
ဒေါ်နယ်ထရန့်ကိုဝေဖန်တဲ့သူတွေက သူ့ကို ကမောက်ကမတွေ ရွှတ်နောက်နောက် အပြုအမူတွေနဲ့ တလွဲတွေ လိုက်လုပ်နေတဲ့ အထီးကျန်ဝါဒကိုကျင့်သုံးတဲ့သူလို့ ယေဘုယျအားဖြင့် စွပ်စွဲခဲ့ကြတယ်။ ဇန်နဝါရီလ ၂ဝ ရက် သမ္မတရာထူးကို စတင်လက်ခံဆောင်ရွက်တဲ့နေ့မတိုင်ခင်အချိန်ထိတိုင်သူသမ္မတ အဖြစ် ဒုတိယ အကျော့ဝင်လာဖို့ မျှော်လင့်နိုင်ဖွယ်မရှိဘူးဆိုတာကို အဲဒီစကားလုံးတွေက ဖော်ပြနေပြီး ဖြစ်ပါ တယ်။ သမ္မတရာထူး တာဝန်စတင်လက်ခံတဲ့ အခမ်းအနားနီးကပ်လာတဲ့အလျောက် အရှေ့ အလယ်ပိုင်းက ဂါဇာဒေသ မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလဲလှယ်ရေး သဘောတူညီချက် ခိုင်မာအောင်သူက အထောက်အကူ ပြုပေးခဲ့တယ်။ သူက မပြောအပ်မဆိုအပ်တဲ့ ရှောင်ဓလေ့ကို ချိုး ဖောက်ပြီး အာတိတ်ဒေသက တွင်းထွက် သယံဇာတ ကြွယ်ဝကာ မဟာဗျူဟာကျတဲ့အနေအထားရှိ ဂရင်းလန်ကျွန်းကို ထိန်းချုပ် နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့တယ်။ မစ္စတာထရမ့်ရဲ့ ဒုတိယသက်တမ်းဟာ သူ့ရဲ့ပထမ သက်တမ်းထက်ကိုပိုပြီး အဖျက်သဘောဆောင်ရုံ သာမက ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း အမေရိက ကိုလွှမ်းမိုးထားတဲ့ နိုင်ငံခြားရေးမူဝါဒအမြင် ကိုပါ အစားထိုးနေရာယူသွားပါလိမ့်မယ်။
အမေရိကန်ခေါင်းဆောင်တွေက သူတို့ရဲ့အာဏာဟာ ကမ္ဘာကြီးကို ကာကွယ် စောင့်ရှောက်မယ့် မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်သူဖြစ်ဖို့ တာဝန် ဝတ္တရားနဲ့ အတူ လာတာဖြစ်တယ်။ ကမ္ဘာကြီးကို ပိုမို တည်ငြိမ်မှု ရှိအောင်ဖန်တီးဖို့ နဲ့ဒီမိုကရေစီစနစ်၊ တည်ငြိမ်မှုရှိတဲ့ နယ်နိမိတ်တွေနဲ့ နိုင်ငံတကာဆိုင်ရာ တန်ဖိုးတွေရဲ့ နူးညံ့ သိမ်မွေ့မှု အကြင်နာ တရားရှိမှု တွေရှိရေးကို ဖော်ဆောင် ရမယ့် တာဝန်ရှိ တယ်လို့ ဆယ်စုနှစ်တွေနဲ့ ချီပြီးအခိုင်အမာပြောကြားခဲ့ကြတယ်။မစ္စတာထရမ့်ကတော့ ဒီတန်ဖိုးတွေကို စွန့်ပစ်လိမ့်မယ်။ ဒါမှမဟုတ်ချောင်ထိုးထားလိမ့်မယ်။ သူက အာဏာအားလုံး သိမ်းကြုံးရယူ အသုံးချနိုင်ရေး ကိုသာ အလေးထား အာရုံစိုက်ပါလိမ့်မယ်။ သူ့ရဲ့ ကိုင်တွယ် ဖြေရှင်းနည်း တွေကို နိုင်င်ငံတကာပဋိပက္ခကြီး သုံးရပ်မှာ စမ်းသပ် စစ်ဆေးခံပြီး အဓိပ္ပါယ်ဖွင့်ဆိုရမှာ ဖြစ်တယ်။ အဲဒီသုံးခုကတော့ အရှေ့အလယ်ပိုင်း ဒေသ၊ ယူကရိန်းနဲ့ အမေရိကန်ရဲ့ တရုတ်နိုင်ငံ အကြား စစ်အေးတိုက်ပွဲ တွေပဲဖြစ်တယ်။ ဒီအရေးအခင်းကြီး တစ်ခုစီက မစ္စတာထရမ့်ဟာ များမကြာသေးတဲ့ ဆယ်စုနှစ်တွေအတွင်းကအခြေအနေကို ဘယ်လို ဆောင်ရွက် သွားမလဲဆို တာကို ဖော်ပြနေတယ်။ သူရဲ့အစဉ်အလာမဟုတ်တဲ့နည်းလမ်း တွေရယ်၊သူ့ရဲ့ သြဇာလွှမ်း မိုးနိုင်မှု အခွင့်အလမ်းကောင်းတွေ စုဆောင်းထားမှု နဲ့ သြဇာအာဏာတစ်ခုတည်းက ငြိမ်းချမ်းရေးကို ဖန်တီးနိုင် တယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက် တွေပဲ ဖြစ်တယ်။
အရှေ့အလယ်ပိုင်းဒေသ အရေးအခင်းက ကြိုတင်မှန်ဆထားလို့မရတဲ့ သူ့ရဲ့ပင်ကိုယ်စွမ်းရည်ကို သာဓကတစ်ခုအဖြစ် ထုတ်ပြလိုက်တာပါပဲ။ အစ္စရေးနဲ့ပါလက်စတိုင်းတို့ဟာ နောက်ဆုံးမှာတော့ ဂါဇာ အရေး ညှိနှိုင်းမှုတစ်ရပ်ကိုသဘောတူလိုက်ကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့သူက နောက်ဆုံးရက် သတ်မှတ်ပေး လိုက်ပြီး အဲဒီနေ့မတိုင်ခင် သဘောတူညီမှုမရခဲ့ရင် ဒီဒေသမှာ ပြင်းထန်တဲ့အကြမ်းဖက် ဆူပူလှုပ်ရှားမှု ကြီးတစ်ရပ်ပေါ်လာမယ်လို့ ခြိ မ်းခြောက်သတိပေးလိုက်လို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီ သဘောတူညီချက် ဟာ နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့် ရှိမလာခဲ့ရင် သူက ဖိအားပေး တာကို ဆက်ပြီးဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ တကယ်တော့ထရမ့်မှမဟုတ်ပါဘူး အကျိုးကျေးဇူး တစ်ရပ်ရပ် ရစေဖို့ရင်းမြစ်တစ်ခု နည်းလမ်းတစ်ခုအဖြစ် အရူးကွက် နင်းတာမျိုး ကိုသမ္မတနစ်ဆင်က လည်းလုပ် ခဲ့ဖူးပါတယ်။ လက်တွေ့အကျိုး