ကသာသွားလည်ချင်တဲ့ အင်္ဂလိပ်ဆရာဝန်
လွန်ခဲ့သော သုံးနှစ်ကျော် လေးနှစ်ကာလက ယူကေနိုင်ငံ တော်ဝင်သမားတော် ကောလိပ်က ကြီးမှူး စစ်ဆေးသည့် အမ်အာစီပီ (MRCP – UK) စာမေးပွဲကို မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည်။ တော်ဝင် ကောလိပ် စာစစ်သူများနှင့် မြန်မာ ဆရာဝန်ကြီးများ ပူးပေါင်းစစ်ဆေးသည့်စာမေးပွဲ။ ရန်ကုန် စာစစ်ဌာနတွင် စတင်စစ်ဆေးပြီးနောက် မန္တလေး စာစစ်ဌာနသို့ လာရန်စီစဉ်ထားသည်။ တော်ဝင်ကောလိပ်မှလာရောက်စစ်ဆေးသူ ဗြိတိသျှဆရာဝန်တစ်ဦးက မန္တလေးတွင် စာမေးပွဲ စစ်ဆေးပြီး သည့်အခါ ကသာမြို့သို့သွားရောက်လည်ပတ်ချင်ကြောင်း၊ မည်သို့ သွားရမည်ကို သိလိုကြောင်း ရန်ကုန်ကနေ မန္တလေး ဆေးတက္ကသိုလ် ဆေးပညာဌာနမှ တာဝန်ရှိသူ တစ်ဦးထံ အကြောင်းကြား လာသည်။ ကသာကို သူသွားချင်တဲ့အကြောင်းရင်းက ၁၉၂၆ ခုနှစ်မှ ၁၉၂၇ ခုနှစ်အထိ ကိုလိုနီ ပုလိပ် အရာရှိအဖြစ် ဂျော့ချ်အော်ဝဲလ် အမှုထမ်းသွားသည့် မြို့ဖြစ်၍ တစ်ကြောင်း၊ သူ၏ ဗွေဆော်ဦး စာအုပ် Burmese Days (1934) ပေါက်ဖွားရာ နေရာဖြစ်၍တစ်ကြောင်းဖြစ်ပါသတဲ့။
တာဝန်ခံ ဆရာဝန်ကြီးခမျာ ဂျော့ချ်အော်ဝဲလ် မသိ။ ကသာမြို့ ကြားဖူးရုံ။ သို့နှင့် နောက်ဆုံး ကသာသား ကျွန်တော့်ထံဒီကိစ္စ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ အသွားခရီးကို လေယာဉ် နှင့်သွားပါ။ မန္တလေး-ဗန်းမော် လေယာဉ်ရှိသည်။ ဗန်းမော်ကနေ ကသာကို သင်္ဘောနှင့်စုန်ပါ။ မြစ်ကမ်းဘေး ဝဲယာရှုခင်းအလွန်လှသည်။ ကျောက်တောင်ကြီးတွေ မိုးနေသော ဒုတိယမြစ်ကျဉ်းနေရာ အလွန်သာယာသည်။ ငှက်နှုတ်သီး သဏ္ဌန် ကျောက်ဆောင်ကြီး ရေသောက်မည့်ဟန်ပြင်နေတာ မြင်ရမည်။ ကသာမှာတစ်ညအိပ်ပါ။ ဂျော့ချ်အော်ဝဲလ် နှင့် စပ်ဆိုင်သမျှ နေရာအနှံ့လိုက်ကြည့်တာ တစ်ရက်နှင့် ပြီးပါသည်။ မန္တလေးအပြန်ခရီးကို ကားနှင့်ပြန်ပါ။ ခုနစ် နာရီ ကျော်ကျော်ပဲ မောင်းရသည်။ လမ်းကောင်းသည် စသဖြင့် အကြောင်းစုံစကားပြန်လိုက်ပါသည်။ သူ့ထံမှ အကျိုး အကြောင်း ဘာမှထပ်မကြားရ။
ဂျော့ချ်အော်ဝဲလ်မမေ့သေးသူများ
