ရှုံးနိမ့်မှုကို ကြောက်ပါသလား။

ရှုံးနိမ့်မှုကို ကြောက်ရွံ့ခြင်းရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။ ဒါမှမဟုတ် အောင်မြင်မှုရဖို့ တွန်းအားတစ်ခုရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။
ရှုံးနိမ့်မှုကို ကြုံတွေ့ခဲ့ဖူးလား။ ရှုံးနိမ့်မှုကနေ ဘယ်လို သင်ခန်းစာ ရရှိခဲ့သလဲ။
ရှုံးနိမ့်မှုက ရတဲ့ သင်ခန်းစာနဲ့ အောင်မြင်မှုက ရတဲ့ သင်ခန်းစာ ဘာကွာခြားမှုရှိသလဲ။
လူ့ဘ၀မှာ အောင်မြင်ချင်ကြလား၊ ရှုံးနိမ့်ချင်ကြလားလို့ စစ်တမ်းကောက်ကြည့်ရင် ရှုံးနိမ့် ချင်ပါတယ်လို့ ဖြေမယ့်သူ မရှိသလောက် နည်းမှာပါ။ တကယ်တော့ ရှုံးနိမ့်မှုဆိုတာ ပုဂ္ဂိုလ်ရေး (မိမိ ကိုယ်တိုင်) နဲ့ ပရော်ဖက်ရှင်နယ် (ဘဝတက်လမ်းတစ်လျှောက်) တိုးတက်မှုတွေအတွက် မရှိမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်တယ်လို့ ပြောရင် စိတ်မှ ကောင်းသေးရဲ့လား လို့ပြန် မေးခွန်း ထုတ်ကြမယ် ထင်ပါတယ်။
ရှုံးနိမ့်မှုဆိုတာ အောင်မြင်မှု ရရှိဖို့အတွက် တကယ်အရေးကြီးပါတယ်။ ဘာလို့ အရေးပါ သလဲဆိုတော့ လူတွေဟာ ကိုယ်ကြိုးစားလုပ်ကိုင်တဲ့အရာ တစ်ခု ဖြစ်မလာလို့ ကျရှုံးသွားတဲ့အခါမှာ၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာဘဲ လုပ်သမျှ အဆင်မပြေတဲ့ အခြေအနေတွေမှာ ခံနိုင်ရည်ရှိမှုနဲ့ လိုက်လျော ညီထွေရှိမှုကို မွေးမြူနိုင်ဖို့ အင်မတန် လိုအပ်ပါတယ်။ အဲလို စိတ်မျိုး ထားနိုင်မှသာ ဆုတ်ယုတ်မှု၊ ကျရှုံးမှုတွေကို လက်ခံလာနိုင်ပြီး အဲဒီကနေမှ သင်ခန်းစာယူပြီး ရှေ့ဆက်ဖို့ တွန်းအားတွေ ရနိုင်တာမို့ပါပဲ။ ကိုယ့် အတွေ့အကြုံအရဆိုရင် ကိုယ်ဟာ ရှုံးနိမ့်ရမှာ အင်မတန် ကြောက်တတ်သူပါ။ ကြောက်တော့ ကိုယ်ရှုံးနိုင်တဲ့အရာတွေကို ကြိုးစား လုပ်ဆောင် ကြည့်ဖို့ကို အင်မတန် ၀န်လေးပါ တယ်။ ဒါပေမဲ့ တစ်ခါတလေမှာ ငြင်းဆန်မရပဲ ကြောက်ကြောက်နဲ့ပဲ ရှေ့တိုး လုပ်ဆောင်ရတဲ့ အခြေအနေ တွေ ကြုံရတတ်တယ်။ အဲဒီအခါ ကိုယ်တစ် ယောက်အားနဲ့ မစွမ်းဆောင်နိုင်တာမျိုးဆိုရင် ကိုယ်လိုအပ် တာကို ပံ့ပိုးကူညီမှု ပေးနိုင်မယ့် ကွန်ရက်တွေကို ရှာဖွေဖို့ လိုလာပါတယ်။ ဒီလို ပြောလို့ ထစ်ခနဲရှိ ကိုယ်က ဘာမှ မကြိုးစားတော့ဘဲ သူများအကူအညီချည်း အမြဲတမ်း လိုက်တောင်းနေရ မယ်လို့ မဆိုလိုပါ။ ကိုယ်လုပ်ရမယ့် ရည်မှန်းချက် ပန်းတိုင်တစ်ခုကို ချမှတ်ပြီးတဲ့အခါမှာ အဲဒီ ရည်မှန်းချက်ကို ပြည့်မီနိုင်မယ့် နည်းလမ်းတွေကို အရင် စဥ်းစားရပါတယ်။ ပြီးရင် ကိုယ်က ဘယ်အပိုင်း မှာ အကူအညီ ပိုလိုအပ်နေတယ်လို့ ခံစားရသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မလိမ်မညာ သုံးသပ်ရ ပါတယ်။ ကိုယ့်မှာ အားသာချက် ဘာမှ မရှိ၊ သူများဆီက ရာနှုန်းပြည့် အကူအညီ လိုအပ် နေတယ် ဆိုရင်ဖြင့် အဲဒီ အလုပ်ကို လုံး၀ စမလုပ်ပါနဲ့တော့။ အဲလိုပါပဲ ငါကတော့ အားလုံးကို သိနေ တတ်နေ တာမို့ ဘယ်သူ့အကူအညီမှ မလိုအပ်ပါဘူး၊ တစ်ယောက်တည်းလည်း တောက်ပလို့ရပါတယ် ဆိုသူများ အတွက်လည်း မရည်ရွယ်ပါ။ ကိုယ့်လို ဘ၀တူများအတွက်သာ ရေးသားခြင်း ဖြစ်ပါတယ်။
ဆက်ပြောရရင် သူတစ်ပါးဆီက အကူအညီ ရှာဖွေနိုင်ဖို့အတွက် အရင်ဆုံး ကိုယ်က ဘယ်နေရာ မှာ အားသာပြီး ဘယ်နေရာမှာတော့ ဘယ်လို ကူညီမှုမျိုးကို လိုအပ်တယ်ဆိုတာ ပြန်စဥ်းစား သုံးသပ်ရ ပါတယ်။ ကိုယ်လိုအပ်နေတာကို သိပြီဆိုရင် ကိုယ့်ဘ၀ထဲက ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိတဲ့သူတွေ အကြောင်း ကို နောက်တစ်ဆင့် တွေးရပါတယ်။ ဘယ်သူက ကိုယ့်ကို ဘယ်နေရာမှာ ဘယ်လို ပံ့ပိုး ကူညီမှု ပေးနိုင်မလဲဆိုတာပါ။ ပံ့ပိုးကူညီမှုဆိုတာမှာ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ လက်တွေ့အကူအညီပေးမှု၊ အတွေးအမြင်များ ဖလှယ်ခြင်း၊ သတင်းအချက်အလက် မျှဝေခြင်း စသဖြင့် မတူညီတဲ့ ပံ့ပိုးမှုတွေ အကုန်ပါ ပါတယ်။
ကိုယ့်ဘေးပတ်၀န်းကျင်က ဘယ်လို ပံ့ပိုးကူညီမှုကိုမှ မရနိုင်ဘူးဆိုရင်တော့ ကိုယ့်ရဲ့ လူမှုရေး ပိုင်း ဆိုင်ရာမှာ တစ်ခုခု မှားယွင်းမှုရှိနေပြီလား ဆိုတာ ဆက်စဥ်းစားရပါတော့မယ်။ ကိုယ့်ကို ပံ့ပိုးမှု ပေးနိုင်မယ့် ကွန်ရက်ကို ပိုပြီး ကျယ်ပြန့်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲ၊ ဘာတွေ ပြောင်းလဲဖို့ လိုနေပြီ လည်း ဆိုတာတွေပါ အရေးတကြီး ထည့်စဥ်းစားရပါမယ်။ တကယ်လည်း ပံ့ပိုးကူညီမယ့် ကွန်ရက် တွေရှိခြင်းနဲ့ ကိုယ့်ဘ၀မှာ အခက်အခဲပြဿနာများကြုံတဲ့အခါ အကူအညီ တောင်းခံ နိုင်မည့်သူများ ရှိခြင်းဆိုတာ အင်မတန် ကောင်းမွန် အသုံး၀င်လှ ပါတယ်။
နောက်ဆုံးမှာတော့ အဲလိုတွေးတောနိုင်ဖို့ဆိုတာ ကိုယ့်အားနည်းချက်ကို စဥ်းစား ဖော်ထုတ် ရတာမို့ ရှေ့မှာ ကိုယ်မအောင်မြင်ခဲ့တဲ့ ရှုံးနိမ့်မှုတွေကိုပါ ပြန်ရှာဖွေမိတဲ့ အလေ့အကျင့် ရသွားစေ ပါတယ်။ ဒီကမှ တစ်ဆင့် စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်အားပါ ကောင်းစေသလို ရည်မှန်းချက် ပန်းတိုင်ကို ချမှတ်တတ်တဲ့ အလေ့အကျင့်ကောင်းကိုပါ ရစေနိုင်မှာ ဖြစ်တယ်။ ဒါ့အပြင် တခြားသူတွေ အခက်အခဲ ကြုံနေတဲ့အခါ၊ ရှုံးနိမ့်ကြတဲ့အခါ၊ အဆင်မပြေ အကူအညီလိုအပ်တဲ့အခါတွေမှာ ကိုယ် ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကိုယ်အားသာတဲ့ဘက်ကနေ ပံ့ပိုးကူညီမှုတွေ ပေးဖို့ နားလည်မှု၊ စာနာမှုနဲ့ ကိုယ်ချင်းစာစိတ်တွေ ထားတတ်သွားတာပါပဲ။ တစ်ခါမှ မရှုံးနိမ့်ဘူးတဲ့ လူတစ်ယောက် ဟာ တခြားသူတွေရဲ့ ခံစားချက်၊ နာကျင်မှု၊ ပူဆွေးသောကတွေကို ကိုယ်ချင်းစာတတ်နိုင်မှာ မဟုတ်ပါဘူး။ အရာရာမှာ ခြွင်းချက်ရှိနေကျအတိုင်း ပေဖြစ်ရင် ခံ၊ တူဖြစ်ရင် နှံ လိုက်မဟဲ့ဆိုတဲ့ ကိုယ်ခံခဲ့ရသမျှတွေ အကုန်မေ့ပြီး ကိုယ်ချင်းမစာတတ်တဲ့သူတွေတော့ ရှိနိုင်ပါတယ်။
ကိုယ့်အနေ နဲ့ဆိုရင် အဲလို အခက်အခဲတစ်ခုက ရုန်းထနိုင်ပြီဆိုတိုင်း ပြန်လှည့်ကြည့်တဲ့အခါမှာ စွန့်စားလုပ်ဆောင် တာက ပထမဆုံးခြေလှမ်းဆိုတာ တွေ့ရလေ့ရှိတယ်။ မိုင်ထောင်ချီတဲ့ ခရီးတွေဟာ ပထမဆုံး ခြေလှမ်းကပဲ စကြရတာပဲ မဟုတ်လား။ သို့သော် သူများတွေ အောင်မြင်တိုင်း ငါလည်း အောင်မြင်ရမှာပဲဆိုပြီး တဇွတ်ထိုး စွန့်စားခြင်းမျိုးကို မဆိုလိုပါ။ အခြေအနေတွေကို သေချာ အကဲဖြတ်ပြီးမှ လူအများနဲ့ ချိတ်ဆက်ပြီး ယုံကြည်ချက်ရှိရှိ လုပ်ဆောင်ဖို့၊ သူတစ်ပါးရဲ့ အကြံဉာဏ်၊ ထင်မြင်ယူဆချက်တွေကိုပါ ဂရုတစိုက် နားထောင်ပြီးမှ ကိုယ့်ပန်းတိုင်ကို ရောက်အောင်သွားဖို့ပါ။
ပန်းတိုင် တစ်ခုကို ကျော်နိုင်ပြီဆိုတာနဲ့အမျှ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခြားသူတွေက ကိုယ့်အပေါ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဘယ်လောက် ပံ့ပိုးမှု ပေးခဲ့သလဲဆိုတာ သိရမှာ ဖြစ်သလို ကိုယ်အကူအညီ လိုအပ်တဲ့အခါမှာ ကိုယ့်ဘက်မှာ ဘယ်သူတွေ ရှိနေတယ်ဆိုတာလည်း နားလည်လာပါလိမ့်မယ်။ အဲဒီအခါ ကိုယ့်မှာ ကိုယ့်ကို တကယ် ချစ်ပြီး ဂရုစိုက်၊ တန်ဖိုးထားတဲ့ ကောင်းစေချင်တဲ့ အသိုင်းအဝိုင်းတစ်ခုရှိ မရှိဆိုတာလည်း သိလာရမှာပါ။ ရှိတယ်ဆိုရင်တော့ အင်မတန် ကံကောင်းတာပေါ့၊ မရှိဘူးဆိုတာ သိရရင်လည်း ဘယ်လိုနည်းလမ်းတွေနဲ့ တိုးတက် ပြောင်းလဲအောင် လုပ်ရမလဲဆိုတာ သင်ယူလေ့လာခွင့်ရမှာမို့ ကံကောင်းတာပါပဲ။ ဒီလို မဟုတ်ဘဲ ကိုယ့်ရဲ့ ရှုံးနိမ့်မှုတွေကို လက်ခုပ်လက်၀ါးတီးပြီး ၀မ်းသာကြမယ့်သူ၊ လှောင်ပြောင် ကဲ့ရဲ့တတ်သူတွေနဲ့ ကြုံရရင်လည်း အဲလို ပတ်၀န်းကျင်က ရုန်းထွက်နိုင်ဖို့ သင်ခန်းစာ ရမှာဖြစ်လို့ ကံကောင်းတာပါပဲ။ အကောင်းဆုံးကတော့ ကိုယ့်ရှုံးနိမ့်မှုတွေကို လက်ခံတတ်လာပြီး အဲဒီကနေ သင်ခန်းစာယူတတ်လာမှာဖြစ်သလို သူတစ်ပါးကိုလည်း စာနာထောက်ထားတတ်လာမှာပါ။ တစ်ခုတော့ ရှိတာပေါ့၊ ရှုံးနိမ့်မှုကနေ သင်ခန်းစာ မယူတတ်ဘဲ ရှေ့တစ်ခေါက်မှာ မအောင်မြင်ပေမယ့် ဒီတစ်ခေါက်တော့ အောင်မြင်နိုင်မလားဆိုပြီး မှားဖူးတဲ့ အမှားကိုပဲ ထပ်ကာတလဲလဲ ဆက်လုပ်နေတာမျိုးတော့ မဟုတ်ဘူးပေါ့။

ဒီမှာ ဆက်စပ်လို့ ပြောရရင် အလုပ်တစ်ခုစဖို့ ပထမဆုံး ခြေလှမ်းက အရေးကြီးသလိုပဲ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သိဖို့ကလည်း အင်မတန် အရေးကြီးပါတယ်။ တချို့တွေဆို ရှုံးနိမ့်မှာကို ကြောက်တာရယ်၊ ကိုယ့်အရှုံးကို တခြားသူတွေ သိမှာ ကြောက်တာရယ်၊ ရှက်တာရယ်ကြောင့် မအောင်မြင်နိုင်မယ့် အလုပ်မှန်း သိသိချည်းနဲ့ အတင်းရှေ့ဆက်တိုး နေတတ်ကြ တယ်။ အဲဒီအခါ ငွေတွေ အချိန်တွေ အင်အားတွေ မကုန်ဆုံးသင့်ဘဲ ကုန်ဆုံးပြီး အင်မတန် ပင်ပန်းသောက များကြရတတ်တာ ကြုံဖူး တွေ့ဖူးကြမှာပါ။
ရှုံးနိမ့်မှုကို လူတိုင်းကြောက်ကြတာ သဘာ၀ပါ။ ဒါပေမဲ့ ရှုံးနိမ့်မှုက ဂုဏ်ယူစရာ မဟုတ်သလို ရှက်စရာလည်း မဟုတ်ပါ။ အင်မတန် ကံကောင်းလွန်းတဲ့သူ တချို့ကလွဲပြီး လူအများစုရဲ့ ဘ၀မှာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ရှုံးနိမ့်မှုနဲ့ ကြုံရစမြဲပါ။ တချို့ဆိုရင် အကြိမ်ကြိမ် အခါခါ ရှုံးကြသူတွေတောင် ရှိပါတယ်။ ရှုံးနိမ့်မှုရဲ့ အတိမ်အနက်၊ လူတစ်ဦးတစ်ယောက်ချင်းရဲ့ ခံနိုင်ရည်တွေပေါ်မှာ မူတည်ပြီး ပြိုလဲမှု၊ ခံစားမှု၊ ပြန်လည်ထူထောင်နိုင်မှုတွေမှာလည်း ကွဲပြားသွားပါလိမ့်မယ်။ အခုဆိုရင် ရှုံးနိမ့်ခြင်းက ဘာလို့ အရေးကြီးတယ်ဆိုတာ လက်ခံနိုင်ကြမယ် ထင်ပါတယ်။ အဆိုတော် ခိုင်ထူးရဲ့ တို့လာတယ်ဆိုတဲ့ သီချင်းထဲက စာသားကလေး တချို့နဲ့ အဆုံးသတ်ချင်ပါတယ်။
ပြုံးပျော်ချင်ရင် ၀မ်းနည်းတတ်ရမယ်…
ပြည့်စုံချင်ရင် ဆင်းရဲတတ်ရမယ်…
ဒါဟာ လောကရဲ့ သစ္စာတရား…
ကိုယ်က တစ်ကြောင်းထပ်ဖြည့်ချင်ပါတယ်။
အောင်မြင်ချင်ရင် ရှုံးနိမ့်ဖူးရမယ်…..

