The Corner

The Corner

cropped-Logo_round_grey-background.png

အရူးတွေရဲ့ ကမ္ဘာ..

Share မယ်

(၁)

အရူးဟာ သူရူးနေတာကို မသိဘူး။ အရူးဟာ ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတယ်။ အရူးပြောသမျှစကား ယုံသူအားလုံး ရူးသွားကြတယ်။ အရူးက ဒီနေ့ ဒီစကားပြောပြီး နောက်တနေ့ နောက်တမျိုးပြောတယ်။ တနေ့တမျိုး မရိုးရဘူး။အရူးကို သွားမခန့်မှန်းနဲ့ ရူးသွားမယ်။ အရူးဟာ ဗလောင်းဗလဲ အမြဲပြောတယ်။ အရူးစကားကို အတည်ယူလို့ မရသလို အတည်မယူလို့လည်း မရဘူး။ အရူးဟာ သူစိတ်ထင်ရင် ထင်သလို ဆုံးဖြတ်တတ်ပြီး စိတ်မထင်ရင် မထင်သလို ရုတ်တရက်ပြောင်းလဲလုပ်တတ်တယ်။အရူးဟာ သူ့ကိုယ်သူသာ ဒီကမ္ဘာမှာ အကြီးမြတ်ဆုံးလို့ ယူဆပြီး တခြားသူတွေကို အထင်သေးတယ်။။ အရူးကို ဘယ်သူမှ လျှော့မတွက်ရဲကြဘူး။ အရူးက ဘာလုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့။ အရူးဟာ စကားကိုအလွယ်ပြောတယ်။ ပြောပြီး ကတိမတည်ဘူး။ 

(၂)

ဘီဘီစီ In-Depth မှာ Allan Little ရဲ့ How Trump is using the ‘ Madman Theory’  to try to change the world( and it’s workingခေါင်းစဥ်တပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဝေဖန်ထားတာပါ။ လက်ရှိ ထရမ့် လုပ်ဆောင်နေတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ လုပ်ဆောင်ချက် တွေကို နိုင်ငံရေးသိပ္ပံပညာရှင်တွေက  နားလည်ရခက်တဲ့ ” အရူးသီအိုရီ” လို့ အမည်ပေးထားပြီး ထရမ့်ရဲ့ ခုတစ်မျိုး တော်ကြာ တစ်မျိုး မမှန်းဆနိုင်တဲ့ ဆုံးဖြတ်ချက် ပေါ်လစီတွေဟာ လက်ရှိမှာ အလုပ်ဖြစ်နေတယ်လို့ သုံးသပ်ထားတယ်။ 

ပြီးခဲ့တဲ့လက အီရန်ကို ဝင်မတိုက်ခင် သတင်းထောက်တွေက “အစ္စရေးဘက်ကနေ အီရန်ကို ဝင်တိုက်ဖို့ အစီအစဉ်ရှိပါသလား” လို့ မေးတဲ့အခါ ” တိုက်ချင်တိုက်မယ်၊ မတိုက်ချင် မတိုက်ဘူး။ ကျွန်တော် ဘာလုပ်မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး” လို့ ထရမ့်က ပြန်ဖြေခဲ့တယ်။ သူက အီရန်ကို ညှိနှိုင်းဖို့ နှစ်ပတ်အချိန် ပေးထားတယ် လို့ ကမ္ဘာသိပြောထားတယ်။ နောက်တော့လည်း ဗုံးကြဲတော့ တာပဲ။ (A pattern is emerging : The most predictable thing about Trump is his unpredictability. He changes his mind. He contradicts himself. He is inconsistent.) 

ထရမ့်နဲ့ပတ်သက်လို့ အသေချာဆုံးခန့်မှန်းနိုင်တစ်ခုက ဘာမှ ခန့်မှန်းလို့ မရဘူး ဆိုတာပဲ။ ထရမ့်က သမ္မတ ရစ်ချတ်နစ်ဆင်နောက်ပိုင်း တစ်ကိုယ်တော်ဆုံးဖြတ်ချက်ချသူဖြစ်လာတယ်လို့ လန်ဒန်စီးပွားရေးကျောင်းက နိုင်ငံတကာ ဆက်ဆံရေးပါမောက္ခ ပီတာ ထရူဘိုဝစ်က ဆိုတယ်။ 

