အခြားနိုင်ငံတွေမှာဆို တီဗီကြည့်တာ၊ ရုပ်ရှင်ကြည့်တာက လွယ်လွယ်လေးပဲ။ ဥပမာ- Netflix တစ်လစာကြေးဆို ပီဇာတစ်ချပ်ဖိုးတောင် မရှိဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားမှာတော့ စိတ်ဝင်စားစရာကောင်းတဲ့ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ဖို့ဆိုတာ အင်မတန် အန္တရာယ်များပြီး အသက်နဲ့တောင် ရင်းရတဲ့ ကိစ္စဖြစ်နေသတဲ့။
ဆန့်ကျင်ဘက် အယူအဆနဲ့ ယဉ်ကျေးမှု
၂၀၂၀ ခုနှစ်မှာ မြောက်ကိုရီးယားက “ဆန့်ကျင်ဘက် အယူအဆနဲ့ ဆန့်ကျင်ဘက် ယဉ်ကျေးမှု တိုက်ဖျက်ရေး ဥပဒေ”( Anti-Reactionary Thought and Culture Denunciation Law ) ဆိုတာကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေအရ မြောက်ကိုရီးယားမှာ ဘယ်သူမှ (သူတို့ အဆိုအရ) “ရန်သူဆီက မကောင်းတဲ့ အတွေးအခေါ်နဲ့ ယဉ်ကျေးမှု” တွေကို ကြည့်လို့၊ ပိုင်ဆိုင်လို့၊ မျှဝေလို့ မရဘူးတဲ့။ အဲဒီထဲမှာ နာမည်ကြီး တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲတွေ (K-dramas)၊ ဂီတ (K-pop) နဲ့ တောင်ကိုရီးယားက စာအုပ်တွေ၊ ပုံတွေ ပါဝင်တယ်။
တောင်ကိုရီးယားဒရာမာတွေမှာ “ချစ်တယ်” ဆိုတဲ့ စကားကို လွတ်လွတ်လပ်လပ် ပြောကြတယ်လို့ ပြုံယမ်းမှာ ရေကူးသမား ဟောင်း ဖြစ်တဲ့ ရူဟီးဂျင် (Ryu Hee-jin) ဆိုတဲ့ ကောင်မလေးက ရှင်းပြတယ်။ မြောက်ကိုရီးယားမှာတော့ ခေါင်းဆောင် ကင်ဂျုံအွန်ကိုပဲ ချစ်တယ်လို့ ပြောခွင့်ရှိတယ်လေ။
ဒီဥပဒေကို ချိုးဖောက်ရင် အလုပ်ကြမ်းလုပ်ခိုင်းတာ၊ ထောင်ချတာ၊ ဒါမှမဟုတ် သေဒဏ်အထိ အပြစ်ပေးတာ ခံရနိုင်တယ်။ တောင်ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်တဲ့အတွက် သေဒဏ်ပေးခံရတဲ့ သတင်းတွေလည်း ထွက်ခဲ့တယ်။ ဥပမာ- ၂၀၂၂ မှာဆို အသက် ၂၂ နှစ်အရွယ် လယ်သမားတစ်ယောက်ဟာ တောင်ကိုရီးယားသီချင်း အပုဒ် ၇၀ နားထောင်၊ ရုပ်ရှင် သုံးကားကြည့်ပြီး သူငယ်ချင်းတွေ ကိုပါ မျှဝေတဲ့အတွက် အသတ်ခံခဲ့ရတယ်။
အသက်နဲ့ ရင်းပြီး K-Drama ကြည့်သူများ
ဒီလောက် အန္တရာယ်များတာတောင် မြောက်ကိုရီးယားပြည်သူတွေဟာ K-drama တွေကို အရမ်းကြိုက်နေကြတုန်းပဲ။ ၂၀၁၆ ကနေ ၂၀၂၀ ကြား လုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ တောင်ကိုရီးယားကို ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား ၈၃% ဟာ သူတို့ မထွက်ပြေး ခင်က ဒီဇာတ်လမ်းတွဲတွေကို ကြည့်ဖူးကြတယ်လို့ ဆိုတယ်။ “သူတို့ ထုတ်ဖော် မပြောကြပေမယ့် နိုင်ငံခြားဗီဒီယို မကြည့်ဖူးတဲ့သူ ဆိုတာ မရှိဘူး” လို့ ၂၀၂၃ မှာ ထွက်ပြေးလာခဲ့တဲ့ ကန်ဂျူရီ (Kang Gyu-ri) ဆိုတဲ့ ကောင်မလေးတစ်ယောက်က ပြောဖူးတယ်။ ဒါဆို ဘယ်လို ဇာတ်လမ်းတွဲတွေက လူတွေ စွန့်ပြီး ကြည့်ရလောက်အောင် ဆွဲဆောင်နေတာလဲ?
