရေးဆိုင်ရာ  အကျယ်တဝင့် ရှင်းလင်းဖွင့်ဆိုချက် ဖြစ်လာခဲ့ တယ်။  သူ့ စာအုပ်ထဲမှာ “တိရစ္ဆာန်များသည် တန်းတူရည်တူဖြစ်ကြသည်။ အချို့သော တိရစ္ဆာန်များသည် အခြားသော တိရစ္ဆာန်များ ထက် ပိုမို၍ တန်းတူရည်တူမှု ရှိကြသည်။”  လို့ ဖော်ပြထားတယ်။ အဲဒီအဆိုရဲ့ အနက် အဓိပ္ပာယ်ကို ရှင်းလင်း ဖွင့်ဆိုချက်နဲ့ တကွ အကျယ်တဝင့် တင်ပြထားတယ်။ အော်ဝဲလ်ရဲ့ ထိမိတိကျတဲ့ ရှင်းပြမှု မတိုင်မီအထိ “နိုင်ငံရေးအားပေးမြှင့်တင်မှု” ရဲ့ စစ်မှန်တဲ့ သဘော သဘာဝကို ကျွန်တော်တို့ ဘယ်ပုံဘယ်နည်း ဆုပ်ကိုင်ပြ နိုင်ခဲ့လို့လဲ။  

‘ဂျော့ချ်အော်ဝဲလ်’ ဆိုတာ ‘အဲရစ်ဘလဲယား’ (Eric Blair) ရဲ့ ကလောင်နာမည်ဖြစ်ပါတယ်။ သူဟာ ဗြိတိသျှ ကိုလိုနီဖြစ်တဲ့ အိန္ဒိယဒေသမှာ လုပ်သက်ရှည်ကြာ အမှုထမ်းခဲ့တဲ့ ကိုလိုနီအုပ်ချုပ်ရေးအရာရှိတစ်ဦးရဲ့ သား ဖြစ်ပါ တယ်။ ‘အဲရစ်ဘလဲယား’ ဟာ အီတန်ကောလိပ်မှာ အစိုးရထောက်ပံ့ကြေးနဲ့ ကျောင်းတက်ခဲ့ရသူ ဖြစ်တယ်။ အီတန် ကောလိပ် ဟာ အထက်တန်းစား ချမ်းသာတဲ့ အရာရှိတွေရဲ့ သားသမီးတွေ တက်တဲ့ကျောင်းဖြစ်လို့ စကောလား ရှစ် နဲ့ တက်ရတဲ့ ‘အဲရစ်’ဟာ မျက်နှာငယ်ခဲ့ ရတယ်။ အဲဒီ ကျောင်းမှာ နေခဲ့ရတဲ့ အချိန်တွေဟာ သူ့အဖို့တော့ စိတ်မသက်မသာ အဖြစ်ရ ဆုံး အချိန်တွေလို့ ဆိုတယ်။ ငွေကြေးချမ်းသာကြွယ်ဝမှု ကွာဟချက်ကြောင့် ‘အဲရစ်’ ဟာ သူ့အတန်းဖော် ချမ်းသာကြွဝတဲ့ ကျောင်းနေဖက်တွေရဲ့ ခွဲခြား ဆက်ဆံမှု ခံခဲ့ရတယ်။ အဲဒီ အတွေ့အကြုံကြောင့် ငွေကြေးချမ်းသာတဲ့ လူတန်းစားကို မနှစ်မမြို့ဖြစ်ခဲ့တယ်။ အဲဒီ အကြောင်းကြောင့် ‘အဲရစ်’ ဟာ ‘ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ’ ရဲ့ ဆွဲဆောင်မှုဘက်ကို တိမ်းညွတ်ခဲ့တယ်။ တစ်သက်လုံး နီးပါး ‘ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒ’ အပေါ် သစ္စာ ရှိသူ ဖြစ်ခဲ့တယ်။ 

အီတန်က ကျောင်းပြီးတဲ့အခါ ‘အဲရစ်ဘလဲယား’ ဟာ ဗြိတိသျှအင်ပါယာ ပုလိပ်အဖွဲ့အမှုထမ်းအဖြစ် မြန်မာပြည် ကို ရောက်ရှိ ခဲ့တယ်။ ဗြိတိသျှနယ်ချဲ့စနစ်ကို ကိုယ်စားပြုပြီး အမှုထမ်းခဲ့ရတဲ့အတွက် သူ့ကို မြန်မာပြည် သူလူထုက ရွံမုန်းကြတာဖြစ်တယ် ဆိုတဲ့ အသိဉာဏ်အသစ်ကို ‘အဲရစ်ဘလဲယား’ရရှိခဲ့တယ်။ သူ့အလုပ်ရဲ့ သဘော သဘာဝကို ရွံမုန်းမိတဲ့အတွက် ‘အဲရစ်’ဟာ အလုပ်ထွက်ပြီး အင်္ဂလန်နိုင်ငံကို ပြန်ခဲ့တယ်။ စာရေးတဲ့ အလုပ်နဲ့ အသက် မွေးဝမ်းကျောင်းဖို့ စတင်ကြိုးစားခဲ့တယ်။ စာရေးတဲ့ အလုပ်နဲ့ အောင်မြင်မှု မရသေးမီ နှစ်တွေအတွင်းမှာ ‘အဲရစ်’ ဟာ သူ့ဘဝကို ဗြိတိသျှဆိုရှယ်လစ်ဝါဒအတွက် မြှုပ်နှံ အလုပ်အကျွေးပြုခဲ့တယ်။ အဲဒီ ကာလတွေအတွင်းမှာ သူ့အနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့  စာကောင်းပေကောင်း ရယ်လို့ မည်မည်ရရ မရေးဖြစ်ခဲ့ဘူးလို့ ‘ဂျော့ချ်အော်ဝဲလ်’က ဆိုတယ်။ 

ကြာပြီဖြစ်ပေမယ့် မမေ့နိုင်သေးတဲ့ ထိတ်လန့်အံ့သြစရာ ဖြစ်ရပ်တွေကတော့ စစ်ကာလဖြစ်တဲ့ ၁၉၄၀ ခုနှစ်တွေအတွင်းက အတွေ့အကြုံတွေ ပါပဲ။ အဲဒီ ထိတ်လန့်အံ့သြစရာဖြစ်ရပ်တွေကို သတိတရ ဖြစ်မိတာကြောင့် လည်း ‘ဂျော့ချ်အော်ဝဲလ်’ ဟာ ၁၉၄၃ ခုနှစ်မှာ ‘Animal Farm’ (ခြေလေးချောင်း တော်လှန်ရေး) ကို အစပျိုးရေး ဖြစ်ခဲ့တယ်လို့ဆိုတယ်။