” မူဝါဒဆုံးဖြတ်ချက်တွေဟာ ထရမ့်ရဲ့ အပြုအမူ၊ သူ့ရဲ့ လိုလားချက်၊ စိတ်ထိန်းနိုင်မှုအပေါ်မှာ မူတည် နေတယ်” 

ထရမ့်ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒကိုအကြောင်းပြုပြီး အိမ်ဖြူတော်ရဲ့ နိုင်ငံခြားရေး နဲ့ လုံခြုံရေး ကို မောင်းနှင်နေတယ်။ 

Source (Pixabay)

ဒုတိယသက်တမ်း သမ္မတဖြစ်လာတော့ ရုရှားသမ္မတပူတင်နဲ့ ဖက်လဲတကင်းဆက်ဆံပြီး အမေရိကန်ရဲ့ မဟာမိတ်တွေကို ပြန်ပြီး တိုက်ခိုက်တယ်။ ကနေဒါကို အမေရိကန်ရဲ့ (၅၁)ခုမြောက် ပြည်နယ်ဖြစ်ရမယ်ဆိုပြီး ချိုးချိုး နှိမ်နှိမ်ပြောတယ်။ ဒိန်းမတ်က ပိုင်တဲ့ ဂရင်းလန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အင်အားသုံးပြီး သိမ်းပိုက်မယ်လို့ ဆိုတယ်။ ပနားမားတူးမြောင်းကိုလည်း အမေရိကန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပြန်ထားမယ် ဆိုတယ်။ (NATO) အဖွဲ့ကြီး ရဲ့ Article 5ဟာ နိုင်ငံတစ်ခုစီရဲ့ ကာကွယ်ရေးကို ကျန်နိုင်ငံအားလုံးက အတူပူးပေါင်း ကူညီမယ်ဆိုတဲ့ ကတိကဝတ် ကို ဖော်ပြထားပေမယ့် အမေရိကန်ရဲ့ (NATO) အပေါ် သဘောထားဟာ သံသယ ဝင်စရာတွေ ဖြစ်လာတယ်။ လွန်ခဲ့တဲ့ မတ်လတုန်းက ဒု-သမ္မတ ဂျေဒီဗန့်စ်ကလည်း ဥရောပရဲ့ လုံခြုံရေးကို အမေရိကန်က အာမခံ မပေးနိုင်တော့ဘူးလို့ ပြောခဲ့တယ်။ 

မှန်းဆလို့ မရတဲ့ ထရမ့်ရဲ့မူဝါဒတွေကို နှစ်သက်သဘောကျနေသူတွေက ထရမ့်အနီးအပါးက လူတွေပါ။ ဒီလို မှန်းဆလို့ မရတာကိုဘဲ အမေရိကန်ရဲ့ အမြင့်ဆုံး ဩဇာလွှမ်းမိုးမှုကို ပြသရာ ရောက်တယ်။ ခုဆိုရင် ဆက်ဆံရေး အဆင်မပြေတော့ဘူး ထင်ရတဲ့ အီးယူနိုင်ငံတွေက ထရမ့်ကို ” ဒယ်ဒီ” လို့ ခေါ်ပြီး အီရန်ကို ပြတ်သားတဲ့ ဆုံးဖြတ် ချက်နဲ့ တိုက်ခိုက်တာကို ထောက်ခံကြောင်း မျက်နှာလို မျက်နှာရ ပြောလာရတယ်။ 

နှစ်စပိုင်းတုန်းက ဘဲဥပုံရုံးခန်းထဲမှာ ထရမ့် နဲ့ ဗန့်စ်တို့က ခေါ်ပြီး အရှက်ခွဲခဲ့တဲ့ ယူကရိန်း သမ္မတ ဇီလန်းစကီး ခမျာ အမေရိကန်ဆီက အကူအညီမရတော့ဘူးလို့ ထင်မှတ်နေချိန်မှာပဲ ယူကရိန်းရဲ့ သယံဇာတ တူးဖော်ခွင့် စာချုပ် လက်မှတ်ရေးထိုးပြီး နောက်ဆုံးမှာ အပေးအယူလုပ်ခဲ့ရတယ်။ ဒါက ထရမ့်ရဲ့ ခန့်မှန်းလို့မရတဲ့ မူဝါဒတွေထဲက နမူနာ တစ်ခုလို့ ဆိုရမယ်။ 

