
ဒေါ်နယ်ထရမ့် ရင်ဆိုင်ရမယ့် မေ့လျော့ခံ ကမ္ဘာကြီးကို နားလည်နိုင်ဖို့ဆိုရင် စာမျက်နှာ (၇၅) မျက်နှာပါရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လက ထုတ်ဝေခဲ့တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပူးတွဲကော်မရှင်ရဲ့ အစီရင်ခံစာကို ဖွင့်ဖတ်လိုက်ပါ။ အမေရိကန် ရင်ဆိုင်ကြုံတွေ့ရမယ့် ခြိမ်းခြောက်မှုတွေဟာ ၁၉၄၅ခုနှစ် နောက်ပိုင်း ရင်ဆိုင်ခဲ့ရတဲ့ ခြိမ်းခြောက်မှု စိန်ခေါ်မှုတွေထက် အများကြီး ပိုပါတယ်။ ဒီအထဲမှာ သိပ်မကြာခင်ဖြစ်လာနိုင်တဲ့ စစ်ပွဲကြီးလည်း ပါဝင်တယ်။
အမေရိကန်ဟာ ဒေသဆိုင်ရာ ပဋိပက္ခအများအပြားကို တစ်ချိန်တည်း တိုက်ခိုက်ရဖွယ်ရှိပြီး ဒီပဋိပက္ခတွေဟာ ပေါင်းစည်းပြီး ကမ္ဘာ့ပဋိပက္ခတစ်ခုထိ ဖြစ်လာနိုင်တယ်။ အစီရင်ခံစာအရ အမေရိကန်ဟာ ဒီစစ်ပွဲတွေအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုတယ်။ ပိုဆိုးတာက အမေရိကန် ဟာ ကိုယ့်အနီးပတ်ဝန်းကျင်ကမ္ဘာကြီး ဘယ်လောက်အထိ မှောင်မိုက်လာနေတယ်ဆိုတာ ထိတ်လန့်စရာ ကောင်းအောင် သတိမမူမိတာဘဲဖြစ်တယ်။
သမ္မတသစ်အနေနဲ့ ပြဿနာပေါင်းစုံကို အမွေဆက်ခံရမှာဖြစ်တယ်။ အမေရိကန်ဟာ မပြီးဆုံးနိုင်တဲ့ စစ်ပွဲကြီးနှစ်ပွဲ ဆင်နွှဲနေတဲ့ မိတ်ဆွေ နှစ်နိုင်ငံကို ထောက်ပံ့နေရတယ်။ ယူကရိန်းနဲ့ အစ္စရေး။ အာရှဘက်မှာ လည်း တင်းမာမှုတွေ မြင့်တက်လာနေတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ထိုင်ဝမ် ပဋိပက္ခ၊ ကိုရီးယား သို့မဟုတ် ဖိလစ်ပိုင်။ ပြဿနာအားလုံးကို ကိုင်တွယ်ဖို့က ခက်ပါလိမ့်မယ်။ အထင်ရှားဆုံး အာဏာရှင် လေးနိုင်ငံ (တရုတ်၊ ရုရှား၊ အီရန်၊မြောက်ကိုရီးယား) ဟာ တစ်နေ့တခြား ရပ်တည်ချက် တစ်ခုတည်း ဖြစ်လာတယ်။ နျူကလီးယားခြိမ်းခြောက်မှုကလည်း ကြီးထွားလာတယ်။ ဒီလေးနိုင်ငံက အမှန်တကယ် မဟာမိတ် ဟုတ်သလား၊ မဟုတ်သလား မသိရပေမယ့် သူတို့ချင်း နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက ဝါရှင်တန်ရဲ့ နိုင်ငံခြားရေးမူဝါဒ ဆွေးနွေးပွဲတွေမှာ အဓိက ရည်ညွှန်းရတဲ့ အကြောင်းအရာဖြစ်လာနေတယ်။ အကျပ်အတည်းတိုင်းက ကျယ်ပြန်တဲ့ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုနဲ့ ဆက်နွှယ်နေတာချည်းပဲ။