မျှော်ဝါဒ အရ ရုတ်တရက် အပြောင်းအလဲတွေ အတော် များများ ရှိလာတာက ယုံကြည်မှုကို တိုးတက်ခိုင်မာစေ ခဲ့ပါတယ်။ ငြိမ်းချမ်းရေး တမန်ခေါင်းဆောင် တွေထဲမှာ သူများ နဲ့မတူ တစ်မူထူးတာက မစ္စတာထရမ့်ဟာ သောက ကင်းကင်း ခပ်ပျော်ပျော် အပြုအမူမျိုးနဲ့ အရှေ့အလယ်ပိုင်းဒေသရဲ့ ဒုက္ခသုက္ခနဲ့ အခက်အခဲမျိုးစုံံကို ရင်ဆိုင်ခံစားခဲ့ရတဲ့ သမိုင်းစဉ်ကို သူစိတ်မဝင်စားပါဘူး။ သူ့ရဲ့ပထမ အကြိမ်သက်တမ်းတုန်းက ၂ဝ၂ဝပြည့် စက်တင်ဘာလမှာ အစ္စရေးနဲ့အာရပ်စော်ဘွား များ ပြည်ထောင်စု (ယူအေအီး)တို့ လက်မှတ်ရေးထိုး ခဲ့တဲ့ အဗရာဟမ်သဘောတူညီချက် (The Abraham accords) မှာ အစ္စရေးနဲ့ ဆော်ဒီအာရေးဘီးယားတို့ သဘောတူညီချက် ကိုမြှင့်တင်နိုင်ဖို့ ဓားစာခံ များလွှတ် ပေးရေးကိုသူ အသုံးချသွားမှာ ဖြစ်ကြောင်း အကြံပြုခဲ့တယ်။ ဒီနည်းဟာ ချမ်းသာကြွယ်ဝမှုအတွက်နဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် လမ်းကြောင်း တစ်ရပ်လို့သူက ထင်မြင်ယူဆတယ်။အီရန်ရဲ့ မဟာမိတ်တွေဟာ ဂါဇာ၊ လက်ဘီနွန်နဲ့ ဆီရီးယားမှာ နှိမ်နင်း ချေမှုန်းခံခဲ့ရတယ်။ အဲဒီအချက်ကလည်း သဘောတူညီချက် ရဖို့ အဆင်သင့် ဖြစ်စေခဲ့တဲ့ အကြောင်း တစ်ရပ်ဖြစ်နိုင်ဖွယ်ရှိတယ်။ တစ်ဆူတည်းသော ဘုရားကို ကိုးကွယ်တဲ့ ဘာသာကြီး သုံးခုရဲ့ ဇာတိဒေသဖြစ်တဲ့ အရှေ့အလယ်ပိုင်း ဒေသက ပြည်သူတွေဟာ သူတို့ရဲ့ စီးပွားဥစ္စာ ကြွယ်ဝမှု အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးမှုကြောင့် ကြေကွဲ ဝမ်းနည်းရမှု တွေနဲ့ သူတို့ရဲ့ ယုံကြည် ကိုးကွယ်မှုတွေကို တကယ်ပဲ ဘေးချိတ်ထားကြဖို့ ဆန္ဒရှိကြရဲ့ လား ဆိုတာကို ပြင်းထန် ကြမ်းတမ်းတဲ့နည်းလမ်းနဲ့ စမ်းသပ်စစ်ဆေးခံကြရမှာ ဖြစ်တယ်။ ခေတ်အခြေ အနေနဲ့ အစ္စရေး နဲ့ပါလက်စတိုင်း နှစ်ဖက်စလုံးက အစွန်းရောက် သမားတွေက လက်ငင်းအကျိုးစီးပွားရ ရှိရေး ဗဟိုဌာနတွေကို အယုံကြည်မဲ့အောင်သိက္ခာချဖို့ အကြမ်းဖက်တဲ့နည်းကို