လော်ဝေါ်တိုင်းရင်းသား မိတ်ဆက်
လော်ဝေါ် တိုင်းရင်းသားတို့သည် ကချင်မျိုးနွယ်စု ခြောက် မျိုးတွင် ပါဝင်ပြီး တိဘက် – မြန်မာ ဘာသာ စကား အုပ်စုဝင်များ ဖြစ်ကြပါသည်။ ၎င်းတို့ကို “မရူ” လူမျိုးဟုလည်း ခေါ်ကြပါသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့နယ်၊ လော်ခေါင်း(lhao khaung:)နယ်၊ ဆော့လော်မြို့နယ်၊ ထောလန်နယ်၊ ဆဒုံး မြို့နယ်များတွင် အများဆုံး နေထိုင်ကြသော တောင်ပေါ်သား များဖြစ်ကြသည်။ “လော်” ဆိုသည်မှာ မြောက်အရပ်၊ “ဝေါ်”ဆိုသည်မှာ ဧရာမအုပ်စု ဟုအဓိပ္ပာယ်ရသည်။ အဓိပ္ပာယ်အပြည့်အစုံမှာ မြောက်ဘက် အရပ်မှ ဧရာမလူအုပ်ကြီးဟု အဓိပ္ပါယ်ရပါသည်။ လော်ဝေါ် လူမျိုး တို့သည် ရှေးက နတ်ကိုးကွယ်ယုံကြည်သူများ ဖြစ်ကြပြီး နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြပါသည်။ မိရိုးဖလာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရိုးရာပွဲတော်များမှာ ချင်းခွန် ခေါ် အိမ်စောင့်နတ်ပူဇော်ပွဲနှင့် ဇမ်ဂေါ ခေါ် အောင်မနောပွဲ (ကောက်သစ်စားပွဲ) တို့ ဖြစ်ပါသည်။
သစ်ခွချည် ထုတ်လုပ်သည့် သစ်ခွပင် အမျိုးအစား
လူသားတို့သည် ကမ္ဘာပေါ်ရှိ ပန်းများအနက် သစ်ခွပန်းကို ပန်းတကာတို့၏ အလှထိပ်ခေါင်ပန်း အဖြစ် သတ်မှတ်ထားကြသည်။ သစ်ခွပင်သည် သဘာဝအားဖြင့် မြေပြင်ပေါ်တွင် မပေါက်ရောက်ဘဲ သစ်ပင်မြင့်များ၊ ကျောက်ဆောင်ကမ်းပါးယံများတွင်သာ မှီတွယ်ပေါက်ရောက်တတ်သောကြောင့် “ပင်မြင့်စံပန်း”ဟု စာဆိုများက ဖော်ကျူးရေးသားလေ့ ရှိပါသည်။ အများအားဖြင့် သစ်ခွပန်းကို အမျိုးသမီးများ၏ ဆံကေသာထက်တွင် ပန်ဆင်လေ့ရှိပြီး တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင်လည်း အနည်းငယ် အသုံးပြုကြပါသည်။ သစ်ခွပင်မှ ချည်မျှင်ထုတ်ယူ၍ အဝတ်အထည်နှင့် အသုံးအဆောင် များတွင် ထည့်သွင်း အသုံးပြုသည်မှာ လွန်စွာမှ ရှားပါးပြီး ကချင်ပြည်နယ်မှ “လော်ဝေါ်” တိုင်းရင်းသား များတွင်သာ တွေ့ရှိနိုင်သော ဓလေ့ဖြစ်ပါသည်။
