(၁)
ပြီးခဲ့တဲ့ မေလ ၇ ရက်ကနေ ၁၁ ရက်နေ့အထိ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံကြား လေးရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့တယ်။ နှစ်နိုင်ငံစလုံး နျူကလီးယားလက်နက်ပိုင်ဆိုင်ကြတာမို့ ကမ္ဘာက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့တယ်။ ဖြစ်ရတဲ့ အကြောင်းက သမိုင်းနဲ့ချီ ရှည်ကြာပြီဖြစ်တဲ့ ကက်ရှ်မီးယား ဒေသ ပိုင်ဆိုင် မှုနဲ့ ပါကစ္စတန်အကြမ်းဖက်သမားတွေ အိန္ဒိယပိုင် ကက်ရှ်မီးယားထဲ ဝင်ရောက်ပြီး ဟိန္ဒူလူမျိုး ၂၅ ဦး ကို သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ မေလ ၇ ရက်မှာ အိန္ဒိယက ဆင်ဒူး စစ်ဆင်ရေး ခေါင်းစဉ်နဲ့ ပါကစ္စတန်နယ်စပ်က အကြမ်းဖက်သမားပစ်မှတ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြတော့ ပါကစ္စတန်ဘက်ခြမ်းမှာ အကြမ်းဖက် အဖွဲ့ စခန်းတွေ၊ ဗလီတွေ၊ စာသင်ကျောင်းတွေ ထိမှန်ခဲ့သလို ပါကစ္စတန်လေတပ်က ပစ်ချလိုက်လို့ အိန္ဒိယ တိုက်လေယာဉ် ငါးစင်း ပျက်ကျသွားတယ်။ ပျက်ကျတဲ့ အန္ဒိယတိုက်လေယာဉ်တွေထဲမှာ တန်ဖိုး ကြီးမားတဲ့ ပြင်သစ်လုပ် ရာဖေး တိုက်လေယာဉ်နဲ့ ရုရှားလုပ် မစ်-၂၉၊ ဆူ-၃၀ ဂျက်တိုက်လေယာဉ်တွေ ပါဝင်တယ်။
စစ်ပွဲက ဒီလောက်ပါပဲ။ ငါ့ကို လာမထိနဲ့ ။ ငါ့မှာ အင်အားရှိတယ်။ တစ်ဖက်ကလည်း ငါ့ကိုလာထိ ငြိမ်ခံနေမှာ တော့မဟုတ်ဘူး။ ပြန်ချမှာပဲ။ ငါ့မှာလည်း အင်အားရှိတယ်။
နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုဟာ လေးရက်ပဲ ကြာပါတယ်။ မေလ ၁၁ ရက်မှာ ဒေါ်နယ် ထရမ့်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ နှစ်နိုင်ငံအပစ်အခတ် ရပ်လိုက်ကြတယ်။ စစ်ပွဲက လေးရက်ပဲ ကြာ တယ် ဆိုပေမယ့် အိန္ဒိယရော ပါကစ္စတန်ပါ ပေးဆပ်လိုက်ရတဲ့တန်ဖိုးဟာ မသေးပါဘူး။ တိုက် လေယာဉ် ငါးစင်း ဆုံးရှုံးမှုနဲ့တင် အိန္ဒိယက ဒေါ်လာ ဘီလျံချီ ဆုံးရှုံးသွားတယ်။ ပါကစ္စတန် ဘက်မှာ လည်း ထိခိုက် သေဆုံး ပျက်စီးမှုတွေ အများကြီး ရှိခဲ့တယ်။
