ရုရှားအစိုးရ ဝန်ကြီးတစ်ဦးအပါအဝင် အရာရှိကြီးများ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ တသီတတန်း ဖြစ်နေတာ ဘာကြောင့်လဲ?
မျက်မှောက်ခေတ် ရုရှားနိုင်ငံ အကြောင်း ပြောကြတဲ့အခါ ‘ဗလာဒီမာ ပူတင်’အကြောင်းနဲ့ ယူကရိန်း စစ်ပွဲအကြောင်းက ထိပ်ဆုံးကပါလာမှာဖြစ်တယ်။ ရုရှား သမ္မတ ‘ပူတင်’ဟာ လက်ရှိသမိုင်းမှာ နာမည် ဆိုးနဲ့ကျော်ကြားနေသူဖြစ်တယ်။ သူ့ရဲ့ ရက်စက် ကြမ်းကြုတ်မှုနဲ့ အာဏာမက်မောမှုတွေကို မြင်ကြရတဲ့ အခါ ဆိုဗီယက်ခေတ် အာဏာရှင် ‘စတာလင်’ ကိုလည်း သတိရစရာဖြစ်တယ်။
၁၉၃၄ ကစပြီး အာဏာရှင်ဖြစ်လာတဲ့ ‘စတာလင်’ဟာ နိုင်ငံရေးအရ မရှိသင့်ဘူးလို့ သူထင်တဲ့လူတွေကို ပိုက်စိပ်တိုက် ရှာဖွေပြီး လုပ်ကြံသတ်ဖြတ်ဖယ်ရှားခဲ့တယ်လို့ ဆိုတယ်။ စတာလင်ရဲ့ အကြံပေး ပုဂ္ဂိုလ် ကွန်မြူနစ်အရာရှိကြီး ‘ဆာဂီ ကိရော့ဗ်’ (Sergi Kirov)ဟာ ၁၉၃၄ ဒီဇင်ဘာ (၁)မှာ ပထမဆုံး လုပ်ကြံ သတ်ဖြတ်ခံခဲ့ ရတယ်။ စတာလင် ကိုယ်တိုင်က ကိရော့ဗ်ကို ဆက်ပြီး မသုံးလိုတဲ့ အတွက် အသတ်ခိုင်း လိုက်တာ ဖြစ်စရာရှိတယ်လို့ ဆိုကြတယ်။ နောက်တော့ ၁၉၁၇ တော်လှန်ရေးကာလ က ထင်ရှားတဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ၊ လီနင် လက်ထက်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို စတာလင် က ပါတီနဲ့ တော်လှန်ရေးအပေါ် သစ္စာဖောက်တယ် ဆိုပြီး ပြည်သူ့ ခုံရုံးမှာ ကာယကံရှင် ကိုယ်တိုင်က အပြစ်ရှိပါတယ်လို့ ဝန်ခံခိုင်းပြီးမှ သတ်ပစ်တာ ဖြစ်ကြောင်း သမိုင်း မှတ်တမ်းတွေ ရှိခဲ့တယ်။
‘ဗလာဒီမာ ပူတင်’ ကလည်း မျက်မှောက် ရုရှားမှာ ဒုတိယ စတာလင်ဖြစ်လာနေပြီလို့ ဝေဖန်မှုတွေ ရှိ လာတယ်။ ပူတင်လည်း ‘စတာလင်’လိုပဲ သူရဲ့ နိုင်ငံရေးအတိုက်အခံတွေ၊ သူ့ကို ဆန့်ကျင်တဲ့အမြင်ရှိတဲ့ သတင်းထောက်တွေ၊ ဝေဖန်ပြောဆိုသူတွေကို လုပ်ကြံ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုတယ်။ အဆိပ်ခတ်သတ်ဖြတ်မှု၊ သေနတ်နဲ့ ချောင်းမြောင်းပစ်သတ်မှု၊ ပြတင်းပေါက်က ပြုတ်ကျတဲ့ ထူးထူး ဆန်းဆန်းသေဆုံးမှုအပါအဝင် လေယာဉ်ပျက်ကျမှုအထိ ပုံစံအမျိုးမျိုးနဲ့ လုပ်ကြံမှုတွေ တသီကြီး ရှိခဲ့တယ်လို့ ဆိုတယ်။

‘ပူတင်’ ရဲ့ နိုင်ငံရေးအတိုက်အခံ ‘အလက်ဇီ နာဗယ်လ်နီ’ (Alexei Navalny) ဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အကျဉ်းထောင် အတွင်းမှာ သေဆုံးသွားခဲ့ပြီး အခုအထိ သူ ဘာကြောင့်သေဆုံးခဲ့ရကြောင်း ရှင်းလင်း ထုတ်ပြန်မှု မလုပ်ခဲ့ဘူး။ ‘အလက်ဇီ နာဗယ်လ်နီ’ဟာ ၂၀၂၀ ခုနှစ်က ဆိုက်ဗေရီးယား ကနေ မော်စကို ကိုသွားတဲ့ လေယာဉ် ခရီးစဉ်မှာ အဆိပ်ခတ် လုပ်ကြံတာ ခံရသေးတယ်။ ‘ပူတင်’ကို ဝေဖန်သူ အဖြစ် ထင်ရှားတဲ့ ရုရှားစုံထောက် ‘အလက်ဇန်ဒါ လစ်ဗင်နင်ကို’ (Alexander Litvinenko) ဟာလည်း ၂၀၁၆ ခုနှစ်က လန်ဒန်မှာ အဆိပ်ခတ် လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတယ်။ လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေ ‘စတန်နစ်ဆလဗ် မာကေလော့ဗ်’ (Stanislav