ကမ္ဘာပေါ်တွင် သစ်ခွမျိုးကွဲ ၈၀၀ ကျော်၊ မျိုးစိတ်ပေါင်း ၁၅၀၀၀ မှ ၃၀၀၀၀ ခန့် ရှိကြောင်း ရုက္ခဗေဒပညာရှင်များ၏ အဆိုအရ သိရပါသည်။ ယေဘုယျအားဖြင့် သစ်ခွကို ရိုးတံရှည်သော အပင် ကြီးမျိုးနှင့် အဆစ်အမြစ်တိုသော အပင်ငယ်သစ်ခွဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားထားပါသည်။ “လော်ဝေါ်” တိုင်းရင်းသားတို့၏ အဝတ်အထည်မျာတွင် အလှဆင် ထည့်သွင်း အသုံးပြုသော သစ်ခွမှာ ရိုးတံရှည် သောအပင်ကြီးမျိုး ဖြစ်ပါသည်။ ၎င်းသစ်ခွပင်များကို ကချင်ပြည်နယ်၊ ချီဖွေနှင့် ဆော့လော် မြို့နယ်များ အတွင်းရှိ တောတောင်များအတွင်း သစ်ပင်ကြီးများနှင့် ကျောက်ဆောင်ကမ်းပါးယံများမှ ရရှိပါသည်။
၎င်းသစ်ခွကို လော်ဝေါ်တိုင်းရင်းသားတို့က “ကောက်ညှင်းသစ်ခွ” ဟုလည်း ခေါ်ဆိုကြပါသည်။ ထိုသို့ ခေါ်ဆိုရခြင်းမှာ ကောက်ညှင်းသစ်ခွနှင့် အခြားသစ်ခွများမှာ ပင်ကိုယ်အရည်အသွေး ကွဲပြားမှု ရှိပါသည်။ အချို့သစ်ခွပင်စည်များမှာ ကြွပ်ဆတ်သော သဘောရှိပြီး ကျိုးကျေပြတ်လွယ်ပါသည်။ ကောက်ညှင်းသစ်ခွသည် ပျော့အိပြီး ခွဲစိတ်ပြုပြင်သောအခါ ပြတ်တောက်ကျိုးကျေခြင်း မရှိသဖြင့် လိုအပ်သလို ပုံဖော်အသုံးပြုနိုင်ပါသည်။ ထိုသစ်ခွပင်၏ ရိုးတံပင်စည်အား ခွဲစိတ်လိုက်လျှင် အူတိုင် အသားတို့မှာ ဖယောင်းကော်စေးများကဲ့သို့ စေးကပ်ပျစ်ချွဲလျက် ရှိပါသည်။ ၎င်းအူတိုင်ကို ကော် အဖြစ် အသုံးပြုကြပါသည်။
လော်ဝေါ်တိုင်းရင်းသားတို့၏ အလှဆင်သော ကောက်ညှင်းသစ်ခွ ခေါ် လောင်ဇွမ်ကို ရုက္ခဗေဒ ပညာရှင်များနှင့် သစ်တောသုတေသီများ၏ လေ့လာဆန်းဆစ်ချက်အရ ရုက္ခဗေဒအမည်အားဖြင့် Dendrobium Spp: Verna-Kyet-u-hnit, Yadana-shwe-khet ဟု ခေါ်ဆိုကြောင်း သိရပါသည်။
လော်ဝေါ်တိုင်းရင်းသားတို့က သစ်ခွကို “လောင်ဇွမ်” ဟု ခေါ်ကြပါသည်။ ကချင်ပြည်နယ်ရှိ “လော်ဝေါ်” တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှုတွင် ရွှေဝါရောင် သစ်ခွချည်ဖြင့် အလှဆင်မှုသည် အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ တန်ဖိုးကြီး၍ ရှားပါးလှသော ရွှေဝါရောင် သစ်ခွချည်မျှင် ဖြင့် ရက်လုပ်ပုံဖော်အသုံးပြုခြင်းသည် “လော်ဝေါ်” တိုင်းရင်းသားတို့၏ မူပိုင် ရိုးရာယဉ်ကျေးမှု ဓလေ့ တစ်ရပ် ဖြစ်ပါသည်။
နောက်ခံသမိုင်းကြောင်း
သစ်ခွချည်မျှင်အား စတင် အသုံးပြုပုံနှင့် ပတ်သက်၍ သမိုင်းကြောင်းကို လေ့လာကြည့်ရာ မဟောရှိုင်း (Hhao” Shan”) ဆိုသူ လော်ဝေါ်တိုင်းရင်းသူက စတင် တီထွင် အသုံးပြုခဲ့သည်ဟု ရှေး လော်ဝေါ်လူကြီးများ၏ နှုတ်တိုက်ကဗျာလင်္ကာများအရ သိရှိရပါသည်။ လော်ဝေါ် ဘာသာအရ အလှဖွဲ့ ကဗျာကို လရှိုင်းဂျီ (L- shan” ji: ) ဟု ခေါ်ပါသည်။