ထရမ့်က ရုရှားသမ္မတပူတင်ကို ယူကရိန်းစစ်ပြီးဆုံးရေးအတွက် သူစည်းရုံးရင် ရမယ်လို့ ထင်ထားခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ ကြာသပတေးနေ့ (ဇူလိုင်-၃) က ပူတင်နဲ့ ဖုန်းဆက် စကားပြောပြီးချိန်မှာ ထရမ့် အတော်စိတ်ပျက်သွားတယ်။ ” ဒီလူက ယူကရိန်းစစ်ကြီး ပြီးချင်ပုံမရဘူး” လို့ ပြောလိုက်ပြီး ဇီလန်းစကီးကိုလည်း လက်နက်တွေ ထပ်မံထောက်ပံ့သွားမယ် ဆိုနေတယ်။ 

(၃)

ခန့်မှန်းလို့မရတဲ့ မူဝါဒတွေကြောင့် ထရမ့်ရဲ့ မူဝါဒတွေကို (Madman Theory) အရူးသီအိုရီလို့ ဆိုနေကြတယ်။ 

ဒီရက်ထဲမှာပဲ လာမယ့် ဩဂုတ်လ(၁)ရက်က စပြီး မြန်မာအပါအဝင် အာရှ (၁၄) နိုင်ငံကို သွင်းကုန်ခွန် တိုးကောက်တော့မယ့်အကြောင်း လက်မှတ်ရေးထိုး အသိပေးလိုက်တယ်။  ဒီအထဲမှာ လာအို နဲ့ မြန်မာက ၄၀% နဲ့ အများဆုံးဖြစ်ပြီး ထိုင်း နဲ့ ကမ္ဘောဒီးယားက ၃၆%၊ မလေးရှား၊ ဂျပန်၊ တောင်ကိုးရီးယားတို့ကို ၂၅% သတ်မှတ် လိုက်တယ်။ ဩဂုတ်လ(၁)ရက်မတိုင်မီ လာညှိနိုင်ပြီး နောက်ထပ် ရက်တိုးပေးဖို့ အစီအစဉ်မရှိတော့ဘူးလို့လည်း ဆိုတယ်။ 

ထရမ့်ကို ခန့်မှန်းရခက်သလို သူ့ရဲ့ အပြုအမူတွေကလည်း တစ်ခါတစ်ရံ အူကြောင်ကြောင် နိုင်တယ်။ Fox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဂျပန်ဝန်ကြီးချုပ်ရဲ့ နာမည် မေ့နေလို့ ” မစ္စတာ ဂျပန်” ဆိုပြီး ခေါ်တွင်လိုက်သလို မီဒီယာတွေနဲ့ ဆက်ဆံရေးမှာလည်း အတော်မောက်မာပြီး ပြတ်သားတယ်။  သူမကြိုက်တဲ့ မီဒီယာရဲ့ မေးခွန်းဆို လုံးဝမဖြေဘူး။ “CNN Fake News” လို့ သတင်းမီဒီယာ သမားတွေရဲ့ အလယ်မှာ ပြောတယ်။ “စီအန်အန် အတုယောင်သတင်းဌာန” ။ 

သူ့အပြုအမူတွေက တခြားခေါင်းဆောင်တွေမှာ မမြင်ရတတ်တဲ့ အပြုအမူမျိုး။

ဟိုတစ်ရက်က အာဖရိက လိုက်ဘေးရီးယားသမ္မတ ဂျိုးဆက် ဘိုအာကီ နဲ့ အဖွဲ့ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံတော့ ” ခင်ဗျား အင်္ဂလိပ်စာ ကောင်းလိုက်တာ။ ဘယ်မှာ သင်ခဲ့တာလဲ” လို့ မေးတဲ့အခါ သမ္မတ ဘိုအာကီက ပြုံးပြီးတော့သာ ဖြေလိုက်တယ်။ တကယ်တော့ လိုက်ဘေးရီးယားရဲ့ ရုံးသုံးစာဟာ အင်္ဂလိပ်စာဖြစ်တာ သူသိပုံမရဘူး။ အိမ်ဖြူတော်က ပြန်သွားတော့ လိုက်ဘေးရီးယား သမ္မတက “ထရမ့်က ကျုပ်တို့ အာဖရိကနိုင်ငံက လာသူတွေကို စာမတတ် ပေမတတ် တောသားတွေလို့ ယူဆနေပုံရတယ်။ ရှက်စရာကောင်းတာက သူ့ကို ငြိမ်းချမ်းရေးနိုဗယ်ဆုအတွက် ထောက်ခံချက်ရေးပေးကြပါဆိုပြီး တောင်းဆိုခဲ့တာပဲ” လို့ ပြောသွားခဲ့တယ်။

