ချမ်းသာတဲ့ နိုင်ငံတွေက ဆင်းရဲပြီး အတိဒုက္ခရောက်နေတဲ့ နိုင်ငံတွေကို အဆင်ပြေပါစေတော့ရယ်လို့ အကူအညီ အထောက်အပံ့ (အေအိုင်d) တွေ ပေးခဲ့ကြတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကို ပေးကမ်းစွန့်ကြဲ၊ ထောက်ပံ့ခဲ့ကြပေမယ့် ဒီနိုင်ငံတွေဟာ “ပေးကား ပေး၏ မရ” ဆိုသလို အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမလာဘဲ ဒုံရင်းအတိုင်း ဆင်းရဲမြဲ ဆင်းရဲနေတာ တွေ့ကြရတယ်။ ဘာ့ကြောင့်လဲ..။
ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ မာလာဝီ ဟာ ကမ္ဘာကြီးက ပေးတဲ့ အထောက်အပံ့ တွေနဲ့ ရပ်တည်နေတဲ့နိုင်ငံပါ။ ၁၉၇၀ပြည့်လွန်နှစ်များက ကမ္ဘာ့ဘဏ်အကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ လီလွန်ဝေမြို့ရဲ့ ဖြောင့်တန်းတဲ့ လမ်းမပေါ်မှာ လူမှုကူညီရေးအလှူခံအသင်းရုံးတွေ၊ ဖွံ့ဖြိုးရေးအေဂျင်စီရုံးတွေ နဲ့ အစိုးရရုံးတွေဟာ တန်းစီလို့ နေတယ်။ တစ်မူထူးခြားတဲ့ အဲဒီနေရာမှာ နိုင်ငံခြားသားဝန်ထမ်းတွေအတွက် ထမင်းချက်တွေ၊ သန့်ရှင်းရေး ဝန်ထမ်းတွေကအစ ခန့်ထားပြီး အဆောက်အအုံတိုင်းရဲ့ ဝင်ပေါက်မှာလည်း သက်ဆိုင်ရာအလှူရှင်နိုင်ငံများရဲ့ အလံတွေ တလူလူလွှင့်ထူထားတာကို မြင်ကြရတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ် ငါးခုအတွင်း မူဝါဒချမှတ်သူတွေဟာ ဆိုင်ရာနိုင်ငံအလိုက် သီးခြား အလုပ်အကိုင်တွေကို ခွဲခြားပေးခဲ့ကြတယ်။ စာသင်ကျောင်းတွေကို ဗြိတိန်က ထောက်ပံ့ပြီး စွမ်းအင်ကဏ္ဍကို ဂျပန်က ကူညီကာ ဥရောပက စိုက်ပျိုးရေးအတွက် တာဝန်ယူတယ်။ အိုင်ယာလန်ကတော့ တရားမျှတမှု တက်ကြွလှုပ်ရှားသူတွေအတွက် သင်တန်း ပို့ချတယ်။ တရုတ်ထောက်ပံ့ငွေနဲ့ ရပ်တည်နေတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တံခါးပေါက်တွေမှာ ဌာနအမည်တွေ ရေးထိုး ထားရမယ့် အစား USအေအိုင်D ဆိုတဲ့စာလုံးတွေကို ထင်ထင်ရှားရှား မြင်ရတယ်။