ဘယ်လိုဇာတ်လမ်းတွဲတွေလဲ?
မြောက်ကိုရီးယားမှာဆို ပျင်းစရာကောင်းပြီး စည်းကမ်းတင်းကျပ်ထားတဲ့ ဇာတ်လမ်းတွဲတွေပဲ ကြည့်ရတယ်။ ခေါင်းဆောင်ကြီး ကင်ဂျုံအွန် ရဲ့ တော်လှန်ရေးဆိုင်ရာ အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုပြီး ခေါင်းဆောင်အပေါ် သစ္စာရှိဖို့၊ နိုင်ငံကိုချစ်ဖို့နဲ့ ကိုရီးယား ပြည်သူပြည်သားတွေရဲ့ စုစည်းညီညွတ်မှုကို ပြသဖို့ ပဲ ဖြစ်ပါတယ်။ ဝါဒဖြန့်ချိရေး ရုပ်ရှင်လို့ ပြောလို့ရပါတယ်။
ဥပမာ- “ဆီးနှင်းထဲက ပန်းတစ်ပွင့်” (A Flower in the Snow)ဆိုတဲ့ မြောက်ကိုရီးယားရုပ်ရှင်မှာဆို ကောင်မလေးတစ်ယောက်က စောင်စက်ရုံဟောင်းတစ်ခုကို ကယ်တင်ဖို့နဲ့ မိဘမဲ့ကလေးတွေကို ကူညီဖို့ သူ့ရည်းစားနဲ့ လမ်းခွဲရတယ်။ နောက်ဆုံးတော့ အောင်မြင်ပေမယ့် သူ့ရည်းစားဟောင်းက သူ့ကို ကူညီရင်း သေဆုံးသွားတယ်ပေါ့။
တောင်ကိုရီးယား ဒရာမာတွေကတော့ ပိုပြီးပျော်စရာကောင်းပြီး ရိုမန့်တစ်ဆန်တယ်။
တောင်ကိုရီးယားဒရာမာတွေမှာ “ချစ်တယ်” ဆိုတဲ့ စကားကို လွတ်လွတ်လပ်လပ် ပြောကြတယ်လို့ ပြုံယမ်းမှာ ရေကူးသမား ဟောင်း ဖြစ်တဲ့ ရူဟီးဂျင် (Ryu Hee-jin) ဆိုတဲ့ ကောင်မလေးက ရှင်းပြတယ်။ မြောက်ကိုရီးယားမှာတော့ ခေါင်းဆောင် ကင်ဂျုံအွန်ကိုပဲ ချစ်တယ်လို့ ပြောခွင့်ရှိတယ်လေ။
ကန်ဂျူရီရဲ့ အကြိုက်ဆုံး K-drama က “မေကွင်း (May Queen)” တဲ့။ သူက ပထမဆုံးအကြိမ် ဝှက်ထားတဲ့ SD မင်မိုရီ ကတ်လေးနဲ့ ညဘက် လူမသိအောင် ခိုးကြည့်ပြီး အခါ ၂၀ ပြန်လောက် ကြည့်ဖူးတယ်။ ဒီဇာတ်လမ်းက သင်္ဘော ဒီဇိုင်းပညာရှင်ဖြစ်ဖို့ ကြိုးစားရင်း အချစ်စစ်ကို တွေ့ရတဲ့ ချွန်ဟေဂျူး (Chun Hae-joo) ဆိုတဲ့ ကောင်မလေးအကြောင်း။ ဆင်းရဲဒုက္ခမျိုးစုံကနေ ရုန်းကန်ပြီး သင်္ဘော တည်ဆောက်ရေး လုပ်ငန်းနယ်ပယ်ရဲ့ အခက်အခဲတွေကို ကျော်ဖြတ်ကာ ဘဝတိုးတက်လာပုံကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းထဲမှာ မိသားစုသုံးစုရဲ့ ကံကြမ္မာတွေက ဒီ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လုပ်ငန်းနယ်ပယ်ထဲမှာ တစ်ခုနဲ့တစ်ခု ရောယှက်နေပြီး ရည်မှန်းချက်၊ အချစ်နဲ့ သစ္စာဖောက်မှု စတဲ့ အကြောင်းအရာတွေကို ပုံဖော်ထားပါတယ်။