အဲဒီအချိန်တုန်းက စတာလင်ရဲ့ ‘ဆိုဗီယက်ယူနီယံ’ ဟာ လူထုအကြား အတော် ရေပန်းစား နေတဲ့အချိန် ဖြစ်တယ်။ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုမှာဆိုရင် ‘ဆိုဗီယက်ယူနီယံ’ ကို ဝေဖန်ပြောဆိုတာမျိုး လက်ခံနိုင်တဲ့သူ မရှိ သလောက်ပါပဲ။ အကြောင်းကတော့ အဲဒီတုန်းက စတာလင်ရဲ့ ဆိုဗီယက်တပ်နီတော်က ဟစ်တလာရဲ့ နာဇီ ဖက်ဆစ်တပ်တွေကို ရှေ့မတိုးနိုင် အောင်တိုက်ခိုက် တားဆီးနိုင်ရုံမက တပ်လန် နောက်ဆုတ်သွား စေတဲ့အထိ ထိုးနှက်နိုင်ခဲ့လို့ဖြစ်တယ်။ ‘ဟစ်တလာရဲ့ ကာလ ကြာမြင့်စွာ တိုက်တိုင်းအောင်ခဲ့တဲ့ တပ်ကြီးဟာ ရုတ်တရက်ဆိုသလို မရှုမလှ အရှုံးကြီးရှုံးတာကို မျက်ဝါးထင်ထင် တွေ့မြင် ကြရလို့ဖြစ်တယ်။ တစ်ချိန်တည်းမှာ အတ္တလန္တိတ် သမုဒ္ဒရာရဲ့ အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်း နှစ်ဖက်စလုံးမှာ ‌ဆိုဗီယက် ပြည်သူတွေနဲ့ သူတို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကို ထိုက်ထိုက်တန်တန် ချီးမွမ်းဂုဏ်ပြုမှုတွေနဲ့ အကြီးအကျယ် ပြည့် လျှံနေချိန် ဖြစ်နေတယ်။ တကယ်တော့ အဲဒီအချိန်က စတာလင်ရဲ့ ဆိုဗီယက်နိုင်ငံရေးစနစ်ဟာ သွေးထွက်သံယို ဖြုတ်ထုတ် သတ်ပွဲတွေ နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပုလိပ်နိုင်ငံဖြစ်နေခဲ့တယ်။ တစ်ချိန်တည်းမှာ နိုင်ငံတကာရဲ့ ချီးမွမ်း ထောမနာ ပြုမှုတွေကို ခံယူရရှိခဲ့ တာက စတာလင်ရဲ့ ဆိုဗီယက်နိုင်ငံရေးစနစ်ဖြစ်နေခဲ့တယ်။ 

ဒါကြောင့် ‘စတာလင်’ နဲ့‘ဆိုဗီယက်ယူနီယံ’ကို ဝေဖန်ထားတဲ့ ‘ဂျော့ချ်အော်ဝဲလ်’ ရဲ့ ‘Animal Farm’ စာမူကို ပုံနှိပ်ထုတ်ဝေ ပေးမယ့်သူ ရှာမရ ဖြစ်နေခဲ့တယ်။ အထူးသဖြင့် ဗြိတိသျှဆိုရှယ်လစ်ပါတီဝင်တွေက ရုရှား တော်လှန်ရေး ကို စံတင်နေကြသူ တွေ ဖြစ်လေတော့ ဆိုဗီယက်ယူနီယံကို ဝေဖန်ရှုတ်ချတာမျိုးကို ဘယ်လိုမှ လိုလား လက်ခံနိုင်ကြမှာ မဟုတ်ဘူးလို့ ‘အော်ဝဲလ်’ ကို သတိပေးခဲ့ကြတယ်။  အခြေအနေက ဘယ်လောက်များ ဆိုးသလဲ ဆိုရင် ၁၉၄၃ ခုနှစ်မှာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ပါတီ ဝင်တွေ တောင်မှ ‘ဆိုဗီယက်’ လိုလား ထောက်ခံသူ တွေ ဖြစ်နေတယ်။ 

အခြေအနေက ဆိုဗီယက်နိုင်ငံရေးစနစ်ကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြဖို့တောင် မလွယ်ဘူး ဖြစ်နေတယ်။ နာဇီတွေရဲ့ လိမ်ညာလှည့်ဖြားမှုခံရပြီး ဆိုဗီယက်မကောင်းကြောင်းရေးတာပါလို့ စွပ်စွဲ ပြစ်တင်မခံရဘဲ စတာလင်ဝါဒ ကို ဝေဖန်လို့ မရတဲ့ သဘောပါပဲ။ ပုံနှိပ်ထုတ်ဝေသူတွေထံက ‘Animal Farm’ စာမူကို ငြင်းပယ်တဲ့ စာတွေကို လက်ခံရရှိတဲ့ အချိန်ကျမှသာ ‘ဂျော့ချ်အော်ဝဲလ်’ အနေနဲ့ သူ့စာအုပ်ကို ပုံနှိပ်ထုတ်ဝေဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သိရှိနားလည် သွားခဲ့တယ်။ ‘အော်ဝဲလ်’ရဲ့ စာအုပ်ကို မလိုလားတဲ့ ကွန်မြူနစ်ဝါဒီ တွေရဲ့ အမြင်မှာ  ‘Animal Farm’ ဟာ ကွန်မြူနစ်စနစ် ဆန့်ကျင်ရေးဖြစ်တယ်လို ယူဆခဲ့ကြတယ်။ သူတို့ ထင်မြင်ချက်နဲ့ ပတ်သက်လို့ အံ့သြစရာ မဟုတ်သလို မှားတယ်လိုလည်း မဆိုနိုင်ပါဘူး။ ‘ဂျော့ချ်အော်ဝဲလ်’ ရဲ့ ကမ္ဘာရန်ဖြစ်တဲ့ ‘စတာလင်’ကို ‘နပိုလီယံ’ ဆိုတဲ့ ‘ဝက်’ ဇာတ်ကောင် က ကိုယ်စားပြု ထားတယ်။ ‘စနိုးဘောလ်’ ဆိုတဲ့ ‘ဝက်’ ဇာတ်ကောင် က ‘ထရော့စကီ’ ကို ကိုယ်စားပြုထားတယ်။ 

ဒုတိယ ကမ္ဘာ့စစ်ကြီး မပြီးခင်အချိန်အထိ ‘Animal Farm’ စာမူကို ပုံနှိပ်ထုတ်ဝေမယ့်သူ မရှိခဲ့ဘူး။ နောက်ဆုံး ၁၉၄၅ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့ရောက်ချိန်မှာတော့ ဖရက်ဒရစ် ဝါးဘတ်ဂ်(Fredric Warburg) ဆိုသူက ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။ ‘Animal Farm’ ဟာ ‘ဂျော့ချ်အော်ဝဲလ်’ ရဲ့ ပထမဆုံးလူကြိုက်အများဆုံးနဲ့ အောင်မြင်မှု အရှိဆုံး စာအုပ်အဖြစ် ကျော်ကြားခဲ့ တယ်။ အရင်က ထုတ်ဝေဖူးတဲ့ သူ့စာအုပ်တွေ အားလုံးကို ကျော်ဖြတ်ပြီး စောင်ရေ အများ အပြားရောင်းချခဲ့ရတယ်။ အမေရိကန်မှာ ၁၉၄၆ မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ လေးနှစ်အတွင်း စောင်ရေ ၆၀၀,၀၀၀ အထိ ရောင်းချခဲ့ရပြီး ယနေ့ထက် တိုင် ဆက်လက်ရောင်းချနေရဆဲဖြစ်တယ်လို့ ဆိုတယ်။ 

စိတ်ဝင်တစား စူးစမ်းချင်စရာကောင်းတာက ‘အော်ဝဲလ်’ရဲ့ ခုခံ ငြင်းဆိုချက်ဖြစ်ပါတယ်။ သူ့ငြင်းဆိုချက်က သူ့အနေနဲ့  ဆိုရှယ်လစ်ဝါဒရဲ့ အကြောင်းခံတရားကို ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ဆိုတယ်။ သင့်အနေနဲ့ ဒီစာအုပ်ကို အဆုံးအထိ ဖတ်ပြီးတဲ့အခါ အဲဒီသဘောမျိုး မဟုတ်ကြောင်း ရိပ်စားမိလာမှာဖြစ်ပါတယ်။ ‘အော်ဝဲလ်’ က ဆက်ပြီး သူ့ရဲ့ ခုခံထုချေချက်ကို ရှင်းပြထားတယ်။ သူ ဒီစာအုပ်ကို ရေးရခြင်းအကြောင်းရင်းက ဒီမိုကရေစီ လိုလားတဲ့ အနောက်နိုင်ငံတွေအနေနဲ့ “မတူခြားနားတဲ့ အသွင်သဏ္ဌန်နဲ့ ပေါ်ထွက်လာမယ့် ဆိုရှယ်လစ် ဝါဒ” ရဲ့ အန္တရာယ်ကို နိုးနိုးကြားကြား သတိထားကြဖို့ နှိုးဆော်လိုရင်းမျှသာ ဖြစ်တယ်လို့ ‘အော်ဝဲလ်’ က ဆိုတယ်။  

ဗြိတိသျှဆိုရှယ်လစ်ဝါဒအတွက် သူ့ဘဝကို မြှုပ်နှံထားခဲ့တဲ့ ‘အော်ဝဲလ်’အနေနဲ့ ရုရှားဆိုရှယ်လစ်ဝါဒနဲ့ ဆိုဗီယက်ကို ထောက်ခံကြတဲ့ ဗြိတိန်နိုင်ငံသား ဆိုရှယ်လစ်တွေကို ရန်သူသဖွယ် ပြစ်တင်ရှုတ်ချရခြင်းဟာ စိတ်မချမ်း မသာ ဖြစ်ရတဲ့  ကိစ္စဖြစ်ပါတယ်။ တကယ်တော့ အတုအယောင် ကြောင်သူတော် ဆိုရှယ်လစ် ဆိုသူ တွေကို ‘အော်ဝဲလ်’ အနေ နဲ့ ထိုးနှက် တိုက်ခိုက်နေရတာ အတော်တော့ စိတ်မချမ်းမသာဖြစ်ရပါတယ်။ သူတို့ ထိခိုက် အနာတရ ဖြစ်သွားတဲ့ အခါ သံသေး သံကြောင်တွေနဲ့ အော်ဟစ်ညည်းတွားမှုတွေ ကြားရတော့လည်း စိတ်မသက်မသာ ဖြစ်ရပြန်တယ်။ 

သူ့အလုပ်က နိုင်ငံရေးသဘောအရ မရမနေ ဖော်ထုတ် တောင်းဆိုရမှာဖြစ်ပေမယ့် ‘အော်ဝဲလ်’ရဲ့ စာရေးဆရာ စရိုက် သဘာဝက အဲဒီလို လုပ်ရတာကို နိုင်ငံရေးသမားစစ်စစ်တွေလိုပဲ မနှစ်မြို့ပြန်ဘူး။ ဘာကြောင့် လဲ ဆိုတော့၊ ဥပမာအားဖြင့် ‘အော်ဝဲလ်’ အနေနဲ့ ဆိုဗီယက်ကွန်မြူနစ်ဝါဒကို ဖော်ထုတ်ဖွင့်ချထိုးနှက်ဖို့ စိတ်ပိုင်းဖြတ် ထားချိန်နဲ့ တစ်ချိန်တည်းမှာပဲ သာမန် ပြည်သူအများစုက သူဖွင့်ချမယ့် ဆိုဗီယက် မကောင်းကြောင်း တွေကို နားထောင် လိုစိတ် မရှိကြတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ ဖြစ်တယ်။ 

သူ့ဘဝကို ဆိုရှယ်လစ်ဝါဒမှာ နှစ်မြှုပ်နှံထားသူဖြစ်ပေမယ့် ပြောဆိုဝေဖန်စရာ အကြောင်းရှိလာရင်တော့ ‘အော်ဝဲလ်’ ဟာ အခြားနိုင်ငံရေးသမားတွေလို ထမင်းရည်ပူလာ လျှာလွှဲမလုပ်နိုင်သူဖြစ်နေတယ်။ အများပြည်သူ သိဖို့ နားထောင်ဖို့ လိုအပ် တဲ့ အချိန်မှာ သူတို့အနေနဲ့ နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ ‘အော်ဝဲလ်’ ကတော့ မဖြစ်မနေ ဖွင့်ဟ ပြောကြားမယ်လို့ စိတ်ပိုင်းဖြတ်ထားတဲ့ သဘောရှိတယ်။ ကံမကောင်း ချင်တော့ လူတွေက နားမထောင် ချင်တဲ့ အကြောင်း အရာကို ‘အော်ဝဲလ်’ အနေနဲ့လည်း မဖြစ်မနေပြောမယ်လို့ ဆုံးဖြတ်ထားချိန်နဲ့ တိုက်ဆိုင် နေခြင်းပါပဲ။ 

ဒါကြောင့်လည်း ‘အော်ဝဲလ်’ဟာ နိုင်ငံရေးသမားအများစုက ကြောက်တတ်ကြတဲ့ “တကယ့် အထင်ကရ သမာသမတ်ကျတဲ့ နိုင်ငံရေးသမား” ဖြစ်လာပါတယ်။ ‘အော်ဝဲလ်’ ဟာ လွဲမှားနေတဲ့ အခြေအနေ အကြောင်းအရာ တစ်ခုကို ဝေဖန်ထောက်ပြမှု မပြုဘဲ မျက်နှာလွှဲနေတတ်သူမျိုး မဟုတ်ပါဘူး။ သူဟာ ကိုယ်ကျင့်သိက္ခာကို တန်ဖိုး ထားတဲ့ နိုင်ငံရေးသမားဖြစ်တယ်။ ဒါကြောင့် ‘အော်ဝဲလ်’ဟာ အထီးကျန် နိုင်ငံရေးသမား သဖွယ် ဖြစ်နေရတယ်။ သစ္စာရှိတဲ့ နိုင်ငံရေးသမားတစ်ဦးအနေနဲ့ ပါတီက ချမှတ်ထားတဲ့ မူဝါဒ လမ်းစဉ်အတိုင်း ရပ်တည် ဆောင်ရွက်ရတာ ဟာ သမားရိုးကျဖြစ်တဲ့အတွက် ‘အော်ဝဲလ်’အနေနဲ့လည်း အများနည်းတူ ရပ်တည် လိမ့်မယ်လို့ ယူဆခဲ့ကြတယ်။ 

ဒါပေမဲ့ ‘အော်ဝဲလ်’ ကတော့ သူ့ ကိုယ်ကျင့်သိက္ခာကိုတန်ဖိုးထားတဲ့ နိုင်ငံရေးသမားဖြစ်တဲ့အတိုင်း သူ့မူနဲ့သူ ခေါင်းမာမာ ရပ်တည်လေ့ရှိတယ်။ သူ့ရဲ့ အဲဒီလို လွတ်လွတ်လပ်လပ် ရပ်တည် ဆောင်ရွက်မှုနဲ့ စပ်လျဉ်းလို့ “Politics and the English Language” ဆိုတဲ့ ‘ဂန္ထဝင်အက်ဆေး’ မှာ ထူးထူးခြားခြား သရုပ်ပေါ်အောင် ရေးသား ဖော်ပြထား တယ်။ အဲဒီအက်ဆေးမှာ နိုင်ငံရေးသမားတွေက အကြောင်းအရာတစ်ခုကို သူတို့အလိုကျ ဖန်တီးဖို့ရာ အတွက် အင်္ဂလိပ်ဘာသာစကား (English Language) ကို လိုသလိုအသုံးချပြီး လိမ်ညာလှည့်ဖျား သရုပ်ဖျက် ဖော်ပြကြပုံကို ဥပမာဆောင်ထားထယ်။ 

သူ့အက်ဆေးရဲ့ ဆိုလိုရင်းက နိုင်ငံရေးနယ်ပယ်မှာ ကိစ္စတစ်ရပ်ကို ဘာသာစကားဖြင့် မမှန်မကန် လိမ်လည် လှည့်ပတ်‌ရေးသား ဖော်ပြမှုဟာ ‘နိုင်ငံတော်သစ္စာဖောက်ဖျက်မှု’ နဲ့ သဘောချင်းတူညီတယ်လို့ ဆိုထားတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ သူအာဏာရဖို့ အတွက် အချိန်နဲ့အမျှ လူအများကို လိမ်ညာလှည့်ဖြား အရူး လုပ်နေတာမျိုးဟာ ‘နိုင်ငံတော်သစ္စာဖောက်မှု’ နဲ့ သဘောချင်းအတူတူပဲလို့  ‘အော်ဝဲလ်’ က ဆိုပါတယ်။

‘ဂျော့ချ်အော်ဝဲလ်’ က သူ့ရဲ့ ၁၉၄၇ ခုနှစ်ထုတ် ယူကရိန်းဘာသာပြန် ‘Animal Farm’ စာအုပ်အတွက် အမှာစာရေးစဉ်တုန်းက ဘယ်တုန်းကနဲ့မှ မတူအောင် ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ရေးသားဖော်ပြခဲ့ပုံရတယ်။ သူ့အမှာစာက ဆိုဗီယက်စနစ် ဆန့်ကျင်ရေး စာတမ်းငယ်တစ်စောင်သဖွယ် ရေးသားတင်ပြထားပုံနဲ့ တော်တော်တူ ပါတယ်။ မော်စကိုရဲ့ ဖြုတ်ထုတ်သတ်ပွဲ ကြီးလုပ်နေတာနဲ့ တစ်ချိန်တည်းမှာ စပိန်မှာ ကွန်မြူနစ် သုတ်သင် ရှင်းလင်းရေး လုပ်နေချိန်ဖြစ်တယ်။ အဲဒီတုန်းက ‘အော်ဝဲလ်’ဟာ အသက်ဘေးက သီသီကလေး လွတ်မြောက် ခဲ့သူ ဖြစ်တယ်။ အဲဒီ အတွေ့အကြုံကို ‘အော်ဝဲလ်’ က အခုလို ပြန်လည်ရေးသား ဖော်ပြခဲ့တယ်။ “ သုတ်သင် ရှင်းလင်းပွဲ အတွေ့အကြုံက သင်ခန်းစာတစ်ခု ရခဲ့တယ်။ ဒီမိုကရေစီနိုင်ငံတွေက ပညာတတ် လူတန်းစားတွေကို တစ်ပါတီ အာဏာရှင် စနစ်က ဘယ်လို လွယ်လွယ်ကူကူ စည်းရုံးသိမ်းသွင်းနိုင်ခဲ့သလဲဆိုတာပါပဲ။”

