The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်ခြိမ်းခြောက်မှု နှင့် အမေရိကန်၏ ကာကွယ်ရေး မူဝါဒအကြောင်း တစေ့တစောင်း 

Share မယ်

အင်ဒို-ပစိဖိတ်ဒေသအပေါ် အမေရိကန်နိုင်ငံ၏ သဘောထားနှင့် တရုတ်နိုင်ငံ၏ အန္တရာယ်

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျု (IISS) ၏ (၂၂) ကြိမ်မြောက် “ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ” ကို ယခု ၂၀၂၅ခုနှစ် မေလ ၃၁ ရက်နေ့တွင် စင်္ကာပူ၌ ကျင်းပခဲ့သည်။ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲကို  နှစ်စဉ် ကျင်းပလေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသအတွင်းရှိ  အင်ဒို-ပစိဖိတ်နိုင်ငံများမှ  ကာကွယ်ရေးဝန်ကြီးများ၊  ကာကွယ်ရေး ဦးစီးချုပ်များနှင့် ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အဆင့်ပုဂ္ဂိုလ်များ တက်ရောက် လေ့ရှိသည်။ 

ယင်းမေလ ၃၁ ရက်နေ့ ဆွေးနွေးပွဲသို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ (Pete Hegseth) တက်ရောက်ခဲ့ပြီး အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်နိုင်ငံ၏ နိုင်ငံခြား‌ရေးမူဝါဒကို ရှင်းပြခဲ့သည်။ အမေရိကန် ပြည်ထောင်စု၏ လက်ရှိ ‘ထရမ့်အစိုးရ’ သည် ယခင့်ယခင် အစိုးရအဖွဲ့များကဲ့သို့ “တာဝန်မဲ့သည့် ပျော့ညံ့ညံ့” အစိုးရမျိုး မဟုတ်ဟု ‘ပိ ဟက်ဆက်’ က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း လေ့လာစောင့်ကြည့်သူ IISS မှ Meia Nouwens က တင်ပြခဲ့သည်။

‘ပိ ဟက်ဆက်’ (Peter Brian Hegseth/ Pete Hegseth) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် အမေရိ ကန် သမ္မတ ဒေါ်နယ် ထရမ့်က ၂၀၂၄ နိုဝင်ဘာလ ၁၂ ရက် နေ့တွင် အဆိုပြုခဲ့သည်။ အထက်လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၊ ကန့်ကွက်မဲ ၅၀ ဖြစ်နေခဲ့သည်။ အဆုံး အဖြတ်မဲအဖြစ် ဒု-သမ္မတ ဂျေဒီ ဗန့်စ်က ထောက်ခံမဲပေးခဲ့၍ ဇန်နဝါရီ ၂၄ တွင် ‘ပီ ဟက်ဆက်’ ကို ကာကွယ်ရေးဝန်ကြီး အဖြစ် အတည်ပြုခဲ့သည်။ ပီ ဟက်ဆက် (အသက် ၄၅ နှစ်) သည် အမေရိကန် စစ်တပ်၌ ဗိုလ်မှူးအဆင့်အထိ စစ်မှုထမ်းခဲ့ သည်။ အီရတ်နှင့် အာဖဂန်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် စစ်တပ်၏ စစ်ဘက်ဆိုင်ရာ စွမ်းဆောင်မှု ဆုတံဆိပ် လေးခု  ရရှိခဲ့သည်။ ၂၀၁၄ မှ ၂၀၂၄ အတွင်း Fox News သတင်းဌာနတွင် ပုံမှန် သတင်းစီစဉ်တင်ဆက်သူ အဖြစ် တာဝန် ထမ်းခဲ့ဖူးသည်။ 

‘ပိ ဟက်ဆက်’ သည် စာအုပ်အချို့လည်း ရေးသားထုတ်ဝေခဲ့သည်။ သူ၏ “American Crusade”၊ “Modern Warriors”၊ “Battle for the American Mind”၊ “The War on Warriors” ဆိုသော စာအုပ်များသည်  နယူးယော့ခ် တိုင်းမ် သတင်းစာ ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် စာအုပ်များဖြစ်သည်။

ဇန်နဝါရီလ သမ္မတ ဒေါ်နယ်ထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုပွဲပြီးကတည်းက ‘ပိ ဟက်ဆက်’ အနေဖြင့် နိုင်ငံခြား ရေး မူဝါဒ ဆိုင်ရာ မိန့်ခွန်းကို ပထမဦးဆုံး ပြောခြင်း ဖြစ်သည်ဟု IISS ၏ တရုတ်နိုင်ငံ လုံခြုံရေးနှင့် ကာကွယ်ရေး မူဝါဒဆိုင်ရာ အကြီးတန်း သုတေသီ ‘မေယာနူဝန်စ်’  (Meia Nouwens) က သုံးသပ်တင်ပြထားသည်။ 

အမေရိကန် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ သည် မတ်လတွင် ဂျပန်နိုင်ငံသို့ ရောက်ခဲ့စဉ်က အမေရိကန်-ဂျပန်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မိန့်ခွန်းများ ပြောကြားခဲ့သော်လည်း ဒေသတစ်ခုလုံး လွှမ်းခြုံသော ကျယ်ပြန့် ခိုင်မာသည့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒကိုမူ ယခုအချိန်အထိ ပြောကြားခဲ့ခြင်း မရှိသေးဟုဆိုသည်။

အင်ဒို-ပစိဖိတ်ဒေသ မျက်နှာစာတွင် အမေရိကန်ပြည်ထောင်စုထံမှ အာမခံချက် ကတိကဝတ် ရရှိရန် မျှော်လင့် နေကြသည့် အာရှနိုင်ငံများအနေဖြင့် ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ထံမှ ယခုအထိ ဘာမျှ ရှင်းရှင်း လင်းလင်း မကြားသိရသေးဟု ဆိုသည်။ အာရှဒေသ မိတ်ဖက်နိုင်ငံများ ရင်ဆိုင်နေရသည့် ကြီးမားသည့် လုံခြုံရေး ဝန်ထုပ်ဝန်ပိုး များကို အမေရိကန်က ပိုမို ၍ မျှဝေ တာဝန်ယူနိုင်/မယူနိုင် ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိချင်နေ ကြသည်။ အာရှဒေသအတွင်း၌ တရုတ်၏ ဗိုလ်ကျ လွှမ်းမိုးရေးအတွက် သြဇာအာဏာတိုးချဲ့ထူထောင်နေသည့် ရည်မှန်းချက်ကို ကန့်သတ်ဟန့်တားနိုင်ရန် ‘ပိ ဟက်ဆက်’ အနေဖြင့် သူ့အရင်က ကာကွယ်ရေးဝန်ကြီးများထက် ပို၍ တိုက်ရိုက်ချဉ်းကပ် စီမံကိုင်တွယ်စေလိုကြသည်ဟု မေယာနူဝန်စ် က သုံးသပ်တင်ပြထားသည်။  ကာကွယ်ရေး ဝန်ကြီး ‘ပိ ဟက်ဆက်’ က “အမေရိကန်ပြည်ထောင်စုအနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၌ အခြေပြုနေထိုင်သွားမည်” ဟု စင်္ကာပူ ရှန်ဂရီလာ ဒိုင်ယာလော့ မိန့်ခွန်းတွင် ခိုင်ခိုင်မာမာ ကတိပြု ပြောကြားသွားကြောင်း ‘မေယာနူဝန်စ်’  ဆိုသည်။

ပျော့ပျောင်းညင်သာစွာ ချဉ်းကပ်မှုကို လိုလားသည့် နိုင်ငံများက ‘ပိ ဟက်ဆက်’၏ မိန့်ခွန်းကို မေလဆန်းက ပြုလုပ်ခဲ့သည့် ‘ဂျီနီဗာ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ’ ကို ဥပမာပေးလျက် သတိပေး နှိုးဆော်ခဲ့ကြသည်။ တရုတ်-အမေရိကန် မဟာအင်အားကြီး နှစ်နိုင်ငံအကြား တစ်ဦးအပေါ် တစ်ဦး အဆိုးမြင် ရှုထောင့်မှ ချဉ်းကပ်ကာ သူနိုင်ကိုယ်နိုင် ပြိုင်ဆိုင်နေကြပါက နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖွယ် မမြင်ဟု မေယာ နူဝန်စ်က ဆိုသည်။ 