မဲဆွယ်ကာလတုန်းကတော့ ထရမ့်က တတိယကမ္ဘာစစ်ကြီး ဖြစ်လာတော့မယ့် အခြေအနေနဲ့ ဒီစစ်ပွဲကြီး ဖြစ်မလာအောင် အလွယ်တကူ သူ ဟန့်တားနိုင်တယ်ဆိုတာကို အဆင်ခြင်မဲ့ ပြောခဲ့တယ်။ ဘယ်လို ဟန့်တားမယ် ဆိုတာတော့ ပြောမသွားခဲ့ဘူး။ အာဏာရလာချိန်မှာတော့ ဒါက ပိုရှုပ်ထွေး လာနိုင်တယ်။ တစ်ခုတော့ရှိတယ်။ ထရမ့် ဘာလုပ်မယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်ဖို့တော့ ခက်တယ်။
ရီပတ်ဘလစ်ကင်ပါတီထဲမှာ ထရမ့်တွေ့ရမယ့် အယူအဆမတူတဲ့ အုပ်စု သုံးခု ရှိတယ်။ Primacists လို့ ဆိုသူတွေက ကမ္ဘာကြီးကို အမေရိကန်က ဦးဆောင်ရမယ် လို့ ခံယူတယ်။ နေရာတိုင်းမှာ အမေရိကန်က လွှမ်းမိုးမှု ရှိနေရမယ်။ သူတို့က ယူကရိန်းကို ရုရှက အနိုင်ရသွားရင် တရုတ်က ထိုင်ဝမ်ကို သိမ်းယူဖို့ ပိုရဲတင်းသွားစေလိမ့်မယ်လို့ ယူဆတယ်။ Prioritisers လို့ ခေါ်တဲ့ အုပ်စုကတော့ အမေရိကန်ရဲ့ လက်ရှိအနေအထားက အန္တရာယ်ရှိလောက်အောင် ကြီးမားကျယ်ပြန့်ပြီး မနိုင်ရင်ကန် ဖြစ်နေပြီ။ ကိုယ့်အတွက် အရေးပါတဲ့ အာရှလိုနေရာမှာသာ ကိုယ့်ရှိတဲ့ အရင်းအမြစ်လောက်နဲ့ အာရုံစိုက်စေချင်တယ်။ ဥရောပ နဲ့ အရှေ့အလယ်ပိုင်းကိုတော့ အများစုကို သူတို့ဘာသာ သူတို့ ကာကွယ်ပါစေ။ restrainers လို့ ဆိုသူတွေကျ ကမ္ဘာကြီးရဲ့အရေးမှာ အမေရိကန်ကို သိပ်မပါစေချင် တော့ဘူး။ ထရမ့် ရွေးချယ်လိုက်တဲ့ အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ရာထူးတွေက ဒီအချက်တွေကို ထင်ဟပ်နေတယ်။ သူရွေးချယ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဟာ တင်းမာတဲ့ ရီပတ်ဘလစ်ကင် တစ်ဦးဖြစ်ပြီး အမျိုးသား လုံခြုံရေးအကြံပေး မိုက် ဝေါ့လ်ဇ် ကတော့ အာရှအရေးဦးစားပေးချင်တယ်။ ကာကွယ်ရေးဝန်ကြီး အဖြစ် ရွေးချယ်လိုက်တဲ့ ပီတာ ဟက်ဂ်ဆက်သ် ကတော့ စစ်ဘက်ဆိုင်ရာ အင်အားကောင်းဖို့ အဓိကထားပြီး နိုင်ငံတကာအရေးမှာ ဝင်မပါဘဲ ထီးတည်းနေလိုတဲ့သဘောရှိတယ်။
“ထရမ့် ဘာလုပ်မယ်ဆိုတာ ကြိုတင်ဟောကိန်း ထုတ်ဖို့တော့ ခက်တယ်။”