ကမ္ဘာတစ်ဝန်းမှ စာချစ်သူများက ဂျော့ချ်အော်ဝဲလ်ကို ယနေ့တိုင်မမေ့နိုင်။ သူ့စာအုပ်တွေက ယနေ့ထိရောင်းချနေရဆဲ။ သူ့အကြောင်း ယခုတိုင်ရေးနေရဆဲ။ ၂၀၂၁ နှစ်ကပဲ Rebecca Solnit ၏ Orwell’s Roses (အော်ဝဲလ်၏ နှင်းဆီပန်းများ) ထွက်ခဲ့သေးသည်။ မြန်မာ စာဖတ်ပရိသတ်များနှင့် လည်း သူက စိမ်းသူမဟုတ်။ သူ၏ Burmese Days ကို မြန်မာ စာရေးဆရာသုံးဦး ဘာသာပြန် ဖူးသည်။ (သက်လယ် – ၁၉၅၈၊ ရွှေသွေး – ၁၉၆၆၊ မောင်မြင့်ကြွယ် – ၂၀၁၂) သူ၏ Animal Farm ကို ဆရာကြီး သခင်ဘသောင်းက “ခြေလေးချောင်းတော်လှန်ရေး” (၁၉၅၁) အမည်ဖြင့်၎င်း၊ သူ၏ နာမည်ကျော် Nineteen Eighty-four ကို ဆရာမဝင့်ပြုံးမြင့်က “၁၉၈၄” (၂၀၂၁) အမည်ဖြင့်၎င်း အသီးသီး ပြန်ဆို ထုတ်ဝေခဲ့သည်။ ၁၉၈၄ စာအုပ်ဂယက်က ယနေ့တိုင်ကမ္ဘာအနှံ့ရိုက်ခတ်နေဆဲ။
ယခုဘာသာပြန်ဆိုလိုက်သည့်ဆောင်းပါးက ဂျော့ချ်အော်ဝဲလ်ချစ်သူနှစ်ဦးအကြောင်းကို ရှုထောင့် တစ်မျိုးနှင့် တင်ပြထားသည့် ဆောင်းပါး။ ရေးသူက စကော့တလန် အက်ဒင်ဗရာမြို့တော်က ဆရာဝန် စာရေးဆရာ ကောလင်း ဒေါက်ဂလပ်စ် (Colin Douglas)။ ၁၉၄၅ ခုဖွား စကော့တလန်၊ ဂလပ်စဂိုမြို့တော်သား။ ၁၉၇၀ ခုနှစ်တွင် အက်ဒင်ဗရာ တက္ကသိုလ်မှ ဆေးပညာဘွဲ့ရသူ။ သူ့စာက အက်ဆေးလိုလို၊ ဝတ္ထုတိုလေးလိုလို။ သူ့စာထဲ အိုဟင်နရီရဲ့ ဝတ္ထုတိုတွေ ထဲကလို ခလုတ်လေး တစ်ခုပါသည်။ အော်ဝဲလ်ချစ်သူများဖတ်ကြည့်၊ ခံစားကြည့်၊ တွေးကြည့် ကြပါလေ။
Colin Douglas (1945- )
ထိုဆရာဝန်နှင့် ထိုအတ္ထုပ္ပတ္တိဆရာ
ညစာမစားမီ ဧည့်ခန်းဘားကောင်တာမှာ ကျွန်တော်တို့သုံးဦးသား မတ်တတ်ရပ်နေမိသည်။ စီနီယာ ဆရာဝန်ကြီး တစ်ဦး၊ လန်ဒန်မှလာရောက်သည့် ဧည့်သည်တစ်ဦးနှင့် ကျွန်တော်။ စိတ်တူ သဘောတူ ပြောစရာ များများစားစား မရှိသဖြင့် စကားဝိုင်းက တရွတ်ဆွဲနေသည်။ ဒီအချိန်မှာပဲ မမြင်ရသည့် စတုတ္ထလူတစ်ဦး စကားဝိုင်းထဲ ဝင်လာသည် ဟု ကျွန်တော်ဆိုခဲ့လျှင် လွန်ရာကျတယ် ပြောကြလေမလား။ တကယ်တော့ အဲသလို ခံစားလိုက်ရသည်။ ညနေခင်း စကားဝိုင်း ချက်ချင်း အရှိန် တက်လာသည်။