သူ့ဘဝမှာ ကြုံခဲ့ရတဲ့ ဆိုးဝါးတဲ့ ဖောက်သည်တွေ၊ မတရားတဲ့ အထက်လူကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ချွန်ဟေဂျူးကို အားကျပြီး စိတ်ဓာတ်ခွန်အား ရခဲ့တယ်လို့ ကန်ဂျူရီက ပြောတယ်။
တီဗီကြည့်ရင်း ရတဲ့ သတင်းအချက်အလက်
မြောက်ကိုရီးယားတွေအတွက် တီဗီကြည့်တာက ဖျော်ဖြေရေးသက်သက် မဟုတ်ဘူး။ အရေးကြီးတဲ့ သတင်း အချက်အလက် တွေ ရရှိရာ လမ်းကြောင်းလည်း ဖြစ်နေတယ်။ ရိုးရှင်းတဲ့ ဇာတ်လမ်းတစ်ခုကတောင် မြောက်ကိုရီးယားတွေကို ကမ္ဘာကြီးရဲ့ အခြား တစ်ဖက် ကို ပြသနိုင်တယ်လို့ မြောက်ကိုရီးယားထဲ လျှို့ဝှက်ဇာတ်လမ်းတွဲတွေ ရောက်အောင် လုပ်ပေးနေတဲ့ အဖွဲ့တစ်ခုက လီကွမ်ဘက် (Lee Kwang-baek) က ပြောတယ်။ တောင်ကိုရီးယားဟာ ဆင်းရဲပြီး အန္တရာယ်များတဲ့ နေရာလို့ မြောက်ကိုရီးယား ခေါင်းဆောင်တွေက အမြဲပြောခဲ့ပေမယ့် တောင်ကိုရီးယား ဒရာမာတွေကတော့ ကားကောင်းတွေ၊ အစားအသောက်ကောင်းတွေ၊ အိမ်လှလှလေးတွေနဲ့ ပျော်ရွှင်တဲ့ ဘဝတွေကို ပြသနေတယ်။ ဆံပင်ပုံစံ ကွဲပြားတာလေးလို သေးသေးလေးတွေကတောင် တောင်ကိုရီးယားတွေ ဘယ်လောက် လွတ်လပ်လည်း ဆိုတာကို ပြသနေတယ်လို့ ကန်ဂျူရီက ပြောတယ်။
Crash Landing on You
“Crash Landing on You” ဆိုတဲ့ ဇာတ်လမ်းတွဲကိုတော့ တောင်ကိုရီးယားရော မြောက်ကိုရီးယားက လူတွေပါ အလွန်ကြိုက် ကြတယ်။

“Crash Landing on You” က ၂၀၁၉ မှာ ပြခဲ့တဲ့ နာမည်ကြီး ကိုရီးယားဒရာမာပါ။ Son Ye-jin (ဆွန်ယဲဂျင်) က တောင်ကိုရီးယား က သူဌေးသမီး Yoon Se-ri (ယွန်ဆယ်ရီ) အဖြစ်နဲ့ Hyun Bin (ဟျွန်ဘင်) က မြောက်ကိုရီးယား စစ်ဗိုလ် Ri Jeong-hyeok (ရီဂျောင်ဟျော့) အဖြစ် သရုပ်ဆောင်ထားပါတယ်။