ပထမ သမ္မတသက်တမ်းတုန်းကတော့ ထရမ့်က ဒီအုပ်စုသုံးခုစလုံးရဲ့စကားကို နားမထောင်ဘဲ သူ့သဘောနဲ့သူ သူ့ကိုယ်ပိုင်အယူအဆအတိုင်း လုပ်သွားခဲ့တယ်။ သူလုပ်တတ်တဲ့ ကုန်သွယ်ရေး မညီမျှမှု၊ သွင်းကုန်အခွန်ပြဋ္ဌာန်းမှုတွေပါ။ မဟာမိတ်တွေအပေါ် မပြေလည်တဲ့ဆက်ဆံရေးရှိပေမယ့် အာဏာရှင်တွေကို သဘောကျပြီး သူတို့နဲ့ ဆက်ဆံရတာကို နှစ်သက်သူဖြစ်တယ်။ ဒါကြောင့် မျှော်လင့်လို့ရတာက ကုန်သွယ်ရေးစစ်ပြန်စမယ်။ အထူးသဖြင့် တရုတ်နဲ့။ မဟာမိတ်တွေနဲ့ အဆက်ဖြတ်မယ်။ သို့မဟုတ် သူတို့နဲ့ဆက်ဆံရေးကို ပြန်ပြီး ညှိနှိုင်းမယ်။ ယူကရိန်းကိုပေးနေတဲ့ အမေရိကန်ရဲ့ စစ်ရေးအထောက်အပံ့ကို တစ်စိပ်တစ်ပိုင်း သို့မဟုတ် အလုံးစုံ ရပ်ပစ်နိုင်တယ်။ အစ္စရေး ဆင်နွှဲနေတဲ့စစ်ပွဲနဲ့ အိမ်ရာတိုးချဲ့အခြေချမှု မူဝါဒကို ဆက်ပြီးထောက်ခံအားပေးမယ်။ အီရန်ကို စီးပွားရေးဖိအား ပိုပေးမယ်။ မက္ကဆီကိုနဲ့ ပြဿနာပေါင်းစုံ (ကုန်သွယ်ရေး၊ ရွှေ့ပြောင်းအခြေချသူများ အရေး၊ မူးယစ်ဆေး)မှာ ဆက်ပြီး တင်းမာနေမယ်။
မေးခွန်းကြီးတစ်ခုက ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်မှာလား။ ဘယ်လောက်အထိ တိုးမြှင့်မှာလဲ။ လက်ရှိမှာ အမေရိကန်ကာကွယ်ရေးအသုံးစရိတ်ဟာ သမိုင်းတစ်လျှောက် အနိမ့်ဆုံး GDP ရဲ့ ၃% သာ သုံးစွဲထားပြီး တဖြည်းဖြည်းနဲ့ ကျဆင်းနေတယ်။ ပူးတွဲကော်မရှင်ရဲ့ အစီရင်ခံစာ မှာတော့ လာမယ့်နှစ် ကာကွယ်ရေးအသုံးစရိတ်ကို ၃-၅% တိုးဖို့ တိုက်တွန်းထားပြီး နောက်ပိုင်းမှာ စစ်အေးကာလ အသုံးစရိတ် (GDP ရဲ့ ၅-၁၇%) ထိရောက်အောင် တဖြည်းဖြည်းမြှင့်သွားဖို့ အဆိုပြုထား တယ်။
ဒါက ကျပ်တည်းတဲ့ ကာလမှာ အကြီးမားဆုံး ပြည်သူ့ဘဏ္ဍာ တိုးတက်သုံးစွဲမှုဖြစ်တယ်။ အစိုးရရဲ့ ဘဏ္ဍာငွေလိုအပ်ချက်က GDP ရဲ့ ၆% အထိ ရှိလာနိုင်ပြီး ထရမ့်ရဲ့အခွန်လျှော့ချ ကောက်ခံမှု ကြောင့် မသိမသာ တိုးလာနိုင်တယ်။ ထရမ့်ကတော့ သွင်းကုန်အခွန်တိုးကောက်တာရယ်၊ အသုံးစရိတ် လျှော့ချဖြတ်တောက်တာရယ်ကြောင့် ဒီကွက်လပ်ကို ဖြည့်နိုင်မယ်လို့ မှန်းဆထားတယ်။
လုံခြုံရေးဆိုင်ရာဂုရုတွေကတော့ စစ်ပွဲထက် စစ်ပွဲရှောင်ရှားခြင်းက ကုန်ကျစရိတ်သက်သာတဲ့ အပေါ် မေးခွန်းထုတ်ကြတယ်။ ဒါပေမဲ့ အကျိုးရှိတဲ့ အရာတွေကို လျှော့ချဖြတ်တောက်ပစ်မလား။ လိုတဲ့ လက်နက်တွေအတွက် အခွန်ပဲ တိုးကောက်မလား။ ထရမ့်အပေါ် မှန်းဆဖို့ ခက်ပါတယ်။
မူရင်း – A world in Turmoil, Anton La Guardia, Diplomatic editor, The Economist