၂၀၂၃ ခုနှစ်၊ အောက်တိုဘာ(၇)က ဟားမတ်စ် အကြမ်းဖက်တိုက်ခိုက်မှုဟာ အစ္စရေး ပြည်သူတွေတင် မကပါဘူး။ ကမ္ဘာ့ပြည်သူတွေကိုပါ အံ့သြချောက်ချား တုန်လှုပ်စေခဲ့ပါတယ်။ အစ္စရေးနယ်မြေပေါ် ဟားမတ်စ်အကြမ်းဖက်သမားတွေ ခြေချနိုင်လိမ့်မယ်လို့ လုံးဝ တွေးထင်မထားတဲ့ အစ္စရေး ပြည်သူတွေဟာ ဟားမတ်စ်အကြမ်းဖက်သမားက သူတို့နေအိမ်တွေထဲ အထိ ဝင်ရောက် သတ်ဖြတ်ခဲ့ တာကို ခံခဲ့ရပါတယ်။ အစ္စရေးပြည်သူ (၁,၁၃၉)ဦး သေဆုံးခဲ့ပြီး အနည်းဆုံး (၈,၇၃၀)ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ဟားမတ်စ်အကြမ်းဖက်အဖွဲ့က ဓားစာခံအဖြစ် (၂၅၀)ကျော် ဖမ်းဆီးသွားတာကိုလည်း ခံခဲ့ရပါတယ်။

ဟားမတ်စ်အကြမ်းဖက်တိုက်ခိုက်မှုအပေါ်တုံ့ပြန်တဲ့ အစ္စရေးစစ်ဆင်ရေးဟာ တရားဝင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၉)ရက်နေ့အထိ (၁၅)လကျော် ကြာမြင့်ခဲ့ပါတယ်။ ဒီစစ်ပွဲအတွင်း အနည်းဆုံး ဂါဇာပြည်သူ (၆၁,၇၀၉) ဦး သေဆုံး ခဲ့ပါတယ်။ ဒီထဲမှာ ကလေးငယ်တွေဟာ (၁၇,၄၉၂)ဦး ပါပါတယ်။ ဒဏ်ရာ ရခဲ့တဲ့သူကလည်း အနည်းဆုံး (၁,၁၁၅,၈၈၈) ဦး ရှိခဲ့ပါတယ်။ တစ်မိသားစုလုံး ခြေပြတ်၊ လက်ပြတ် သေဆုံးခဲ့ရတဲ့ မကြည့်ရက်စရာ ဖြစ်ရပ်ဆိုး တွေကလည်း ဒုနဲ့ဒေးပါ။ အမေရိ ကန်နိုင်ငံ ထောက်ပံ့တဲ့ လက်နက်တွေ သုံးပြီး အစ္စရေးတပ်က ဂါဇာဒေသ ကို စိစိညက်ညက် ချေမှုန်းခဲ့မှုကြောင့် ဂါဇာဒေသ တစ်ခုလုံးဟာ အုတ်ကျိုးအုတ်ပဲ့ အပျက်အစီး ပမာဏဟာ တန်ချိန်သန်းပေါင်း (၅၀)ကျော် ရှိပါတယ်။ ဂါဇာဒေသကို လူနေ ထိုင်လို့ မရတော့ လောက်အောင်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာပါ။ အစ္စရေးစစ်တပ် ရဲ့ လုပ်ရပ်က လူမျိုးတုံး သတ်ဖြတ်ရေး လုပ်ရပ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။
ဂါဇာစစ်ပွဲရဲ့ အဖြေအဖြစ် ဒေါ်နယ်ထရမ့် ချပြခဲ့တဲ့ ရစ်ဗီးအယ်ရာ (Rivierc) စိတ်ကူးက စက်ဆုပ် ရွံရှာစရာပါ။ အတိ ဒုက္ခပေါင်းစုံကို မယုံကြည်နိုင်လောက်အောင် ခါးစည်းခံစားခဲ့ရတဲ့ ပါလက်စတိုင်း ပြည်သူ (၂)သန်းကျော်ကို အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံဆီ မောင်းထုတ်ပြီး ဂါဇာဒေသကို ကမ္ဘာ့ဇိမ်ခံ အပန်းဖြေကမ်းခြေကြီးအဖြစ် ဖန်တီးမှာပါ။ ဒေါ်နယ်ထရမ့်က ဒီလိုဖန်တီးနိုင်အောင် ဂါဇာဒေသ ကို