ယွန်ဆယ်ရီ တစ်ယောက် လေထီးစီးရင်း မုန်တိုင်းမိပြီး မြောက်ကိုရီးယားဘက်ခြမ်းကို ရောက်သွားရာကနေ ဇာတ်လမ်း စပါတယ်။ အဲဒီမှာ မြောက်ကိုရီးယား ခန့်ချော စစ်ဗိုလ် ရီဂျောင်ဟျော့ နဲ့ တွေ့ပြီး သူ့ကို မြောက်ကိုရီးယားကနေ ပြန်လွတ်အောင် ကူညီရင်း နှစ်ယောက် ချစ်ကြိုက်သွားကြပုံကို ရိုက်ထားတာပါ။ နိုင်ငံနှစ်ခုရဲ့ နယ်နိမိတ်ခြားနားမှုကြားက အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ဒရာမာပါ။ ဒီဇာတ်လမ်းက ရိုမန့်တစ်ဆန်ရုံတင်မကဘဲ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နှစ်ဖက်စလုံးရဲ့ လူနေမှုဘဝတွေကိုပါ ပြသပေးထားတာပေါ့။ Netflix မှာလည်း ကြည့်လို့ရပါတယ်။
ယဉ်ကျေးမှု ထိန်းချုပ်မှုရဲ့ ရုန်းကန်မှု
မြောက်ကိုရီးယားတွေအတွက် တောင်ကိုရီးယား ဒရာမာတွေက ရင်းနှီးသလို၊ စိတ်လှုပ်ရှားစရာလည်း ကောင်းနေတယ်။ သရုပ်ဆောင်တွေက သူတို့နဲ့ ရုပ်ဆင်သလို၊ ဇာတ်လမ်းတွဲတွေကတော့ ဘတ်ဂျက်ကြီးကြီးနဲ့ အခမ်းအနားကြီးကြီးမားမား ရိုက်ထားတော့ ပိုဆွဲဆောင်တာပေါ့။ မြောက်ကိုရီးယားတစ်ချို့က တောင်ကိုရီးယားက ဆံပင်ပုံစံတွေ၊ စကားပြောပုံတွေတောင် လိုက်လုပ်ဖို့ ကြိုးစား ကြတယ်။ ဒါကို တားဖို့အတွက် မြောက်ကိုရီးယားအစိုးရက ၂၀၂၃ မှာ ဥပဒေအသစ်တစ်ခု ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးတွေဟာ သူတို့ ရည်းစား (သို့မဟုတ်) သူတို့ခင်ပွန်းတွေကို ကိုရီးယား ဘာသာနဲ့ “အစ်ကို” လို့ အဓိပ္ပာယ်ရတဲ့ ” အိုပါး ” (oppa) လို့ ခေါ်လို့ မရဘူးလို့ တားမြစ်လိုက်တယ်။ “အိုပါး” ဆိုတာ မိန်းကလေးတစ်ယောက်က သူ့ထက် အသက်ကြီးတဲ့ အစ်ကို (သို့မဟုတ်) ရင်းနှီးတဲ့ အမျိုးသား တစ်ယောက်ကို ခေါ်တဲ့အခါ သုံးတဲ့ စကားလုံးပါ။ ဒီစကားလုံးကို ကိုရီးယားဒရာမာတွေ၊ K-Pop တွေထဲမှာ မကြာခဏ ကြားဖူးကြမှာပါ။ ရည်းစားကိုလည်း “အိုပါး” လို့ ချစ်စနိုး ခေါ်တတ်ကြပါတယ်။
အသက်နဲ့ရင်းပြီး ကြည့်ရှုသူများ
မြောက်ကိုရီးယားတွေဟာ သူတို့အကြိုက်ဆုံး ဇာတ်လမ်းတွဲတွေကို ကြည့်ဖို့ အန္တရာယ်များတဲ့ နည်းလမ်းမျိုးစုံကို သုံးကြတယ်။ အချို့က နယ်စပ်နားမှာ နေပြီး တီဗီကို တရုတ် ဒါမှမဟုတ် တောင်ကိုရီးယားက လိုင်းတွေ ဖမ်းလို့ရအောင် ပြင်ကြတယ်။ အချို့ကတော့ Flash Drive (သို့) SD မင်မိုရီ ကတ်တွေနဲ့ လျှို့ဝှက် သယ်လာတဲ့ ဇာတ်လမ်းတွဲတွေကို ကြည့်ကြတယ်။ သူငယ်ချင်းဆီက ငှားကြည့်တာ၊ မှောင်ခိုဈေးကွက်ကနေ ဝယ်ကြည့်တာမျိုးတွေလည်း ရှိတယ်။