ယင်းကဗျာတွင် လော်ဝေါ်သမီးပျို မဟောရှိုင်း သည် အရွယ်ရောက်လာသည်နှင့်အမျှ စိုးရိမ် စိတ်များ ဖြစ်လာခဲ့ရပါသည်။ မဟောရှိုင်းမှာ မိဘအသိုင်းအဝိုင်း ဂုဏ်ပကာသန မရှိသူ မဟုတ်သကဲ့သို့ ရုပ်ဆင်းအင်္ဂါ မပြည့်စုံသောကြောင့်လည်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် မိမိ၏ချစ်သူ မောင်ဟောင်းလောင် (Hhao” Lau:) မှာ ရွာရှိ မိန်းမပျိုများ ဝိုင်းဝိုင်းလည်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်လည်း မိမိချစ်သူ အခြားမိန်းကလေးများနောက် ပါသွားမည်ကို စိုးရိမ်သောက ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို အခြားမိန်းကလေးများထက် ပိုမိုလှပအောင် ဝတ်စား ပြင်ဆင် နေထိုင်၍ မိမိချစ်သူ အခြားသူအား အာရုံမစိုက်စေရန် အမြဲတမ်း ကြံစည်နေရပေသည်။
ထိုခေတ်အခါက လော်ဝေါ်အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုမှာ ရင်ဘတ်မှ ပေါင်လယ်ခန့် အထိ ဝါဂွမ်းဖြင့် ရက်လုပ်ထားသော အဖြူရောင် ထဘီကို ပတ်၍ ဝတ်ဆင်ကြပါသည်။ ထိုသို့ဖြင့် ကောက်ဦးစားပွဲတော် အောင်မနောပွဲ (ဇမ်ဂေါ) အချိန် နီးကပ်လာသည်နှင့်အမျှ လော်ဝေါ်မိန်းမပျို များသည် သူ့ထက်ငါ အလှပြိုင်ရန် အားထုတ်လာကြသည်။ ထို့အတူ မဟောရှိုင်းသည်လည်း အဖြူ ရောင် ဗြောင်လုံချည်အား တစ်မူထူးခြား လှပစေရန် အကြံထုတ်လေသည်။
ထို့ကြောင့် မဟောရှိုင်းသည် အများအမြင်တွင် မိဘများ နှင့်အတူ တောတောင်သို့ ရေခပ် သွားဟန်၊ တောင်စဉ်ဖက်ခူးဟန်၊ ထင်းခွေဟန်ဆောင်လျက် တောထဲသို့သွားသည်။ တောအတွင်းရှိ ရေတံခွန်၏ အထက်ကျောက်ဆောင်ပေါ်၌ အလေ့ကျ ပေါက်ရောက်နေသော သစ်ခွပန်းများကိုခူး၍ ပန်ဆင်ကြည့်ပြီး ရေအစပ်၌ မိမိအရိပ်ကို ကြည့်သောအခါ သစ်ခွပန်းဖြင့် တင့်တယ်လှပသည်ကို သတိ ပြုမိ၏။ ထို့နောက် သစ်ခွရိုးတံများကို ခုတ်ယူ၍ ခွဲစိတ်ပြီး ရေ၌ အမှုမဲ့ ပစ်ထားခဲ့သည်။ မကြာမီတွင် မိမိပစ်ထားခဲ့သော သစ်ခွအခေါက်များမှာ နေရောင်တွင် ဝင်းဝါလှပနေသည်ကို တွေ့ရှိရသည်။ ထိုသစ်ခွ အခွံများကို ပြုပြင်ကာ ရရှိသည့် ချည်မျှင်ကို မိမိခြုံထည်ဝတ်ရုံတွင် တန်ဆာဆင်ကြည့်ရာ တစ်မူထူးခြား လှပလာကြောင်း တွေ့ရသည်။ ထို့နောက် သစ်ခွပင်များအား အိမ်သို့ တိတ်တဆိတ် ယူဆောင်လာပြီး မဟောရှိုင်း၏ အထည်ရက်လုပ်သည့် ဂျပ်ခုတ်လုပ်ငန်း၌ သစ်ခွချည်မျှင်များကို