(ကိုလံဘတ်စ်မတိုင်မီ အမေဇုန်ဒေသတွင် လူဦးရေ ထူထပ်စွာ နေထိုင်ခဲ့ကြောင်း ထင်ရှား)
ဘိုလီးဗီးယားမြောက်ပိုင်း၊ အမေဇုန်တောအစပ်မှာ လျားနိုစ် ဒီ မိုဆိုစ်လို့ခေါ်တဲ့ ဆာဗားနား မြက်ခင်းပြင်ကြီး တစ်ခုရှိတယ်။ အဲဒီနေရာက ဘာစီလိုနာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်က သိပ္ပံပညာရှင် အမ်ဘာတို လွန်ဘာဒိုအတွက် အလွန်အရေးပါတဲ့နေရာတစ်ခုပေါ့။ ဥရောပသားတွေ မရောက်ခင်က အမေဇုန်မြစ်ဝှမ်းက မြေဆီလွှာဟာ လူအများကြီးကို ထောက်ပံ့ မပေးနိုင်ဘူး လို့ ရှေးဟောင်း သုတေသနပညာရှင်တွေက ထင်ခဲ့ကြတယ်။ ဒါပေမဲ့ ဒေါက်တာ လွန်ဘာဒိုက သူတို့ ထင်တာတွေ မှားကြောင်းကို သက်သေပြဖို့ ကြိုးစားနေတာပါ

ကိုလံဘတ်စ်မတိုင်ခင် အမေဇုန်တောဟာ လူသူကင်းမဲ့ပြီး သဘာဝအတိုင်းပဲ ရှိခဲ့တယ်ဆိုတဲ့ အယူအဆက မကြာသေးခင် နှစ်တွေမှာ ပြောင်းလဲလာခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေက လူတွေနေခဲ့တဲ့ အထောက်အထားတွေ အများကြီးကို ရှာဖွေတွေ့ခဲ့ကြတယ်။ အရင်က လူတွေ နေခဲ့တဲ့ နေရာတွေတင် မကဘူး၊ လူတွေ ပြောင်းရွှေ့ စိုက်ပျိုးခဲ့တဲ့ သစ်ပင်မျိုးစိတ်တွေကိုပါ တွေ့ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီ ယဉ်ကျေးမှုက ဘယ်လောက်ကြီးကျယ်ခဲ့လဲ လူဦးရေ ဘယ်လောက်ရှိခဲ့လဲ ဆိုတာတော့ အသေအချာ မသိရသေးဘူး။
အခုတော့ ပိုပြီး လေ့လာဖော်ထုတ်နိုင်ပါပြီ။ ဒေါက်တာ လွန်ဘာဒိုနဲ့ အဖွဲ့ ရဲ့ သုတေသန စာတမ်းမှာ ဇလဗေဒ အင်ဂျင်နီယာ ပညာ (hydrological engineering ) နဲ့ ရေစီမံခန့်ခွဲမှုစနစ် ကြီးကြီးကျယ်ကျယ် ဆောင်ရွက်ခဲ့တဲ့ အထောက်အထားတွေနဲ့ ပြောင်းဖူး စိုက်ပျိုးမှုတွေရဲ့ အထောက် အထားတွေကို ‘Nature’ ဂျာနယ်မှာ ဖော်ပြထားတယ်။ ဒါက ကိုလံဘတ်စ်မရောက်ခင် ရာစုနှစ် တွေမှာ အင်ကာတွေ အင်ဒီးစ်ဒေသကို အုပ်ချုပ်ပြီး မာယာနဲ့ အက်ဇတက်တွေ မက်ဆိုအမေရိကားမှာ ထွန်းကားခဲ့တဲ့အချိန် အဲဒီဒေသမှာ လူတွေအများကြီး နေထိုင်ခဲ့တယ်ဆိုတဲ့အယူအဆကို ပိုခိုင်မာ စေတာပေါ့။
