
ကျွန်တော် သူ့ကို တစ်ခါတုန်းက စျေးဆစ်ဖို့ကြိုးစားကြည့်ဖူးသည်။ အရှေ့အလယ်ပိုင်း စစ်ပွဲနဲ့ ပတ်သက်တဲ့ ဆောင်းပါး တစ်ပုဒ် ရေးနေစဥ် နိုင်ငံခြား သတင်းဌာနတွေက ပြောသည့် အသံထွက် အတိုင်း အီရန်နိုင်ငံရဲ့ မြို့တော် ‘တီဟီရန်’ ကို ‘တီရန်’ ပြောင်းရေးလို့ ရမလားလို့ လှမ်းပြောတော့ သူက လေသံပြတ်ပြတ်နှင့် “တရားဝင်အတိုင်း လုပ်မယ်”ဟု ပြန်ပြော လေသည်။ ကျွန်တော် သူ့ကို စျေးဆစ်လို့ ရမယ်လို့ မထင်လို့ ထပ်မပြောတော့ပါ။
သူကား ကိုဇော်ဝင်း ဖြစ်လေသည်။ ဦးဇော်ဝင်း ဆိုခြင်းက ပိုမှန်ပေလိမ့်မည်။ ထိုက်နဲ့ အကြောင်းပါပြီး ကျွန်တော် ဒေါင်း ဒိုင်နက်စတီကို ရောက်တော့ ကိုဇော်ဝင်းကို မြင်ဖူးရုံ။ ဒေါင်းစာပေ အတွေးအမြင် စာအုပ်တိုက်မှာ မကြာခဏဆိုသလို မျက်မှန်းတန်းမိရုံ လောက်ပဲ ဖြစ်သည်။ ဒေါင်းစာပေတိုက်ထုတ် စာအုပ်များနှင့် အတွေးအမြင် မဂ္ဂဇင်းတွေကို နှစ်ပေါင်းများစွာ ပရုဖတ် ပေးနေသူ ဖြစ်လေသည်။ ခုတော့ အတွေးအမြင် မဂ္ဂဇင်းမှာ အယ်ဒီတာ ဖြစ်နေပြီ။ အမှန်အတိုင်း ပြောရလျှင် ကျွန်တော် ပရုဖတ်ခြင်း အလုပ်ကို သိပ် နားမလည်ခဲ့ပါ။ သတ်ပုံပြင်တဲ့အလုပ် ဆိုတာလောက်ပဲ သိပြီး ဘယ်လိုပြင်လဲ၊ ဘာတွေလုပ်လဲ တိတိကျကျ မသိခဲ့ပါ။ တစ်ခါတလေ ထိုက်က သူပရုဖတ်ဖို့ စာရွက်ထုပ်ကြီးကို အိမ်ယူလာကာ ပရုတွေ စစ်နေ ပြင်နေတာကို ယူကြည့်တော့ ကောက်ကောက်ကွေးကွေး ပဲပင်ပေါက်လို ဟိုထိုး ဒီထိုး သင်္ကေတတွေကို ကျွန်တော် နားမလည်ခဲ့ပါ။ ဒီလောကမှာတော့ ထိုသင်္ကေတများကို “ပြင်ချက်” – စာပြင်အမှတ်အသားများ လို့ ခေါ်ကြောင်း နောင်တော့ သိလာခဲ့ရသည်။ ထိုက်ကတော့ သူငယ်ငယ် ကတည်းက လုပ်နေကျ အလုပ်ဆိုတော့ ကျွမ်းကျင်ပါသည်။ သူ ပရုဖတ်တာ စာပြင်တာ မြန်လဲ မြန်သည်။ ထိုက်ပြောပြ သမျှ သိရ သလောက်ဆိုလျှင် ကိုဇော်ဝင်း ဒေါင်းစာပေနှင့် လက်တွဲခဲ့သည်မှာ တော်တော်ကြာခဲ့ပြီ။ ဆရာ မောင်ဝံသ ရှိစဥ်ကတည်းက ဒေါင်း မိသားစုရဲ့ လက်စွဲဖြစ်လေတော့ The Corner လုပ်ဖြစ်ကြတော့လည်း သူ့ကိုပဲ အကူအညီ တောင်းဖြစ်ပါသည်။ ပြောရရင် The Corner က အွန်လိုင်း ဖြစ်သည့်အတွက် စာမူအဆင့်မှ အွန်လိုင်းပေါ် ရောက်သည် အထိ အားလုံး ဒီဂျစ်တယ် ဖြစ်သည်။