အပြစ်မရှိတဲ့ ပြည်သူတွေကို အစဉ်အလာကို ဆန့်ကျင်တယ်ဆိုတဲ့ သံသယရှိမှုနဲ့ ထောင်သွင်း အကျဉ်းချခံ ကြရပုံတွေကို သူကိုယ်တွေ့ကြုံခဲ့ရတယ်။ ဒီနောက် သူ အင်္ဂလန် ပြန်ရောက်ချိန်မှာ အတော်ကလေး ထိတ်လန့် တုန်လှုပ်ရပြန်တယ်။ ဘာကြောင့်လဲဆိုတော့ ပညာလည်းတတ်တယ်၊ သတင်းအချက်အလက်တွေလည်း ပြည့်ပြည့် စုံစုံလေ့လာသိရှိတယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေက အခြေအမြစ်မရှိတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု၊ နိုင်ငံတော် သစ္စာဖောက် ဖျက်မှု နဲ့ အဖျက်အမှောင့်လုပ်မှုဆိုတဲ့ စွဲချက်တွေနဲ့ မော်စကိုဖြုတ်ထုတ်သတ်ပွဲမှာ စွပ်စွဲ ပြောဆိုမှု တွေကို ယုံကြည် နေကြလို့ဖြစ်ပါတယ်။

“အဲဒီနောက်မှာတော့ ကျွန်တော်အနေနဲ့ ဘယ်တုန်းကနဲ့မှ မတူအောင် အခြေအနေတွေကို ရှင်းရှင်း လင်းလင်း နားလည် သဘောပေါက်ခဲ့တယ်။ အထူးသဖြင့် အနောက်နိုင်ငံက ဆိုရှယ်လစ်လှုပ်ရှားမှုတွေအပေါ် “ဆိုဗီယက် ယုံတမ်းပုံပြင်”တွေရဲ့ အပျက်သဘောအမြင် လွှမ်းမိုးမှုတွေကို ရှင်းရှင်းလင်းလင်းသိမြင်လာခဲ့တယ်။ အဲဒီ ကိစ္စက ကျွန်တော့်အဖို့ အလွန့်အလွန် အရေးကြီးတဲ့ အချက်ဖြစ်လာတယ်။ ‘ဆိုဗီယက်စနစ်အုပ်ချုပ်ရေး’ ရဲ့ တကယ့် သရုပ်အမှန်က ဘာလဲဆိုတာကို အနောက် ဥရောပနိုင်ငံတွေအနေနဲ့ သိဖို့လိုပြီလို့ ကျွန်တော် ယူဆခဲ့တယ်။ ၁၉၃၀ လောက်ကစပြီး ဆိုဗီယက်ဆိုရှယ်လစ် ပြည်ထောင်စု သမ္မတနိုင်ငံ (USSR) ဟာ ဆိုရှယ်လစ်စနစ်လို့ ဆိုတဲ့ ရည်မှန်းချက် ဆီ တရွေ့ရွေ့ တိုးတက်ဖြစ်ပေါ်လာတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့တော့ ဆိုရှယ်လစ် စနစ်နဲ့ တူတဲ့ သက်သေ အထောက်အထား မည်မည်ရရ ဘာမှ မတွေ့မိခဲ့ဘူး။ အဲဒီရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရာထူးဂုဏ် အဆင့်ဆင့်အလိုက် နေရာပေးထားတဲ့ အဖွဲ့မျိုးဖြစ်နေတယ်။ ဆိုဗီယက်အဖွဲ့အစည်း အတွင်းမှာ အာဏာရ အုပ်ချုပ်သူ လူတန်းစားအနေနဲ့ အုပ်ချုပ်ခံလူတန်းစားတွေကို ဘာအကြောင်းပြချက်မှ ပေးစရာ မလိုဘဲ သူတို့အာဏာကို အမြဲတမ်း ဆုပ်ကိုင်ထားပိုင်ခွင့်ရှိနေတယ်” လို့ အော်ဝဲလ်’ က ဆိုတယ်။

၁၉၃၇ ခုနှစ်လောက်ကတည်းက ‘အော်ဝဲလ်’ ဟာ စပိန်ကနေ အသက်လုပြီး ထွက်ပြေးခဲ့ရတယ်။ အဲဒီအချိန် ကတည်းက ‘ဆိုရှယ်လစ်အရေးတော်ပုံ’ ကို ပြန်လည် ရှင်သန်စေချင်ရင်  “ဆိုဗီယက်ယုံတမ်းပုံပြင်”တွေရဲ့ သြဇာ လွှမ်းမိုးမှုကို မဖြစ်မနေ တိုက်ဖျက်ချေမှုန်းပစ်ဖို့လိုကြောင်း ‘အော်ဝဲလ်’ ရှင်းရှင်း လင်းလင်းသိမြင်ခဲ့တယ်။ ဒါကြောင့် ယူကရိန်းဘာသာပြန် ‘Animal Farm’ အမှာစာ မှာ သူ့ရဲ့  ‘Animal Farm’ စာအုပ်ဟာ ဆိုဗီယက် ကွန်မြူနစ် အုပ်ချုပ်ရေး စနစ် ဆိုတဲ့ ယုံတမ်းပုံပြင်တွေကို တိုက်ဖျက်ချေမှုန်းရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တယ်လို့ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့တယ်။ 