စကားဝိုင်းထဲဝင်လာတဲ့ မမြင်ရတဲ့ပုဂ္ဂိုလ်က ဂျော့ချ်အော်ဝဲလ်ပါပဲ။ နောင်မကြာမီ တွေ့ရကြုံရ မည့်ကိစ္စက သူ့အဖို့ အလွန်အကြူး စိတ်ဝင်စားဖွယ် ဖြစ်လောက်သည့်ကိစ္စ။ ကျွန်တော်က အော်ဝဲလ်ရဲ့ စာတွေရော၊ သူ့အကြောင်း ရေးထားတာတွေရော တော်တော်များများဖတ်ဖူးသည်။ ဖတ်သည့်အထဲ လတ်တလော ပုံနှိပ်ထုတ်ဝေထားသည့် သူ့ အတ္ထုပ္ပတ္တိ စာအုပ်တောင်ပါသည်။ ဝေဖန်ရေးသမားတွေဆီက မှတ်ချက်ကောင်းကောင်း ရသည့်စာအုပ်။ ဖြစ်ချင်တော့ အဲဒီ စာအုပ်ရေးသူက ကျွန်တော်တို့ စကားဝိုင်းထဲက လန်ဒန်သား ကိုရွှေဧည့်သည် ဖြစ်နေသည်။ ကုန်လွန်ခဲ့သည့် နှစ်ကာလများအတွင်း စီနီယာဆရာဝန်ကြီးက အော်ဝဲလ်အကြောင်း တစ်ခါတစ်ရံ ပြောတတ်သည်။ လွန်ခဲ့သော နှစ်များစွာက စကော့တလန်၊ ဟဲမိုင် အက်စ်ဆေးရုံ (Hairmyres Hospital) မှာ ဂျော့အော်ဝဲလ်ကို သူ ကြည့်ရှု ပေးခဲ့ ဖူးသည်။ အတ္ထုပ္ပတ္တိဆရာ စိတ်ဝင်စားမည် ထင်သဖြင့် ဒီအကြောင်းကျွန်တော် စကားစ ဖော်ပေးလိုက်သည်။
အတ္ထုပ္ပတ္တိဆရာအဖို့ ဒီသတင်းက သူ့အတွက်စိတ်ဝင်စားစရာထက် ယူကျုံးမရဖြစ်စရာ။ သူ့ ခမျာ “အလို … ဘုရားရေ” ဟုဘုရားတရ၊ သူ့နဖူး သူထုရသည် အထိဖြစ်သွားသည်။ “ကျွန်တော် ခင်ဗျားကို ဘာ့ကြောင့် ခြေရာမခံ မိခဲ့တာ ပါလိမ့်”ဟုပြောသည်။ ပြီးတော့ အဲဒီခေတ် ဟဲမိုင်အက်စ် ဆေးရုံက ဆရာဝန် နာမည်တသီကြီး သူ တတွတ်တွတ် ရွတ်ပြသည်။ သူလိုက်လံ ရှာဖွေခဲ့သူများ စာရင်း။ အခုအချိန် သူတို့အားလုံး ကွယ်လွန်သွားပြီ။ “ဒါဆို ခင်ဗျားက အဲဒီဆေးရုံက အလုပ်သင် ဆရာဝန်လား”ဟု အတ္ထုပ္ပတ္တိ ဆရာကမေးသည်။ စီနီယာဆရာဝန်ကြီးက ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြသည်။ သူ့ခမျာသူ့နောက်ဆုံးပေါ် “တွေ့ရှိမှုကြီး”ကြောင့် အမူးပြေပုံမရသေး။ “အဲဒီဆေးရုံက အလုပ်သင်ဆရာဝန်တွေအကြောင်း ကျွန်တော့်ခေါင်းထဲတစ်ခါမှ ဝင်မလာခဲ့ဘူး”ဟု သူကဝန်ခံသည်။