ဒီဇိုင်း အလှဖော် ထည့်သွင်းလိုက်ရာ တစ်မူထူးခြားလှပသော ဝတ်စုံအသစ် ရရှိလာခဲ့ပါသည်။ ဤသို့ဖြင့် ကောက်ဦးစား ပွဲတော် အောင်မနောပွဲ (ဇမ်ဂေါ) ၌ မဟောရှိုင်း၏ သစ်ခွချည်ဖြင့် ရက်လုပ်ထားသော ဒီဇိုင်းပါသည့် အဝတ်အစားမှာ တစ်မူထူးခြားကာ မဟောရှိုင်း၏ အလှသည် လူအများရှေ့တွင် ထင်ရှား လှပခဲ့ပါသည်။ ထိုအချိန်မှစ၍ “လော်ဝေါ်” တိုင်းရင်းသားတို့သည် သစ်ခွချည်မျှင်ကို ထုတ်ယူရက်လုပ် လာခဲ့ကြပါသည်။
လော်ဝေါ်တိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု ဆင့်ကဲပြောင်းလဲလာပုံ
“လော်ဝေါ်” တိုင်းရင်းသားတို့သည် ရေကြည်ရာ မြက်နုရာသို့ အဆင့်ဆင့် နေရာဒေသများ ပြောင်းရွှေ့နေထိုင် လာသည်နှင့်အမျှ ဝတ်စားဆင်ယင်မှုများသည် အမျိုးမျိုး ပြောင်းလဲခဲ့ကြောင်းကို ခေတ်ကာလအလိုက် ဝတ်စားဆင်ယင်မှု တိုးတက် ပြောင်းလဲလာပုံ အဆင့် ခြောက်ဆင့်ခွဲ၍ တွေ့မြင်ရ ပါသည်။ ၎င်းတို့မှာ –
(က) ဂျဒမ်ဂျလောကာလ ၂၅၀၀ ဘီစီ မှ ၅၀၀ ဘီစီ
(ခ) ဇော်လောဝရမ်ဂေါင်ကာလ ၅၀၀ ဘီစီ မှ ၂၀၀ ဘီစီ
(ဂ) ဒန်ဂင်လူခူးပြည်ကာလ ၂၀၀ ဘီစီ မှ အေဒီ ၁၀၀၀
(ဃ) ချောင်ဒယ်ငရော်ကာလ အေဒီ ၁၀၀၀ မှ အေဒီ ၁၅၀၀
(င) ဆော့လော်/ ချီဖွေ အေဒီ ၁၀၀၀ မှ အေဒီ ၁၅၀၀
(စ) ယနေ့ခေတ်ကာလ အေဒီ ၁၅၀၀ မှ ယနေ့အထိ
ဖြစ်ပြီး မဟောရှိုင်း သစ်ခွချည်မျှင်ဖြင့် ဝတ်စုံရက်လုပ်သော ခေတ်ကာလမှာ တတိယမြောက်ခေတ် ဖြစ်သော “ဒန်ဂင်လူခူးပြည်ကာလ” ဖြစ်ကြောင်း “လော်ဝေါ်” သက်ကြီးရွယ်အိုများ၏ ပြောစကားအရ သိရှိရပါသည်။
သစ်ခွချည် ထုတ်လုပ်ပုံ အဆင့်ဆင့်
ရိုးတံရှည်၍ အဝါရောင်အပွင့်များ ပွင့်သော လောင်ဇွမ် “ကောက်ညှင်းသစ်ခွပင်”ကို အသုံးပြုကာ သစ်ခွချည် ထုတ်ယူပုံအဆင့်ဆင့်မှာ ပထမဦးစွာ သက်တမ်း တစ်နှစ်အရွယ်ရှိသည့် အပင်အရင်းမှ ဖြတ်ယူထားသော သစ်ခွ ပင်စည်ရိုးတံရှိ အရွက်များကို အပေါ်သို့ ပင့်ယူ၍ ခြွေပစ်ရပါသည်။ ပြီးနောက် အလယ်မှ ဓားဖြင့် ထက်ခြမ်းခွဲစိတ် လိုက်ရသည်။ ထို့နောက် အူတိုင်ရှိ ဖယောင်းကော်စေးအား ဓားသွား/ ဓားနှောင့်ဖြင့် ခြစ်ထုတ်ပစ်ရသည်။ ထိုအခေါက်အား ရေ၌ပွလာသည်အထိ စိမ်၍ ထားလိုက်ရသည်။ ပြီးနောက် အတွင်းဖယောင်းသားများအား ကုန်စင်သည်အထိ ထပ်မံခြစ်ထုတ် ပစ်ရပါသည်။ ရရှိ လာသော အခေါက် အခွံများအား ကျုံ့မသွားစေရန်အတွက် ပြောင်းပြန်လှန်၍ ဝါးလုံးတွင် ရစ်ပတ်ကာ သုံးရက်ခန့် နေရောင်တွင် လှန်းပြီး အခြောက်ခံရသည်။ ထို့နောက် ရရှိလာသော ရွှေဝါရောင်သစ်ခွ အခေါက်များအား အသုံးပြုခါနီးတွင် မိနစ် ၃၀ ခန့် ရေတွင်ပြန်စိမ်ပြီး ပျော့ပျောင်းလာသော သစ်ခွ အခေါက်ကို ဝါးလုံးတွင် ပတ်တင်ကာ ထက်သော ဓားသွားဖြင့် မိမိလိုအပ်သော အရွယ်အစား ရရှိအောင် ချည်မျှင် ပြားများအဖြစ် လှီးထုတ်ယူရသည်။ ထိုရွှေဝါရောင် ချည်မျှင်များကို ရိုးရာအဝတ်အထည်နှင့် အသုံး အဆောင် ပစ္စည်းများ လိုက်ဖက်သည့် ထိုးကွက်များဖြင့် ပုံဖော်ထိုး၍ အလှဆင်ကြပါသည်။ ထိုးကွက်များ ပုံဖော်ရာတွင် ရှေးအခါက ဖြူဆူးကို အလှဖော်ကိရိယာအဖြစ် အသုံးပြု ကြသော်လည်း ယခုအခါ အပ်ကြီးများကို အသုံးပြုလာကြပါသည်။ အသုံးပြုမည့် နေရာအလိုက် သစ်ခွချည် ထိုးခြင်းကို တစ် ပတ်မှ တစ်လအထိ အချိန် ယူ၍ လုပ်ဆောင်ကြရပါသည်။
သစ်ခွချည် ထည့်သွင်းအသုံးပြုသည့် နေရာများ
သစ်ခွချည်မျှင်ဖြင့် အလှဆင်ယင်မှုကို မူလတီထွင်သူ မဟောရှိုင်း၏ အဝတ်အစားမှတစ်ဆင့် ပိုမိုဆန်းသစ်သည့် “ခူ” ခေါ် ထိုးကွက်ဒီဇိုင်းအသစ်များ ပြုလုပ်လာကြသည်။ တစ်ခေတ်မှ တစ်ခေတ် တိုးတက်တီထွင် ဆန်းသစ်လာခဲ့ကြရာမှ ယနေ့အထိ အောက်ဖော်ပြပါ ရိုးရာအဝတ်တန်ဆာများ၌ သစ်ခွဒီဇိုင်းများ ထည့်သွင်းအသုံးပြုလာကြောင်း တွေ့ရသည် –
(က) အမျိုးသမီး အသုံးအဆောင်များ
၁။ ဘဂျောင်မိုင်ရှေး (B’jao:mai) ခေါ် အဖြူတဘက်ခြုံထည်ထဘီ၏ ဘေးအနားကွပ်ဒီဇိုင်း၊
၂။ ဖြစ်ချူ (Phyidcui: ) ခေါ် အမျိုးသမီးခါးပတ်ကွင်းထိုးဒီဇိုင်း၊
၃။ ဖြစ်ဝေ့ (Phyidve,) ခေါ် ခါးဝတ်ကြိမ်ကွင်းကင်းခြေဒီဇိုင်း၊
၄။ လန်ဂေ့ (Lhange,) ခေါ် ခြေသလုံးဝတ် ကြိမ်ကွင်းကင်းခြေထိုးဒီဇိုင်း၊
၅။ နှပျော်/ နှကြမ်း (No:pyao:/ Jham) ခေါ် နားဆွဲ၊ နားတောင်းကွပ်ဒီဇိုင်း၊
၆။ အော်ထောက (Au:thaug’) ခေါ် ဝါဂွမ်းလွယ်ဘူးနှင့် လွယ်ကြိုးဒီဇိုင်း၊
၇။ အော်ထပ် (Au:thab’) ခေါ် ခေါင်းပေါင်းအလှဆင်ဒီဇိုင်း၊
၈။ ခိန်ဘော် (Khinbau:) ခေါ် ရိုးရာအင်္ကျီ သစ်ခွခြယ်ဒီဇိုင်း၊
၉။ မိုင်နော့ (Maino,) ခေါ် အမည်းရောင် ရိုးရာထဘီ အလှဆင်ဒီဇိုင်း၊
၁၀။ ထောင်အာ (Thaung:a:) ခေါ် ရိုးရာလွယ်အိတ် အမျိုးမျိုးအလှဆင်ဒီဇိုင်း၊
၁၁။ ပျို့စား (Pye’zha”) ခေါ် လွယ်ပလိုင်းဒီဇိုင်း
အစရှိသည်တို့၌ မိမိကြိုက်နှစ်သက်ရာ “ခူ” ထိုးကွက်ဒီဇိုင်းများဖြင့် အလှဆင်ကြသည်။