အာဏာရှင်ရဲ့ စိုးရိမ်စိတ်
တောင်ကိုရီးယား ဒရာမာတွေက နိုင်ငံရေးနဲ့ သိပ်မပတ်သက်ပေမယ့် အစိုးရကတော့ ဒါတွေကို ကြီးမားတဲ့ ခြိမ်းခြောက်မှုအဖြစ် မြင်နေတယ်။ ဒီအတွက်ကြောင့် ကြည့်တဲ့သူတွေကို ပေးတဲ့ ပြစ်ဒဏ်တွေက ပိုပြီး ပြင်းထန်လာတယ်။ အရင်က ရုပ်ရှင်တွေ မျှဝေတဲ့ သူတွေကို သေဒဏ်ပေးခဲ့တာကနေ အခုဆို လက်ဝယ်ထားရှိရုံနဲ့တောင် သေဒဏ်ပေးနိုင်တဲ့ အခြေအနေအထိ ရောက်လာပြီ။
ဒီလို ပျော်စရာ K-drama တွေက သူ့ရဲ့တင်းကျပ်တဲ့ အစိုးရအပေါ် လူတွေရဲ့ သစ္စာခံမှုကို လျော့ကျစေနိုင်တယ်ဆိုတာကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က သိတယ်။ မြောက်ကိုရီးယား ပြည်သူတွေကို ကင်မ်မိသားစုရဲ့ ခေါင်းဆောင်မှုအောက်မှာ ပြီးပြည့်စုံတဲ့နေရာမှာ နေနေရတယ်လို့ အမြဲပြောထားတာလေ။ ဒါပေမဲ့ တောင်ကိုရီးယားမှာ လူနေမှုဘဝ ဘယ်လောက် ပိုကောင်းတယ် ဆိုတာကို မြင်ရတဲ့အခါ သူတို့ဘဝက ပြောထားသလောက် မကောင်းဘူးဆိုတာကို သဘောပေါက်သွားတယ်။ ဒါကြောင့်လည်း အစိုးရက လူတွေကို နိုင်ငံထဲမှာ ပိတ်လှောင်ထားဖို့ ကြိုးစားသလို ထွက်ပြေးတဲ့သူတွေရဲ့ မိသားစုတွေကိုပါ အပြစ်ပေးတာမျိုး လုပ်နေတာပေါ့။
ကန်ဂျူရီကတော့ တောင်ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်ပြီးနောက် ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့တယ်။ သူနဲ့ သူ့မိသားစုက ငါးဖမ်းလှေငယ်လေးတစ်စင်းထဲ ကျပ်ကျပ်ညှပ်ညှပ် ဝင်ပြီး ကမ်းခြေစောင့်တပ်တွေကို ရှောင်တိမ်းခဲ့ကြတယ်။ နောက်ဆုံးမှာ တောင်ကိုရီးယား ရေပိုင်နက်ထဲက တံငါသည်တစ်ယောက်က ကယ်တင်ခဲ့တာပေါ့။ သူ့ရဲ့ ထွက်ပြေးမှုက “မေကွင်း” ဇာတ်လမ်းထဲက စွန့်စားခန်းတွေလိုပဲ ရဲရဲဝံ့ဝံ့ ရှိခဲ့တယ်ဆိုတာ အထင်အရှားပါပဲ။
နိဂုံးချုပ် ဆိုပါစို့
၁။ လွတ်လပ်မှုရဲ့ တန်ဖိုး