ပြီးခဲ့တဲ့ တစ်လကျော်ကတော့ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံတကာကို ပေးနေတဲ့အကူအညီတွေကို ရုတ်တရက် ဖြတ်တောက်လိုက်တဲ့အခါ ဒီဝန်ကြီးဌာနက အရေးကြီးတဲ့ အလုပ်တွေအားလုံး ရုတ်တရက် ရပ်ဆိုင်း သွားခဲ့တယ်။ သိပ်မကြာခင်မှာ Life-saving စီမံချက်အရ အကူအညီတချို့ ပြန်လည်ပေးအပ်ခဲ့ပေမယ့် ဒီ အကူအညီ တွေကို ဒေသဖွံ့ဖြိုးရေးတာဝန်ခံတွေရဲ့ ထောက်ခံမှုနဲ့သာ ပြန်စနိုင်မှာဖြစ်ပြီး တာဝန်ခံအတော်များများက ခွင့်ယူ ထားကြလို့ လုပ်ငန်းတချို့သာ ပြန်စနိုင်ခဲ့တယ်။ သားဖွားကျန်းမာရေးစောင့်ရှောက်မှု၊ ဒုက္ခသည်တွေအတွက် ထောက်ပံ့မှုအားလုံး ရပ်ဆိုင်းသွားပြီး ထရမ့်ရဲ့ရက် ၉၀ ကန့်သတ်မှု မပြီးမချင်း ပြန်စနိုင်ဖွယ်မရှိသေးဘူး။ တစ်ချိန်တည်းမှာ (life-saving) အရေးပေါ်အသက်ကယ်ဖို့ မဟုတ်တဲ့ တခြားသော အကူအညီ အထောက်အပံ့ တွေလည်း ရပ်ဆိုင်းသွားတယ်။ ဒီအကူအညီတွေက ဆင်းရဲတဲ့ မာလာဝီကို ဖွံ့ဖြိုးတိုးတက် ချမ်းသာလာအောင် ပြုလုပ်ပေးဖို့ ရည်ရွယ်ထားတဲ့ အထောက်အပံ့ အကူအညီတွေပါ။
ထရမ့်ရဲ့ ပြည်ပအကူအညီ အထောက်အပံ့ ရပ်ဆိုင်းရေး ဆုံးဖြတ်ချက်နောက်မှာ တခြား ဥရောပ နိုင်ငံ တွေကလည်း ပါဝင်လာတာတွေ့ရတယ်။ ဖေဖော်ဝါရီ ၂၅ ရက်မှာ ဗြိတိန်ဝန်ကြီးချုပ် ကိုင် စတာမာက ဗြိတိန်ရဲ့ ပြည်ပထောက်ပံ့ကူညီမှုကို ဂျီဒီပီရဲ့ ၀၅% ကနေ ၀၃% ထိ လျှော့ချခဲ့တယ်။ အမေရိကန်ပြီးရင် လှူဒါန်းမှု အရက်ရော ဆုံး ပြင်သစ်ကလည်း ဒီနှစ်မှာ အကူအညီ ၃၅% လျှော့ချမယ်လို့ ဆိုတယ်။ ဂျာမနီကလည်း ပြည်ပအကူအညီတွေ လျှော့ချဖို့ စီစဉ်နေတယ်။ စစ်တမ်းအရ ခုလို ပြည်ပအကူအညီလျှော့ချပစ်တာကို ပြည်သူတွေက ထောက်ခံကြတယ် လို့ ဆိုတယ်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ်က နာမည်ကျော် စီးပွားရေးပညာရှင်တချို့ကတော့ နိုင်ငံတွေကို စီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်တဲ့ ဖွံ့ဖြိုးရေးအသုံးစရိတ်တွေရဲ့ အရေးပါပုံတွေကို ထောက်ပြနေ ပေမယ့် တချို့သော စီးပွားရေးပညာရှင်တွေကတော့ ဒီအကူအညီတွေက ဘယ်လောက် အကျိုး ဖြစ်ထွန်း ခဲ့ပြီလဲ ဆိုတဲ့ အပေါ် မေးခွန်းထုတ်လာကြတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ချမ်းသာတဲ့နိုင်ငံတွေဟာ အကူအညီ ဒေါ်လာ ၂၅၆ ဘီလျံ ထောက်ပံ့ပေးအပ်ခဲ့ကြတယ်။ ဒီပမာဏဟာ အာဖရိကအောက်ပိုင်းနိုင်ငံအားလုံးပေါင်းကို ကူညီနိုင်တဲ့ သက်ဆိုင်ရာအစိုးရအားလုံးရဲ့ အခွန်ဝင်ငွေ ပမာဏ နဲ့ အတူတူလောက်ရှိတယ်။ ဒီအထဲက ငွေအချို့သာ ယဉ်ကျေးမှုဆိုင်ရာကိစ္စတွေ၊ ဒီမိုကရေစီ ဖွံ့ဖြိုး တိုးတက် ရေး နဲ့ လွတ်လပ်တဲ့ သတင်းစာတွေကို ပံ့ပိုးကူညီဖို့ အသုံးပြုပြီး လေးပုံတစ်ပုံကိုတော့ ဒုက္ခသည်များနဲ့ သဘာဝ ဘေးဒဏ်ကယ်ဆယ်ရေး၊ အိတ်ချ်အိုင်ဗီကုသရေး၊ ကာကွယ်ဆေး စတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အသုံးပြုတယ်။

အမေရိကန် နဲ့ ဗြိတိန်တို့က သူတို့ရဲ့ ထောက်ပံ့ငွေ ဖြတ်တောက်လိုက်တဲ့အခါ အထိနာဆုံးက အဲဒီအကူအညီ လက်ခံရယူ နေကြသူ တွေပါ။
အဆိုးဆုံးက ထရမ့်အစိုးရဖြတ်တောက်လိုက်တဲ့ USအေအိုင်D အကူအညီပါ။ ဖွံ့ဖြိုးရေးအကူအညီ လက်ခံ ရယူနေတဲ့ နိုင်ငံတွေဟာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်။ USအေအိုင်D က ပေးနေတဲ့ ဖွံ့ဖြိုးရေးအသုံးစရိတ်ဟာ အကူအညီ အားလုံးရဲ့ လေးပုံ သုံးပုံရှိတယ်။ စက်မှုလုပ်ငန်းတွေ၊ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ တစ်ခါတစ်ရံ ကျောင်းဆရာများရဲ့ လစာငွေတွေကို ဒီထောက်ပံ့ငွေက ရရှိကြတယ်။
မာလာဝီနိုင်ငံသားတွေဟာ ၁၉၆၄ခုနှစ် ဗြိတိန်နိုင်ငံက လွတ်လပ်ရေးရပြီးကတည်းက နှစ်စဉ် သူတို့ အစိုးရဆီက ရတဲ့ဝင်ငွေထက် နိုင်ငံတကာအဖွဲ့အစည်း အထောက်အပံ့ကတဆင့် ရရှိတဲ့ ဝင်ငွေက ပိုများပြီး ရကြတယ်။ ဒီနေ့ မာလာဝီရဲ့ အခြေအနေဟာ ဖွံ့ဖြိုးရေးအကူအညီတွေ ထိရောက်မှု ရှိမရှိ ပြသနေတယ်။
လွတ်လပ်ရေး ရုတ်တရက်ရရှိလာတဲ့ ကိုလိုနီနိုင်ငံတွေကို ကူညီဖို့ ဖွံ့ဖြိုးရေးအေဂျင်စီတွေကို စတင် ထူထောင် ခဲ့ကြတယ်။ စစ်ပြီးကာလ ဥရောပပြန်လည်ထူထောင်ရေးမှာ အောင်မြင်ခဲ့တဲ့ ” မာရှယ် စီမံကိန်း ” ကို နမူနာယူပြီး သမ္မတ ဂျွန်အက်ဖ် ကနေဒီဟာ ၁၉၆၁ခုနှစ်မှာ USအေအိုင်D ကို စတင်ထူထောင်ခဲ့တယ်။ ချမ်းသာတဲ့ နိုင်ငံတွေ အနေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို ပံ့ပိုးကူညီခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု နဲ့ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်နိုင်မယ်လို့ ယူဆတယ်။ အကူအညီပေး စီးပွားရေးပညာရှင်တွေက (အပိုပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုလောက်ပဲ) လိုအပ်မယ်ယူဆပြီး ဆင်းရဲတဲ့နိုင်ငံတွေကို ချမ်းသာတဲ့နိုင်ငံငယ်ကလေးတွေလို သဘောထားခဲ့ကြတယ်။ တချို့အေဂျင်စီတွေဆို အဲဒီ အချိန်တုန်းက ယာယီအားဖြင့် ထောက်ပံ့ငွေတချို့ကို ထုတ်ယူသုံးစွဲခဲ့ကြတယ်။