လွှဲယူမယ်လို့ ဆိုပါတယ်။ လွှဲယူရအောင် ဂါဇာဒေသက အရောင်းအဝယ်လုပ်လို့ရတဲ့ ပစ္စည်း မဟုတ်ပါဘူး။ ဂါဇာဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ အချုပ်အခြာအာဏာ ပိုင်နယ်မြေပါ။ ၁၉၆၇ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှာချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၂၄၂)မှာ အရှေ့ဂျေရုဆလင် အပါအဝင် အနောက်ဘက်ကမ်းနဲ့ ဂါဇာဒေသဟာ ပါလက်စတိုင်း ပြည်သူတွေရဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေအဖြစ် သတ်မှတ်ခဲ့ပါ တယ်။ ၁၉၇၉ ခု၊ အီဂျစ်-အစ္စရေး ငြိမ်းချမ်းရေး သဘောတူညီချက်ရော၊ ၁၉၉၃ ခုနှစ် အော့စလို သဘောတူညီချက်ပါ ဒီကုလ သမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ်(၂၄၂) အပေါ် အခြေခံ ဆောင်ရွက်ခဲ့တာပါ။ ပါလက်စတိုင်း ပြည်သူတွေက ဂါဇာဒေသကို စွန့်ခွာဖို့ စိတ်ကူးမရှိသလို အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံ အပါအဝင် ဘယ်အာရပ်နိုင်ငံကမှ ဂါဇာဒေသကလို ပါလက်စတိုင်း ပြည်သူတွေ မောင်းထုတ်မယ့် အစီအစဉ်အပေါ် သဘောမတူကြပါဘူး။ ပါလက်စတိုင်း ပြည်သူ နှစ်သန်းကျော်ရဲ့ အတိဒုက္ခအပေါ် ချနင်း အမြတ်ထုတ်မယ့် ဒီစီးပွားရေး စီမံကိန်းဟာ လူ့နှလုံးသားကင်းပျောက်နေတဲ့ မိစ္ဆာ စီမံကိန်းပါ။
ဒေါ်နယ်ထရမ့်ရဲ့ မိစ္ဆာလုပ်ရပ်ကို ထုတ်ပြန်ဖို့ အာရပ်အဖွဲ့ချုပ်ဟာ ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှာ အရေးပေါ် ညီလာခံကျင်းပပြီး အီဂျစ်နိုင်ငံက အဆိုပြုလာတဲ့ ဂါဇာ စီမံကိန်းကို အတည်ပြု လက်ခံခဲ့ ပါတယ်။ ဒီစီမံကိန်းရဲ့ ပမာဏဟာ ဒေါ်လာ ၅၃ ဘီလျံရှိပြီး အဆင့်သုံးဆင့် ပါမှာပါ။ ပထမအဆင့်က အကျိုးအပဲ့အပျက်အစီးတွေ အပါအဝင် မပေါက်ကွဲသေးတဲ့ ဗုံးလက်နက်ပစ္စည်းတွေ ဖယ်ရှား ရှင်းလင်းရေး၊ ဒီအဆင့်မှာ ပါလက်စတိုင်းပြည်သူ ၁.၅ သန်းအတွက် ယာယီအဆောက်အအုံ တည်ဆောက်တာ အပါအဝင် ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ပင်မလမ်းတွေ ဖောက်လုပ်တာ ပါပါတယ် ဒီအဆင့်ကို ခြောက်လ ကျော်ကာလအတွင်း အကောင်အထည်ပေါ်မှာပါ။
