အစဉ်အလာယူဆချက်အရဆိုရင် ကွန်မြူနစ်နဲ့ နန်းတွင်းဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။ ဆက်စပ် ချိတ်ဆက်ပြောစရာ မရှိပါဘူး။ ကွန်မြူနစ်ပါတီဆိုတာ အဖိနှိပ်ခံအလုပ်သမား၊ လယ်သမား ပြည်သူ အများစု ကိုယ်စား တိုင်းပြည်ရေးရာတွေကို ဦးဆောင်မယ်ဆိုတဲ့ ပါတီပါ။ နန်းတွင်းဆိုတာ ပဒေသရာဇ် စနစ်ကို ကိုယ်စားပြုတာပါ။ ပဒေသရာဇ်စနစ်မှာ ဧကရာဇ်ဘုရင်က သူ့စိတ်တိုင်းကျ တိုင်းပြည်ရေးရာ တွေကို စီမံခန့်ခွဲပါတယ်။ ဒါပေမဲ့ တစ်ခုတည်းသော ဦးဆောင်ပါတီဆိုတဲ့ ကွန်မြူနစ်ပါတီကလည်း သူ့ ပါတီအတွင်းမှာရှိတဲ့ အင်အားစုအသီးသီးကြားက အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီး မူဝါဒတွေ ချမှတ် အကောင် အထည် ဖော်ရတာပါ။ ပဒေသရာဇ်စနစ်မှာလည်း ဧကရာဇ်ဘုရင်က စိတ်တိုင်းကျစီမံတယ်ဆိုပေမယ့် မှူးမတ်၊ စစ်သူကြီး အစရှိတဲ့ နန်းတွင်းအင်အားစုတွေရဲ့ သဘောထားကို လျစ်လျူရှုလို့ မရပါဘူး။ ဒါပေမဲ့ ကွန်မြူနစ် စနစ်နဲ့ ပဒေသရာဇ်စနစ်ကြားမှာ သဘောသဘာ၀တူတဲ့ အချက်တစ်ချက် ရှိပါတယ်။ အဲဒါက အာဏာရ အသိုင်းအဝိုင်းကြား ဖြစ်ပျက်နေတဲ့ အခြေအနေကို သာမန်ပြည်သူထူထုက မသိနိုင်ပါဘူး။ ဒါကြောင့် အဲဒီစနစ်နှစ်ခုစလုံးမှာ အပြောင်းအလဲတစ်ရပ်ဖြစ်တော့မယ်ဆိုရင် ပြည်သူလူထုကြား ကောလာဟလတွေ ပျံ့လာလေ့ရှိပါတယ်။ အခုပြောချင်တာက လက်ရှိတရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကောလာဟလ အကြောင်းပါ။

ပြောရရင် ဂျောင်နန်ဟိုင် (Zhongnanhai) ဆိုတဲ့ ဧကရာဇ်ဥယျာဉ်ပန်းခြံနဲ့ အစပြုရမှာပါ။ လက်ရှိ မှာတော့ ဂျောင်နန်ဟိုင်ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ရုံးတွေ၊ နေအိမ်ရှိတဲ့ နေရာပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရုံးချုပ်ပါ။ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်ဟာ ၂၀၂၅ ခုနစ်၊ ဇွန်လ (၄)ရက်နေ့က ဂျောင်နန်ဟိုင်အတွင်းက သူ့နေအိမ်မှာ ဘယ်လာရုစ် သမ္မတ လူကာရှန်ကို ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် တွေ့ဆုံခဲ့တဲ့နေရာက ထူးခြားနေပါတယ်။ နိုင်ငံတော်ကိုယ်စားပြုနေရာမဟုတ်ဘဲ ရှီကျင့်ဖျင်ရဲ့နေအိမ် ဖြစ်နေတာပါ။ နိုင်ငံ့ ကိုယ်စားပြု တရုတ်သတင်းဌာနတွေက သတင်းဖော်ပြတဲ့နေရာမှာလည်း ရှီကျင့်ဖျင်ရဲ့ ရာထူးတာဝန်တွေ ဖြစ်တဲ့ နိုင်ငံတော်သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌဆိုတဲ့ သုံးခုထဲက ဘယ်တစ်ခုကိုမှ ရည်ညွှန်းဖော်ပြတာ မလုပ်ခဲ့ပါဘူး။ ရှီကျင့်ဖျင်ရဲ့အမည်သက်သက်ကိုပဲ ရည်ညွှန်းဖော်ပြခဲ့တာပါ။ အဲဒီတွေ့ဆုံမှုမတိုင်ခင် ရှီကျင့်ဖျင်ဟာ လူထုမြင်ကွင်းရှေ့က ပျောက်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်သတင်းဌာနတွေမှာ ထူးထူးခြားခြား ဖော်ပြတာ မရှိ ခဲ့ပေမယ့် ဘယ်လာရုစ် တာဝန်ရှိသူတွေရဲ့ ဖော်ပြချက်မှာတော့ ဒီတွေ့ဆုံပွဲမှာ ရှီကျင့်ဖျင်ရဲ့ ဇနီးနဲ့ သမီး လည်း ပါဝင်နေပြီး မိသားစုသဘော နွေးနွေးထွေးထွေး တွေ့တယ်ဆိုတဲ့သဘော ရည်ညွှန်းထားပါတယ်။ ဒီအချက်ကို တရုတ်သတင်းဌာနတွေမှာ ဖော်ပြမထားတဲ့အတွက် ကောလာဟလတွေက ပိုပျံ့နှံ့လာပါတယ်။ ရှီကျင့်ဖျင် လက်ထဲ တကယ့်နိုင်ငံရေးအာဏာ မရှိတော့ဘူးလားဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာတာပါ။
