The Corner

The Corner

cropped-Logo_round_grey-background.png

နီတန်ဒိုရဲ့ နောက်ဆုံးထုတ် Switch 2 လက်ကိုင်ဂိမ်းစက်

Share မယ်

နီတန်ဒို (Nintendo) ကနေ အသစ်ထုတ်လုပ်လိုက်တဲ့ လက်ကိုင် ဂိမ်းစက် အသစ် မော်ဒယ်လ် ဆွစ်ချ်တူး (Switch 2) ထွက်လာပါပြီ။ နီတန်ဒိုရဲ့ ပရိသတ်တွေ အရူးအမူးပေါ့။ ကျွန်တော့မှာတော့ လက်ရှိ ကစားနေတဲ့ မူလ Switch (အခုတော့ Switch 1 လို့ ခေါ်ရမလား) ရှိတော့ အသစ်ထွက် ဂိမ်းစက် ဝယ်ရမလို၊ လက်ရှိစက်ကိုပဲ ဆက်ကိုင်ရမလို ဘာလုပ်ရမှန်း မသိဖြစ်နေတော့ review တွေ၊ unboxing တွေကိုပဲ ကြည့်လိုက် ကိုယ့်မှာရှိတဲ့ စက်ကို ထုတ်ကစားလိုက် သူလည်း ကောင်းပါတယ် ဆိုပြီး ပြန်သိမ်းထားလိုက် စိတ်က မပြတ်သားသေးပါဘူး။ သူငယ်ချင်းတို့ရော ဘယ်လို ဆုံးဖြတ်ကြ သလဲ။ ကျွန်တော့လိုပဲ စိတ်နှစ်ခွ ဖြစ်နေသူများရှိရင် သိရအောင် ဖတ်ထား မှတ်ထားသမျှ နီတန်ဒို Switch 2 အကြောင်း ပြန်မျှဝေလိုက်ပါတယ်။

ဘာတွေ ပိုကောင်းလာလဲ

Switch 2 မှာ သိသာတဲ့ အပြောင်းအလဲတွေ ကတော့ ပိုကြီးလာတဲ့ စကရင်ဆိုဒ်နဲ့ မောင်းနှင် အားကောင်းတဲ့ ပရိုဆက်ဆာတွေ ပါဝင်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခပ်သေးသေးလေးနဲ့ မသိမသာ ပိုကောင်းလာတာလေးတွေကတော့ ဂျိုင်းကွန်လို့ ခေါ်တဲ့ ဘေး ဘယ်ညာ တစ်ဖက်စီမှာ တပ်ထားတဲ့ ဂိမ်းကစားဖို့ ခလုတ်တွေပဲ ဖြစ်ပါတယ်။ အရင်ထက် ကိုင်တွယ်ရတာ စေးစေးပိုင်ပိုင် ဖြစ်လာပြီး အရင်က လျှောပြီး အဖြုတ်အတပ် လုပ်တဲ့ပုံစံကနေ အခုတော့ သံလိုက်နဲ့ ကပ်လိုက်ရင် ဖြောင်းခနဲ ကပ်သွားတဲ့ အသံနဲ့အတူ တောင့်တောင့်တင်းတင်း ကိုင်တွယ်ကစားရတာက စိတ်ကျေနပ်စရာ ကောင်းမှာပါ။ အရင် Switch OLED မော်ဒယ် ကိုင်ဖူးတဲ့ သူတွေအတွက် အခု Switch 2 က LCD နဲ့ ထုတ်လိုက်လို့ နဲနဲ ငြူစူကြလိမ့်မယ်တော့ထင်ပါတယ်တဲ့။ ဒါပေမဲ့လဲ ပုံထွက် အရည်အသွေးက ကောင်းလွန်းလို့ ဒါကလည်း ပြဿနာမရှိလောက်ပါဘူးလို့ reviewer တွေက သုံးသပ်ကြပါတယ်။  

နီတန်ဒိုရဲ့ Die-hard fan တွေ

လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က နီတန်ဒိုရဲ့  လက်ကိုင်ဂိမ်းကို စဝယ်တုန်းက အက်ဒဝင် ဖလိုစ်တစ်ယောက် တန်းစီတဲ့နေရာမှာ ရှေ့ဆုံးနေရာမှာ မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ၂၀၀၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Gametube၊ ၂၀၀၆ ခုနှစ်မှာတော့ Wii၊ ၂၀၁၂ မှာ Wii U၊ ၂၀၁၇ မှာ Switch နဲ့ ၂၀၂၁ မှာ Switch OLED တို့ကို ဆက်တိုက်ဝယ်ဖြစ်ခဲ့တဲ့ အချိန်တွေမှာတော့ ညအိပ်ညနေ တန်းစီပြီး ပထမဦးဝယ်ခွင့်ရခဲ့သူ တစ်ဦးတော့ ဖြစ်ခဲ့ပါတယ်။