Markelov) (အသက် ၃၄ နှစ်) ဟာ ၂၀၀၉ ခု ဇန်နဝါရီလ ၁၉ရက် မှာ လုပ်ကြံခံခဲ့ရတယ်။ သတင်းစာ ရှင်းလင်းပွဲတက်ဖို့ သွားနေစဉ် ကရင်မလင်နဲ့ မီတာ ၈၀၀ အကွာအဝေး မှာ ‘မာကေလော့ဗ်’ ပစ်သတ်ခံရတာဖြစ်တယ်။ ‘မာကေလော့ဗ်’ကို လုပ်ကြံတဲ့ သေနတ်သမား ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့တဲ့ သတင်းထောက် ‘အန်နာစတာဆီယာ ဘာဘူရိုဗာ’ (Anastasia Baburova) (အသက် ၂၅ နှစ်) ဟာလည်း သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး မော်စကို ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်။ သူတို့ နှစ်ဦးဟာ ကရင်မလင်အနီးမှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်တယ်။
ပူတင်အစိုးရခေတ်အတွင်း သမားရိုးကျပုံစံအတိုင်း ကရင်မလင်နန်းတော်အနီးမှာ လုပ်ကြံသတ်ဖြတ်ခံ ရတဲ့ ထင်ရှားတဲ့ အတိုက်အခံ တွေထဲမှာ ရူပဗေဒပညာရှင် လစ်ဘရယ်နိုင်ငံရေးသမား ‘ဘောရစ် နမ်ဆော့ဗ်’ (Boris Nemtsov) (အသက် ၅၅) လည်း ပါတယ်။ သူဟာ သမ္မတ ယဲ့လ်ဆင် လက်ထက်က (၁၉၉၇ မတ်လမှ ၁၉၉၈ ဧပြီလအထိ) ဒုတိယ ဝန်ကြီးချုပ် တာဝန် ထမ်းဆောင် ခဲ့ဖူးတယ်။ သူက ပူတင်ကို ပြင်းပြင်းထန်ထန်ဝေဖန်သူဖြစ်တယ်။ ပူတင်အစိုးရဟာ အာဏာရှင်အစိုးရဖြစ်တယ်။ ဒီမိုကရေစီ ဆန့်ကျင်ရေး အစိုးရဖြစ်တယ်။ ငွေကြေးအလွဲသုံးစားပြုမှုနဲ့ အဂတိလိုက်စားမှုတွေ ကျူးလွန်နေတဲ့ အစိုးရဖြစ်တယ်။ နိုင်ငံရေးပြဿနာကို စစ်ရေး အရစွက်ဖက်လုပ်ဆောင်တဲ့ ယူကရိန်းစစ်ပွဲကို ‘ဘောရစ် နမ်ဆော့ဗ်’ က ပြစ်တင်ဝေဖန်ခဲ့တယ်။ ‘ဘောရစ် နမ်ဆော့ဗ်’ကို ကရင်မလင် နန်းတော်အုတ်ရိုးနဲ့ ရင်ပြင်နီအနီးက တံတားပေါ်မှာ ၂၀၁၅ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲမှာ နောက်ကျောဘက် ကနေ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တယ်။
အခြားထင်ရှားတဲ့ လုပ်ကြံခံရသူတွေကတော့ ၂၀၁၅ နိုဝင်ဘာ ၅ ရက်နေ့က ဝါရှင်တန်ဒီစီ ဟိုတယ်ခန်း မှာ သေဆုံးခဲ့တဲ့ သတင်း ပြန်ကြားရေး ဝန်ကြီးဟောင်း ‘မစ်ခေးလ် လက်ဆင်’ (Mikhail Lesin) (၅၇ နှစ်)၊ ၂၀၁၃ မတ်လ ၂၃ ရက်နေ့ ဗြိတိန် နိုင်ငံ ဘာ့ဂ်ရှိုင်းယားရှိ နေအိမ်မှာ သေဆုံးခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် ‘ဘောရစ် ဘာရက်ဇော့ဗ်စကီ’ (Boris Berezovsky) (၆၇ နှစ်)၊ ၂၀၀၉ နိုဝင်ဘာ ၁၆ ရက်နေ့ မှာ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ညှဥ်းပမ်းခံရပြီး ဆေးကုသခွင့် မပေးဘဲ ထားတဲ့အတွက် သေဆုံးခဲ့ရသူ ဥပဒေ အကျိုးဆောင် စာရင်းစစ် ‘ဆာဂေမဂ်နစ်စကီ’ (Sergei Magnitsky) (၃၇ နှစ်)၊ ၂၀၀၉ ဇူလိုင် ၁၅ ရက်နေ့ တွင် ဂရော့ဇနီမြို့ ချေချင်ညာမှာ ဖမ်းဆီး သတ်ဖြတ်ခံတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ သတင်းထောက် ‘နာတာလီယာ အက်စ်တေမီရိုဗာ’ (Natalia Estemirova) (အသက် ၅၀)၊ ၂၀၀၆ အောက်တိုဘာ ၇ ရက်နေ့မှာ မော်စကိုရှိ နေအိမ်တိုက်ခန်း ဓာတ်လှေခါးထဲမှာ ပစ်သတ်ခံရတဲ့ စုံစမ်းထောက်လှမ်း သတင်း ဖော်ထုတ် ရေးသားသူ သတင်းထောက် ‘အန်နာ ပိုလစ်ကော့ဗ်စကာယာ’ (Anna Politkovskaya) (အသက် ၄၈ နှစ်) စသဖြင့် ဖြစ်တယ်။ လုပ်ကြံ သတ်ဖြတ်ခံရသူတွေဟာ ပူတင်အစိုးရရဲ့ အာဏာ အလွဲသုံးမှုတွေ၊ အဂတိ လိုက်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ငွေကြေးအလွဲသုံးစား မှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်မှုတွေ နဲ့ ဥပဒေမဲ့ ဖမ်းဆီး သတ်ဖြတ်မှုတွေ အပါအဝင် နိုင်ငံရေးအရ အာဏာရှင် စနစ် ကျင့်သုံးနေတာတွေကို ပြည်သူအများ သိရှိအောင် သတင်း မီဒီယာကတစ်ဆင့် ဖော်ထုတ် ထောက်ပြ ဝေဖန် ကန့်ကွက်ခဲ့ကြ သူတွေ ဖြစ်တယ်။
လက်ရှိ အချိန်အထိလည်း အာဏာရှင် ’ဗလာဒီမာ ပူတင်’ဟာ သူအာဏာမြဲရေးအတွက် ရက်စက် ကြမ်းကြုတ်တဲ့ လုပ်နည်း လုပ်ဟန်တွေကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်တယ်လို့ သတင်းစာတွေက ဖော်ပြ နေကြတယ်။ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ရုရှား အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သူ ‘ရိုမန် ဗလာဒီမီရိုဗစ်ချ် စတာရိုဗိုုက်’ ရဲ့ သတင်းတွေကြောင့် ရုရှားပြည်တွင်းရေးဟာ လှိုင်းဂယက်တွေ ဆက်လက် ပြင်းထန်နေတာ အထင်အရှား မြင်နေရတယ်။
ရုရှားအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်သူ ‘ရိုမန် ဗလာဒီမီရိုဗစ်ချ် စတာရိုဗွိုက်’ (Roman Vladimirovich Starovoyt) အသက် (၅၃)နှစ် ဟာ မော်စကို ဆင်ခြေဖုံးမှာရှိတဲ့ သူ့နေအိမ် အနီးက ‘မာလေဗစ်ချ်ပန်းခြံ’ ထဲမှာ သေဆုံးနေတာကို ၂၀၂၅ ဇူလိုင် ၇ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ အေပီသတင်းက ဖော်ပြခဲ့တယ်။ သူသေဆုံးရပုံနဲ့ ပတ်သက်လို့ လူအများကြားမှာ သို့လော သို့လော စဉ်းစားစရာတွေ ဖြစ်ပေါ်နေတယ်။ လူအများကြားမှာ ဝန်ကြီး‘စတာရိုဗွိုက်’အနေနဲ့ သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်ဆိုတာကို မယုံနိုင်စရာ ဖြစ်နေ ကြတယ်။ ‘စတာရိုဗွိုက်’ သေဆုံးရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာက ဘာများဖြစ်နိုင် သလဲ ဆိုတဲ့ မေးခွန်းကလည်း လူအများ အကြား ပျံ့နှံ့နေပါတယ်။
အာဏာပိုင်တွေ ပြောကြသလို ‘စတာရိုဗွိုက်’ဟာ တကယ်ပဲ သူ့ကားထဲမှာ သူ့ကိုယ်သူ သတ်သေသွား တာလား။ ဒါမှမဟုတ် အနီးက ပန်းခြံထဲမှာပဲ သတ်သေခဲ့တာလား။ သူ့အနေနဲ့ ပမာဏ ကြီးမားတဲ့ လာဘ်စားမှု တစ်ခု ကျူးလွန်မိလို့ ရာဇဝတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေး အရေးယူခံရမယ့် အဖြစ်မျိုး ရင်ဆိုင် ကြုံတွေ့ နေရလို့လား။ ‘ကရင်မလင်’ အထက်လွှာ အသိုက်အဝန်း အပေါ် ‘ယူကရိန်းစစ်ပွဲ’ နဲ့ ဆက်စပ် ပြီး ပြင်းထန်တဲ့ အန္တရာယ် ကျရောက်တော့မယ့် အလားအလာ ရှိနေကြောင်း ‘စတာရိုဗွိုက်’ သေဆုံးမှု ကိစ္စက အချက်ပေး ခေါင်းလောင်းသံ ဖြစ်နိုင်သလား။…. အစရှိတဲ့ မေးခွန်းတွေ ပေါ်ထွက် လာနေပြီး တကယ့် အကြောင်းရင်းက ဘာများ ဖြစ်နေမလဲ.. . ဆိုတဲ့ အဖြေ မပေါ်တဲ့ မေးခွန်းတွေလည်း တရစပ် ထွက်ပေါ် နေပါတယ်။