Source: PICRYL

အီရန်ရဲ့ နျူကလီးယားစခန်းတွေကို ဗုံးကြဲ ဖျက်ဆီးခဲ့တယ်။ လိုအပ်တဲ့ အနေအထား ရောက်တော့ စစ်ပွဲကို ရပ်လိုက်တယ်။ အီရန်လည်း နောက်တစ်နှစ်၊ နှစ်နှစ်အတွင်း နျူကလီးယားဗုံး မလုပ်နိုင်တော့ဘူးလို့ ဆိုတယ်။ သူက စစ်ပွဲရပ်လိုက်ဖို့ ပြောချိန်မှာ အီရန်က ကာတာမှာရှိတဲ့ အမေရိကန်စစ်စခန်းကို ဒုံးကျည်နဲ့ ပစ်တယ်။ အစ္စရေးက လည်း အီရန်ကို ပြန်ပစ်တယ်။ သူက အပစ်ရပ်ကြပါတော့လို့ ပြောတာကို အစ္စရေးက နားမထောင်တော့ သူက သတင်းထောက် တွေရှေ့မှာ ဆဲဆို သွားတယ်။ “ဒီကောင်တွေ ငါပြောတာ နားမထောင်ဘူး။” သူက မူလတန်းကျောင်းမှာ ကလေးနှစ်ယောက်ရန်ဖြစ်နေတာ တွေ့ဖူးကြတယ်မဟုတ်လား။ အဲဒီနှစ်ယောက်ကို ကြားဝင်ပြီး မဟန့်ရင် မပြီးတော့ဘူးလို့ ဥပမာပေးသွားတယ်။

(၄)

ကမ္ဘာကြီးက ရယ်စရာတော့ ကောင်းသား။ အမေရိကန်ကို ရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု က ဒေါ်နယ်ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုသတဲ့။ ထရမ့်ကလည်း ပြုံးပြုံးကြီး လုပ်နေတယ်။ အဆိုပြုသူကို ကြည့်လိုက်တော့ ဂါဇာမှာ လူအမြောက်အမြားကို သတ်ဖြတ်ပြီး သွေးစွန်းနေတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ ဖမ်းဆီးမိန့် ထုတ်ပြန်ထားခြင်း ခံရသူ။ 

ဒီနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေကြတာကြည့်ပြီး ကဗျာတစ်ပုဒ်ကို ပြန်အမှတ်ရနေမိတယ်။ 

“စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် ..”

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

လူတွေ အရူးနောက်ကို လိုက်ကြတယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

ရတနာဈေးကွက်ထဲ စိန်တွေ ဈေးကျသွားတယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

ကမ္ဘာမှာ နေထွက်မြဲ၊ နေဝင်မြဲ။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

စိန်အတုတွေ ခေတ်စားလာတယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

အရူးဟာ မရူးတော့ဘူး။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

စိန်ပွဲစားတွေ ခြေချင်းလိမ်ကြ။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

ကမ္ဘာမှာ မြေငလျင်ကြီးတစ်ခု လှုပ်သွားတယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

အရူးဟာ အဲဒီစိန်တုံးကို လေလံတင်ရောင်းချခဲ့တယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

ရူးချင်ယောင်ဆောင်သူတွေ တစ်နေ့တခြားတိုးပွား။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

အရူးဟာ ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

အခြားဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်တရားဝင်ရောက်ရှိလာကြ။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

လူကောင်းအတော်များများ အရူးဖြစ်ကုန်ကြတယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

အရူးဟာ စိန်တုံးကို မျိုချလိုက်တယ်။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

လူတွေဟာ စိန်တူးဖို့ အုပ်စုလိုက် ထွက်ခွာသွားကြ။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

စိန်ပန်းနီ စိန်ပန်းပြာတွေ မပွင့်တော့ဘူး။ 

စိန်တုံးကို အရူးကောက်ရပြီးတဲ့နောက် 

အရူးဟာ ကိုယ့်ကိုယ်ကိုယ် 

အဆုံးစီရင်သွားခဲ့တယ်။

မင်းထက်မောင်

(ရနံ့သစ်မဂ္ဂဇင်း၊ ၂၀၀၅) 

Click to rate this post!
[Total: 0 Average: 0]