အခြားနိုင်ငံတွေမှာ ဖျော်ဖြေရေးကို လွတ်လွတ်လပ်လပ် ကြည့်ရှုခွင့်ရှိပေမယ့် မြောက်ကိုရီးယားမှာတော့ K-drama ကြည့်ရုံနဲ့ အသက်ပါ ဆုံးရှုံးနိုင်တယ် ဆိုတာက လွတ်လပ်မှုရဲ့ တန်ဖိုးကို ပိုပြီး နားလည်စေပါတယ်။ ကိုယ်ကြိုက်တာကို ကြည့်ခွင့်ရှိတာ၊ ဖတ်ခွင့်ရှိတာဆိုတာ သာမန်ကိစ္စမဟုတ်ဘဲ တန်ဖိုးကြီးတဲ့ အခွင့်အရေးတစ်ခုဆိုတာ မြင်သာပါတယ်။
၂။ ဝါဒဖြန့်ချိရေးရဲ့ အစွမ်းနဲ့ ကန့်သတ်ချက်
မြောက်ကိုရီးယားလို နိုင်ငံမျိုးမှာ အစိုးရက ဝါဒဖြန့်ချိရေး ဇာတ်ကားတွေပဲ ပြသနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ အသက်အန္တရာယ်ကြားကနေတောင် သူတို့လိုချင်တဲ့ ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်တွေကို ရှာဖွေနေကြတာက လူတွေရဲ့ သိချင်စိတ်နဲ့ လွတ်လပ်မှုကို တောင့်တတဲ့ စိတ်ကို အပြည့်အဝ ထိန်းချုပ်လို့ မရဘူးဆိုတာ သက်သေပြနေပါတယ်။
၃။ ဖျော်ဖြေရေးရဲ့ သက်ရောက်မှု
K-drama တွေက ဖျော်ဖြေရေးသက်သက် မဟုတ်ဘဲ မြောက်ကိုရီးယားပြည်သူတွေအတွက် ပြင်ပကမ္ဘာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိရာ လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။ ကွဲပြားတဲ့ ဘဝပုံစံတွေ၊ လွတ်လပ်မှုတွေကို မြင်ရတဲ့အခါ သူတို့ရဲ့ တွေးခေါ်မှုတွေကို ပြောင်းလဲစေနိုင်ပါတယ်။ အချို့ဆို K-drama ကြောင့်ပဲ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ကြတာမျိုးတောင် ရှိတာက ဖျော်ဖြေရေးက လူတွေရဲ့ ဘဝကို ဘယ်လောက်အထိ လွှမ်းမိုးနိုင်လဲဆိုတာ ပြသနေပါတယ်။
၄။ လူသားချင်း စာနာမှု
အသက်နဲ့ရင်းပြီး K-drama ကြည့်နေကြရတဲ့ မြောက်ကိုရီးယားပြည်သူတွေရဲ့ ဘဝတွေကို မြင်ရတာက လူသားချင်း စာနာစိတ်ကို ဖြစ်ပေါ်စေပါတယ်။ သူတို့ရဲ့ ခက်ခဲတဲ့ အခြေအနေတွေကြားကနေတောင် ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်လေးတွေ ရှာဖွေနေကြတာက တကယ်ကို လေးစားစရာကောင်းပါတယ်။
SOURCE:
Fatal attraction, The Economist – July 2025