(ခ) အမျိုးသား အသုံးအဆောင်များ
သစ်ခွချည်မျှင်များကို အမျိုးသားများ အသုံးပြုသော ရိုးရာဓားလွယ်ကြိုး၊ ရိုးရာကွမ်းအစ် အဖုံး များ၊ ဆေးတံအိုးများ၊ ရိုးရာလွယ်အိတ်များနှင့် ရိုးရာခေါင်းပေါင်းများ အစ ရှိသည်တို့၌ ထည့်သွင်း အသုံး ပြုကြပါသည်။
ခူ ခေါ် သစ်ခွချည်ထိုးကွက် ရှေးခေတ် ဒီဇိုင်းအမျိုးအစားများ
အသုံးပြုသော နေရာအလိုက် ရှေးအခါက သစ်ခွချည်ထိုးကွက် ဒီဇိုင်း “ခူ” အမျိုးအစား ၄၃ မျိုး ရှိပါသည်။ ယင်းတို့မှာ –
၁။ Kyi Baubg: ကီဘောင်
၂။ Kyi Kaui ကီကွိုင်
၃။ Kyao” Tho: ကျောထော
၄။ Jhang: Ku: Jid’ ကျန်ကူဂျိတ်
၅။ Kung: Kaui ကုံးကွိုင်
၆။ Kung” Zhaung ကုံးစောင်း
၇။ Jha Kad’ ကျကတ်
၈။ Khan” Pyi ခမ်းပြီ
၉။ Ce’ Mo” ချဲ့မော
၁၀။ Ce’ Zo: ချဲ့ဇော်
၁၁။ Ce’ Tug’ ချဲ့သုတ်
၁၂။ Ce’ Paug” ချဲ့ပေါက်
၁၃။ Ce’ Zhaung ချဲ့စောင်
၁၄။ Ce’ Sham: ချဲ့ရှမ်း
၁၅။ Khu: Kaui ခူကွိုင်
၁၆။ Khu: Kung” ခူကုံး
၁၇။ Khu: Thao ခူထော
၁၈။ Khug Zag’ Thao ခုတ်ဇတ်ထော
၁၉။ Pyan Kaui ပျံကွိုင်
၂၀။ Jham Pad’ ကျမ်ပတ်
၂၁။ Nge’ Gyo” ငဲ့ကျော်
၂၂။ Zeim Zhain ဇွမ်ဇိုင်
၂၃။ Zeim Kaui ဇွမ်ကွိုင်
၂၄။ Zaung Khyid, ဇောင်ခရိတ်
၂၅။ Na Be’ နဘဲ
၂၆။ Na Pyain: နပြိုင်
၂၇။ Bin: Bu” ဘင်ဘူး
၂၈။ Bao Lam ဘော်လန်
၂၉။ Bao Khao’ ဘော်ခေါ့
၃၀။ Bug Shad’ ဘုတ်ရှက်
၃၁။ Be’ Ce’ ဘဲ့ချဲ့
၃၂။ Myo, Lhang” မျှော့လိုင်း
၃၃။ Myo, Shai” မျှော့ရှိုင်း
၃၄။ Mai Myo, မိုင်မျှော့
၃၅။ Mai Mhag’ မိုင်မိုက်
၃၆။ Mai Phyid’ မိုင်ဖြိတ်
၃၇။ Mai Qid’ မိုင်ရိတ်
၃၈။ Thaung” Ku” ထောင်းကူး
၃၉။ Tho’ Lho” Thao ထော့လောထော
၄၀။ Tung” Kaui တုန်းကွိုင်
၄၁။ Tung” Naui တုန်းနွယ်
၄၂။ Vo, Khu ဝေါ့ခူ
၄၃။ Kha: Khu ခါခူ စသည်တို့ ဖြစ်ပါသည်။
“ခူကဲ့” ခေါ် သစ်ခွချည်ရက်လုပ်ပုံ ၁၄ မျိုး
လော်ဝေါ်ဘာသာဖြင့် အဝတ်အထည်၌ ရောင်စုံချည်မျှင်များ၊ သစ်ခွချည်မျှင်များ ရက်လုပ် ပုံဖော်ခြင်းကို လော်ဝေါ်ဘာသာဖြင့် “ခူကဲ့” ဟု ခေါ်ပါသည်။ ယနေ့ခေတ်တွင် သစ်ခွချည်ဖြင့် ရက်လုပ် သော “ခူကဲ့” ၁၄ မျိုးသာ ကျန်ရှိတော့ပါသည်။ ယင်းတို့မှာ –
၁။ ဘိန်ဘူး Bin: bu” သုံးပင်ပန်းထိုး
၂။ ကျကတ် Jh – kag’ အနားကွပ် ကင်းခြေထိုး
၃။ နပျံ Npyan: ခရုပတ်ထိုး