ဒုတိယအဆင့် အမြဲတမ်းနေထိုင်နိုင်မယ့် နေအိမ် ၂၀ဝ,၀ဝ၀ ကျော်အပါအဝင် ရေ၊ လျှပ်စစ်မီး၊ မိလ္လာ စွန့်ပစ်ရေး၊ ဆက်သွယ်ရေး စတဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်မှာပါ။ ဒီအဆင့်ကို ကြီးကြပ်မယ့် ကြားကာလအုပ်ချုပ်ရေး အဖွဲ့ကို နိုင်ငံရေး အရောင်အသွေးမရှိတဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမှာပါ။ ဒုတိယအဆင့်က (၂)နှစ်ကျော်ကြာမယ်လို့ ခန့်မှန်းထားပါတယ်။
တတိယအဆင့်မှာ အမြဲတမ်းအိမ်ရာ (၂၀ဝ,၀ဝ၀)ကျော်ကို ထပ်တည်ဆောက်မှာပါ။ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ပြီးတဲ့အခါ ကြားကာလအုပ်ချုပ်ရေးအဖွဲ့က ဂါဇာဒေသ အုပ်ချုပ်ရေးကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့လက်ထဲ လွှဲပြောင်းပေး မှာပါ။ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ဟာ အော့စလို သဘောတူညီချက်အရ ပါလက်စတိုင်းပြည်သူတွေကို ကိုယ်စား ပြုတဲ့ အာဏာပိုင်အဖွဲ့ပါ။ တရား ဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးအတွက် ပထမအဆင့်မှာ အီဂျစ်နဲ့ ဂျော်ဒန် နိုင်ငံတွေက ပါလက်စတိုင်း ရဲတပ်ဖွဲ့ကို လေ့ကျင့်ထူထောင်ပေးမှာဖြစ်ပြီး နောက်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထောက်ခံချက်နဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ ဖြန့်ကြက် ချထားရေး ပါဝင် ပါတယ်။
အစ္စရေးရဲ့ အမေရိကန်နိုင်ငံရဲ့ တွေးဆချက်တွေကိုကြည့်ရင် ဂါဇာဒေသအနာဂတ်နိုင်ငံရေးမှာ ဟားမတ်စ်အဖွဲ့ ဖယ်ရှားရေးက အဓိကနိုင်ငံရေးလိုအပ်ချက်ပါ။
အီဂျစ်နိုင်ငံက အဆိုပြုပြီး အာရပ်အဖွဲ့ချုပ်က အတည်ပြုခဲ့တဲ့ ဂါဇာ ပြန်လည် ထူထောင်ရေး စီမံကိန်းဟာ အပေါ်ယံ ကြည့်ရင် လက်ခံချင်စရာပါ။ ဒါပေမဲ့ ဒီစီမံကိန်းမှာ အရေးကြီးတဲ့ နိုင်ငံရေး ပြဿနာကို မမြင်ချင်ယောင်ဆောင်ထားပါတယ်။ ဟားမတ်စ်အဖွဲ့ရဲ့ ရပ်တည်မှုပါ။ အီဂျစ်နိုင်ငံရဲ့ အဆိုပြုချက်မှာ အပြီးသတ် အဆင့်အနေနဲ့ ဂါဇာဒေသအုပ်ချုပ်ရေးကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ (PA) ဆီ လွှဲအပ်ပေး ရမယ်ဆိုထားပေမယ့် ရွေးကောက်ပွဲ ကျင်းပရေးကို ရည်ညွှန်း မထားပါဘူး။