သူ့အရင် ဘယ်အတ္ထုပ္ပတ္တိဆရာကမှ ဒီအကြောင်းထည့်သွင်းမစဉ်းစားခဲ့။ အဲဒီအလုပ်သင် ဆရာဝန်ကို အခုသူတွေ့ရှိခဲ့ပြီကော။ အတ္ထုပ္ပတ္တိဆရာနှင့် စီနီယာဆရာဝန်ကြီးနှစ်ဦးသား, လုံးသွားကြပြီ။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဲဒီခေတ် အဲဒီဆေးရုံက ဆရာဝန်ကြီးတချို့ရဲ့သတင်း (အတင်း) တွေကို သူတို့ အချင်းချင်း လွတ်လွတ်လပ်လပ် ရယ်ရယ်မောမောပြောကြဆိုကြ။ နောက်တော့ အော်ဝဲလ်အကြောင်း သူတို့ပြောဖြစ်သွားသည်။ စီနီယာ ဆရာဝန်ကြီးက တီဘီ အထူးကု ဆရာဝန်ကြီးများနည်းတူ အော်ဝဲလ်၏အဆုတ်ဓာတ်မှန်တွေအကြောင်း အသေးစိတ်က အစ မှတ်မိနေသည်။ ဒီဓာတ်မှန်အတော်များများကို အတ္ထုပ္ပတ္တိဆရာလည်းသိထားပုံရသည်။ အော်ဝဲလ်ကို စထရက်တိုမိုင်စင် ထိုးဆေးနှင့် ကုသရသည့်အကြောင်း သူတို့ဆက်ပြောသည်။ စထရက်တိုမိုင်စင် ထိုးဆေးကို အော်ဝဲလ်၏ မိတ်ဆွေ သတင်းစာအယ်ဒီတာ၊ ပုံနှိပ်ထုတ်ဝေသူ ဒေးဗစ်အက်စ်တာက ဝယ်ပေးပုံ၊ ဆေးကို အမေရိကန်ပြည်ထောင်စုမှ ဗြိတိန်နိုင်ငံသို့ တင်ပို့ရပုံစသည်… ။ ဒီ့နောက် သူတို့ဆွေးနွေးတဲ့အကြောင်းအရာက ကျွန်တော့်ကို အံ့အားသင့် သွားစေသည်။ အော်ဝဲလ်ဆေးရုံတက်စဉ် သူနေခဲ့တဲ့ ဖျားနာဆောင်ထဲက တခြား လူနာတွေ အကြောင်း သူတို့ဆွေးနွေးကြခြင်းပါပဲ။ ဘယ်လူနာက ဘယ်သူဘယ်ဝါဆိုတာ၊ ဘာကုသမှုတွေရခဲ့တာ၊ သူတို့ တစ်တွေ ဘယ်လိုဖြစ်သွားခဲ့တာ ကအစ သူတို့ပြောနိုင်သည်။
အတ္ထုပ္ပတ္တိဆရာက စကားဝိုင်းကို ဦးဆောင်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်က လူနာ နာမည်တွေကို တန်းစီရွတ်သည်။ စီနီယာဆရာဝန်ကြီးက သူတို့အားလုံးကို မှတ်မိသည့်အပြင် လူနာတစ်ဦးချင်းစီရဲ့ ထူးခြားမှု ကလေးတွေ ကိုပါ ပြုံးပြုံးလေး ပြန်ဖော်သည်။ လူနာတစ်ယောက်ကလွဲ၍ ကျန်လူနာအားလုံး သူမှတ်မိသည်။ အဲဒီလူနာအမည်က ဂရန့်ဆိုပါစို့။ ဒီလူနာကိုတော့ စီနီယာ ဆရာဝန်ကြီး ဘယ်လိုမှမမှတ်မိ။ သူတုံ့သွားသည်။ “ဂရန့်တဲ့လား၊ ကျွန်တော်မသိဘူး၊ လုံးလုံးမသိဘူး၊ ဒီလူနာကိုဖြင့် ကျွန်တော်စဉ်းစားလို့မရဘူး” ဟုသူပြောသည်။ အတ္ထုပ္ပတ္တိဆရာက “အဲဒရီးက ကောင်လေးလေဗျာ။ အဆုတ်နှစ်ဖက်လုံးထိထားတာ။ အစကကောင်းမလိုလိုနဲ့ နောက်တော့ ဆုံးသွားတယ်”ဟုပြောပြီး စီနီယာဆရာဝန်ကြီးကိုဆက်နင်းသည်။ စီနီယာ ဆရာဝန်ကြီးက “မသိဘူးဗျ။ ကျွန်တော် သူ့ကိုတော့ မမှတ်မိဘူး” ဟုဖြေသည်။