အသုံးပြုပြီး ငြိမ်းချမ်းရေး အစီအစဉ်ကို ပယ်ချခဲ့တယ်။ အစ္စရေးလက်ယာ ဝါဒီတွေ ကတော့ ပါလက်စတိုင်း နယ်မြေကိုသိမ်း ယူလိုက်ဖို့လိုလားကြတယ်။အီရန်ကတော့ နျူူကလီးယား ထုတ်လုပ်ရေးကို ယုံကြည်ချက် အပြည့်နဲ့ ဆက်ပြီးဆောင်ရွက်ဖို့နဲ့အမေရိကနဲ့စေ့စပ်ဆွေးနွေးဖို့ကြားမှာ ပြတ်ပြတ် သားသား မဆုံးဖြတ်နိုင် တဲ့အခြေ အနေမျိုးမှာရှိတယ်။ တကယ်လို့ ဂျူးဘာသာရေး တက်ကြွလွန်းသူ တွေနဲ့ မူလာခေါ်တဲ့ မွတ်စလင် ဘာသာရေး ဆရာတွေသာ မစ္စတာထရမ့်ရဲ့ လမ်းကြောင်းကိုသာ လိုက်လာ ကြမယ်ဆိုရင် ဘာဖြစ်လာမလဲ။
သူဖြေရှင်းပုံကတော့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ပြီး ဖိအားတိုးပေးမယ်။ ဒါမှမဟုတ် အင်အားပြ ခြိမ်းခြောက်မယ်။ ဒါမှမဟုတ်ရင် ဒီအရေးကိစ္စမှာ ဝင်မပါတော့ဘဲ ပစ်ထားခဲ့ပြီး ခပ်ဝေးဝေး ရှောင်တေ့ာမယ်ဆိုတဲ့နည်းလမ်းတွေပဲ ဖြစ်လိမ့်မယ်။ တိုက်ခိုက်မှုတွေ ရပ်စဲစေ ရမယ်လို့ သူကတိပေး ခဲ့တဲ့ ယူကရိန်းအရေးမှာလည်း သူရင်ဆိုင် နေရတဲ့ ရွေးချယ်မှုကလည်း အထက်က ပြောခဲ့တဲ့ နည်းလမ်းတွေပဲ ဖြစ်တယ်။ ထရမ့်ဟာ အမေရိကန်မဟာမိတ်တွေထက်စာရင် ရုရှား ခေါင်းဆောင် ဗလာဒီမာပူတင် ပေါ်မှာပိုပြီး သြဇာအရှိန်အဝါရှိတာမို့ ထောက်ပံ့မှုတွေကို ရပ်စဲလိုက်တာ မျိုးနဲ့ ပစ်ထားခဲ့ပြီး ရှောင်ထွက် သွားတာဟာ အလွယ်ကူဆုံးလမ်းကြောင်းပဲဖြစ်တယ်။ ဒါ့ပြင် ကီယက်ဗ်မှာ ရှိတဲ့အစိုးရကို လိုက်လျောဖို့ မဖြစ်မနေ ဆောင်ရွက်ခိုင်း တာမျိုးတွေပေါ့။ ဒါပေမဲ့ အထူးသဖြင့် သူ့ကိုဝေဖန်တဲ့ သူတွေ ကတော့ ပူတင်က သူနဲ့ ညှိနှိုင်း ဆောင်ရွက်တဲ့အခါမှာ အောင်မြင်ပြီး သြဇာတ္တိကမ္မရှိတဲ့ ခေါင်းဆောင်တစ်ယောက်က နောက် တစ်ယောက်ကို ဆက်ဆံတဲ့ပုံစံမျိုးနဲ့ဆက်ဆံဆောင်ရွက်ရင် ထရမ့်က အကြီး အကျယ် ဘဝင်ခိုက်ပြီး ပိုမောက်မာ သွားမှာ မာနထောင်လွှား သွားမှာကို စိုးရိမ်ကြတာပဲ ဖြစ်တယ်။ ဒါပေမဲ့အဲဒီလိုဖြစ်မယ်ဆိုရင် သူ့ရည်မှန်းချက် တွေကို ထိခိုက်ပျက်စီးသွားစေလိမ့်မယ်။ စွန့်လွတ်ထွက် ခွာမှုဆိုတာကတော့ ပြဿနာ ကိုဖိတ်ခေါ်သလိုပါပဲ။ မစ္စတာဘိုင်ဒင်ရဲ့ အာဖဂန်နစ္စတန်နိုင်ငံကနေ ကူကယ်မဲ့သူမရှိဘဲ ထွက်ခွာလာ ရတဲ့အဖြစ်မျိုးနဲ့ ယှဉ်ကြည့်လို့ ရပါတယ်။ ထိုင်ဝမ်နဲ့သတိထားပြီး ယှဉ်ကြည့်မယ်ဆိုရင် တရုတ်က သူ့ကို လွယ်လွယ်နဲ့ သြဇာလွှမ်းမိုး နိုင်မယ့်သူလို့ ကောက်ချသွား နိုင်တယ်။ ဒါကြောင့်ယူကရိန်းကို ဆက်ပြီး ထောက်ခံအားပေးဖို့ အဆင်သင့်ပဲလို့ ဆုံးဖြတ်မယ် ဆိုရင်တော့ ပူတင်နဲ့ညှိနှိုင်းရာမှာ သူကိုယ်သူ ပိုမိုကြံ့ ခိုင်တောင့်တင်းအောင်ဆောင်ရွက်ပြီးဖြစ်မှာပါ။
“အခြေအနေတစ်ခုကို အသိပညာ ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ အတွေ့ အကြုံမရှိဘဲ အနှောင့်အယှက်အဖျက်သမား သာဖြစ်မဲ့ လူမျိုးတွေက”
မူဝါဒတွေ စီမံကိန်းတွေကို ပမာမထားဘဲ လက်ငင်းရတဲ့အခွင့်အလမ်းကို မလွတ်တမ်း အင်အားကို အသုံးချတာဟာ အကျိုးကျေးဇူးတချို့ရှိပါတယ်။ မစ္စတာထရမ့်ဟာ နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ရုရှားအန္တရာယ်ကနေ ကာကွယ်ဖို့ ကာကွယ်ရေးစရိတ်ကို မိမိတို့ဘာသာ တိုးမြှင့်ပြီး သုံးစွဲကြဖို့ နားပူနားဆာနဲ့ တကျည်ကျည်လုပ်နေတာကို ဆက်ပြီးတော့လုပ်လိမ့်ဦးမယ်။ အဲဒါကောင်းတာပဲ။ ဒါပေမဲ့အဲဒီမှာထိုက် သင့်တဲ့ တန်ဖိုးကိုတော့ပေးရမှာပဲ။ နေတိုးအဖွဲ့ဟာ မစ္စတာထရမ့်ကသူဝင် မပတ်သက်တော့ဘဲပစ် ထားခဲ့မယ်ဆိုတဲ့ ခြိမ်းခြောက်မှု၊ ကုန်သွယ်ရေးနဲ့ စပ်လျဉ်းလို့ အသေးအဖွဲကိစ္စကလေးတွေနဲ့ တကျက်ကျက် စကားများ တာတို့၊ အမျိုးသား ရှေးရိုးစွဲ ပါတီတွေက သူပုန် အုပ်စုတွေကို ထောက်ခံတာနဲ့ ဂရင်းလန်ကျွန်းရဲ့ အချုပ်အချာအာဏာ ပိုင်ခွင့် နဲ့စပ်လျဉ်း လို့ ဒိန်းမတ်နိုင်ငံကို အနိုင်ကျင့် ဗိုလ်ကျတာမျိုး တွေကနေ ရှင်သန်ရပ်တည်နိုင် ကောင်းပါတယ်။ ဒါပေမဲ့ မဟာမိတ်ဖွဲ့ဆိုတာက ယုံကြည်စိတ်ချရမှုပေါ် မှာရှင်သန်ရတာ မျိုးမဟုတ်လား။ ပူတင်ကိုလိုလားတဲ့ ရှေးရိုးစွဲ အမျိုးသား ကွန်ဆာဗေးတစ်တွေဟာ အဆိပ် အတောက်လို ပြုမူဆောင်ရွက် ကြပါလိမ့်မယ်။ နိုင်ငံရဲ့ အရွယ်အစားအရ ဒိန်းမတ်နိုင်ငံဟာ အာဖဂန်စစ်ပွဲမှာ အမေရိကန်နိုင်ငံလိုပဲ စစ်သည်အမြောက်အမြားဆုံးရှုံးခဲ့ရတာပါ။ ဂရင်းလန် အရေးအတွက် လက်နက်ကိုင်တိုက်ပွဲနဲ့ နပန်းလုံးပြီး ဖြေရှင်းမယ်ဆိုရင် အမေရိကကို ကာကွယ် စောင့်ရှောက်တဲ့နိုင်ငံ ဆိုတာထက် အန္တရယ်နိုင်ငံတစ်နိုင်ငံ အဖြစ်ကိုသာ ရောက်စေတဲ့ ဆောင်ရွက်မှုပဲဖြစ်မယ်။ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးတွေကနေ နောက်ကြောင်း ပြန်လှည့်တဲ့အခါ သက်ဦးဆံပိုင်ဝါဒဟာ သက်သာရာရလာတယ်။ ကနေဒါ၊ ဂရင်းလန်နဲ့ ပနားမားနိုင်ငံတွေက လက်ခံ ယုံကြည် လာအောင် မစ္စတာထရမ့်က အမေရိကရဲ့ သြဇာလွှမ်းမိုးမှုရဲ့နယ်ပယ် အသိုင်းအဝိုင်း အကြောင်း တကယ်လို့အခိုင်အမာပြောလာမယ် ဆိုရင် သူတို့တွေကလည်း နိုင်ငံတကာ ဆက်ဆံရေး ဆိုတာမှာ တကယ်တန်းကျတော့ ခွန်အားပြိုင်ဆိုင်မှု စမ်းသပ်ချက်တစ်ရပ်ပဲ အမြဲတမ်း ဖြစ်နေတယ် ဆိုတဲ့ သူတို့လက်ခံထား ရာအခြေခံမူကို ထောက်ခံမှု တစ်ရပ်အဖြစ် တင်ပြလာကြမှာပဲ ဖြစ်တယ်။ အလွယ်တကူပြရမှာက ရုရှားက ဂျော်ဂျီယာကို အငမ်းမရ လိုချင်နေတာဒါမှမဟုတ်တရုတ်က တောင်တရုတ်ပင်လယ်ကို ငမ်းငမ်းတက် လိုချင်အခြေအနေတွေပဲ တပ်မက်မှုနဲ့ သူပိုင်ဆိုင်တဲ့ အကြောင်း တောင်းဆိုနေတာ တွေပဲဖြစ်တယ်။ တကယ်လို့ မစ္စတာထရမ့်က ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကုသမဂ္ဂလိုအဖွဲ့အစည်းတွေကို အထင်သေး အမြင်သေးနဲ့ အရေးမစိုက်ဘဲ ဘေးချိတ်ထားမယ်ဆိုရင် တရုတ်နဲ့ရုရှားလိုနိုင်ငံတွေက အဲဒီအဖွဲ့အစည်းတွေ ကို လွှမ်းမိုးသွားပြီး သူတို့နိုင်ငံတွေရဲ့အကျိုးစီးပွားအတွက် ရေသွယ်မြောင်းသဘော အသုံးချပြီးခေါင်း ပုံဖြတ်သွားမှာ ဖြစ်တယ်။