ပါလက်စတိုင်းဒေသမှာ နောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ၂၀ဝ၆ ခုနှစ်မှာ ကျင်းပခဲ့ တာပါ။ အဲဒီနောက်ပိုင်း ရွေးကောက်ပွဲကျင်းပရေးကို ရွှေ့ဆိုင်းခဲ့တာ အခုအချိန်အထိပါပဲ။ ရွေးကောက်ပွဲ မကျင်းပတာ နှစ်(၂၀)နီးပါး ရှိနေပါပြီ။ တစ်ဖက်မှာလည်း အနောက်ဘက် ကမ်းနေ ပါလက်စတိုင်း ပြည်သူတွေ ၂၀ဝ၆ ခုနှစ်မှာ ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မတ မာမွတ်အဘာ့စ် (Mahmoud Abbas) ဦးဆောင်တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ဟာ အကျင့်ပျက် လာဘ်စားမှု တွေကြောင့် ပါလက်စတိုင်း ပြည်သူတွေရဲ့ စိတ်ကုန် ခါးသီးမှုကို ရင်ဆိုင်နေရတာပါ။ ကမ္ဘာ့အပြင်မှာ ဟားမတ်စ်အဖွဲ့ဟာ လက်ခံလို့မရတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်ပေမယ့် ပါလက်စတိုင်း ပြည်သူတွေ အဖို့တော့ အစ္စရေးကို စစ်ရေးအရ ရဲရဲဝံ့ဝံ့ ရင်ဆိုင် တိုက်ခိုက်ရဲတာဟာ ဟားမတ်စ်အဖွဲ့ပဲ ရှိပါတယ်။ အရေးကြီးတဲ့အချက်က ၂၀ဝ၆ ခုနှစ် ရွေးကောက်ပွဲမှာ ဂါဇာဒေသနေ ပါလက်စတိုင်းပြည်သူတွေ ရွေးကောက် တင်မြှောက်ခဲ့တဲ့အဖွဲ့က ဟားမတ်စ်အဖွဲ့ ဖြစ်နေပါတယ်။ လက်ရှိ လက်မှတ် ရေးထိုး ထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ရေးကို ဟားမတ်စ်အဖွဲ့နဲ့ စေ့စပ်ညှိနှိုင်းရရှိခဲ့ပြီး ဟားမတ်စ် အဖွဲ့ကပဲ အပစ်အခတ်ရပ်စဲရေးကို ဦးဆောင် ကြီးကြပ် ဆောင်ရွက်နေရတာပါ။ ပါလက်စတိုင်းပြည်သူတွေရဲ့ ထောက်ခံမှုကို အတိုင်းအတာ တစ်ခု အထိ ရရှိထားတဲ့ ဟားမတ်စ်အဖွဲ့ကို ဂါဇာဒေသ အနာဂတ်နိုင်ငံရေးမှာ ဘယ်လိုဖယ်ထုတ်နိုင်မှာလဲ။
အစ္စရေးရဲ့ အမေရိကန်နိုင်ငံရဲ့ တွေးဆချက်တွေကိုကြည့်ရင် ဂါဇာဒေသအနာဂတ်နိုင်ငံရေးမှာ ဟားမတ်စ်အဖွဲ့ ဖယ်ရှားရေးက အဓိကနိုင်ငံရေးလိုအပ်ချက်ပါ။ ဟားမတ်စ်အဖွဲ့ရဲ့ ရပ်တည်ချက်ကို ကြည့်ရင်လည်း အာရပ် အဖွဲ့ချုပ်ရဲ့ စီမံကိန်းကို လက်ခံပေမယ့် လက်နက် ဖြုတ်သိမ်းပေးရမယ် ဆိုတာက လက်တွေ့မှာ လုံးဝ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီအခြေအနေတွေ အားလုံး ခြုံကြည့်ရင် ဂါဇာဒေသရဲ့ အနာဂတ်နိုင်ငံရေးက လမ်းပျောက်နေတာကို တွေ့ရမှာပါ။ အစ္စရေးနဲ့ အမေရိကန်တို့က ပါလက်စတိုင်း ပြည်သူတွေကို ဂါဇာဒေသကနေ မောင်းထုတ်ပြီး ဟားမတ်စ်အဖွဲ့ကိုပါ တစ်လက်စတည်း ရှင်းလင်း လိုပါတယ်။ ပါလက်စတိုင်းပြည်သူတွေက ဂါဇာဒေသကို စွန့်ခွာ တိမ်းရှောင်ဖို့ လုံးဝစိတ်ကူးမရှိသလို သူတို့ရဲ့ အတိဒုက္ခကို အတူဖြတ်သန်း ရင်ဆိုင်နေတဲ့ ဟားမတ်စ် အဖွဲ့အပေါ် ကျောခိုင်းဖို့ဆိုတာကလည်း လက်တွေ့မှာ အစားထိုး စရာမရှိ ဖြစ်နေပါတယ်။