၄။ ဘော်ခေါ့ Bao kho’ နှစ်ပင်လိမ်ထိုး
၅။ ဘော်လန် Bao lam လေးပင်ကျစ်ထိုး
၆။ ဇွန်ဇိုင် Zeim zhain စွန်ခြေ/ သုံးပင်ကြိုးထိုး
၇။ ဇွန်ကွယ် Zeim Koi ချည်တစ်ပင်စပ်ထိုး
၈။ စောင်ရေ Zhaungqid ဖျောက်စိတ်ထိုး
၉။ ကျီငယ် Kyinghoe: ချိတ်ကောက်ထိုး
၁၀။ ကျီဘောင် Kyibaung: ကြယ်ပွင့်ထိုး
၁၁။ ဇော်ချဲ့ Zo: ce’ ဆန်စေ့ထိုး
၁၂။ ခမ်ပြည် Khampyi ကျခတ်
၁၃။ ချဲ့စော Ce’zhao ထပ်ထိုး
၁၄။ ချဲ့မော Ce;mo” ပွင့်ကြီးထိုး တို့ ဖြစ်ပါသည်။
သစ်ခွချည် ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ
သစ်ခွချည် ထုတ်လုပ်မှုအား လေ့လာရာ ဈေးကွက်အနေဖြင့် တွင်တွင်ကျယ်ကျယ် ပျံ့နှံ့မှု မရှိဘဲ ရိုးရာဝတ်စုံများအတွက်သာ တစ်ပိုင်တစ်နိုင် ထုတ်လုပ်ကြောင်း တွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ် ကွင်းဆင်း မှတ်တမ်းအရ ထိုကာလတွင် ရိုးရာ ဝတ်စုံတစ်စုံ (အင်္ကျီနှင့် လုံချည်) အတွက် ထည့်သွင်း အသုံးပြုရသော သစ်ခွချည် ကုန်ကြမ်း၏ တန်ဖိုးမှာ ငွေကျပ် ၁၅၀၀၀ ခန့် ရှိပြီး ချည်ထိုးခ အပြီးအစီး ဆိုပါက တန်ဖိုး အားဖြင့် ၂၅၀၀၀ ကျပ်ခန့် ကုန်ကျပါသည်။ ဈေးကွက် မိတ်ဆက်မှု အနေဖြင့် စင်္ကာပူနိုင်ငံ၌ ကျင်းပ ခဲ့သော သစ်ခွပန်းပွဲတော်တွင် မြန်မာနိုင်ငံမှ သစ်ခွချည်ဖြင့် ရက်လုပ်ထားသော လော်ဝေါ်ဝတ်စုံ ကို ခင်းကျင်းပြသခဲ့ဖူးကြောင်း သိရှိရပါသည်။
ဂုဏ်သတ္တိ
“လောင်ဇွမ်” ခေါ် “ကောက်ညှင်းသစ်ခွ” ၏ သဘာဝ ဂုဏ်သတ္တိများမှာ မြေပြင်သို့ မကျဘဲ မြင့်မားသော ကျောက်ကမ်းပါး၊ သစ်ပင်မြင့်တစ်ခုမှတစ်ခုသို့ ခုန်ကူးမျိုးပွားပျံ့နှံ့သွားခြင်း၊ ကာလ သက်တမ်း မည်မျှပင် ကြာသော်လည်း ရွှေဝါရောင်သစ်ခွချည်မျှင်များ၏ အရောင်အဆင်း မှေးမှိန် ပျောက်ကွယ်မသွားခြင်း၊ အခြားသောဆိုးဆေး အရောင်များသည် ကာလကြာလျှင် အရောင်မွဲပြီး ပျောက်ကွယ်သွားသော်လည်း သစ်ခွချည်မျှင်၏ အရောင်အဆင်းသည် ကာလကြာလေ အရောင်ပို၍ တောက်ပလာခြင်း၊ ကာလကြာရှည် အထားခံခြင်း၊ ဆွေးမြည့်မသွားခြင်း တို့ဖြစ်ပါသည်။