လျားနိုစ် ဒီ မိုဆိုစ်ဒေသက အများအားဖြင့် မြေပြန့်ကြီးဖြစ်ပြီး တစ်နှစ်ကို သုံးလကနေ ခြောက်လအထိ ရေလွှမ်းမိုးခံရတယ်။ ဒါပေမဲ့ ရေမလွှမ်းတဲ့ တောင်ကုန်းလေးတွေလည်း ရှိသေးတယ်။ အဲဒီတောင်ကုန်းတွေပေါ်မှာ သစ်ပင်တွေပေါက်ပြီး ကျောက်တုံးမရှိတော့ လူတွေက မြေကြီးနဲ့ အိမ်ဆောက်ပြီး နေခဲ့ကြတာ။
သူတို့ မြေကြီးနဲ့ ဆောက်ခဲ့တဲ့ အဆောက်အအုံအပျက်အစီးတွေကို ဒီနေ့ထိ တွေ့နိုင်သေးတယ်။ မော်နူမန်တယ် မောင့်ဒ်ဒေသလို့ခေါ်တဲ့နေရာက စတုရန်းကီလိုမီတာ ၄,၅၀၀ ကျယ်ပြီး မြေပုံ ရာနဲ့ချီ ရှိတယ်။ အဲဒီမြေပုံတချို့က မီတာ ၂၀ ထက် ပိုမြင့်ပြီး ဟက်တာ ၂၀ ကျော် ကျယ်တယ်။ ကီလိုမီတာနဲ့ချီ ရှည်တဲ့ လမ်းကြောင်းတွေနဲ့လည်း ဆက်ထားတာ တွေ့ရတယ်။ ဒါတွေကို ကာဆာဘီယဉ်ကျေးမှုလို့ လူသိများတဲ့ လူသားတွက ဆောက်ခဲ့တာဖြစ်ပြီး သူတို့က နှစ်ပေါင်း ၁,၀၀၀ လောက် ထွန်းကား ခဲ့ကြတယ်။ ကာဆာဘီတွေရဲ့ မြေကြီးအဆောက်အအုံတွေ အရွယ်အစားကြီးတာကို ကြည့်ရင် အဲဒီမှာ လူတွေအများကြီး နေခဲ့တယ်ဆိုတာကို ပြောနေတာပဲ။ ဒါက သူတို့ ဘယ်လို အသက်ဆက်ခဲ့လဲဆိုတဲ့ မေးခွန်းကို အဖြေထုတ်တာပေါ့။
ဂြိုဟ်တုပုံရိပ်တွေနဲ့ လီဒါ (LIDAR) ဆိုတဲ့ သဘာဝပေါက်ပင် တွေကို ဖောက်ထွင်းပြီး မြေမျက်နှာ သွင်ပြင်ကို မြင်နိုင်တဲ့ အလင်းနည်းပညာကို သုံးပြီး ဒေါက်တာ လွန်ဘာဒိုရဲ့အဖွဲ့က လေ့လာရာမှာ မြေပုံတွေအနီး တူးမြောင်းတွေနဲ့ ရေကန်တွေရဲ့ စနစ်တစ်ခုကို ရှာတွေ့ခဲ့ကြတယ်။ တူးမြောင်းတွေက မိုးရာသီမှာ မြက်ခင်းပြင်က ရေတွေကို ရေကန်တွေထဲ စီးဝင်စေပြီး လယ်ယာ စိုက်ပျိုးဖို့ နေရာ တစ်ချို့ကို ခြောက် သွေ့အောင် လုပ်ပေးခဲ့တယ်။ အဲဒီရေကို ခြောက်သွေ့တဲ့ ရာသီမှာ ရေသွင်းစနစ်အတွက် သုံးပြီး တစ်နှစ်ပတ်လုံး လယ်ယာစိုက်ပျိုးနိုင်ခဲ့ကြတယ်။ သူတို့က ဝတ်မှုန်နဲ့ ဖိုက်တိုလစ် (phytoliths) တွေကိုလည်း ရှာခဲ့တယ်။ ဖိုက်တိုလစ်ဆိုတာ အပင်ဆဲလ်တွေထဲမှာ ဖြစ်ပေါ်တဲ့ အရမ်းသေးငယ်တဲ့ ဆီလီကာဖွဲ့စည်းပုံလေးတွေပဲ။ ကာဆာဘီတွေဟာ တခြားသီးနှံ နည်းနည်းနဲ့ ပြောင်းဖူးကို အဓိက စိုက်ခဲ့ကြောင်း ဝတ်မှုန်နဲ့ ဖိုက်တိုလစ်တွေက ပြနေတာ။