ထရမ့်အုပ်စုကဆင်ခြေတက်တာက အမေရိကန်ရဲ့အင်အားကိုပဲ ထည့်တွက်တာပါတဲ့။ အဲဒီအချက်ကသာ တရုတ်နဲ့ငြိမ်းချမ်းရေး ရစေလိမ့်မှာဖြစ်တယ်လို့ဆိုတယ်။ ရှီကျင့်ဖျဉ်က ၂ဝ၂၇ ခုနှစ်မှာ ထိုင်ဝမ် ကျွန်းကို အင်အားသုံးပြီးသိမ်းဖို့ လိုလားနေတာကို လေ့လာသုံး သပ်မိထားတယ်မို့ တတိယ ကမ္ဘာစစ် ကြီးပေါ်ပေါက်မယ့် အန္တရယ်ကိုဟန့်တားနိုင်ရန်အရေးကြီးတယ်လို့ သူတို့က သတိပေး ထားတယ်။တရုတ်ပြည်ဟာ နျူကလီးယား လက်နက်တွေကို အဆောတလျင် တည်ဆောက် နေကြတယ်။ မဟာဗျူဟာဆိုင် ရာနည်းပညာရပ်တွေကိုလည်း စနစ်တကျ နိုင်နင်း ကျွမ်းကျင်အောင် ကြိုးပမ်း ဆောင်ရွက်နေတယ်။ အမေရိကဟာ နျူကလီးယား အခြိမ်းအခြာက် အဟန့်အတားတွေကို ပြန်ပြီး တည်ဆောက်ဖို့လို အပ်တယ် လို့ သူတို့ကဆိုတယ်။ ဒါတင်မကသေးဘူး (madman diplomacy) လို့ခေါ်တဲ့ သမ္မတနစ်ဆင်ခေတ် ကကျင့်သုံးခဲ့ဖူးတဲ့ သံခင်းတမန်ခင်း နည်းလမ်း၊ လက်တွေ့ အကျိုးမြော်ဝါဒ နဲ့ စီးပွားရေးနဲ့ စစ်ရေး အင်အားတွေကိုစုစည်းရေး စတဲ့နည်းလမ်းကို စုံလင်အောင် အသုံးပြုသွားရဦးမယ်လို့ဆိုပါတယ်။ (madman diplomacy – ဆိုတာ သမ္မတနစ်ဆင်ခေတ်က သူ့ရဲ့နိုင်ငံခြားရေးမူဝါဒမှာ ရန်သူကွန် မြူနစ်နိုင်ငံတွေကခေါင်းဆောင်တွေက သမ္မတနစ်ဆင်ဟာ အကျိုးသင့် အကြောင်းသင့် မစဉ်းစားတတ်တော့ဘူး စိတ်မတည်ငြိမ်ဘူး စိတ်ဆတ်တယ် ဒါကြောင့် မျှော်လင့်မထားတဲ့ လက်တုံ့ပြန်မှုမှုမျိုးပေါ် လာမှာကိုစိုးရိမ်ပြီး သူတို့တွေဟာအမေရိက ပြည်ထောင်စု ကို ရန်စတာမျိုး ကိုရှောင်ရှားရမယ်ဆိုတဲ့ အတွေးအမြင်မျိုးပေါ်ပေါက်စေတဲ့မူဝါဒဖြစ်တယ်။)
အလိုလေး။ ထိုင်ဝမ်ကျွန်းအရေးကျပြန်တော့ ဝိရောဓိတွေရှိပြန်ရော။ အမေရိကန်အင်အားရဲ့ ရင်းမြစ် က တန်ဘိုးအရ လက်တွေ့ကျပြီး ရက်ရက်စက်စက် ဆောင်ရွက်မယ်ဆိုရင် မဟာမိတ်တွေနဲ့ ဆက်ဆံရေး တင်းမာလာမယ်။ အတိုက်အခံတွေနဲ့ဆက်ဆံရေးလမ်း ဖွင့်ရမယ်။ အဲဒါကမစ္စတာ ထရမ့်အတွက် လက်တွေ့ အခြေအနေမှာ ထိုင်ဝမ်နဲ့ကုန်သွယ်ရာက နေတရုတ်ပြည်နဲ့ကုန်သွယ်ရေးကို မြှင့်တင်ဆောင်ရွက် ရမယ်။ သူ့အစိုးရအဖွဲ့ထဲမှာ တရုတ်ပြည်နဲ့ဆက်ဆံရေးအပေါ် စပ်လျဉ်းလို့ သဘောထားတင်း မာတဲ့သူ တွေက အဲဒီကိစ္စကို ထိုးနှက်တိုက်ခိုက်ကြမယ် မစ္စတာထရမ့်ရဲ့ ချဉ်ကပ်မှုနည်းလမ်းထဲ ကအချက်အချာ ကျတဲ့နေရာက အားနည်းချက်တွေကို ထောက်ပြဖို့ ဖြစ်နိုင်ခြေတွေရှိတယ်။