ဟိုအရင်စောစောပိုင်းတုန်းကတော့ EDP – Electronic Data Processing ဟု ခေါ်သည့် အစမှ အဆုံးတိုင် အလုပ် များကို ဒေတာ အဖြစ်သာ ကိုင်တွယ်ဆောင်ရွက်ခြင်းကို ခေါ်သည်ဟု နားလည် ပါသည်။ The Corner မှာလဲ စာရေးဆရာများက စာမူကို အီးမေးလ်နဲ့ ပို့ကြ၊ လက်ရေးနှင့် ရေးသည့် စာရေးဆရာများကလည်း လက်ရေးစာမူကို ဓာတ်ပုံရိုက်ကာ ကျွန်တော်သုံးသည့် စာစီ ဆရာထံကို ဗိုက်ဗာနဲ့ ပို့၊ စာရိုက်ပြီးသောအခါ စာစီဆရာက ကျွန်တော့်ထံ အီးမေးလ်ပြန်ပို့ နှင့် အီးဒီပီ ကိစ္စ အထမြောက်လေသည်။ သို့သော်လည်း ပရုဖတ်ဖို့ ကိစ္စမှာတော့ ဘယ်လိုမျှ အဆင် မပြေပေ။ ဒီနေ့ခေတ် ကွန်ပျူတာများ ထည့်သွင်းနိုင်သည့် စာစီ စာရိုက် စနစ်များတွင် ပါဝင်သည့် စာပြင် (Review) ဖန်ရှင် (function) ကို သုံးနိုင်မည်ဆိုလျှင် အလွန် တွင်ကျယ်နိုင်မည်ဟု ထင်သည်။ သို့သော် ဒီခေတ် မြန်မာစာနယ်ဇင်း လောကမှာ ကွန်ပျူတာနဲ့ တစ်ခါတည်း စာပြင်ပေးသူ မတွေ့ဖူးသေးပါ။ ကျွန်တော် မသိတာလည်း ဖြစ်ကောင်း ဖြစ်ပါ လိမ့်မည်။ သို့ဖြင့် ဆောင်းပါးများ စိစစ် ရွေးချယ်ပြီးပါက ကျွန်တော်က ပရင့်ထုတ်ကာ ကိုဇော်ဝင်းလက်ကို အပ်ရလေသည်။ ကိုဇော်ဝင်း စာပြင်သည်မှာ အလွန်မြန်သည်။ ဆောင်းပါး ဆယ်ပုဒ်လောက်ကို တစ်ထိုင်တည်းနှင့် နာရီပိုင်း အတွင်း ပြီးအောင် လုပ်နိုင်သည်။

ကိုဇော်ဝင်း စာပြင်သည်မှာ မြန်သည့်အပြင် ကွန်ပျူတာထက်ပင် ပိုတိကျသည်။ အပို ပြောတာမဟုတ်ပါ။ ကျွန်တော့် ဖုန်းထဲမှာ မြန်မာ စာလုံးပေါင်း သတ်ပုံကျမ်း အပ်ပ် (App) ရှိ သော်ငြားလည်း စာတစ်ပုဒ်ပြင်ဖို့ အချိန် တော်တော် ယူရသည်။ တစ်ခါတစ်ရံ စာရေးဆရာများထံမှ စာမူများ နောက်ကျပြီး ရောက်လာချိန် ကိုဇော်ဝင်း ပရုဖတ်ချိန် ပြီးသွားပြီဖြစ်၍မမီခဲ့ တော့သည့်အခါ ကိုယ့်ဘာသာ စာပြင်ဖို့ ကျွန်တော် ကြိုးစားကြည့်ဖူးပါသည်။ စာမျက်နှာ လေး ငါး မျက်နှာလောက်ကို တော်တော်နှင့် မပြီးနိုင်။
မြန်မာနိုင်ငံမှာ ‘ကိုဇော်ဝင်း’များ ဘယ်နှဦး ရှိသလဲ ကျွန်တော်မသိပါ။ သို့သော်လည်း ပရုဖတ်သူ အများကြီး မရှိနိုင်ဟု ယူဆမိပါသည်။ ခုနောက်ပိုင်း စာဖတ်သူ နည်းလာသည်နှင့်အမျှ စာအုပ်ထုတ်လုပ်ရေးလုပ်ငန်းများလည်း လျော့ကျ သွားနိုင်သည့်အတွက် စာအုပ်တိုက်များမှာ ပရုဖတ်ခြင်း အဆင့်ကို သေသေချာချာ လုပ်မလုပ် ကျွန်တော် မသိပါ။ သို့သော်လည်း ဒီအဆင့်ကိုတော့ မကျော်လွှားသင့်ဘူးလို့တော့ ထင်မြင်မိပါသည်။ မြန်မာသတ်ပုံသတ်ညွှန်းမှာ ခက်ခဲသည့်အတွက် ပထမဆုံး၀တ္ထုကို ရေးစဉ် သတ်ပုံစာအုပ်များဘေးချ၍ ရေးခဲ့သည်ဟု ဆရာကြီးရွှေဥဒေါင်းက တစ်သက်တာမှတ်တမ်းတွင် ဝန်ခံထားသည်။