ရုရှား သတင်းမီဒီယာတွေ အတွက်တော့ ‘စတာရိုဗွိုက်’သေဆုံးမှုနဲ့ပတ်သက်ပြီး ဖြစ်ရပ်အမှန် ပေါ်ပေါက် ရေးအတွက် ပျားပန်းခပ် အလုပ်ရှုပ်နေကြပါတယ်။ ‘စတာရိုဗွိုက်’ကို သမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့ (ဇူလိုင် ၇) မှာ ရာထူးကနေ ထုတ်ပယ်ခဲ့အပြီး နာရီပိုင်း အကြာမှာ သေဆုံးနေတာ တွေ့ခဲ့ရ ခြင်းဖြစ်တယ်။ ‘စတာရိုဗွိုက်’ဟာ ဝန်ကြီးတာဝန် မတိုင်မီက ကာ့စ်ခ် (Kursk) ဒေသရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်တယ်။ အရင်နှစ်က ကာ့စ်ခ်ဒေသကို ယူကရိန်းတပ်တွေ ရုတ်တရက် ထိုးဖောက် ဝင်ရောက် တိုက်ခိုက်တာခံရဖူးတယ်။

ကာ့စ်ခ်ဒေသရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ‘စတာရိုဗွိုက်’ ဟာ လာဘ်စားမှု ကျူး လွန်ခဲ့တယ်လို့ ယူဆစရာ ရှိခဲ့ဖူးတာကြောင့် တရားစွဲဆို ခံခဲ့ရဖူးတယ်လို့ ဆိုတယ်။ သူသေဆုံးရမှု နဲ့ ပတ်သက်ပြီး ဆိုဗီယက် အာဏာရှင် ‘စတာလင်’ ရဲ့ အရေးယူ ထုတ်ပယ်ပုံတွေနဲ့ ဆင်တူတယ်လို့ အရင်စလို နှိုင်းယှဉ် ကောက်ချက်ဆွဲ ပြောဆိုမှုတွေ ရှိလာတယ်။ စတာလင်ခေတ်က ဆိုဗီယက် အစိုးရ အရာ ရှိတွေဟာ အရေးယူ ခံရတော့မယ့် ကိစ္စမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါ အဖမ်းခံမယ့် အစား ကိုယ့်ကိုယ်ကို သတ်သေသွားကြတဲ့ အစဉ်အလာ ရှိခဲ့တယ်လို့ ဆိုတယ်။
‘စတာရိုဗွိုက်’ ကာ့စ်ခ်ဒေသအုပ်ချုပ်ရေးမှူးတာဝန်က နုတ်ထွက်ခဲ့ပြီးနောက် သူ့လက်ထောက် ဒုတိယ အုပ်ချုပ်ရေးမှူး အလက်ဇီ ဆမိုင်ယာနော့ဗ် (Alexei Smirnov) က အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့တယ်။ ဧပြီလတုန်းက ရာထူးတက်လာတဲ့ အုပ်ချုပ်ရေးမှူး အလက်ဇီ ဆမိုင်ယာနော့ဗ် အဖမ်းခံရတယ်လို့ ဆိုပါ တယ်။ ယူကရိန်းနဲ့ ကာ့စ်ခ်ဒေသ နယ်စပ်မှာ ခံတပ်စည်းရိုး အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ချထား ပေးငွေတွေကို အလွဲသုံးစား လုပ်မှုနဲ့ အဖမ်းခံရတာလို့ဆိုတယ်။ အဆိုပါ ငွေကြေး အလွဲသုံးစားလုပ်မှုကို ‘စတာရိုဗွိုက်’ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ‘အလက်ဇီ ဆမိုင်ယာနော့ဗ်’ က သက်သေထွက်ဆိုခဲ့တယ် လို့ ရုရှား သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြောင်း သိရတယ်။
သုံးနှစ်ခွဲ ကြာခဲ့ပြီ ဖြစ်တဲ့ အင်အား အလုံးအရင်းနဲ့ ဆင်နွှဲနေတဲ့ ယူကရိန်းစစ်ပွဲရဲ့ အကျိုးဆက်တွေကြောင့် ရုရှားအစိုးရ အဖွဲ့ အတွင်း အကွဲအပြဲတွေနဲ့ သဘောထား တင်းမာမှုတွေကို ‘စတာရိုဗွိုက်’ သေဆုံးမှုကိစ္စက မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောကြတယ်။
ရုရှား အစိုးရအဖွဲ့ ရဲ့ အုပ်ချုပ်ရေး အရာရှိ အဝန်းအဝိုင်းဟာ ယူကရိန်း စစ်ပွဲခွင်ထဲမှာ ထောင်ချောက်မိနေကြသလို ဖြစ်နေပြီး ကြာလေ အခြေအနေ ဆိုးလေ ဖြစ်လာနေတယ်လို့ ‘တာတီ ယာနာ စတာနိုဗာယာ’ (Tatiana Stanovaya) က ဆိုပါတယ်။ ‘တာတီယာနာ’ ဟာ ‘ကာနက်ဂီ ရုရှား-ယူရေးရှားအဖွဲ့’ က အမှုထမ်းတစ်ဦး ဖြစ်ပါတယ်။