စံတန်ဖိုးတွေနဲ့ အနှောင်အဖွဲ့မရှိတဲ့ အင်အားကိုအသုံးပြုတဲ့အခါ ရလဒ်က ကမ္ဘာတစ်ခုလုံး ချီတဲ့အတိုင်း အတာမျိုး နဲ့ ဝရုံးသုံးကား အခြေအနေကိုဆိုက်သွားတတ်တယ်။ တကယ်လို့ တရားလွန် သစ္စာခံသူ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိ(တ်)ဟက်ဆက်(သ်) နဲ့ အမျိုးသားထောက်လှမ်းရေး အဖွဲ့ ညွှန်ကြားရေးမှူး ထာလ်လ်ဆီ ဂါဘတ် တို့လို အကြောင်းအရာတစ်ခု၊အခြေအနေတစ်ခုကို အသိပညာ ဗဟုသုတ၊ ကျွမ်းကျင်မှုနဲ့ အတွေ့ အကြုံမရှိဘဲ အနှောင့်အယှက်အဖျက်သမား သာဖြစ်မဲ့ လူမျိုးတွေက အမေရိကန် ပြည်ထောင်စုကာကွယ်ရေး ဝန်ကြီးဌာန (ပင်တဂွန်) နဲ့ထောက်လှမ်းရေး အဖွဲ့ကို ဦးဆောင်ဖို့ အတည်ပြု လိုက်ပြီဆိုရင် ဝရုံးသုံးကား အခြေအနေဟာ အစိုးရအဖွဲ့ အတွင်းမှာ လည်းပျံ့နှံ့ သွားပါလိမ့်မယ်။ မစ္စတာ ထရမ့်ဟာ သူရဲ့အကျိုးစီးပွားကို နိုင်ငံရဲ့အကျိုးစီးပွားကနေ သီးခြားစီခွဲထုတ်လိုက်ဖို့အတွက် သင့် လျော် တဲ့သူမဟုတ်ဘူး။ အထူးသဖြင့်ကတော့ အီလွန်မတ်ရဲ့ ငွေကြေးတွေတရုတ်ပြည်မှာ ရှိပါလိမ့်မယ်။အဲဒီအဖြစ်မျိုးလိုပဲ သူနဲ့သူ့ရဲ့ငွေကြေးဆိုင်ရာ လုပ်ဖော်ကိုင် ဖက်တွေဟာ ငွေကြေး ကို လောင်းကြေးထပ်ထားကြတယ်။ အခန့်မသင့်ရင် သူတို့ငွေတွေ ဆုံးရှုံး သွားနိုင်တယ်။ ဒုတိယကမ္ဘာစစ်လွန် ကာလ အမေရိကကိုဖန်တီးထားတဲ့ ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး တွေကို လက်မခံဘဲထားလိုက်ရင် မစ္စတာထရန့်ဟာ သူ့ရဲ့ ဒီမိုကရေစီနည်းလမ်းမကျဘဲသက်ဦးဆံပိုင် အာဏာရှင်ဆန်တဲ့ အတိုက် အခံတွေမှာမရှိတဲ့ တစ်ခုတည်းသော အကြီးဆုံးမဟာခွန်အားကြီးကို ဆုံးရှုံးခံပြီး လက်လွတ်ရပါလိမ့် မယ်။
Ref: The Economist, Trump Doctrine, January 18th, 2025