The Corner စီစဥ်ရင်း ကိုဇော်ဝင်းနှင့် အလုပ်လုပ်ရသည့်အခါမှ မြန်မာစာ ရေးသား စနစ်များကို ပရုဖတ်ခြင်း ကနေ တဖြည်းဖြည်း သဘောပေါက်လာသည်။ ထိုသို့ သဘော ပေါက်လာသည် နှင့်အတူ မြန်မာစာ အရေးအသား စနစ်များကို ထိန်းကျောင်းပေးမည့် ကိုဇော်ဝင်းလို လူများ အများကြီး ရှိစေချင် လာသည်။ မြန်မာစာ သတ်ပုံကျမ်း စာအုပ်များကိုလည်း ခေတ်နဲ့ လျော်ညီစွာ ရေးထုံးအသစ်များ စကားလုံးအသစ်များ ခေတ်မီ ပြောင်းလဲလာသည့် အရေးအသားများကို လိုအပ်သလို မွမ်းမံပေးရန် လွန်စွာတောင့်တမိပါသည်။ မြန်မာစာ အရေးအသားကိုပါ ပြင်ပေး ကြမည့် ကိုဇော်ဝင်းတို့လို စာပြင် စာတည်းများကို ပေါ်ထွက်လာစေချင်မိသည်။ စာတည်းဖြတ်ခြင်း နှင့် ပတ်သက်လို့ ကျွန်တော် အလုပ်ခွင်မှာ ကြုံခဲ့ဖူးသည့် အဖြစ်အပျက်အချို့ကို ပြန်ပြောပြ ချင်ပါသည်။
ပထမတစ်ခုမှာ လွန်ခဲ့သည့် အနှစ်သုံးဆယ်နီးပါးက အလုပ် တစ်ခုမှာကြုံခဲ့ရတာဖြစ်သည်။ အလုပ်မှာ နိုင်ငံခြား ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်သည့်အတွက် ရုံးမှာ မြန်မာကိုယ်စားလှယ်အဖြစ် စီးပွားရေး ဦးပိုင်က ဗိုလ်မှူးတစ်ဦး ဒု-အထွေထွေ မန်နေဂျာ အဖြစ် ရုံးလာထိုင်ပါသည်။ အကောက်အခွန် ဆိပ်ကမ်းရှင်းလင်းရေး ကိစ္စများနှင့် နိုင်ငံခြားငွေကြေး ကိစ္စများအတွက် အစိုးရရုံးများသို့ ဆက်သွယ်ရေးသားသည့် ရုံးစာများကို ဗိုလ်မှူးက စိစစ် လက်မှတ်ထိုးပြီး ပေးလေ့ရှိသည်။ တစ်ရက် ဗိုလ်မှူးရုံးခန်းရှေ့ကဖြတ်အသွား ဗိုလ်မှူး၏ အော်ဟစ် ငေါက်ငန်းသံ နှင့်အတူ စာရွက်များကို ဖြဲသံ လွှင့်ပစ်သံများ ကြားလိုက်ရပြီး သိပ်မကြာပါ၊ ဘဏ္ဍာရေး ဌာနမှ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး မျက်ရည် အရွှဲသားနှင့် ဗိုလ်မှူး ရုံးခန်းမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဖြစ်ကြောင်းစုံကို သူပြန်ပြောပြတာက ရုံးစာမှာ နေ့စွဲတပ်သည့် ပုံစံမှား၍ဟု ဆိုသည်။ သူကိုယ်တိုင်လဲ ဝန်ခံပါသည်။ ဗိုလ်မှူး မကြာခဏ ပြန်ပြင်ခိုင်းလေ့ရှိတာကို အမှုမဲ့အမှတ်မဲ့ လူငယ်များ ရေးနေကြအတိုင်း (၃၁-၁၂-၉၉) ရေးသွားခဲ့ရာမှ ဝုန်းဒိုင်း ကြဲသွားခြင်း ဖြစ်သည်။ ကျွန်တော်ကိုယ်တိုင်လည်း ထိုအချိန်မှ စ၍ ယခုအထိ မြန်မာစာများ၌ နေ့စွဲတပ်လျှင် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ဟု တပ်သည့်အကျင့် အလို အလျောက် ဖြစ်သွားခဲ့ လေသည်။