ကျွန်တော်တို့ သုံးဦးသား ညစာစားဖို့ သွားကြသည်။ သူတို့နှစ်ယောက်သားကပ်ထိုင်ပြီး အချိန်ကို ကောင်းကောင်း အသုံးချလိုက်နိုင်သည်။ အော်ဝဲလ်၏ ရောဂါအကြောင်း ကိုယ်တွေ့ ပြောပြ ပေးနိုင်သည့် ဆေးပညာရှင်ကို အတ္ထုပ္ပတ္တိဆရာတွေ့ရှိသွားပြီ။ နောက်ကျသည် ဟုဆိုရသည့်တိုင် ဒုတိယအကြိမ် ထုတ်ဝေမည့် စာအုပ်အတွက်တော့ အချိန်မီပါပဲ။ သူ့အော်ဝဲလ် ပုံပြင်တွေကို အဆက်ဆက်သော သူ့လက်ထောက်ဆရာဝန်လေးတွေ၊ ဆရာဝန်ကြီးတွေထက် ပို၍စိတ်ဝင်တစားရှိသူကို စီနီယာဆရာဝန်ကြီး တွေ့ရှိသွားပြီ။ ကျွန်တော်က သူတို့ကို ကြည့်နေရုံ၊ နားထောင်နေရုံသက်သက်။
ညစာစားအပြီး သူတို့တစ်ယောက်ချင်းစီကို ကျွန်တော်သွားစကားပြောသည်။ အတ္ထုပ္ပတ္တိ ဆရာခမျာ အခုထိဝမ်းသာအားရဖြစ်တာအရှိန်မကုန်သေး။ သူတို့ပြောကြတာတွေထဲက တစ်ခုက ကျွန်တော့်ကို ဇဝေဇဝါ ဖြစ်စေသည်။ စီနီယာဆရာဝန်ကြီးမမှတ်မိတဲ့လူနာ – နာမည်က ဂရန့်။ ကျွန်တော်တို့ ဆရာဝန်ကြီးက လူနာအကြောင်း အသေးစိတ် မှတ်မိရာမှာ၊ မှတ်ဉာဏ်ပြန်ဖော်ရင် အကုန်အစင် ပြန်ထွက်အောင် လုပ်ရာမှာ နာမည်ကြီးသည်။ အတ္ထုပ္ပတ္တိ ဆရာက “အဲဒီလူနာလား။ ဒီလူနာက တကယ်မရှိပါဘူး။ ကျွန်တော်”လံကြုတ်”လိုက်တာပါ။ ဒီလောကထဲမှာ ကျွန်တော့်လောက် အနေကြာလာရင် ခင်ဗျားသိလာပါလိမ့်မယ်။ အော်ဝဲလ်အကြောင်း စပြော လိုက်တာနဲ့ အော်ဝဲလ်ကိုသိတယ်ဆိုတဲ့ လူတွေအားလုံးက သောက်ကျိုးနဲ သံယောင် လိုက်တတ်လွန်းလို့ဗျို့။ အော်ဝဲလ် လူသားစားတယ်ဆိုတဲ့ အချက်က ခင်ဗျား လိုချင်တဲ့ အချက်ပဲလို့ သူတို့ ထင်မြင်ခဲ့ရင် ဟုတ်တယ် .. အော်ဝဲလ် လူသားစားတယ်လို့တောင် သူတို့ကပြောကြလိမ့်မယ်။ ဒါ့ကြောင့် ဒီလိုလူတွေနဲ့ဆုံတဲ့အခါ ကျွန်တော်က လံကြုတ်တစ်ခုခုလုပ်ပြီး သူတို့ကို တောက်ကြည့်ရတာ” ဟုပြောပြီး သူကပြုံးသည်။ “ခင်ဗျားလူ စာမေးပွဲ အောင်တယ်ဗျ” ဟု အတ္ထုပ္ပတ္တိဆရာ ကပြောလိုက်သေးသည်။