၁၉၄၀ ခုရဲ့ နှောင်းပိုင်းနှစ်တွေအတွင်းမှာ သြဇာရှိတဲ့ ပညာရှင် ပုဂ္ဂိုလ်တွေက ‘တစ်ပါတီအာဏာရှင်စနစ်’ ရဲ့ အနာဂတ် အလား အလာတွေနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ် အကဲဖြတ်တဲ့ သဘောထားအမြင်တွေကို စာအုပ်စာတမ်း အများအပြား ရေးသား ထုတ်ဝေခဲ့ကြတာတွေ့ရတယ်။ အဲဒီ စာအုပ်စာတမ်းတွေမှာ ဖော်ပြထားတဲ့ အမြင်တွေအရ ‘တစ်ပါတီအာဏာရှင်စနစ် နိုင်ငံ တော်’ ရဲ့ ပြင်းထန်တဲ့ စီရင်ဆုံးဖြတ်ချက်တွေဟာ ကြောက်ရွံ့ ခန့်ညားလောက်စရာ အာဏာစက်တွေ ဖြစ်ပြီး အနာဂတ်မှာ ပြည်သူတွေအနေနဲ့ ဥပဒေရဲ့ ကာကွယ် စောင့်ရှောက်မှု ဆုံးရှုံးပြီး သူတို့ရဲ့ ကိုယ်ပိုင်ပုဂ္ဂလိက အခွင့်အရေး အသိအမှတ်ပြု ခံပိုင်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့်တွေ ဆုံးရှုံး ကြရလိမ့်မယ်လို့ ရေးသား ဖော်ပြခဲ့ကြတယ်။

‘ဂျော့ချ်အော်ဝဲလ်’ ရဲ့  ‘Animal Farm’ နဲ့ ‘Nineteen Eighty-Four (1984)’ စာအုပ် နှစ်အုပ်ရယ်၊ ‘အာသာ ကော့စ်တလာ (Arthur Coestler)ရဲ့ ‘Darkness at Noon’ ဆိုတဲ့စာအုပ်ရယ် … အဲဒီစာအုပ်တွေကို အဲဒီခေတ်တုန်းက  တက္ကသိုလ် ကောလိပ်ကျောင်း ပရဝုဏ် နယ်မြေတွေ နေရာအနှံ့ ပညာတတ် လူမှုပတ်ဝန်းကျင်တွေအတွင်း ကျယ်ကျယ် ပြန့်ပြန့် ဖတ်ရှုခဲ့ကြပြီး အဆိုးမြင်သဘော အမြင်တွေ ပျံ့နှံ့နေခဲ့တယ်။ ဒါကလည်း ပညာတတ် အသိုက်အဝန်းနယ်ပယ် အများ အပြားမှာ ‘စစ်အေးတိုက်ပွဲ’ နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားထက်သန်မှု အားကြီးလွန်း နေချိန်ဖြစ်တာကြောင့် အဆိုးမြင်သဘော တရားတွေ ပျံ့နှံ့နေခဲ့တာ ဖြစ်တယ်။ ဒီအတွက် ပညာတတ် လူမှုပတ်ဝန်းကျင်မှာ တာဝန်ရှိတယ်လို့ ဆိုနိုင်တယ်။ 

တစ်ချိန်တည်းမှာ ‘အဲလ်ဒပ်စ် ဟပ်စလေ’ (Aldous Huxley) ရဲ့ စိတ်ကူးယဉ်ဝါဒ အမြင်ဖြစ်တဲ့ ‘Brave New World’ စာအုပ်ရဲ့ သြဇာလွှမ်းမိုးမှု အမြင့် ဆုံးအချိန်ဖြစ်နေတာကြောင့်လည်း အဲဒီခေတ်အခါက နိုင်ငံ‌ရေး သမားတွေအနေနဲ့ အလွယ်တကူ ကြိုးကိုင်ခြယ်လှယ်ခွင့် ရသွားခဲ့ပြီး ‘အဆိုးမြင်အယူဝါဒ’ ဟာ အဲဒီ အချိန်ကာလ အတွင်း အတော်ကလေး ရေပန်းစားခဲ့တယ်၊ ခေတ်ထခဲ့တယ်လို့ ဆိုနိုင် ပါတယ်။ အဲဒီခေတ်က လူအများစုမှာ ယေဘုယျအားဖြင့်  အနာဂတ်အတွက် မျှော်လင့်ချက်မဲ့တဲ့ စိတ်ပျက်အားငယ်စရာ အဆိုးမြင်အယူအဆတွေ လွှမ်းမိုးခံနေရတယ်လို့ ဆိုနိုင်တယ်။ အဲဒီခေတ်မှာ ရေးခဲ့ကြတဲ့ စာအုပ် စာတမ်းတွေ ဆိုတာကလည်း အဆိုးမြင်တွေ အလေးကဲခဲ့တာကြောင့် လူအများစုဟာ အဲဒီအမြင်နဲ့ပဲ ရပ်တန့်နေခဲ့ကြတယ်။ ပုဂ္ဂလိက လူသား တစ်ဦးချင်း အနေနဲ့ တစ်ပါတီအာဏာရှင်စနစ်ဂိုဏ်းဝင် နိုင်ငံရေးသမားတွေကို ဖယ်ရှားရှင်းလင်းနိုင်ရေး အတွက် နည်းလမ်း အသစ် တစ်ခုခုနဲ့လည်း အကျွမ်းတဝင်မရှိခဲ့ကြဘူး။

‘အာသာ ကော့စ်တလာ’ ၁၉၄၀ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ‘Darkness at Noon’ ၀တ္ထုဇာတ်လမ်းထဲက အဓိက ဇာတ်ဆောင် ရူဘာရှော့ဗ် (Rubashov)ဟာ ဘိုလ်ရှီဗစ်အစောင့်တပ်ဖွဲ့ဝင်ဖြစ်ပေမယ့် အသစ်ဖွဲ့လာတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ဆိုဗီယက် အစောင့်တပ်ဖွဲ့ဝင် ‘ဂလက်ကင်’( Gletkin) နဲ့ ယှဉ်လိုက်တော့ ဘာသြဇာ အာဏာမျှ မရှိသူဖြစ်နေတယ်။ အလားတူပဲ  ‘ဂျော့ချ် အော်ဝဲလ်’ ရဲ့  ၁၉၄၉ ဇွန်လမှာ ထုတ်ဝေခဲ့တဲ့ ‘Nineteen Eighty-Four’ ၀တ္ထုဇာတ်လမ်းထဲက အဓိက ဇာတ်ဆောင် ‘ဝင်စတန် စမစ်’ (Winston Smith) ဟာလည်း ဘာသြဇာအာဏာ မျှမရှိတဲ့ အမှန်တရားဝန်ကြီးဌာန(Ministry of Truth) ရဲ့ အမှုထမ်းတစ်ဦးဖြစ်တယ်။ တကယ် သူလုပ်နေရတာက အမှန်တရားနဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတယ်။ ပါတီလမ်းညွှန်မှု အောက်မှာ အမှန်တွေကို အမှားဖြစ်အောင် ပုံဖျက်ပြီး ဝါဒဖြန့်မှုတွေ လုပ်နေရတယ်။ ဒါပေမဲ့ ‘နောင်တော်ကြီးက စောင့်ကြည့်နေတယ်’ (Big Brother is watching you) ဆိုတဲ့ ပါတီရဲ့ ခြိမ်းခြောက်မှုအောက်မှာ ဘာမှ မတတ်နိုင်ခဲ့ဘူး။ 