‘ဂျီနီဗာမြို့ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ’ သည် သိသာထင်ရှားသော တိုးတက်မှု ရရှိခဲ့သည်ဟု ဆိုကြသည်။ အမေရိကန်က ၎င်းတိုးကောက်သောအကောက်ခွန်စုစုပေါင်း ၉၁ ရာခိုင်နှုန်း ကို ပယ်ဖျက် ခဲ့သည်။  တရုတ်နိုင်ငံ ကလည်း လက်တုံ့ပြန် အခွန်ကောက်ခံမှု ၉၁ ရာခိုင်နှုန်းကို ရုပ်သိမ်းခဲ့သည်။ အမေရိကန်က အပြန်အလှန် အကောက်ခွန် ၂၄ ရာခိုင်နှုန်းအကောင်အထည်ဖော်မှုကို ဆိုင်းငံ့ ထားခဲ့သည်။ တရုတ်နိုင်ငံကလည်း လက်တုံ့ပြန် အခွန်ကောက်မှု ၂၄ ရာခိုင်နှုန်း အကောင်အထည်ဖော်ရေးကို ဆိုင်းငံ့ထားခဲ့သည်။

ထရမ့်က ကနေဒါ၊ ဂရင်းလန်ကျွန်း၊ ပနားမားနှင့် ဂါဇာဒေသတို့ကို အမေရိကန်လက်အောက်သို့ သွတ်သွင်းရန် လိုလားနေ ချိန်တွင် တရုတ်ကလည်း တောင်တရုတ် ပင်လယ်အတွင်းရှိ နယ်နိမိတ်များကို ပိုင်ဆိုင် ကြောင်း ကြေညာ ခဲ့ကာ အာဆီယံ နိုင်ငံအချို့ နှင့် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။ 

ဒေသတွင်းနိုင်ငံများ ခြိမ်းခြောက်ခံရမှုအပေါ်  အကြံပြုချက်များ 

သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် “စစ်အင်အားဖြင့် ငြိမ်းချမ်းရေး တည်ဆောက် သွားရေး” ဆိုသော တာဝန်ကို ချမှတ်ပေးထားသည်ဟု ‘ပိ ဟက်ဆက်’ က မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။ အဆိုပါ ရည်မှန်းချက် တာဝန်နှင့်အညီ ကျွန်တော်တို့အားလုံး မြတ်နိုးလိုလားသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး တို့ကို ထိန်းသိမ်း စောင့်ရှောက်လိုသော မည်သည့်နိုင်ငံနှင့်မဆို အမေရိကန် ပြည်ထောင်စု က လက်တွဲ ဆောင်ရွက် သွားရန် အသင့်ရှိကြောင်း လည်း  ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ က သူ့ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာအသိုင်းအဝိုင်းနှင့်အတူ စစ်အင်အား ပြန်လည် ဖြည့်ဆည်းခြင်းနှင့် ထိထိရောက်ရောက် ဟန့်တားနိုင်သော ကာကွယ်ရေး အတားအဆီး များပြန်လည် ထူထောင်ခြင်း တို့ကို ဆောင်ရွက်ခြင်းအားဖြင့် “စစ်အင်အားဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရေး” ရည်မှန်းချက် တာဝန်ကို ဖြည့်ဆည်း နိုင်လိမ့်မည် ဖြစ်သည်ဟု ‘ပိ ဟက်ဆက်’ က ပြောကြားခဲ့သည်။ 

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိ ဟက်ဆက် ရှန်ဂရီလာ ဒိုင်ယာလော့၌ မိန့်ခွန်း ပြောနေစဥ် (source: Flickr)