“အရင်တုန်းက အစိုးရ အရာရှိဆိုတဲ့ ရာထူးဂုဏ်ရှိန်ဟာ အကျိုးစီးပွားတွေကြောင့် ကြီးမားထည်ဝါတယ်လို့ ထင်ခဲ့ကြပေမယ့် အခုအချိန်မှာ ဘာမှ အရာမရောက်တော့ဘဲ ကြုံလှီ သေးကွေး သွားပြီလို့ မြင်ရတယ်။ အရာရာဟာ အစိုးရ ယန္တရား ရေရှည် ရပ်တည် ရှင်သန်ရေးဆိုတဲ့ ခါးသီးတဲ့ ယုတ္တိဗေဒစနစ် ဇယားရဲ့ လက်အောက်ခံ ဖြစ်နေတယ်” လို့ ‘တာတီယာနာ စတာနိုဗာယာ’ က ဆိုတယ်။
ဝန်ကြီး စတာရိုဗွိုက် သေဆုံးမှုကိစ္စကြောင့် သံသယဖြစ်စရာတွေ ပေါ်ပေါက်လာ
သယ်ယူပို့ဆောင်ရေးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ တစ်နှစ်သာသာ လောက်ပဲ ရှိသေးတဲ့ ‘စတာရိုဗွိုက်’ ဟာ သေနတ်ဒဏ်ရာတစ်ချက်နဲ့ သေဆုံးခဲ့ရကြောင်း တွေ့ရတယ်။ သူဟာအသက် (၅၃) နှစ်သာ ရှိပါသေးတယ်။ ဝန်ကြီး စတာရိုဗွိုက် သေဆုံးမှု ကိစ္စကြောင့် သံသယဖြစ်စရာ အချက်အလက် တွေ အများအပြား ရုတ်တရက်ဆိုသလို ပေါ်ထွက်လာခဲ့တယ်။ ရုရှားနိုင်ငံရဲ့ အမြင့်ဆုံး ရာဇဝတ် မှုခင်း ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အဆိုအရ ‘စတာရိုဗွိုက်’ ရဲ့ ရုပ်အလောင်းကို သူ့ကားအတွင်းမှာ တွေ့ရှိတယ်လို့ ဆိုတယ်။
သူ့ကားကို မော်စကိုမြို့ အနောက်ဘက်က ‘အိုဒင့်ဆိုဗို’ ခရိုင်မှာ တွေ့တယ်လို့ ဆိုတယ်။ ‘အိုဒင့်ဆိုဗို’ ခရိုင်မှာ ရုရှားအထက်လွှာ ကြေးရတတ် လူတန်းစား အများအပြား နေထိုင်တယ်လို့ ဆိုပါတယ်။ ရာဇဝတ်မှု စုံစမ်း စစ်ဆေးရေး ကော်မတီရဲ့ လေ့လာ တွေ့ရှိချက်များ အရ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုဖြစ်ဖို့ အခြေအနေများတယ်လို့ အစီရင်ခံ ထားတယ်လို့ ဆိုတယ်။
ရုရှား သတင်းမီဒီယာတွေကတော့ သူ့ရုပ်အလောင်းကို အမှန်တကယ်တွေ့ရှိတဲ့နေရာက သူ့ကားရပ်ထား တဲ့ ကားပါကင်အနီးက ချုံပုတ်ထဲမှာ ဖြစ်တယ်လို့ ဖော်ပြထားတယ်။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ သတင်းထောက်တွေက အလောင်းသယ်ယူမှု ဝန်ဆောင်တဲ့ လုပ်သားတွေကို မေးမြန်း ဖော်ပြခဲ့တာဖြစ် တယ်။ သူ့အလောင်းအနီးမှာ သူ တရားဝင် ရရှိကိုင်ဆောင်တဲ့ ပစ္စတို သေနတ်ကို တွေ့ရတယ်လို့ ဆိုတယ်။
‘စတာရိုဗွိုက်’ ဘယ်အချိန်မှာ သေဆုံးတယ်ဆိုတဲ့ အချက်က မရှင်းမလင်းဖြစ်နေတယ်။ သူဘယ်အချိန် မှာ သေဆုံးကြောင်းကို ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ တွေ့ရှိချက်မှာ ဖော်ပြထားတာ မတွေ့ ရဘူးလို့ ဆိုတယ်။ သတင်းမီဒီယာအချို့ရဲ့ ယူဆချက်က ‘စတာရိုဗွိုက်’ သတ်သေမှုဟာ (စနေ/တနင်္ဂနွေ) ရုံးပိတ်ရက်တွေ အတွင်း ဖြစ်တယ်လို့ ဆိုနေကြပြန်တယ်။ တနင်္လာနေ့ (ဇူလိုင် ၇) မွန်းလွဲပိုင်းမှာ ‘စတာရိုဗွိုက်’ သေဆုံးမှု ပထမဆုံး အတည်မပြုနိုင်သေးတဲ့ သတင်း ထွက်ပေါ်လာချိန်မှာ လွှတ်တော်အမတ် ‘အင်ဒရေ ကာတာ ပိုလော့ဗ်’ က RTVI သတင်းဌာနကို အတည်ပြုချက် ပေးခဲ့တယ်လို့ ဆိုတယ်။ “အခု မကြာသေးခင်အချိန် အနည်းငယ်အတွင်းက သေတာပါ” လို့ ‘အင်ဒရေ ကာတာပိုလော့ဗ်’ က ပြောခဲ့တယ်လို့ဆိုထားတယ်။