စစ်အေးလွန်ခေတ်မှာတော့ အကျိုးတူ ထောက်ပံ့ကူညီမှုတွေဟာ ဒီမိုကရက်တစ်ပြုပြင် ပြောင်းလဲရေး ခေါင်းစဉ်နဲ့ ချိတ်ဆက်ထားပြီး အော်တိုကရက်အာဏာရှင်တွေကြောင့် တိုင်းပြည်ဆင်းရဲရတယ်လို့ မူဝါဒ ချမှတ်သူတွေ က ယုံကြည်တယ်။ ၂၀၀၀ပြည့်နှစ် အစောပိုင်းရောက်လာတော့ ဖွံ့ဖြိုးရေးထောက်ပံ့မှုတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လူသားအရင်းအမြစ် တည်ဆောက် ရေးဘက် လှည့်သွားတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဖွံ့ဖြိုးရေးအကူအညီဟာ ၇၅% အထိ တိုးတက် ခဲ့တယ်။ ” တကယ်တမ်း ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် အဲဒီအချိန်ဟာ အချိန်ကောင်းပါပဲ” လို့ အောက်စ်ဖို့ တက္ကသိုလ်က စတီဖင် ဒါကွန် က ဆိုတယ်။
အခြေအနေတွေက ၂၀၁၄ ခုနှစ်ကနေ ၂၀၂၄ အကြား ပိုဆိုးခဲ့တယ်။ ကမ္ဘာကြီးပေါ်က ဆင်းရဲတဲ့ ၇၈ နိုင်ငံဟာ အကူအညီတွေ စတင်ပေါ်ပေါက်လာတဲ့ ၁၉၇၀ ခုနှစ်များကထက် စီးပွားရေးတိုးတက်မှု နှေးကွေးခဲ့တယ်။ အစောပိုင်း လေ့လာ တွေ့ရှိချက် တွေအရ ဒါအံ့ဩစရာတော့မဟုတ်ဘူး။ ၁၉၇၀ ကနေ ၁၉၉၇ အထိ အကူအညီ အထောက်အပံ့ တွေက ဆင်းရဲတဲ့ နိုင်ငံတွေအပေါ် အနည်းငယ် ထိရောက်မှုရှိဟန်ပြခဲ့တယ်လို့ နယူးယောက်တက္ကသိုလ်က ဝီလျံ အက်စတာလေ နဲ့ အခြားစာရေးသူ တစ်ဦးတို့က ၂၀၀၄ ခုနှစ်မှာ လေ့လာတွေ့ရှိခဲ့တယ်။ တစ်နှစ်အကြာမှာ ကမ္ဘာ့ဘဏ်က ဆယ်စုနှစ် နှစ်စုကြာ ဖွံ့ဖြိုးရေးအကူအညီပေးမှု ရလဒ်ကို ထုတ်ပြန်ခဲ့တယ်။ သုတေသီတွေကတော့ ထောက်ပံ့ငွေ နဲ့ ချေးငွေတွေကဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် ကိုတောင်မှ မစွမ်းဆောင်နိုင်ဘူးလို့ သုံးသပ်ကြတယ်။ ၂၀၁၉ ခုနှစ်မှာ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ကလည်း ခုလိုပဲ သုံးသပ်တယ်။ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး စင်တာ( Center for Global Development) က ချားလ် ကင်နီက “အကူအညီပေးလို့ ချမ်းသာ လာတဲ့ နိုင်ငံ မရှိသေးဘူး” လို့ မှတ်ချက်ပေးခဲ့တယ်။