အနာဂတ်လူ့အဖွဲ့အစည်းကို မျှော်တွေးပုံဖော်ရာမှာ ဖော်ပြပါ စာပေ၀တ္ထုဇာတ်လမ်းတွေဟာ သနားစရာ လူသားထုရဲ့ ခုခံ ဆန့်ကျင်မှုတွေအပေါ် တစ်ပါတီအာဏာရှင်စနစ်ရဲ့ စနစ်တကျ လူမဆန်တဲ့ ရက်စက် ကြမ်းကြုတ်မှု တွေက အောင်နိုင်ခဲ့ပုံ တွေကို ဖော်ညွှန်းထားတာဖြစ်တယ်။ ဒါပေမဲ့  ‘Animal Farm’ ဇာတ်လမ်း နိဂုံးသတ်ပုံကတော့ လုံးလုံးကြီး မျှော်လင့်ချက် ကင်းမဲ့တဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ တော်လှန်ရေး အောင်မြင်ဖို့ အလား အလာ နည်းနည်းတော့ရှိတဲ့သဘောကို ‘ဂျော့ချ် အော်ဝဲလ်’ က ဖော်ပြအဆုံးသတ်ခဲ့ပါတယ်။ 

ကုန်လွန်ခဲ့တဲ့ နှစ်ငါးဆယ်အတွင်းက စာရေးဆရာတွေရဲ့ အမြင်တွေကို ပြန်ပြီး သုံးသပ်ကြည့်ရင် သူတို့ ဘာကြောင့်များ ဒီမှားယွင်းတဲ့ အဆိုးမြင်ဝါဒကို တစ်လျှောက်လုံးလက်ခံခဲ့ကြတာလဲ။ ကျွန်တော်တို့သေသေချာချာ ပြန်သုံးသပ်ကြည့်တဲ့အခါ တစ်ပါတီအာဏာရှင်စနစ်အပေါ် သူတို့ ဘာကြောင့်များ အထင်ကြီး ကြောက်ရွံ့ နေကြတာ လဲလို့ စဉ်းစားမိတယ်။ သူတို့ ရှုမြင်ပုံတွေက တော်တော် အဓိပ္ပာယ်မရှိ သဘာဝမကျဖြစ်နေတာ တွေ့ရတယ်။ အထူးသဖြင့် ‘တစ်ပါတီအာဏာရှင်စနစ်’ က ‘ပုဂ္ဂလိက လူသားရဲ့ ပဓာနကျမှု အခန်းကဏ္ဍ’ ကို ဖြိုဖျက် ပစ်လိမ့်မယ် ဆိုတဲ့ အမြင်ဟာ သိပ်မှားယွင်းတဲ့ အယူအဆဖြစ်နေ တယ်။  အဲဒီ အမှားကို သူတို့ ဘာကြောင့်များ အဲဒီကာလ တစ်လျှောက် လုံးမှာ လက်ခံထားခဲ့ကြတာလဲ။ 

အကြောင်းပြစရာ တစ်ခု တော့ ရှိတယ်။ သူတို့အားလုံးဟာ အာဏာရှင်တွေ ခေတ်ကောင်းစဉ် ကာလတွေ အတွင်း လူလားမြောက် ရင့်ကျက်ခဲ့ကြရ လို့ဖြစ်တယ်။ နာဇီအာဏာရှင် ဟစ်တလာ က လူစိတ်ကင်းမဲ့နေတဲ့ မင်းဆိုး မင်းညစ် တစ်ယောက်အနေနဲ့ သူတို့ခေတ် လူသားမျိုးဆက်တွေအပေါ် ဘယ်လောက်အထိ ရက်စက် နိုင်သလဲ ဆိုတာကို မြင်စေခဲ့လို့ ဖြစ်တယ်။ ခေတ်ပေါ် နည်းပညာ တွေကိုအသုံးပြုပြီး ပြည်သူတွေကို နိုင်ငံအတွင်း ကနေ ဖယ်ရှား ပစ်ခဲ့ပုံတွေ ဟစ်တလာက လုပ်ပြခဲ့တယ်။ ဟစ်တလာနဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲကတော့ အနီးစပ်ဆုံး ဥပမာဖြစ်ခဲ့တယ်။ ဒါပေမယ့် ဟစ်တလာအရေးနိမ့်ပြီး လူထုက အနိုင်ရခဲ့တယ်။ ဘာကြောင့်လဲ။ 

ဟစ်တလာ ကိုယ်တိုင်က လူသားတစ်ဦးပီပီ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို မိုက်မိုက်မဲမဲ ကျူးလွန်ခဲ့လို့ဖြစ်ပါ တယ်။ အဆိုးမြင်ရှုထောင့်က ရေးခဲ့ကြတဲ့ စာရေးဆရာတွေ မမြင်ခဲ့တဲ့ အချက်က တစ်ပါတီ အာဏာရှင် စနစ်နိုင်ငံတွေကို စိုးမိုးအုပ်ချုပ်တဲ့ အာဏာရှင်တွေမှာ ‘ဆင်ခြင်ဉာဏ်အရည်အချင်းမပြည့်မီမှု’ နဲ့ ‘မိုက်လုံးကြီးမှု’ တွေ ရှိတယ်ဆိုတဲ့ အချက် ပါပဲ။   