စီးပွားရေး နေ့စဉ် သတင်းစာ ‘Kommersant’ က ဝန်ကြီးနဲ့ သိကျွမ်းခင်မင် အဆက်အသွယ်ရှိသူ အချို့ကို ဆက်သွယ်မေးမြန်းပြီး ကိုးကား ဖော်ပြရာမှာတော့ ‘ဝန်ကြီး စတာရိုဗွိုက်’ဟာ ‘ပူတင်’ က သူ့ကို အလုပ် ဖြုတ်တဲ့ စာထွက်မလာခင်ကလေး ဖြစ်တဲ့ တနင်္လာနေ့က သူ့ရုံးကို ရောက်လာ သေးတယ်လို့ ဆိုတယ်။ အဲဒီနောက်မှာ ဝန်ကြီးရုံးရဲ့ အွန်လိုင်းစကားဝိုင်း (group chat) ပေါ်မှာ ခွဲခွာခြင်း အထိမ်းအမှတ် နဲ့ နှုတ်ဆက်သတင်း စကားပါးတဲ့ စာတစ်စောင် သူတင်ခဲ့တယ်လို့ ဆိုတယ်။
ဆိုဗီယက်ခေတ် ၁၉၉၁ သြဂုတ်လအတွင်း ဖြစ်ပွားတဲ့ ခေါင်းမာအုပ်စုရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ အပြီးမှာ ပြည်ထဲရေး ဝန်ကြီး ‘ဘောရစ် ပူဂို’ (Boris Pugo) သူ့ကိုယ်သူ သတ်သေမှု ဖြစ်ပြီးနောက် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ‘စတာရိုဗွိုက်’ သတ်သေမှုဟာ ပထမဆုံး ဖြစ်ရပ်လို့ ဆိုပါတယ်။
‘စတာရိုဗွိုက်’ သေဆုံးမှု ဂယက်ရိုက်ခတ်ချက်ကြောင့် မကြာသေးမီက တသီတတန်းဖြစ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု တွေကိုလည်း လက်ညှိုးထိုးစရာ ဖြစ်လာတယ်လို. လူအများကြား ပြောဆိုနေကြ တယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက ‘အင်ဒရေ ဘာဒါလော့ဗ်’ (Andrei Badalov) ဟာ မော်စကိုက သူ့ တိုက်ခန်း ပြတင်းပေါက်ကနေ ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ သတင်း ထုတ်ပြန် ခဲ့တယ်။ ‘အင်ဒရေ’ ဟာ နိုင်ငံပိုင် ထရန်စနက်ဖ် ရေနံပိုက်လိုင်း လုပ်ငန်းရဲ့ ဒုတိယ အကြီးအကဲ ဖြစ်တဲ့အတွက် သူသေဆုံး ရပုံက လျှို့ဝှက် ဆန်းကြယ်မှု ဖြစ်နေတယ်။
အာဏာပိုင်တွေက ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေအဖြစ် တရားဝင်ကြေညာချက်တွေ ထုတ်ပြန်တိုင်း လူအများကတော့ သံသယ တိမ်တိုက်တွေအောက်မှာ အမြဲဆိုသလို သို့လော သို့လော ‘လောပေါင်း’ များစွာနဲ့ နေကြရတယ်လို့ ဆိုပါတယ်။ ဝေဖန်သုံးသပ်သူ တချို့ ရဲ့ အဆိုအရ အကယ်၍ ‘စတာရိုဗွိုက်’ သာ အသက်မသေဘဲ အဖမ်းခံခဲ့ရမယ်ဆိုရင် သူနဲ့ အဆက်အသွယ်ရှိတဲ့ သူ့အထက်က ရာထူးကြီးကြီး ပုဂ္ဂိုလ်တွေကို သူက လက်ညှိုးထိုးလာမှာကို ကြောက်နေကြတယ်လို့ ဆိုကြတယ်။
‘ကရင်မလင်အစိုးရ’ အသိုင်းအဝိုင်းမှာတော့ ‘စတာရိုဗွိုက်’ သေဆုံးရခြင်းအတွက် ‘ဝမ်းနည်း ကြေကွဲရကြောင်း’ ပြောနေကြ ပေမယ့် သူ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆိုမှု မပြုမိအောင် ရှောင်ရှား နေကြတယ်လို့ ဆိုတယ်။
ရုရှားစစ်တပ် အရေးမလှဖြစ်နေမှုတွေရဲ့ နောက်ကွယ်မှာ အကျင့်ပျက်လာဘ်စားမှုကို သော့ချက်အဖြစ် ရှုမြင်နေကြတယ်
၂၀၂၄ သြဂုတ်လအတွင်းက ယူကရိန်းတပ်တွေ ဒေသတွင်း အလစ်အငိုက် ထိုးဖောက်ဝင်ရောက်ခဲ့ချိန်က ရုရှားစစ်တပ်ဟာ မတားဆီးနိုင်ဘဲ အရေးနိမ့်ခဲ့ရတယ်။ အဲဒီလို စစ်ရှုံးခဲ့ရမှုရဲ့ နောက်ကွယ်က အဓိက အကြောင်းရင်းကတော့ ကာ့စ်ခ် (Kursk) ဒေသ အာဏာပိုင်တွေ ပါဝင်ပတ်သက်နေတဲ့ ငွေကြေးအလွဲ သုံးစားလုပ်မှု ကိစ္စကြောင့်ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ ယူကရိန်းရဲ့ ထိုးနှက် တိုက်ခိုက်မှုကြောင့် ‘ကရင်မလင်’ (ရုရှားအစိုးရ) ကို အကြီးအကျယ် အရှက်ရစေခဲ့တယ်။ အဲဒီ ဆုံးရှုံးသွားတဲ့ နယ်ခြားဒေသ ကို ပြန်လည်ရရှိဖို့အတွက် ရုရှားတပ်တွေအနေနဲ့ ကိုးလကြာ အချိန်ယူ တိုက်ခိုက်ခဲ့ရတယ် လို့ဆိုတယ်။