စစ်ပွဲက ရက်သတ္တပတ်တောင် မပြည့်ဘဲ ပြီးဆုံးသွားတယ်။ ကမ္ဘာ့နိုင်ငံတွေက စိုးရိမ် ခဲ့ကြပေ မယ့် စစ်ပွဲက ခဏလေးနဲ့ ပြီးသွားတယ်။ စစ်ဆင်နွှဲတဲ့ နှစ်နိုင်ငံက ခေါင်းဆောင်တွေဟာ စဉ်းစား ဆင်ခြင်တုံ ဉာဏ် ရှိကြတယ်လို့ ဆိုရမယ်။ ရေရှည်သာ စစ်ဆက်တိုက်နေရင် တစ်လလည်း ပြီးမှာ မဟုတ်။ နှစ်လလည်း ပြီးမှာမဟုတ်။ စစ်ပွဲ သက်ဆိုး ရှည်နေသမျှ ကိုယ့်နိုင်ငံသားတွေ အသက် ဆုံးရှုံးမှု ပိုများလာမှာ၊ မြို့ရွာအိုးအိမ်ပျက်စီးမှာ၊ မမျှော်မှန်းနိုင်တဲ့ ဘတ်ဂျက် ငွေကုန်ကြေးကျ များလာမှာကို ခေါင်းဆောင်တွေ ကြိုစဉ်းစားမိကြတယ်။ ကြားက ဖျန်ဖြေသူ ဝင်လာတုန်း တစ်ခါတည်း စောစောစီးစီး စစ်ကို ရပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဉာဏ်ကောင်းတဲ့ ခေါင်းဆောင်တွေလို့ ဆိုရမယ်။
ဒါဖြင့် ဘာလို့ စစ်ကို စတိုက်သလဲလို့ မေးစရာရှိတယ်။ အထူးသဖြင့် အိန္ဒိယက စ တိုက် တာဖြစ်လို့ မေးစရာ ရှိတယ်။ အဖြေက ရှင်းရှင်းလေးပါ။ အိန္ဒိယပိုင်နက် ကက်ရှ်မီးယားထဲ ဝင်လာပြီး အိန္ဒိယလူမျိုး တွေကို လုပ်ကြံ သတ်ဖြတ်တာဟာ အိန္ဒိယကို မထီမဲ့မြင်ပြုတာပဲ။ အိန္ဒိယဟာ ဒီလို အစော်ကားခံတဲ့ နိုင်ငံမျိုးမဟုတ်ဘူး။ အိန္ဒိယဆိုတာ လက်နက်အင်အားကြီးနိုင်ငံ၊ အိန္ဒိယကို ဒါမျိုး လာလုပ်လို့မရ။ နိုင်ငံတွေဟာ မိမိတို့နိုင်ငံရဲ့ အင်အားကို ခုလိုမျိုး ရန်စလာချိန်မှာ ထုတ်ပြလေ့ ရှိကြတယ်။ ငါတို့နိုင်ငံကို ဒါမျိုးလာလုပ်ရင် ဒါမျိုး တုံ့ပြန်တာနဲ့ ကြုံရမယ်။ ဒီလို ကြုံးဝါးပြီး စစ်ပွဲကို စတင်သလို တစ်ဖက် ကလည်း သူတို့မှာ တုံ့ပြန်နိုင်စွမ်းရှိတယ်ဆိုတဲ့ အင်အားကို ပြန်လည်ပြသတယ်။
စစ်ပွဲက ဒီလောက်ပါပဲ။ ငါ့ကို လာမထိနဲ့ ။ ငါ့မှာ အင်အားရှိတယ်။ တစ်ဖက်ကလည်း ငါ့ကိုလာထိ ငြိမ်ခံနေမှာ တော့မဟုတ်ဘူး။ ပြန်ချမှာပဲ။ ငါ့မှာလည်း အင်အားရှိတယ်။ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲက ဒီလောက်ပါပဲ။ ပြဿနာတွေက ပြီးသွားလားဆိုတော့ ခုထိ မပြီးသေးပါဘူး။ ဒါပေမဲ့ စစ်ပွဲတော့ မဖြစ်တော့ဘူး။
(၂)
ဟော.. လာပြန်ပါပြီ။ ထိုင်း နဲ့ ကမ္ဘောဒီးယား။ နယ်မြေချင်း ထိစပ်နေပြီး သမိုင်းကြောင်းအရ ထွေးရော ယှက်တင်ရှိခဲ့တဲ့ ဒီနှစ်နိုင်ငံရဲ့ နယ်စပ်ပြဿနာက ပြင်သစ်တွေ ထားခဲ့တဲ့အမွေလို့ ဆိုရမယ်။ ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း (Preah Vihear) ပိုင်ဆိုင်မှုကို အကြောင်းပြုလို့ ထိုင်းနဲ့ ကမ္ဘောဒီးယားစစ်တပ် ပစ်ကြခတ်ကြပြီး ကမ္ဘောဒီးယားစစ်သား တစ်ယောက် သေဆုံးသွားတယ်။