အမေရိကန်ပြည်ထောင်စု၏ လက်ရှိအစိုးရသည် ယခင့်ယခင် အစိုးရအဖွဲ့များကဲ့သို့ “တာဝန်မဲ့သည့် ပျော့ညံ့ညံ့” အစိုးရမျိုး မဟုတ်တော့ဟု ‘ပိ ဟက်ဆက်’ က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း မေယာနူဝန်စ် က တင်ပြ ထားသည်။

 “တရုတ်ကွန်မြူနစ် အစိုးရ” သည် အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု သတ်မှတ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီး ‘ပိ ဟက်ဆက်’ က ပြောခဲ့သည်။ ထိုသို့ပြောပြီးနောက် မကြာမီမှာပင် ပထမအကြိမ် ထရမ့်အစိုးရ (၂၀၁၇ –  ၂၀၂၁) အာဏာရခဲ့စဉ်က ဝါဒဖြန့်ခဲ့သော စကားလုံးအတိအကျကို အမှတ်ရစရာ ဖြစ်လာသည်။  ထိုစဉ်က ထရမ့် အစိုးရက ‘တရုတ် ပြည် ကွန်မြူနစ်ပါတီ’ (CCP) သည် အမေရိကန် ပြည်ထောင်စု အတွက် ခြိမ်းခြောက်မှု ဖြစ်သည်ဟု ဆိုခဲ့သည်။ သို့သော် ထိုသို့ ယူဆ သော်လည်း တရုတ်ပြည်သူလူထုနှင့် တရုတ်ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက်မှုသည် အမေရိကန်နိုင်ငံ၏ ရန်သူ မဟုတ်ဟု ဆိုခဲ့သည်။

သို့သော် ‘ပိ ဟက်ဆက်’ က လက်ရှိအစိုးရ၏ သဘောထားကို ထပ်မံသတင်းစကားပါးခဲ့သည်။ အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်ပြည်သူလူထုကို နှိမ့်ချလိုသည့် သဘောထားမရှိကြောင်း၊ တရုတ်ပြည်သူလူထုနှင့် တရုတ်ယဉ်ကျေးမှုကို လေးစားကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် အစိုးရအပြောင်းအလဲ ဖြစ်ရေး (regime change)ကို ဆက်လက်လုပ်ဆောင်မည် မဟုတ်ကြောင်းစသည်ဖြင့် မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်ဟု ဆိုသည်။  

‘ဟက်ဆက်’ ၏ မိန့်ခွန်းအရ သူ့လေယူလေသိမ်းနှင့် သဘောထားသည် သူ့အရင်က ကာကွယ်ရေး ဝန်ကြီးများ ၏ မူဝါဒများ နှင့် နှိုင်းယှဉ်လျှင် အလွန်အလျင်စလိုလုပ်ရာကျသကဲ့သို့ ထင်ရသည်ဟု မေယာ နူဝန်စ်က သုံးသပ် ထားသည်။  အမေရိကန် အနေဖြင့် ကွန်မြူနစ်တရုတ်ပြည်နှင့် ပဋိပက္ခ မဖြစ်လိုသော်ငြားလည်း အမေရိကန်၏ လုပ်ဖော်ကိုင်ဖက်နှင့် မဟာမိတ်များ အပေါ်  တရုတ်နိုင်ငံက မလေးမစား ဖိနှိပ်ဗိုလ်ကျ ခြိမ်းခြောက် မှုများ တိုးလုပ် လာခြင်းမျိုးကိုမူ ခွင့်ပြုလိမ့်မည် မဟုတ်ဟု လည်း ဝန်ကြီး ‘ပိ ဟက်ဆက်’ က သူ့ မိန့်ခွန်း၌ ထည့်သွင်း ပြောကြား ခဲ့ကြောင်း မေယာနူဝန်စ်က ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ‘ထိုင်ဝမ်’အား အင်အားသုံးကာ တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက နောက်ဆက်တွဲ ဆိုးကျိုး များ ဖြစ်ပေါ်လာမည့်အရေးကိုလည်း ‘ပိ ဟက်ဆက်’ က အထူးတလည်  ထည့်သွင်း ပြောကြားခဲ့သည်။ တရုတ်က ထိုင်ဝမ် ကို စစ်ရေးအရတိုက်ခိုက်ခဲ့လျှင် အမေရိကန်က လက်ပိုက် ကြည့်နေမည် မဟုတ်ဟု ဆိုသည်။ 

“ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး ချိုချိုသာသာစကားလုံးဖြင့် နာဝင်ချိုအောင် ပြောဖို့အကြောင်းမရှိ။” ဟု ‘ပိ ဟက်ဆက်’ က ပြောကြားခဲ့သည်။ သူ၏ ပြောဆိုပုံ လေယူလေသိမ်းသည် ယခင်နှစ်များအတွင်းက အမေရိကန် ပြည်ထောင်စု၏ သတင်း စကားများထက် ပို၍ လက်တွေ့ကျလာသည်။ သူ့ရှေ့က ကာကွယ်ရေးဝန်ကြီး ‘လွိုက် အော်စတင်’ က ထိုင်ဝမ် ရေလက် ကြားအရေးနှင့် ပတ်သက်၍ “ပိုနေမြဲ ကျားနေမြဲ” အခြေအနေကို ထောက်ခံသည် ဟု ပြောခဲ့သည်။ ‘ပိ ဟက်ဆက်’ က ထိုင်ဝမ်အရေးနှင့် စပ်လျဉ်း၍ တရုတ်၏ ခြိမ်းခြောက်မှုသည် အမှန်တကယ် ဖြစ်၍ မကြာမီ အချိန်အတော အတွင်း အရေး ပေါ်လာနိုင်သည်ဟု ဆိုသည်။ 

သမ္မတ ထရမ့်ကလည်း အမေရိကန်၏ စောင့်ကြည့်မှုအောက်တွင် ထိုင်ဝမ်ကို ကွန်မြူနစ် တရုတ်ပြည် အနေဖြင့် ဝင်တိုက် လိမ့်မည်မဟုတ်ဟု ဆိုသည်။ အကယ်၍ ဟန့်တား မရတော့သည့် အခြေအနေဖြစ်လာလျှင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး၍ အနိုင်ယူရန်ဆုံးဖြတ်ထားပြီးဖြစ်သည်ဟု ဆိုသည်။ 

ယင်းသို့သော အခြေအနေကြောင့် အမေရိကန်ပြည်ထောင်စုက မဟာမိတ်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာ ကာကွယ်ရေး တာဝန်များကို အရေးယူထမ်းရွက်ကြရန် တိုက်တွန်းနှိုးဆော်နေရခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်၍ ဒေသအတွင်းရှိ အမေရိကန်၏ မဟာမိတ်များ၊ လုပ်ဖော်ကိုင်ဖက်များအနေနှင့်လည်း အလားတူ တရုတ် ခြိမ်းခြောက် မှုကို ရင်ဆိုင်ရနိုင် ကြောင်း ‘ပိ ဟက်ဆက်’ က အချက်ပေးလိုသည့် သဘောရှိနေသည်ဟု ဆိုသည်။ တရုတ်နိုင်ငံက သင်တို့၏ ရေပြင်ပိုင်နက် မှာပင် သင်တို့အားတိုက်ခိုက်ရန် ခြိမ်းခြောက်နေသည်။ တရုတ်သည် အိမ်နီးချင်း နိုင်ငံ အဖြစ်ပင် လေးစားမှုပြသခြင်းမရှိ။ ပိုမိုရှင်းလင်းမြင်သာစွာ ပြောရလျှင် ‘ဘေဂျင်း’အစိုးရသည် အင်ဒို-ပစိဖိတ်ဒေသ၌ အင်အား ချိန်ခွင်လျှာ အပြောင်းအလဲလုပ် ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ယုံကြည်လောက်သော အထောက် အထားများ တွေ့ရသည်။