‘စတာရိုဗွိုက်’ သေဆုံးရခြင်းကိစ္စနဲ့ ‘ကာ့စ်ခ်ဒေသငွေကြေးအလွဲ သုံးစားလုပ်မှု’ ကိစ္စတွေရဲ့ နောက်ဆက် တွဲအနေနဲ့ လာဘ်စား မှုတွေ တသီကြီးပေါ်လာခဲ့တယ်။ ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်အရေးနိမ့်ခဲ့ရမှုတွေ ရဲ့ နောက်ကွယ်အကြောင်းရင်းဟာ အဆိုပါ အကျင့်ပျက် လာဘ်စားမှုတွေကြောင့် ဖြစ်တယ်လို့ ရှုတ်ချဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့တယ်။
ဇူလိုင်လ (၁) ရက်နေ့မှာ ယခင် ဒုတိယ ကာကွယ်ရေးဝန်ကြီးဖြစ်သူ တီမူးရ်အိုင်ဗန်နော့ဗ် (Timur Ivanov) ကို ငွေကြေး အလွဲသုံးမှု၊ ငွေကြေးခဝါချမှု စွဲချက်တွေနဲ့ ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခဲ့တယ်။ တနင်္လာနေ့ (ဇူလိုင် ၇) မှာ ယခင် စစ်ဘက်ဆိုင်ရာ အထွေထွေ ကွပ်ကဲမှု ဌာနရဲ့ ဒုတိယ အကြီးအကဲဖြစ်သူ ‘ခါလစ် အာဆလာနော့ဗ်’(Khalil Arslanov) ကို ငွေကြေး အလွဲသုံးမှု စွဲချက်တွေနဲ့ ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့တယ်။ သူတို့နှစ်ဦးဟာ ယခင် ကာကွယ်ရေးဝန်ကြီး ‘ဆာဂေ ရှိုအီဂူ’(Sergei Shoigu)နဲ့ အရင်းနှီးဆုံး အရာရှိ တစ်ဒါဇင် လောက်ထဲမှာ အပါအဝင် ဖြစ်တယ်လို့ ဆိုတယ်။ အဲဒီ အရာရှိ တစ်ဒါဇင်ခန့်ဟာ အဂတိ လိုက်စားမှုတွေမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံ နေရပြီး ရုရှား စစ်တပ်အတွင်း ကျယ်ကျယ် ပြန့်ပြန့် စုံစမ်း စစ်ဆေးမှုတွေ လုပ်ရာမှာ သူတို့ဟာ ပစ်မှတ် ဖြစ်နေကြတယ်လို့ သိရတယ်။
ဒါပေမဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်ခဲ့တဲ့ ‘ဆာဂေ ရှိုအီဂူ’ကတော့ ဝါရင့် စစ်အရာရှိကြီး ဖြစ်တဲ့ အလျောက် ‘ဗလာဒီမာ ပူတင်’နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ဆိုတယ်။ ဒါကြောင့် လည်း ‘ပူတင်’ က သူ့အတွင်းစည်း လုံခြုံရေးအတွက် စိတ်မချတဲ့ သူတွေကို ဖယ်ရှင်းရာမှာ ‘ဆာဂေ ရှိုအီဂူ’ ကတော့ ဖြုတ်ထုတ်ခြင်း မခံခဲ့ရတဲ့အပြင် ‘ရုရှား နိုင်ငံ လုံခြုံရေး ကောင်စီ’ရဲ့ အတွင်းရေးမှူး အဖြစ် ရာထူး တိုးမြှင့်ပေးတာ ခံခဲ့ရတယ်။
ဗြိတိန်နိုင်ငံအခြေစိုက် ‘ရုရှားရေးရာ အထူး ကျွမ်းကျင်မှု အတိုင်ပင်ခံ အကြံပေးကုမ္ပဏီ’ ဖြစ်တဲ့ ‘Mayak Intelligence Ltd.’ ရဲ့ အကြီးအကဲ တာဝန်ယူထားသူ ‘မာ့က် ဂယ်လီယိုတီ’ (Mark Galeotti) က ဒစ်ဂျစ်တယ် အသံဖိုင်နဲ့ ရုရှားမှာ ဖြစ်ပွားနေတဲ့ အဂတိ လိုက်စားမှု ကိစ္စကို လေ့လာ တင်ပြထားတယ်လို့ သိရတယ်။ သူ့အဆိုအရ ရုရှားမှာ ဖြစ်ပွားနေတဲ့ အစိုးရ အရာရှိကြီးပိုင်းရဲ့ အကျင့်ပျက် လာဘ်စားမှု အခြေအနေဟာ ယူကရိန်း စစ်ပွဲကြောင့် တစ်နေ့တခြား ဆိုးသည်ထက် ဆိုးလာနေတယ်လို့ သုံးသပ်ပြောဆို ထားတယ်။ လာမယ့် အနာဂတ်မှာ ‘ဒေါသအိုးကွဲ မျိုးချစ်ရဲဘော်’ တစ်ယောက်က ပြည်သူလူထု သိရှိ အောင် ဖွင့်ချပြောဆိုတာမျိုး ဖြစ်ပေါ်လာ နိုင်တယ်လို့ ဆိုတယ်။