စီနီယာ ဆရာဝန်ကြီးကလည်း အတ္ထုပ္ပတ္တိဆရာကို တစ်ပြန်တစ်လှည့်သဘောကျသည်။ “ဒီလူ သူ့အလုပ်သူ လုပ်ထားတယ်ဗျ။ မဆိုးဘူး။ ခြုံပြောရရင် မဆိုးဘူးပြောရမယ်။ အဲဒရီး ကဆိုတဲ့ကောင်လေးတော့ ကျွန်တော် မမှတ်မိဘူးဗျ။ ဂရန့်တဲ့။ အဲဒီအချိန်က အဲဒီနာမည်နဲ့ လူနာမရှိဘူး။ အင်းလေ … အဲဒီအချိန်မတိုင်ခင်က ရှိချင်ရှိမှာပေါ့။ ဒါမှမဟုတ် အဲဒီ အချိန်နောက်ပိုင်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ အော်ဝဲလ်ရှိတုန်းကတော့ အဲဒီနာမည်နဲ့လူနာမရှိဘူး။ ဒါတစ်ခုတော့ သူမှားသွားတယ်” ဟုသူကပြောသည်။
ညနေအတော်စောင်းသွားပြီ။ အတ္ထုပ္ပတ္တိဆရာရဲ့မာယာတွေ၊ ပရိယာယ်တွေကို ကျွန်တော်တို့ချင်း ဆွေးနွေး ဖို့ရာ အချိန်လွန်သွားပြီ။ ပသို့ဖြစ်စေ ကျွန်တော်တို့လူ စာမေးပွဲအောင်သည်။ ဒီအချိန်သူ့တံတောင်ဆစ်အနီး ရပ်နေသည့် ပိန်ရှည်ရှည်အော်ဝဲလ်တစ္ဆေက ခပ်ဖွဖွရယ်လိုက်သည်။
၂၀-၆-၂၀၂၂
စာညွှန်း။
Colin Douglas. 1994. The doctor and the biographer. BMJ. 22 October 1994.
မှတ်စု

Burmese Days ကို “လောင်းရိပ်အောက်က မြန်မာပြည်” အမည်နှင့်ဘာသာပြန်ခဲ့သူ စာရေးဆရာ ရွှေသွေးက “ဂျော့ချ်အော်ဝဲလ်သည် ဤဝတ္ထုကို မန္တလေးမြို့မြောက်ဘက် ၂၃ မိုင်ကွာ၊ မတ္တရာမြို့ အနီးရှိ ကျောက်တံတား ရွာကလေးအား အရေးပိုင်ရုံးစိုက်ရာမြို့အဖြစ်ဖန်တီးလျက် ဇာတ်အိမ်တည် ထားခြင်းဖြစ်သည်။” ဟူ၍ သူ့စာအုပ် နိဒါန်းတွင် ဖော်ပြခဲ့သည်။ နောက်ပိုင်းရရှိသော အထောက်အထားများအရ ဤအဆို မှန်ကန်မှုမရှိကြောင်းတွေ့ရသည်။ အော်ဝဲလ်၏ Burmese Days ကို ၁၉၃၄ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်နိုင်ငံ၌ စတင် ပုံနှိပ် ထုတ်ဝေခဲ့ရာ ဝတ္ထု အခြေစိုက်ရာဒေသကို ကသာဟု အတိအလင်းဖော်ပြထားသည်။ ကသာမြို့တွင်နေထိုင်သော သက်ရှိထင်ရှား ပုဂ္ဂိုလ်အချို့ကို အော်ဝဲလ်က ဝတ္ထုဇာတ်ကောင်အဖြစ် ဖန်တီးထားခြင်းဖြစ်ရာ အသရေဖျက်မှုနှင့် တရားစွဲဆို ခံရဖွယ်ရှိ၍ ဤဝတ္ထုကို အင်္ဂလန်၌ ပုံနှိပ်ထုတ်ဝေခြင်းမပြုမီ အမေရိကန်နိုင်ငံ၌ ဦးစွာ ပုံနှိပ် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်တစ်နှစ်အကြာ ၁၉၃၅ ခုနှစ် အင်္ဂလန်နိုင်ငံ၌ထုတ်ဝေခဲ့သော Burmese Days စာအုပ်တွင် စာရေးသူက, ကသာအစား ကျောက်တံတား ဟုပြောင်းလဲသုံးစွဲခဲ့သည်။