အခု အသက် ၅၀ ကျော်ပြီဖြစ်တဲ့ ဖလိုစ်က နယူးယောက်က နီတန်ဒို ဆိုင်ရှေ့မှာ Switch 2 ဝယ်ဖို့ တန်းစီရင်း သူက “ကိုယ်နဲ့ နီတန်ဒို ကြိုက်တဲ့သူချင်းတွေ့ကြတဲ့အခါ ပျော်စရာကြီးပါ” လို့ ပြောပါတယ်။ ဒီနေရာကို သူက ည ၁၁နာရီခွဲထဲက ရောက်ပြီး တန်းစီစောင့်နေတာပါ။ နီတန်ဒိုး Switch မော်ဒယ်အသစ် ထွက်မယ်လို့ တစ်စွန်းတစ ကြားကတည်းက ပိုက်ဆံ နည်းနည်းချင်းစုပြီး ဒီအချိန်ကို စောင့်ဆိုင်းနေတာပါ။    

အရင် မော်ဒယ် Switch ကို ၂၉၉ ဒေါ်လာနဲ့ ရောင်းခဲ့ပြီး အခု Swtich 2 ကို ၄၄၉ ဒေါ်လာနဲ့ ရောင်းစျေးဖွင့်လိုက်တော့ ဂိမ်းလောကမှာ စျေးအကြီးဆုံး လက်ကိုင်ဂိမ်း တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဖလိုစ်ကတော့ သူတစ်လုံး၊ သူ့သားအတွက် တစ်လုံးဝယ်မယ်လို့ ပြောပါတယ်။ သူက “သူတို့ (နီတန်ဒိုး) ပြောတဲ့ မော်ဒယ်အသစ်က ဘာတွေပိုကောင်းတယ်ဆိုတာကို ကြည့်ရုံနဲ့ တန်တယ်ဗျာ၊ ဘာမှ စဥ်းစားနေစရာ မလိုပါဘူး”  လို့ သူ့အမြင်ကို ပြောပါတယ်။ အသက်နှစ်ဆယ်အရွယ် ခရစ်စတိုဖာ ပီရဲလ်တာ မော်ဒယ်သစ်ကို ၃၉၉ ဒေါ်လာလောက်နဲ့ပဲ ရောင်းမယ် ထင်ခဲ့တာ၊ ဒေါ်လာ ၅၀ ပိုပေးရမယ်ဆိုတော့ စိတ်ထဲမှာ စျေးများတယ်လို့ ထင်ပေမယ့် အသစ်မှာပါလာတာတွေနဲ့ ဆိုရင်တန်ပါတယ် သူ့ဘာသာသူပဲ ကျေနပ်နေပါတယ်။ အသက် ၂၂ နှစ်အရွယ် နစ်ခ် လက်စစ်ဆေးက မထွက်ခင်ကတည်းက pre-order ကြိုမှာထားပေမယ့် ထွက်တဲ့နေ့မှာ သူ့လက်ထဲ ရောက်ပြီး ကစားကြည့်ဖို့ စိတ်ပိုင်းဖြတ်ထားတော့ နောက်တစ်လုံး ထပ်ဝယ်ဖို့ မဖြစ်မနေရောက်လာပြီး တန်းစီသူများထဲမှာ တစ်ယောက်ပါ။ ဒီကိုလာဖို့ နာရီ alarm ပေးထားပြီးလာခဲ့တာ စျေးကြီးပေမယ့် ဒါက ပြဿနာ မဟုတ်ပါဘူး လို့ ဆိုပါတယ်။ 

စက်ချည်းပဲ မပြီးဘူးနော်

Source: Heute

ဧပြီလအတွင်းမှာ နီတန်ဒိုးက သူရဲ့ Switch 2 ဂိမ်းစက် စျေးများကို ကြေညာသွားပါတယ်။ လက်ကိုင်ဂိမ်း စက်ချည်းပဲ သက်သက် ဆိုရင် ဒေါ်လာ ၄၅၀ ကျသင့်မှာဖြစ်ပြီး၊ “Mario Kart World” ဂိမ်းနဲ့ bundle ဝယ်မယ် ဆိုရင်တော့ ၄၉၉ ဒေါ်လာပါ။ စက်ချည်းပဲ ဝယ်ရင် ဘာမှ လုပ်လို့မရတဲ့ ကိရိယာ ဆိုတော့ ကစားဖို့ ဂိမ်းဝယ်ရင် ပိုက်ဆံ ထပ်ကုန်ဦးမှာပါ။ Switch 2 ဂိမ်းတစ်မျိုးကို ဒေါ်လာ ၈၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။            

ကဲ ထပ်မေးပါရေစေ သူငယ်ချင်းတို့ရော Switch 2 ဝယ်ကြမှာလား။ 

Click to rate this post!
[Total: 0 Average: 0]