စာရေးသူရဲ့ အမြင်ကိုပြောရရင် ဂါဇာဒေသနဲ့ ပါလက်စတိုင်းပြည်သူတွေရဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့၊ အစ္စရေးနိုင်ငံရဲ့ တည်ငြိမ်လုံခြုံရေးကို ဖန်တီးနိုင်ဖို့ဆိုရင် ပါလက်စတိုင်း ပြည်သူတွေ အတွက် တစ်နိုင်ငံ၊ အစ္စရေးနိုင်ငံက တစ်နိုင်ငံ “နှစ်နိုင်ငံဖြေရှင်းချက်” ကလွဲရင် တခြားမရှိပါဘူး။ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများစုကလည်း “နှစ်နိုင်ငံ ဖြေရှင်းချက်” ကို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆီ ဦးတည်နိုင်မယ့် နည်းလမ်းအဖြစ် လက်ခံထားပြီးသားပါ။ ဂါဇာဒေသ အပေါ် စောင့်ကြည့် လေ့လာနေတဲ့ ပညာရှင်အများစုက အချုပ်အခြာအာဏာပိုင် တန်းတူရည်တူ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ပြုတဲ့ နည်းလမ်းကသာ အကြမ်းဖက် လက်နက်ကိုင်တိုက်ခိုက်တဲ့ နည်းလမ်းကို ဖယ်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်ထောက်ခံကြပါတယ်။ ဒုတိယအဆင့်မှာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲကိုကျင်းပပြီး “တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုး တက်ရေး” ကို အစ္စရေးနိုင်ငံနဲ့ တန်းတူရည်တူ လက်တွဲဆောင်ရွက်နိုင်မယ့် “ပါလက်စတိုင်းနိုင်ငံရေးဦးဆောင်မှု” ကို ထုဆစ် ဖော်ဆောင် ရမှာပါ။
တချို့ အင်အားစုတွေက အစ္စရေးနိုင်ငံ အနေနဲ့ “နှစ်နိုင်ငံဖြေရှင်းချက်” အပေါ် မယုံကြည်၊ လက်မခံတာကို ထောက်ပြကြသလို ပါလက်စတိုင်း နိုင်ငံရေးအင်အားစုထဲမှာ “နှစ်နိုင်ငံဖြေရှင်းချက်” အပေါ် ရပ်တည် ဦးဆောင်နိုင်မယ့် နိုင်ငံရေး ခေါင်းဆောင်မရှိတာကို အားနည်းချက်အဖြစ် ရှုမြင် ကြပါတယ်။ အမှန်ကတော့ ပါလက်စတိုင်းပြည်သူတွေကြားထဲမှာရော၊ အစ္စရေး ပြည်သူတွေ ကြားထဲမှာပါ။ “နှစ်နိုင်ငံဖြေရှင်းချက်” အပေါ် ယုံကြည်လက်ခံတဲ့ အင်အားစုတွေက သန္ဓေတည်၊ ရှိနေပြီးသားပါ။ လက်ရှိ အစ္စရေးထောင်ထဲမှာ အထိန်းသိမ်းခံနေရတဲ့ မာဝဲန်ဘာဂူတီ (Marawn Barghouti) ဟာ ပါလက် စတိုင်း ပြည်သူတွေရဲ့ ယုံကြည်စားမှု ရရှိပြီးသားဖြစ်တဲ့ နိုင်ငံရေး ခေါင်းဆောင်ဖြစ်သလို “နှစ်နိုင်ငံဖြေရှင်းချက်” အပေါ် ယုံကြည်လက်ခံတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ၂၀ဝ၂ ခုနှစ် ဝါရှင်တန်ပို့စ် (The Washington Post) မှာ ရေးသားခဲ့တဲ့ မာဝဲန်ဘာဂူတီရဲ့ ဆောင်းပါးက “ပါလက်စတိုင်း နိုင်ငံအနေနဲ့ အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လိုကြောင်း” ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အစ္စရေး ရေတပ်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သလို အစ္စရေး လျှို့ဝှက် ထောက်လှမ်းရေး (Shin Bet ) ရဲ့ အကြီးအကဲအဖြစ်လည်း ဆောင်ရွက်ခဲ့တဲ့ အေမီအာယာလွန် (Ami Ayalon) က မာဝဲန်ဘာဂူတီကို အနာဂတ် ပါလက်စတိုင်းခေါင်းဆောင်အဖြစ် ရှုမြင်ထားကြောင်း ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အော့စလိုငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် ယဝ်ဇက်ရာဘင်၊ အစ္စရေး ဝန်ကြီးချုပ် ဟောင်းတစ်ဦးဖြစ်တဲ့ အက်ဟွတ်ဘာရက်ခ် (Ehud Barok)၊ အစ္စရေးနိုင်ငံသားတွေနဲ့ ပါလက်စတိုင်းပြည်သူတွေ ပူးပေါင်းစီစဉ်လှုပ်ရှားတဲ့ “ငြိမ်းချမ်းရေး စစ်သည်တော်များ (Combatants for Peace)” လှုပ်ရှားမှု စတာတွေကို ကြည့်ရင် အစ္စရေး နိုင်ငံ အတွင်းမှာလည်း “နှစ်နိုင်ငံဖြေရှင်းချက်” အပေါ် ထောက်ခံတဲ့အင်အားစုတွေက အတိုင်းအတာ တစ်ခုရှိနေပြီးသား ဆိုတာ ပေါ်လွင်ပါတယ်။
လက်ရှိအချိန်မှာ ဂါဇာဒေသဟာ အုတ်ကျိုးအုတ်ပဲ့တွေ ဖုံးလွှမ်းနေတဲ့ ဖုန်းဆိုးမြေ ဖြစ်နေသလို ဟားမတ်စ် အဖွဲ့ကလည်း အစ္စရေးနိုင်ငံနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ အတော် အင်အားနည်း နေပါပြီ။ ဒါပေမဲ့ ဂါဇာဒေသရဲ့ အနာဂတ်ပုံဖော်ဖို့ အစ္စရေးနိုင်ငံမှာ “နိုင်ငံရေးရင်းမြစ်” အင်အား ကင်းမဲ့ နေပါတယ်။ ဒီလို နိုင်ငံရေးရင်းမြစ်အင်အား ကင်းမဲ့နေလို့သာ ဒေါ်နယ်ထရမ့်ရဲ့ အူကြောင်ကြောင် “ရစ်ဗီးအယ်ရာ ဇိမ်ခံအပန်းဖြေစခန်း” လို မိစ္ဆာ အတွေးတွေ ထွက်ပေါ်လာတာပါ။ တစ်ချိန်တည်းမှာပဲ ဂါဇာ ပြည်သူတွေအရေးကို နှစ်ပေါင်း အတော်ကြာကြာ နောက်တန်းပို့ထားတဲ့ အာရပ်အဖွဲ့ချုပ်ဟာ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးစီမံကိန်းကို မဖြစ်မနေချပြဆောင်ရွက်လာရပါတယ်။ ဒါကြောင့် စာရေးသူက ဂါဇာ ဒေသရဲ့ အနာဂတ်ကို “နိုင်သူ…ရှုံး၊ ရှုံးသူ…မျှော်လင့်ချက်” လို့ ဆိုချင်ပါတယ်။