ဟစ်တလာ ဆင်နွှဲခဲ့တဲ့ စစ်ပွဲကာလတွေအတွင်း လူသားအကျိုးအတွက် စိတ်ချမ်းသာစရာရယ်လို့ ဘာမျှ မည်မည်ရရမရှိခဲ့ပါ ဘူး။ စတာလင်ရဲ့ အပြောကျယ်လှတဲ့ အာဏာရှင်စနစ်အောက်မှလည်း အလားတူပါပဲ။ အာဏာရှင်ခေတ်တွေမှာ ထူးခြား ကောင်းမွန်တဲ့ စက်မှုနည်းပညာတွေ ပေါ်ထွန်းခဲ့ပေမယ့် အဲဒီနည်းပညာတွေ ကြောင့် ဘေးအန္တရာယ်ကျရောက်တဲ့ နိုင်ငံတွေ ဖြစ်ခဲ့ရတယ်။ ‘Nineteen Eighty-Four’ ၀တ္ထုဇာတ်လမ်းထဲမှာ ရုပ်မြင်သံကြား စက် ပေါ်လာမှုကြောင့် Big Brother is watching you ဆိုတဲ့အတိုင်း ပါတီအစောင့်တပ်တွေက လူတစ်ဦးချင်းစီကို နာရီမလပ် စောင့်ကြည့်နေတာ ခံရကြောင်း ဖော်ပြထားတယ်။ Huxley ရဲ့  ‘Brave New World’ ၀တ္ထုဇာတ်လမ်းထဲမှာ လူတွေကို နှုတ်ဆိတ်ငြိမ်သက်အောင် လုပ်နိုင်တဲ့ မူးယစ်ထုံထိုင်းစေတဲ့ ဆေးဝါးတွေအကြောင်း အရိပ်အမြွက် ဖော်ပြထားတယ်။

အာဏာရှင်တွေ ကြိုတင်တွက်ဆနိုင်ခြင်းမရှိခဲ့တဲ့ အချက်ကတော့ ခေတ်မီနည်းပညာတွေ လွတ်လွတ် လပ်လပ် တိုးတက်ပျံ့နှံ့ လာတဲ့ ကိစ္စဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုအနေနဲ့ သူ့နိုင်ငံကို တံတိုင်းနံရံတွေ ကာရံပြီး အဆီးအတား တွေ လုပ်ထား ကောင်း လုပ်ထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဆိုဗီယက်ယူနီယံအနေနဲ့ တော်လှန်ရေး ဘက်က ရေဒီယိုအသံလှိုင်းတွေနဲ့ အီလက်ထရွန်နစ်လှိုင်းတွေကို တော့ ဟန့်တား ပိတ်ဆို့ နိုင်စွမ်း မရှိခဲ့ပါဘူး။ ခေတ်ပေါ် ရော့အင်ရိုးတေးသံတွေ၊ အပြာရောင် ဂျင်းဘောင်းဘီ အင်္ကျီတွေ အပါအဝင် တစ်ပါတီ အာဏာရှင် စနစ်ကို ထိုးဖောက် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ အရာကိစ္စ  အများအပြားကို ပြည်သူလူထုတွေ ချင်ခြင်း တပ်လာအောင် အဲဒီ ရေဒီယို အသံလှိုင်း တွေက လှုံ့ဆော်ပေးခဲ့ကြတယ်။ 

နောက်ဆုံးမှာတော့ တစ်ပါတီအာဏာရှင်စနစ်နိုင်ငံတော်ရဲ့ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ စွမ်းရည် တွေဟာ အဓိပ္ပာယ် မရှိ၊ သဘာဝမကျတဲ့ ယုံတမ်းပုံပြင်တွေအဖြစ်နဲ့ ကျဆုံးပျောက်ကွယ်သွားကြရတာပါပဲ။ နောက်ဆုံးမှာတော့ မော်စကိုမှာရှိတဲ့ .တစ်စုံတစ်ယောက်ဆီကို သာမန် ဖုန်းဆက်ချင်ရင်တောင် တစ်ခါတစ်ရံ နာရီပေါင်းများစွာ ကြာလေ့ရှိကြောင်း ထောက်ပြ ကြတာမျိုး တွေ့ရတယ်။

အထက်မှာ တင်ပြခဲ့တဲ့အချက်တွေကြောင့် ၁၉၄၀ စုနှစ်များတစ်ဝိုက်တုန်းက အဆိုးမြင်သမားတွေ ဖြစ်ခဲ့ကြတဲ့ ‘ဂျော့ချ် အော်ဝဲလ်’၊ ‘အာသာ ကော့စ်တလာ’နဲ့ ‘အဲလ်ဒပ်စ် ဟပ်စလေ’ တို့အပါအဝင် စာရေးဆရာတွေ ရေးခဲ့ကြတဲ့ အဆိုးမြင် အယူအဆ စာပေတွေကို တလေးတစားဖတ်စရာ မလိုဘူးလို့ ဆိုလိုခြင်းမဟုတ်ပါ။ ဖတ်ဖြစ်အောင် ဖတ်ကြပါလို့ ဆိုလိုခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော်တုန်းက အဲဒီ စာရေးဆရာတွေ နေထိုင်ခဲ့ကြရတဲ့ အကြမ်းဖက်မှု အန္တရာယ် ကျရောက်ခဲ့တဲ့ အခြေအနေတွေကို သူတို့မျိုးဆက်က တလေးတစားတန်ဖိုးထားပြီး နောက်မျိုးဆက်တွေ သင်ခန်းစာ ယူနိုင်အောင် အသိပေး နှိုးဆော်ခဲ့ကြလို့ဖြစ်ပါတယ်။ သူတို့ဟာ တစ်ပါတီ အာဏာရှင်စနစ်ကို ချောင်ပိတ်ပြီး ထွက်ပေါက် မရှိအောင် ရဲရဲဝံ့ဝံ့ စွန့်စွန့် စားစား စိတ်ထက်ထက်သန်သန်နဲ့ တန်ဖိုး ကြီးမားစွာ ပေးဆပ်ပြီး  တိုက်ပွဲဆင်ခဲ့ ကြသူတွေဖြစ်တယ်။ 

အော်ဝဲလ်’ က သူ့ရဲ့  ခြေလေးချောင်းတော်လှန်ရေး (Animal Farm) စာအုပ်ထဲမှာ နှောင်းလူတွေ ယူစရာ သင်ခန်းစာတစ်ခု ထားရစ်ခဲ့တာတွေ့နိုင်တယ်။ အဲဒါကတော့ နောင်လာမယ့် နှစ်တွေ နှစ်တွေမှာ ကျင်းပမြဲ ကျင်းပကြမှာ ဖြစ်တဲ့ ရွေးကောက်ပွဲ တွေမှာ လူသားတွေရဲ့ ‘နိုင်ငံရေးခြိမ်းခြောက်မှုအကြံအစည်တွေ’ ဟာ အစဉ်အမြဲ ခေတ်မီ တိုးတက် နေလိမ့်မယ်ဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။

Click to rate this post!
[Total: 0 Average: 0]