“ကိုယ်ကျိုးရှာတဲ့၊ ပြည်သူ့ဘဏ္ဍာ ငွေကြေးတွေကို အလွဲသုံးစားလုပ်နေကျ လက်တစ်ဆုပ်စာ လူကြီးတွေကြောင့် ရုရှား နိုင်ငံတော် ဟာ ကျဆုံးရတော့မယ်။ အကျိုးဆက် ကတော့ သူတို့ လက်ချက်ကြောင့်ပဲ၊ ငါတို့ လူငယ်တွေ စစ်ပွဲထဲမှာ သေဆုံးနေ ကြရတယ်လို့ ဖွင့်ဟ ပြောဆိုလာလိမ့်မယ်။”
အလွဲသုံးစား လုပ်နေကျ လက်တစ်ဆုပ်စာ လူကြီးတွေ အကြောင်း ပြည်သူ လူထု သိရှိအောင် ဖွင့်ချတဲ့နေ့ ရောက်လာ လိမ့်မယ်လို့ ‘မာ့က် ဂယ်လီယိုတီ’က သူ့ဒစ်ဂျစ်တယ် အသံဖိုင်ထဲမှာ ပြောဆိုထားတယ်။
ကွယ်လွန်သူ ဝန်ကြီး ‘စတာရိုဗွိုက်’ဟာ ‘ရိုတင်ဘာ့ဂ် ညီနောင်များ အုပ်စု’ နဲ့ အချိတ်အဆက် ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ် နေတာရှိတယ်။ ‘ရိုတင်ဘာ့ဂ် ညီနောင်များ အုပ်စု’ ဆိုတာ ‘ပူတင်’ရဲ့ ရှေးပဝေသဏီ က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်တဲ့ သူငယ်ချင်း လူရင်းတွေ လို့ဆိုတယ်။ သူတို့အုပ်စုက ရုရှားနိုင်ငံရဲ့ သယ်ယူပို့ဆောင်၏ရေး နယ်ပယ်မှာ ကျယ်ပြန့်တဲ့ စီးပွာရေး ရင်းနှီးမြှုပ်နှံမှုတွေ ရှိတယ်လို့ ဆိုတယ်။ ‘ရိုတင်ဘာ့ဂ် ညီနောင် အုပ်စု’ အနေနဲ့ သူတို့ရဲ့ သြဇာ ကျဆင်းလာတာ နဲ့အမျှ နောက်လိုက်နောက်ပါ တပည့် တပန်းတွေကို ကာကွယ်စောင့်ရှောက် ပေးနိုင်စွမ်း ကျဆင်းတာ တွေ့ရတယ်လို့ စောင့်ကြည့် လေ့လာသူ အတော်များများ က သုံးသပ် ပြောဆို ကြတယ်။ သဘောကတော့ ‘ပူတင်’ ရဲ့ အရင်က အဆက်အသွယ် ဟောင်း အုပ်စုတွေဟာ ပါဝါ မရှိတော့တဲ့ အတွက် အလုပ်မဖြစ် ကြတော့ဘူး ဆိုတဲ့ အချက်ပြမှု အသစ်တွေ တွေ့လာရတယ်လို့ ပြောကြတယ်။
“အဖမ်းအဆီးလုပ်မှုရဲ့ ရှေ့ အလားအလာက ‘ရိုတင်ဘာ့ဂ်ညီနောင်အုပ်စု’ ကို ကိုယ်စားပြုသူတွေ ရှင်းလင်းခံရတော့မယ့် နိဒါန်းအစလို့ အတိအကျ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်တုန်းက လုပ်နည်းလုပ်ဟန် စံချိန်စံညွှန်းတွေက ခွင့်လွှတ်လို့မရနိုင်တဲ့ အတိုင်းအတာအထိ ရောက်နေပြီလို့ စစ်ပွဲအနေအထားက တွန်းအားပေးနေခြင်းကြောင့်ပါပဲ။” လို့ ‘ကာနက်ဂီ ရုရှား-ယူရေးရှားအဖွဲ့’ က အမှုထမ်းဖြစ်သူ‘တာတီယာနာ စတာနိုဗာယာ’ က ဆိုပါ တယ်။
လက်ရှိအခြေအနေက “ရန်သူရဲ့ ရန်လိုတိုက်ခိုက်မှုအောက်မှာ နိုင်ငံတော်ရဲ့ ခုခံကာကွယ်နိုင်စွမ်းကို အားနည်း ချည့်နဲ့အောင် လုပ်တဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို ညှိနှိုင်းမှု ညှာတာထောက်ထားမှု လုံးဝမလုပ်ဘဲ မဖြစ်မနေ အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်။” လို့ ‘စတာနိုဗာယာ’ က ဆိုပါတယ်။
Reference:
(1) Russian transport minister’s death fuels speculation about harsher environment for Kremlin elites (AP News, July 11, 2025)
(2) Kremlin calls transportation minister’s death ‘tragic’ but gives no clues about his apparent suicide (AP News, July 8, 2025)
(3) Full List of Putin Critics Who Have Died in Mysterious Circumstances, News Week (Feb 16, 2024)