နိုင်ငံတကာ အကူအညီအထောက်ပံ့တွေကို သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို အခြေခံပြီး ပေးအပ်တဲ့အခါ ထင်သလောက် တိုးတက်မှုမရှိတာလည်း တွေ့ရတယ်။ အကူအညီတွေ ဘယ်လောက်ပေးပေး အာဏာကို ဆုပ်ကိုင်ထားလိုတဲ့ တိုင်းပြည်ခေါင်းဆောင်တွေဟာ အကူအညီတွေရယူပြီး သူတို့အာဏာ တည်မြဲဖို့ကိုပဲ အဓိကထားတာတွေ့ရတယ်။
အကူအညီ အထောက်အပံ့တွေ ပေးပေမယ့် ဘာ့ကြောင့် ထိရောက်မှုမရှိ ဖြစ်ရတာလဲ။
အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ ဗျူရိုကရေစီအဖွဲ့အစည်းတွေမှာ ငွေတွေကို ဖြုန်းတီး ပစ်လိုက် တယ်လို့ ဝေဖန်ခံ နေရတယ်။ တကယ့် အဖြစ်မှန်က ဒီ အဖွဲ့အစည်းတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လို လုပ်ရမယ် ဆိုတာတောင် မသိတဲ့ အခြေခံ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။ အနောက်နိုင်ငံတွေက ပေးအပ်တဲ့ အကူအညီ အများအပြားဟာ ဆယ်စုနှစ်များစွာ လွတ်လပ်မှု ရှိခဲ့တယ်။ တာဝန်ရှိသူတွေက ပုဂ္ဂလိကကဏ္ဍ အားပေးခြင်းဖြင့် ကမ္ဘာ့ဈေးကွက်ကို တင်ပို့နိုင်မယ်။ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးမယ့် ကျောင်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်နိုင်မယ့် အခြေခံအဆောက်အအုံတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်တယ်။ ကူညီ ထောက်ပံငွေ လက်ခံ ရရှိတဲ့နိုင်ငံတွေကလည်း လွတ်လပ်တဲ့ ဈေးကွက်မှာ အတားအဆီးဖြစ်နေတဲ့ စည်းကမ်း ကန့်သတ်ချက်တွေ ဖယ်ရှားပေးဖို့ မလိုအပ်တဲ့ အသုံးစရိတ်တွေ မရှိဖို့ တိုက်တွန်းရတယ်။
အထောက်အပံ့ရယူတဲ့ နိုင်ငံတွေဟာ အကူအညီတွေကို စီမံခန့်ခွဲတဲ့ကိစ္စ၊ လုံခြုံရေးနဲ့ မှတ်တမ်း တင်တဲ့ ကိစ္စအားလုံးမှာ ဗြူရိုကရေစီယန္တယားအဖြစ် ဖန်တီးကြတယ်။ မာလာဝီ ဆိုရင် အကူအညီတွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ထက် စီမံခန့်ခွဲတဲ့နေရာမှာ ဝန်ထမ်းတွေကို အများကြီး ခန့်ထားကြတယ်။ နှစ်ပေါင်း ၆၀ ကျော် လက်ဝေခံနိုင်ငံအဖြစ်ရပ်တည်လာတဲ့ ဆင်းရဲတဲ့ ဒီနိုင်ငံများဟာ လူထုဝန်ဆောင်မှုလုပ်ငန်းတွေကို ထောက်ပံ့ ငွေတွေနဲ့ လုပ်ဆောင်နေကြပြီး ထောက်ပံ့ငွေမရှိဘဲ မရပ်တည်နိုင်ကြတော့ဘူး။