ဒီပစ်ခတ်မှုကို အကြောင်းပြုလို့ နယ်စပ်ဒေသမှာ တင်းမာမှုတွေ ဖြစ်လာတယ်။ နောက်ကြောင်း ပြန်ရရင် ထိုင်း နဲ့ ကမ္ဘောဒီးယားက ခုလိုပဲ နယ်စပ်ဒေသမှာ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေကြတာ ရာစုနှစ်တစ်ခုကျော် ကြာပါပြီ။ လက်ရှိ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မြေပုံကို ရေးဆွဲပေးသွားခဲ့တာက ပြင်သစ်တွေ။ ၁၉၀၇ ခုနှစ်မှာ ကမ္ဘောဒီးယားကို ကိုလိုနီ ပြုခဲ့တဲ့ ပြင်သစ်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မျဉ်းကို ရေးဆွဲခဲ့ပြီး အဲဒီအချိန်ကတည်းက ထိုင်း နဲ့ ကမ္ဘောဒီးယား အကြား သူပိုင် ကိုယ်ပိုင် အငြင်းအခုံဖြစ်နေတဲ့ နယ်စပ်နေရာတွေ ရှိခဲ့တယ်။ တိကျတဲ့ နယ်ခြားမြေပုံမရှိလို့ ထိုင်းတွေက ကမ္ဘောဒီးယားနယ်မြေထဲ နေရာယူထားတာတွေလည်းရှိတယ်။ ထိုင်း နဲ့ ကမ္ဘောဒီးယားဟာ ၈၇၁ ကီလို မီတာ၊ မိုင်ပေါင်း ၅၄၀ကျော် နယ်မြေချင်းထိစပ်နေတယ်။ အခု အငြင်းပွားနေတဲ့ ရှေးဟောင်း ဘုရား ကျောင်း (Preah Vihear) နေရာမှာ ၂၀၀၈ တုန်းက ပြဿနာဖြစ်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်ထိ အပြန် အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒီနေရာကို နိုင်ငံတကာ တရားရုံး (ICJ) က ကမ္ဘောဒီးယားက ပိုင်ဆိုင်တယ်လို့ ၁၉၆၂ခုနှစ်မှာ ဆုံးဖြတ်ပေးခဲ့တယ်။ ဒါပေမဲ့ ထိုင်းက လက်မခံဘူး။ ထိုင်းနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) ကို အသိအမှတ်မပြုဘူး။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ကမ္ဘောဒီးယားစစ်တပ်က အဲဒီနေရာမှာ ကတုတ်ကျင်းတွေ လာတူး ရာက ထိုင်း စစ်တပ်နဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ ကမ္ဘောဒီးယားစစ်သား တစ်ယောက် သေတယ်။ ဇွန်လ ၃ ရက်မှာ ကမ္ဘောဒီးယားက အခုဖြစ်နေတဲ့ နယ်စပ်ပြဿနာကို နိုင်ငံတကာ တရားရုံး (ICJ) က ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုမယ်လို့ ဆိုတယ်။ ထိုင်းဘက် ကတော့ ICJ က ဖြေရှင်းတာကို လက်မခံဘူး။ နှစ်နိုင်ငံ နယ်စပ်ပြဿနာကို နှစ်နိုင်ငံ တွေ့ဆုံ ဖြေရှင်း တာမျိုးပဲ လိုချင်တယ်။ အခြေအနေက တင်းမာလာသလို ဖြစ်လာတယ်။ အထူးသဖြင့် ထိုင်းစစ်တပ်က နယ်စပ်ဒေသမှာ စစ်ရေးအသင့်ပြင်ဆင်မှုတွေ လုပ်လာတယ်။ ထိုင်း နဲ့ ကမ္ဘောဒီးယားကြား နယ်စပ် ဖြတ်ကျော် ၁၇ နေရာကို ဖြတ်သန်းခွင့် ကန့်သတ်လိုက်သလို ကမ္ဘောဒီးယား ကလည်း နယ်စပ်ကို စစ်အင်အားတွေ တိုးပို့တယ်။ တင့်ကားတွေ၊ ဒုံးကျည်တင်ယာဉ်တွေ နယ်စပ်ဘက် ကို တန်းစီပြီး ထွက်သွားကြတာ တွေ့ရတယ်။
စနေနေ့ကတော့ ထိုင်း နဲ့ ကမ္ဘောဒီးယားနယ်စပ်ဂိတ်တွေထဲမှာ အဝင်အထွက် အများဆုံး ဂိတ်တခုဖြစ်တဲ့ ပွိုင်ပက်ဂိတ်ကို အရင်က မနက်(၆)နာရီကနေ ည(၁၀)နာရီအထိ အဝင်အထွက် ပြုလုပ်ခွင့် ပေးထား ပေမယ့် မနက် (၈) နာရီ ကနေ ညနေ (၄) နာရီ ထိုင်းဘက်က ကန့်သတ်ပိတ်ပင် လိုက်တယ်။
နယ်စပ်မှာ နှစ်ဖက်တပ်တွေ စစ်ပြင်ဆင်နေတဲ့သတင်းနဲ့ အတူ နယ်စပ်တွေပိတ်လိုက်လို့ ထိုင်း နဲ့ ကမ္ဘောဒီးယား ကြား ကုန်စည် အဝင်အထွက် ရပ်တန့်သွားတယ်။ တနင်္ဂနွေနေ့မနက်က ပွိုင်ပက် နယ်စပ် ဂိတ်မှာ နှစ်နိုင်ငံခရီးသည်တွေ တိုးမပေါက်အောင် ရုန်းရင်းဆန်ခတ်ဖြစ်နေတယ်။ ကမ္ဘောဒီးယား ဘက်ခြမ်းက ကာစီနိုလောင်းကစားခန်းတွေထဲ ထိုင်းနိုင်ငံသားတွေကို ဝင်ခွင့်မပြုတော့ဘူး။ ထိုင်း နဲ့ ကမ္ဘောဒီးယားက မြန်မာနဲ့ ထိုင်းလိုပဲ အဓိကကျတဲ့ စားသောက်ကုန် တွေကို ကမ္ဘောဒီးယားက ထိုင်းကို တင်ပို့ပြီး ကမ္ဘောဒီးယားက လူသုံးကုန်၊ ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ပစ္စည်း စတာတွေ ကို တင်သွင်း တယ်။ နယ်စပ်တင်းမာမှုနဲ့ ဂိတ်တွေ ပိတ်လိုက်တဲ့ အကျိုးဆက်ကြောင့် တကယ်ထိခိုက်မှာက ထိုင်းပဲ ဖြစ်တယ်လို့ ဟွန်ဆန်ကပြောတယ်။