ကာဆာဘီလူမျိုး ဘယ်လောက်နေခဲ့လဲဆိုတာတော့ အခုထိ သေချာမသိသေးဘူး။ မြေကြီးနဲ့ ဆောက်ထားတဲ့ အဆောက်အအုံတွေက ကျယ်ပေမဲ့ လူဦးရေနည်းတဲ့ အုပ်စုတစ်ခုက နှစ်ပေါင်း များစွာကြာအောင် ဖြည်းဖြည်းချင်း ဆောက်ခဲ့တာလည်း ဖြစ်နိုင်တယ်။ ပြောင်းဖူး ဘယ်လောက် ထွက်လဲနဲ့ လူဘယ်နှယောက်ကို ထောက်ပံ့နိုင်လဲဆိုတာကို ခန့်မှန်းနိုင်ဖို့ မြေပြင်မှာ ပိုပြီးလေ့လာဖို့ လိုသေးတယ်။ သိပ္ပံပညာရှင်တွေအနေနဲ့ စိုက်ခဲ့တဲ့ ပြောင်းဖူးအမျိုးအစားတွေကိုလည်း ခွဲဖို့ လိုသေး တာပေါ့။ အဲဒီအချိန်က ပြောင်းဖူးတွေက အခုခေတ်မှာရှိတဲ့ အမျိုးအစားတွေလောက် အထွက် မကောင်းနိုင်ဘူး။
အမေဇုန်တောကြီးထဲ ကိုလံဘတ်မလာခင်က လူဦးရေ ဘယ်လောက်ရှိမလဲဆိုတာ အခုနောက်ပိုင်း ခန့်မှန်းကြတာ ၈ သန်းကနေ ၁၀ သန်းလောက်ထိ ရှိနိုင်တယ်တဲ့။
အမေဇုန်တောကြီးထဲ ကိုလံဘတ်မလာခင်က လူဦးရေ ဘယ်လောက်ရှိမလဲဆိုတာ အခုနောက်ပိုင်း ခန့်မှန်းကြတာ ၈ သန်းကနေ ၁၀ သန်းလောက်ထိ ရှိနိုင်တယ်တဲ့။ ဒါပေမဲ့ ဘရာဇီးလ် ဆောပိုလို တက္ကသိုလ်က အဲဒီစာတမ်းကို အတူရေးခဲ့တဲ့ အက်ဒူအာဒို နီဗက်စ်ကတော့ ဒါတွေက အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲ မှန်းပြောနေကြတာပဲလို့ ပြောတယ်။ ကာဆာရာဘီလူမျိုးတွေ ဘာဖြစ်သွားလဲဆိုတော့ ဥရောပကလူတွေ ယူလာတဲ့ ရောဂါတွေ၊ အထူးသဖြင့် ကျောက်ရောဂါ တွေကြောင့် သူတို့နဲ့ တိုက်ရိုက်မတွေ့ခင်ကတည်းက ဒုက္ခရောက်ခဲ့ကြတယ်လို့ ထင်ကြတာပဲ။ ဒါပေမဲ့ ဒါကလည်း မှန်းပြောနေကြတာပဲလေ။ အထိမ်းအမှတ်မြေပုံဒေသမှာတော့ ရေဒီယိုကာဗွန်နည်းနဲ့ တိုင်းတာချက်အရ တောင်ပို့တချို့ပေါ်မှာ လူတွေနေတာ ခရစ်နှစ် ၁,၄၀၀ လောက်မှာ ရပ်သွားတယ်တဲ့။ ကိုလံဘတ်မလာခင် နှစ်တစ်ရာလောက် ကတည်းကပေါ့။ ဒါပေမဲ့ တချို့ကတော့ ဆက်နေကြပြီး ခရစ်နှစ် ၁၅၅၀ လောက်အထိ ပြောင်းတွေ စိုက်နေကြတုန်းပဲ။