အာရှဒေသ နိုင်ငံများအနေဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံနှင့် လုပ်‌ဆောင်ရန် လိုအပ်သော် လည်း ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုကိုမူ အမေရိကန်ပြည်ထောင်စုနှင့် လက်တွဲလုပ်ဆောင်ရန် နိုင်ငံအများစုအတွက် ပထဝီဆိုင်ရာ လိုအပ်ချက် ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ က နှိုးဆော် ထားသည်။ ထိုသို့ နှိုးဆော်မှု သည်ပင် လျှင် တရုတ်ကွန်မြူနစ်ပါတီ(CCP)အတွက် အင်အားမြင့်တက်စေရန် အခွင့်အလမ်းဖြစ်နေသည်။ ထရမ့်အစိုးရ သည် ဥရောပနိုင်ငံများနှင့် လက်တွဲဆောင်ရွက်နေရသောကြောင့် မဟာမိတ်များ၊ လုပ်ဖော် ကိုင်ဖက် နိုင်ငံများအနေဖြင့် ကာကွယ်ရေး ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းရွက်ပေးရန် မျှော်လင့်လျက်ရှိသည်။ ဥရောပ နိုင်ငံများ၏ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲမှုသည် အာရှဒေသ နိုင်ငံများအတွက် စိတ်ဓာတ်ခွန်အား မြှင့်တင် ပေးရာရောက်လိမ့်မည်ဟု ‘ပိ ဟက်ဆက်’ က ဆိုသည်။ ဥရောပ မဟာမိတ်များနှင့် လုပ်ဖော် ကိုင်ဖက် နိုင်ငံများအပေါ် ထရမ့်အစိုးရ၏ တောင်းဆိုချက် များကို အတုယူ၍ အာရှဒေသနိုင်ငံများအနေဖြင့်လည်း ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု (GDP) ၏ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲလိမ့်မည်ဟု မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ က ပြောခဲ့သည် ဟု မေယာနူဝန်စ် က ဆိုသည်။ 

အမြင်သဘောထား တုံ့ပြန်ချက်များ

‘ပိ ဟက်ဆက်’ ၏ တရုတ်နိုင်ငံအပေါ် မကောင်းမြင်သည့် ဝေဖန်ချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့် ရသူ တစ်ဦးက “ဟက်ဆက် အနေနဲ့ ဒေသတွင်းနိုင်ငံတွေက ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်းဆို နေတာတွေကို တမင်သက်သက် မျက်ကွယ်ပြုနေတာဖြစ်တယ်။ အဲဒီအစား စစ်အေးခေတ်က သဘောထား ရပ်တည် ချက်တွေနဲ့ မဟုတ် မမှန် သိက္ခာချ စွပ်စွဲပြောဆိုနေတယ်။” ဟု တုံ့ပြန်ပြောကြားခဲ့သည်ဟု ဆိုသည်။ ထို့အပြင် မှားယွင်း စွာ တရုတ်နိုင်ငံကို ခြိမ်းခြောက်မှု အဖြစ် ဖော်ပြပြောဆိုနေသည်ဟု တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ ကြောင်း မေယာ နူဝန်စ် က ဆိုသည်။

Source: SCMP

သို့သော်ငြားလည်း ကာကွယ်ရေးဝန်ကြီး ‘ပိ ဟက်ဆက်’ က “ကျွန်တော်တို့ ဒီနေ့ မနက်ခင်း ဒီအစည်းအဝေး မှာ တက်ရောက် နေပါတယ်။ ဒါပေမဲ့ အခြားတက်ရောက်သင့်တဲ့ ပုဂ္ဂိုလ်အချို့ကတော့ ဒီအစည်းအဝေးမှာ ရှိမနေ ပါဘူး” ဟု ပြောသွားခဲ့ သည်။ သူရည်ညွှန်းသည်မှာ ယခုနှစ် (IISS)၏ (၂၂) ကြိမ်မြောက် “ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ”တွင် အဆင့်နိမ့်ပုဂ္ဂိုလ် များသာ ပါဝင်သည့် တရုတ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေခြင်းကို ဆိုလိုသည်။ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ၏ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ ရေတပ် ဗိုလ်ချုပ် ‘ဟူ ဂန်ဖန်း’ ခေါင်းဆောင်သော အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့ ကိုသာ  “ရှန်ဂရီလာဒိုင်ယာလော့ ဆွေးနွေးပွဲ” သို့ တရုတ်နိုင်ငံက စေလွှတ်ခဲ့သည်။ ဤအခြေအနေမျိုး ၌ အမေရိကန်-တရုတ် နှစ်နိုင်ငံ ကာကွယ်ရေး ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးမှု မရှိခဲ့ပါဟု ‘ပိ ဟက်ဆက်’ က သူ့မိန့်ခွန်းတွင် ထည့်သွင်းမှတ်တမ်း တင်ခဲ့သည်ဟု ဆိုသည်။