နောက်အလုပ်တစ်ခု ပြောင်းတော့ ထိုရုံးမှာ ကွန်ပျူတာများ သုံးနေကြသည့်တိုင် အဲဒီ အချိန်တုန်းမှာ ကတည်းက ခေတ်နောက်ကျလှ ပြီဖြစ်သော Lotus Notes အီလက်ထရောနစ် စာပို့စနစ်ကို သုံးကြရသည်။ ထိုစနစ်မှာ မိမိရေးသော အီးမေးလ်ကို ပို့လိုက်လျှင် တဖက်လူထံ ချက်ချင်းရောက် မသွားဘဲ မိမိ၏ တစ်ဆင့်မြင့် အကြီးအကဲထံ ရောက်သွားပြီး သူကမှတစ်ဆင့် “send” နှိပ်မှ အီးမေးလ် လုံးလုံးလျားလျား ထွက်သွားကာ တစ်ဖက်လူထံ သို့ ရောက်လေသည်။ တစ်ခါတစ်ရံ အကြီးအကဲက “reject” လုပ်လိုက်သည့် အခါများလည်း ရှိတတ်သည်။ ထိုစနစ်မှာ ကြန့်ကြာသော်လဲ တစ်မျိုးတော့လည်း ကောင်းသည်။ ကိုယ်ပို့လိုက်သည့် အီးမေးလ်ကို တစ်ယောက်ယောက်က စိစစ်ပေးသလို ခံစားရ၍ လုံခြုံသလို ထင်မိသည်။ ထိုအချိန်က ကျွန်တော့် မန်နေဂျာမှာ နိုင်ငံခြားသားများ ဖြစ်ကြ၍ တစ်နှစ်တွင် တစ်ကြိမ်ပြောင်းလေ့ ရှိကြသည်ကတော့ သိပ်မနိပ်လှပါ။ တစ်ခါတွင် မန်နေဂျာ အသစ် တယောက် ရောက်အလာ သူနဲ့ အလုပ်ခွင်မှာ တော်တော်ကြီးကို ညှိကာ လုပ်ခဲ့ရတဲ့ အချိန်များရှိသလို သူ့ထံမှ ပညာများစွာလည်း ရခဲ့တာ ဝန်ခံရမှာပါ။ သူကတော့ ကျွန်တော်တို့ ပို့လိုက်သည့် အီးမေးလ် များကို ချက်ချင်း မပို့တတ်သလို ဖွင့်ဖတ် ခြင်းလဲ မရှိ။ သူက သူ့ အဖွဲ့သားများနှင့် နေ့တိုင်း နာရီဝက်လောက် တွေ့တဲ့အချိန်မှာ အီးမေးလ် များကို သူနဲ့အတူတူ ဖတ်ကြပြီး ပို့စရာရှိတာပို့ ပြင်စရာရှိလည်း တစ်ခါတည်းပြင်ကာ အတူတူ တစ်ခါတည်း ပို့ပေးသည့် အလေ့အထ ဖြစ်သည်။ အီးမေးလ်ကို သူကိုယ်တိုင်ကလည်း ပါးစပ်ကဖတ် ကျွန်တော့်ကိုလည်း ဖတ်ကြည့်ခိုင်း ပြီးရင် ဖတ်ရတာ ချောလား၊ မချောလို့ တစ်နေရာရာမှာ ထောက်နေရင် ဖတ်လို့ မကောင်းရင် “မင်း တစ်နေရာမှာ မှားနေတယ်ထင်တယ် ဒီလိုပြင်လိုက်ရင် ကောင်းမလား” ဆိုကာ သူက ပြောလည်းပြော ပြင်လည်းပြင် လုပ်လေ့ရှိသည်။
ထိုနည်းသည် မမှားကြောင်း နောင်နှစ်ပေါင်းများစွာကြာသည့်အခါ နောက်အလုပ် တစ်ခုတွင် သိလာခဲ့ရသည်။ ထိုအချိန်က ကျွန်တော့် အလုပ်ရှင် ကုမ္ပဏီနှင့် ဆက်စပ် အလုပ်လုပ် နေသော ပစ္စည်းရောင်းသည့် ကုမ္ပဏီတစ်ခုတို့ အငြင်းအခုံ ဖြစ်ကြလေရာ ကျွန်တော့် အထက် မန်နေဂျာက ကျွန်တော်ထံမှ အဆိုပါ ကုမ္ပဏီသို့ ပို့မည့် စာများ အားလုံးကို တစ်ချိန်ကျလျှင် သက်သေဖြစ် သွားနိုင်သည့်အတွက် စာများ အီးမေးလ်းများ မပို့ခင် တရားရေး (Legal) ဌာနက အရင်ဖတ်၊ လိုအပ်သည်များ ပြင်ဆင်ပြီးမှ ပို့ရန် ညွှန်ကြားလေသည်။ Legal ဌာနမှ ရှေ့နေက ကျွန်တော် မနည်း ရှာဖွေ ကြိုးစားပမ်းစား ရေးသား ထားရသည့် တချို့ စကားလုံးများကို ဖြုတ်၊ အလွယ်ဆုံး အရှင်းဆုံး စကားလုံးနှင့် အစားထိုး၊ စာကြောင်းများ ရှည်နေလျှင် ဖြတ်တောက်ပြီး နှစ်ကြောင်း သို့မဟုတ် သုံးကြောင်း ပြန်လုပ်၊ ပြင်ပြီးရင် အထပ်ထပ် အခါခါ ပြန်ဖတ်၊ ဖတ်ရင်းက “စာကို ရှင်းရှင်းရေးရတယ်၊ ရေးပြီးရင် ဖတ်ကြည့်၊ ဖတ်ကြည့်လို့ ထောက်နေတယ်ဆိုရင် တစ်နေရာရာမှာ မှားနေလို့ဖြစ်မယ်” ဟု သင်လည်း သင်ပေးပါသည်။ သူပြင်သည့် အခါတိုင်းတွင်လဲ ဟိုတစ်စ ဒီတစ်စ ဖြုတ်လိုက် တတ်လိုက် လုပ်ရုံနှင့် ကျွန်တော့စာက အတော်ကြီး ရှင်းလင်းပြီး ပိုဖတ်ကောင်းလာကြောင်း တွေ့ရသည်။
ကိုဇော်ဝင်း လုပ်သည်မှာလည်း ဒီနည်းအတိုင်းပဲ ဖြစ်သည်ဟု ကျွန်တော်ထင်သည်။ ပြဋ္ဌာန်း ထားသည့် စာလုံးပေါင်း သတ်ပုံကျမ်းအတိုင်း တစ်သဝေမတိမ်းပြင်ပေးသည့်အပြင် ဝါကျ အထား အသိုများကို ရှေ့နောက် ဟိုရွှေ့ ဒီရွှေ့ လုပ်ရင်း ပိုဖတ်ကောင်းလာတာ တင်ပြချက်များ ရှင်းလင်း သွားသည့် သူ၏ ပညာအစွမ်းကို အမြဲလိုလို လေ့လာ ခွင့်ရသည်။ အထားအသိုမှားလျှင် တက်တက်စင်အောင် လွဲသည်ကို တွေ့ရသည်မှာ ယခုကာလတွင် မဆန်းတော့ပြီ။ “အများပြည်သူတောင်းဆိုချက်အရ ခေတ္တပိတ်ထားတဲ့ ဒီတင်ဆက်မှုကို ပြန်လည်စတင်လိုက်ပါပြီ” ဟူသော စကားနှင့် “ခေတ္တပိတ်ထားတဲ့ ဒီတင်ဆက်မှုကို အများပြည်သူတောင်းဆိုချက်အရ ပြန်လည်စတင်လိုက်ပါပြီ” တို့အကြား မည်မျှခြားနားသည်ကို တွေ့နိုင်ပါသည်။ ကိုဇော်ဝင်းတို့လို ဝါရင့် ပရုဖတ်သူ၏ အရွှေ့အပြောင်းလေး တစ်ချက်က စာ၏ အဓိပ္ပာယ်ကို ပိုမို ရှင်းလင်းသွားစေသည်။
ယခုခေတ်ပေါ် အင်္ဂလိပ်စာလို မြန်မာစာ သတ်ပုံနှင့် သဒ္ဒါကို ကွန်ပျူတာစနစ်မှာ ရိုက်ရင်း တစ်ခါတည်း မှားတဲ့နေရာကို ပြပေး ပြင်စရာလေးတွေ ထင်ရှားအောင် ပြမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါသည်။ သို့သော်လည်း ဖြစ်လာမယ့်အရေး အနာဂတ်က အဝေးကြီးပါ။ ဖြစ်မလာခင်ကာလအတွင်း ကိုဇော်ဝင်းတို့၏ စာပြင် စာတည်း ပရုဖတ်သည့် အလုပ်ကို ဆက်ခံမည့် မျိုးဆက်သစ်များ ရှိ မရှိ ဆိုတာလည်း မသေချာတော့ တွေးမိရင်း ရင်လေးမိသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ ရက်