နှစ်နိုင်ငံနယ်စပ်တင်းမာမှုမှာ ထိုင်းစစ်တပ်က လိုအပ်ရင်အသင့်အနေအထား စစ်ပြင်နေသလို ထိုင်းနိုင်ငံသား မျိုးချစ်တွေကလည်း ကမ္ဘောဒီးယားကို ဆန့်ကျင်ဖို့ လှုံ့ဆော်နေတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်ထန်က သိပ်မကြာသေးခင်ကပဲ ကမ္ဘောဒီးယားကို သွားရောက် လည်ပတ် ထားတာ ရှိသလို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေတယ်။ အလားတူ ထိုင်း ဝန်ကြီးချုပ်ရဲ့ ဖခင် သက်ဆင် နဲ့ ကမ္ဘောဒီးယာဝန်ကြီးချုပ်ရဲ့ ဖခင် ဟွန်ဆန်တို့ဟာ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ကြတယ်။
ထိုင်း-ကမ္ဘောဒီးယားနယ်စပ် စစ်ရေးတင်းမာမှုဟာ ဇွန်လ ၈ ရက် တနင်္ဂနွေနေ့ ညနေမှာ နှစ်ဖက် တပ်တွေ နဂိုနေရာအတိုင်း ပြန်ဆုတ်နေကြဖို့ သဘောတူလိုက်ပြီးတဲ့နောက် ခုတော့ ငြိမ်သက်သွားပြီလို့ သိရတယ်။ နှစ်နိုင်ငံ နယ်စပ်ဒေသ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ နယ်ခြားကော်မတီအစည်းအဝေးကိုလည်း ဇွန်လ ၁၄ ရက်မှာ ပြုလုပ်ဖို့ သဘောတူ လိုက်ကြတယ်။ နယ်စပ်အငြင်းပွားမှုပြဿနာကို ကမ္ဘောဒီးယား က နိုငံတကာတရားရုံး(ICJ) ရဲ့ အဆုံးအဖြတ်နဲ့ ဖြေရှင်း ချင်ပေမယ့် ထိုင်းက လက်မခံဘဲ နှစ်နိုင်ငံ နယ်စပ် ပြဿနာကို နှစ်နိုင်ငံတွေ့ဆုံဖြေရှင်းတာကိုပဲ လိုလားခဲ့တာဖြစ်တယ်။
ထိုင်း နဲ့ ကမ္ဘောဒီးယားစစ်တပ်တွေ နယ်စပ်မှာ စစ်အင်အားပြသနေတာ မြင်ရတော့ စိုးရိမ်စရာ ဖြစ်ခဲ့တယ်။ နှစ်နိုင်ငံ စစ်ဖြစ်တော့မှာလား..။ စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲ။ ကမ္ဘောဒီးယားက ပြည်တွင်း စစ် အကြာကြီး ဖြတ်သန်း ခဲ့ဖူးပေမယ့် ဒီနောက်ပိုင်း စစ်မဖြစ်တာတော့ကြာပြီ။ ကမ္ဘောဒီးယား ကလည်း တင့်ကားတွေ၊ ဒုံးပျံတင်ယာဉ်တွေနဲ့ အင်အားအတော်ကောင်းလာတာတွေ့ရတယ်။ နယ်စပ် ဖြတ်ကျော် စစ်ပွဲဖြစ်ပွားလေ့မရှိတဲ့ ထိုင်းကရော တကယ် တိုက်တော့မှာလား..။ ဘာပဲဖြစ်ဖြစ် ဒီသတင်းကို စောင့်ကြည့်နေသူတွေကတော့ ရင်တထိတ်ထိတ်နဲ့ပေါ့။
ခုတော့ ပွဲက ပြီးသလောက်ဖြစ်သွားပါပြီ။ စစ်ပွဲတစ်ပွဲဟာ မလိုအပ်ဘဲ မဖြစ်တာ အကောင်းဆုံး ဆိုတာ စဉ်းစားဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေက သိကြတယ်။
စစ် တကယ်မဖြစ်ဘူးဆိုပေမယ့် ငါ့ကို လာမထိနဲ့ ၊ ငါ့မှာ အင်အားရှိတယ်ဆိုတဲ့ လက်မောင်း ကြွက်သား ညှစ်ပြမှုမျိုး တော့ အင်အားရှိတဲ့နိုင်ငံတိုင်းက လုပ်ပြတတ်ကြတယ်..။
ref: BK post, CNA, Reuters news.