‘ပိ ဟက်ဆက်’ က ပြောရိုးပြောစဉ်အတိုင်း မိန့်ခွန်းပြောခဲ့သော်လည်း လေယူလေသိမ်းက မာထန်နေသည်။ အမေရိကန်-တရုတ် ကုန်သွယ်ခွန် အပြန်အလှန် တိုးမြှင့်မှုလုပ်နေကြစဉ် မေလ ၁၂ ရက်နေ့၌ နှစ်ဦးနှစ်ဖက် နားလည်မှု ရှိရှိ ရက်(၉၀) ဆိုင်းငံ့ ကာလအတွင် အခွန်လျှော့ပေးကြရန် သဘောတူခဲ့ကြသည်။ အမေရိကန်က တရုတ်သွင်းကုန် အပေါ် ၁၄၅%  သတ်မှတ်ထားရာမှ ၃၀ % သို့ လျှော့ချပေးခဲ့ပြီး တရုတ်က အမေရိကန် သွင်းကုန်အပေါ် ၁၂၅ % မှ ၁၀% သို့ လျှော့ချခဲ့ သည်။ ထိုအခိုက်အတန့်တွင် (၂၂) ကြိမ်မြောက် “ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ” ကျင်းပ ခဲ့သည်။

ကုန်သွယ်ခွန်လျှော့ချရေး သဘောတူစာချုပ် (၁၈)ရက်အကြာတွင် တရုတ်ဘက်က သဘောတူချက်ကို ချိုးဖောက်ခဲ့သည်ဟု သမ္မတ ထရမ့်က စွပ်စွဲခဲ့သည်။ တရုတ်ဘက်ကလည်း အမေရိကန်က တရုတ်ကို ပစ်မှတ်ထား၍ သွင်းကုန်အခွန်ကို မတော် မတရားထိန်းချုပ်ခဲ့သည်ဟု ပြန်လှန်စွပ်စွဲခဲ့သည်။ ရှန်ဂရီလာ ဒိုင်ယာလော့ ကျင်းပနေစဉ် တရုတ် သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ထရမ့်တို့ တယ်လီဖုန်းပေါ်တွင် စကားပြော ခဲ့ကြပြီး သမ္မတနှစ်ဦး အပြန်အလှန် အလည်အပတ်ခရီးဖိတ်ကြားရေး ပြောခဲ့ကြသည်ဟု ယေဘုယျသိရသည်။ သို့သော်လည်း နှစ်နိုင်ငံ အထိမခံ ဖြစ်နေသည့် ဆက်ဆံရေးအကြား ပြိုင်ဆိုင်မှုနှင့် မတည်ငြိမ်မှု များက အဓိကနေရာ၌ ဆက်ရှိနေလိမ့်ဦးမည်ဟု ဆိုသည်။ 

တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီး‘ပိ ဟက်ဆက်’ က ရှန်ဂရီလာဒိုင်ယာလော့မိန့်ခွန်း၌ “အမေရိကန် ပြည်ထောင်စု အနေဖြင့် စစ်ကိုတားဆီးရေးအတွက် မဖြစ်မနေ စစ်ပြင်ဆင်ထားရမည်” ဟု ထည့်သွင်း ပြောကြား သွားခဲ့သည်။

Reference:

(1)  US commitment to the Indo-Pacific: peace through strength by Meia Nouwens, Senior Fellow for Chinese Security and Defence Policy, The International Institute for Strategic Studies (IISS).

(2) Pete Hegseth, Wikipedia.

Click to rate this post!
[Total: 0 Average: 0]