“လော်ဝေါ်” တိုင်းရင်းသားတို့သည် ရွှေဝါရောင်ကို လွန်စွာ နှစ်သက်ကြပါသည်။ “လော်ဝေါ်” တိုင်းရင်းသားတို့သည် ရွှေဝါရောင်အဆင်းရှိသော သစ်ခွချည်မျှင်ကို မြတ်မြတ်နိုးနိုး တန်ဖိုးထား၍ ရိုးရာ ဝတ်စုံများတွင် ထည့်သွင်း ဝတ်ဆင်ကြပါသည်။ သစ်ခွချည်မျှင်၏ ရွှေဝါရောင် အဆင်းကြောင့်လည်း “လော်ဝေါ်” တိုင်းရင်းသားတို့သည် အလှဆင်ပစ္စည်းအဖြစ် နေရာစုံတွင် အသုံးပြုခြင်း ဖြစ်ပါသည်။ ရွှေရောင်အဆင်းနှင့် သစ်ခွချည်သည် နှစ်ကာလ မည်မျှပင် ကြာလာသည့်တိုင်အောင် အရောင် မပြောင်း လဲခြင်း၊ ပျက်စီးမလွယ်ခြင်း စသော ဂုဏ်သတ္တိများနှင့် ပြည့်စုံနေကြောင်းကို ရှေးခေတ် “လော်ဝေါ်” ဝတ်စုံများကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။
“လော်ဝေါ်” သစ်ခွချည် အဆင်တန်ဆာ လုပ်ငန်းသည် ခေတ်အဆက်ဆက်မှသည် ယနေ့တိုင် အောင် ထိန်းသိမ်း စောင့်ရှောက် သုံးစွဲလာခဲ့သော ရိုးရာ လက်မှုလုပ်ငန်းတစ်ရပ် ဖြစ်သကဲ့သို့ သစ်ခွချည် ထိုးသော ပညာရပ်သည်လည်း ခက်ခဲနက်နဲသော လက်မှုပညာရပ်တစ်ခုအဖြစ် တည်ရှိနေပါသည်။ ထို့အပြင် သစ်ခွချည် အဆင်တန်ဆာ လုပ်ငန်းသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံမှ “လော်ဝေါ်” တိုင်းရင်းသား တစ်မျိုးတည်းသာ ထုတ်လုပ် အသုံးပြုလျက်ရှိသော ဂုဏ်ယူဖွယ်ရာ ကိုယ်ပိုင် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ဖြစ်ကြောင်း ရေးသားဖော်ထုတ် တင်ပြလိုက်ပါသည်။
ကျမ်းကိုးစာရင်း
၁။ ဒိုင်လွမ်း၊ ဦး လောင်ဇွမ်သစ်ခွချည် အသုံးပြုလာပုံနှင့် နောက်ခံသမိုင်း
၂။ လဂန်ဒေါင်ဟောင်း၊ ဦး လော်ဝေါ်(မရူ) လူမျိုးများ နေထိုင်ဆင်းသက်လာပုံ နှင့် သိကောင်းစရာများ
၃။ မြတ်ဝေတိုး၊ ပညာရေးတက္ကသိုလ် လော်ဝေါ်ရိုးရာယဉ်ကျေးမှုဓလေ့များ
၄။ တင်လတ်ယု၊ ဦး လော်ဝေါ်သစ်ခွချည်လုပ်ငန်းကွင်းဆင်းသုတေသန (စာတမ်း ၂၀၁၈)
၅။ တင်လတ်ယု၊ ဦး ကချင်မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှုများစာတမ်း
တွေ့ဆုံမေးမြန်းခဲ့သူများ
၁။ ဦးဒေါင်ဟော (အတွင်းရေးမှူး၊ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့)၊ အသက် ၄၃ နှစ်၊ မြစ်ကြီးနားမြို့
၂။ ဦးလဂန်ဒေါင်ဟောင်း (ဥက္ကဋ္ဌ၊ လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ (ငြိမ်း))၊ အသက် ၆၈နှစ်၊ ချီဖွေမြို့နယ်
၃။ ဒေါ်ဇောင်းလွန်း (သစ်ခွချည်ရက်လုပ်သည့် ပညာရှင်)၊ အသက် ၆၇ နှစ်၊ ဝိုင်းမော်မြို့နယ်
ကွင်းဆင်းသုတေသန ပြုလုပ်ခဲ့သော နေရာများ
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်များ
ဓါတ်ပုံများ (Credit: စာရေးသူ)



