ကာဆာရာဘီယဉ်ကျေးမှုကတော့ တကယ်ကို နားမလည်နိုင်စရာပဲ။ ကျောက်ပုဆိန် ခေါင်းတွေရယ်၊ ကြေးနီနဲ့ လပ်ပစ်လာဇူလီကျောက်နဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတွေကို ကြည့်လိုက်ရင် အန်ဒီးစ်ကလူတွေနဲ့ရော၊ အခုဘရာဇီးလ် လို့ခေါ်တဲ့နေရာကလူတွေနဲ့ရော ကုန်သွယ်မှု လုပ်ခဲ့ကြတယ်လို့ ထင်ရတယ်။ မတူညီတဲ့ မြေမြှုပ် သင်္ဂြိုလ်တဲ့နည်းတွေ၊ တချို့က ပိုပြီး ခမ်းနားနေတာ ကို ကြည့်ရင် လူမှုအဆင့်အတန်းတွေရှိခဲ့တယ်လို့ ယူဆလို့ရတယ်။ ခပ်ကြီးကြီး မြေပုံတွေက ဘာသာရေးမှာ ဒါမှမဟုတ် နိုင်ငံရေးမှာ ခပ်ကြီးကြီး တွေထဲက ဖြစ်နိုင်တယ် လို့တော့ ထင်တာပဲ။
ဒီနေ့ခေတ်မှာတော့ အထိမ်းအမှတ်မြေပုံဒေသရဲ့ အရင်လူတွေနဲ့ အခုနေတဲ့လူတွေ ဆက်သွယ်မှုက ပြတ်သွားပြီ။ လွင်ပြင်တော်တော်များများကို နွားမွေးတဲ့သူတွေ ပိုင်သွားကြပြီလေ။ အခုနေတဲ့ ဆီရီယိုနိုလူမျိုးတွေကတော့ ကာဆာရာဘီယဉ်ကျေးမှုနဲ့ ဘာမှမဆိုင်တော့ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ ရှေးဟောင်းအကြွင်းအကျန်တွေကို သိကြတာပေါ့။ တချို့က အိမ်တွေကို တောင်ပို့အဟောင်းတွေပေါ်မှာ ဆောက်ထားကြတယ်။ တချို့ကလည်း ကာဆာရာဘီ တံတားတွေနဲ့ တူးမြောင်းတွေကို အခုထိ သုံးနေတုန်းပဲ။ လယ်ထွန်ရင်း မြေအိုးတွေ၊ အရိုးတွေ တွေ့တယ်လို့ လူတော်တော်များများက ပြောကြတယ်။ သူတို့ရဲ့မြေရဲ့ သမိုင်းကြောင်းကို ပိုသိချင်ကြတယ်လို့ ဒေါက်တာ လွန်ဘာဒိုက ပြောသွားတယ်။
ဒေါက်တာ လွန်ဘာဒိုနဲ့ အဖွဲ့ ရဲ့ သုတေသနစာတမ်းမှာ ဇလဗေဒ အင်ဂျင်နီယာ ပညာ (hydrological engineering ) နဲ့ ရေစီမံခန့်ခွဲမှုစနစ် ကြီးကြီးကျယ်ကျယ်ဆောင်ရွက်ခဲ့တဲ့ အထောက် အထားတွေနဲ့ ပြောင်းဖူးစိုက်ပျိုးမှုတွေရဲ့ အထောက်အထားတွေကို ‘Nature’ ဂျာနယ်မှာ ဖော်ပြ ထားတယ်။ ဒါက ကိုလံဘတ်စ်မရောက်ခင် ရာစုနှစ်တွေမှာ အင်ကာတွေ အင်ဒီးစ်ဒေသကို အုပ်ချုပ်ပြီး မာယာနဲ့ အက်ဇတက်တွေ မက်ဆိုအမေရိကားမှာ ထွန်းကားခဲ့တဲ့အချိန် အဲဒီဒေသမှာ လူတွေ အများကြီး နေထိုင်ခဲ့တယ်ဆိုတဲ့အယူအဆကို ပိုခိုင်မာစေတာပေါ့။
မူရင်း – A sophisticated civilization once flourished in the Amazon basin, The Economists, Feb 2025