ဒါ့ကြောင့် ဘယ်လောက်ပဲ မလောက်မငဘူးဆိုပေမယ့် ဖွံ့ဖြိုးရေးအသုံးစရိတ် ဖြတ်တောက်မှုဟာ အိပ်မက်ဆိုးကြီး တစ်ခုပဲဖြစ်တယ်။ ဒီအခြေအနေမှာ နိုင်ငံခေါင်းဆောင်တချို့က ဆေးရုံ နဲ့ ကျောင်းတွေအတွက် အသုံးစရိတ်ကို လျှော့ချရတော့မယ်ဆိုပြီး ကန့်ကွက်လာကြတယ်။
ပါးနပ်တဲ့ နိုင်ငံရေးသမားတွေဟာ လုပ်ငန်းတွေ ဆက်လက်လည်ပတ်၊ ပြုပြင် ပြောင်းလဲရေး အခက်အခဲ တွေကို ကျော်လွှားပြီး မဲဆန္ဒရှင်တွေ စိတ်ပျက်မသွားရအောင် အလှူရှင်တွေနဲ့လည်း လက်တွဲကြရတယ်။ အလှူရှင် တွေရော မဲဆန္ဒရှင်တွေပါ ကျေနပ်အောင် မလုပ်နိုင်တဲ့အခါ အီဂျစ်၊ ကင်ညာနဲ့ ပါကစ္စတန်အစိုးရတွေဟာ အကျပ်အတည်း တွေနဲ့ ကြုံခဲ့ ရတယ်။
နိုင်ငံတကာအကူအညီတွေကြားမှာ အခက်အခဲကြုံရတာ အစိုးရတွေချည်းပဲမဟုတ်။ နိုင်ငံအတော်များများမှာ ဘဏ်လုပ်ငန်းစနစ်ကအစ သွင်းကုန်ခွင့်ပြုချက်အထိ အလှူရှင် စိတ်ကြိုက် လုပ်ဆောင်ပေးရတာလည်း ရှိတယ်။ နှစ်စဉ် နှစ်တိုင်း အဆက်အသွယ်ကောင်းပြီး ပညာတတ်တဲ့ မာလာဝီနိုင်ငံသားတချို့ဟာ ပြည်ပမှာ ပညာသင်ကြားပြီး မာလာဝီကို ပြန်လာကြတယ်။ သူတို့က စီးပွားရေးလုပ်ငန်းသစ်ထူထောင်တာမျိုးမလုပ်ဘဲ “လူမှု ကူညီရေး အလှူခံ ဌာန” တွေ ဖွင့်ကြတယ်။ ရုံးဖွင့်ရက်တွေမှာဆို သူတို့ဟာ လီလွန်ဝေမြို့က ကောင်းမွန်တဲ့ စားသောက်ဆိုင် ကြီးတွေမှာ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံပြီး အစည်းအဝေးလုပ်ကြတယ်။ သူတို့တွေက မြို့လယ်ကောင်နဲ့ မလှမ်းမကမ်းက ထောက်ပံ့ ကူညီရေး အေဂျင်စီတွေက ငှားရမ်းပေးတဲ့ ရုံးတွေမှာ နေကြတယ်။ လစာ အလွန် ကောင်းပြီး သာမန် မာလာဝီ ပုဂ္ဂလိကလုပ်ငန်းတွေက မရတဲ့ လစာမျိုး ရရှိကြတယ်။
နိုင်ငံတကာ အထောက်အပံ့အကူအညီအားလုံး အလုပ်မဖြစ်ကြပါဘူး။ ထောက်ပံ့ကူညီမှုတွေ အားလုံး ဆီးသီး ဗန်းမှောက်သလို တကယ်ဒုက္ခရောက်နေကြသူတွေဆီ ထိထိရောက်ရောက် မရောက်ရှိဘဲ သက်ဆိုင်ရာနိုင်ငံရဲ့ ဗျူရိုကရေစီယန္တယားအောက်မှာ ပျောက်ဆုံးသွားတဲ့ သာဓကတွေ အများကြီး ရှိတယ်။ အာဖရိက က ဆင်းရဲတဲ့ နိုင်ငံတချို့ဟာ နိုင်ငံကြီးတွေရဲ့ ထောက်ပံ့လှူဒါန်းမှုနဲ့ ရပ်တည်နေသလို ထောက်ပံ့ကူညီမှုတွေကတစ်ဆင့် အဲဒီနိုင်ငံ ဖွံ့ဖြိုး တိုးတက် လာတာလည်း မရှိခဲ့ဘူး။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကတော့ ” နိုင်ငံခြားအကူအညီတွေကို ဆက်ပြီး ထောက်ခံ အားပေးသွားမှာပါ။ ဒါပေမဲ့ နိုင်ငံခြား အကူအညီဆိုတာ အလှူငွေ မဟုတ်ဘူး ဆိုတာသိစေချင်တယ်။ ဒီအကူအညီ တွေဟာ အမေရိကန်အမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ အကူအညီပဲဖြစ်ရမယ်” လို့ ပြောသွားခဲ့တယ်။
နိုင်ငံတကာအကူအညီအထောက်အပံ့တိုင်းမှာ နှောင်ကြိုးတွေ ရှိနေတတ်ကြတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေ ချမ်းသာလာစေဖို့ ရည်ရွယ်ချက်နဲ့ ၁၉၇၀ပြည့်လွန်နှစ်တွေကတည်းက စပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ပေးတဲ့အကူအညီတွေဟာ လက်တွေ့မှာ ထိရောက်မှု မရှိ၊ တိုးတက်မှုဖြစ်မလာတဲ့အချိန်မှာ ထရမ့်ရဲ့ နိုင်ငံခြား အကူအညီ အထောက်အပံ့ ဖြတ်တောက်ရေးမူဝါဒ ထွက်ပေါ်လာခဲ့တာပါ။ တကယ်တမ်းကျတော့ ကမ္ဘာကြီးရဲ့ ဒုက္ခရောက်နေတဲ့ နေရာတွေမှာ အကူအညီအထောက်အပံ့တွေဟာ အသေအချာ လိုအပ်နေတယ်။
ကာကွယ်ဆေးထိုး နဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးလို ကျန်းမာရေးစောင့်ရှောက်မှုကအစ ပညာရေး၊ ကျန်းမာရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအပါအဝင် နိုင်ငံတကာအကူအညီအထောက်အပံ့တွေဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ မရှိမဖြစ်လိုအပ်နေဆဲပဲ ဖြစ်တယ်။ ဒီဆောင်းပါးမှာ ဆောင်းပါးရှင်က USအေအိုင်D အပါအဝင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့က ဖွံ့ဖြိုးတိုးတက်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ (အထူးသဖြင့် ဆင်းရဲပြီး ပဋိပက္ခ ထူပြောတဲ့ အာဖရိကနိုင်ငံတွေ)ကို ပေးအပ်လိုက်တဲ့ အကူအညီတွေဟာ နောက်ဆုံးမှာ ဘာမှ ထူးခြားမလာဘဲ အလဟဿ ဖြစ်သွားတာကို သုံးသပ်ထားတယ်။
လက်တွေ့မှာလည်း နိုင်ငံတကာအကူအညီအထောက်အပံ့အတော်များများဟာ စစ်ဘေး၊ သဘာဝ ဘေးတွေ ကြောင့် အမှန်တကယ် ဒုက္ခရောက်နေကြတဲ့ ဒုက္ခသည်တွေထံ ပြည့်ပြည့်ဝဝ၊ လုံလုံလောက်လောက် မရောက်ရှိဘဲ ဆီးသီး ဗန်းမှောက်သလို အဖြစ်မျိုးက ကမ္ဘာ့နေရာ အနှံ့မှာ ဖြစ်နေဆဲပဲ မဟုတ်လား..။
Ref: Aid cannot make poor countries rich. The Economist. 8 March 2025