ဇွန်လ (၆)ရက်နေ့မှာ ရှီကျင့်ဖျင်ဟာ တိဗက်ဘာသာရေးခေါင်းဆောင် ပန်ချန်လားမား ကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကို လက်ခံတွေ့ဆုံခဲ့တဲ့ နေအိမ်မှာပဲ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တိဗက်ဘာသာရေးခေါင်းဆောင် ပန်ချန်လားမားကို လက်ခံတွေ့ဆုံတဲ့နေရာမှာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေဟာ အစဉ်အဆက် နိုင်ငံတော်အခမ်းအနားပုံစံ ခမ်းခမ်းနားနား လက်ခံတွေ့ဆုံလေ့ရှိပေ မယ့် ဒီတစ်ကြိမ် ရှီကျင့်ဖျင်နေအိမ်မှာပဲ တွေ့ဆုံခဲ့တာက ကောလာဟလတွေကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။
ကောလာဟလ ပျံ့နှံ့စေခံ့တဲ့ နောက်အကြောင်းရင်းကတော့ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အတွင်းက အပြောင်းအလဲတွေပါ။ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ကာကွယ်ရေးဝန်ကြီး လီရှန်ဖူ နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဝေဖုန်းဟွတို့ ရာထူးတာဝန်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ ဗဟိုကော်မရှင် နိုင်ငံရေးဌာန ဒါရိုက်တာမြောင်းဟွာ ကိုလည်း ရာထူးကနေ ဖယ်ရှားအရေးယူခဲ့ပါတယ်။ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဟွဝေဒုန်းကလည်း ရာထူးကနေ ဖယ်ရှားအရေးယူခံရသလိုလို၊ သေဆုံးသွားသလိုလို သတင်းတွေထွက်ပြီး လူထု မြင်ကွင်းကနေ ပျောက်နေပါတယ်။ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်တဲ့ ရှုကျီလျန်းရဲ့ ဈာပနမှာ ဟွဝေဒုန်းရဲ့ လွမ်းသူ့ပန်းခွေ မတွေ့ရသလို သူကိုယ်တိုင် ဂါရ၀မပြုခဲ့တာကလည်း ကောလာဟလတွေကို မီးထိုးပေးခဲ့ပါတယ်။ ဒီစစ်ဘက်ခေါင်းဆောင်အားလုံးဟာ ရှီကျင့်ဖျင်ရဲ့ လူရင်း အမာခံပုဂ္ဂိုလ်တွေလို့ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်သတ်မှတ်ခံထားရတဲ့ ပုဂ္ဂိုလ်တွေပါ။

ထွက်ပေါ်နေတဲ့ ကောလာဟလတွေထဲမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ ကျန်းမာရေး အခြေ အနေကလည်း အကြောင်းတစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ ၂၀၂၅ ခုနှစ် မေလ (၂၅)ရက်နေ့မှာ ရှီကျင့်ဖျင် ဟာ နှလုံးဖောက်တဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ ကောလာဟလတွေရဲ့ ထုံးစံအတိုင်း အတည်ပြုဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ကောလာဟလရဲ့ အဆိုအရ ရှီကျင့်ဖျင်ရဲ့ နှလုံးဖောက် ကျန်းမာရေး ဆိုးရွားနေချိန်မှာ ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ဂျောင်းယို့ရွှာက စစ်တပ်အတွင်း အရေးပါတဲ့ နေရာတွေမှာ သူ ယုံကြည်စိတ်ချရတဲ့သူတွေခန့်ထားပြီး ပြုပြင်ပြောင်းလဲရေး တွေ အကောင်အထည်ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သဘောကတော့ ဂျောင်းယို့ရွှာဟာ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် အပေါ် ထိန်းချုပ် ထားနိုင်လိုက်ပြီ ဆိုတဲ့သဘောပါ။
ပြန်ကြည့်လိုက်ရင် လက်ရှိဖြစ်ပေါ်နေတဲ့ ကောလာဟလတွေရဲ့ အစပြုရာက တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ်(၂၀)မြောက်ပါတီကွန်ဂရက်ပါ။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၁၆)ရက်ကနေ (၂၂)ရက်အထိ ကျင်းပခဲ့တာပါ။ တရုတ်ပြည်အကြောင်း စိတ်ဝင်စားတဲ့ စာဖတ်သူတွေက အကြိမ်(၂၀)မြောက် ပါတီ ကွန်ဂရက်မှာ ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ဟူဂျင်းတောင်ကို အစည်း အဝေး ကျင်းပရာနေရာကနေ ပုဂ္ဂိုလ်နှစ်ဦးက တွဲခေါ်သွားတာကို မှတ်မိကြမှာပါ။ ဟူဂျင်းတောင်က ခန်းမ ကအထွက် ရှီကျင့်ဖျင်နားအရောက် ရှီကျင့်ဖျင်ကို ကပ်ပြီး တိုးတိုးစကားပြောခဲ့ပါတယ်။ ဘာပြောခဲ့တယ် ဆိုတာကို သူတို့နှစ်ယောက်ကလွဲလို့ သိနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထွက်ပေါ်လာတဲ့ ကောလာဟလတွေထဲမှာ နှုတ်ခမ်းအလှုပ်ကို ကြည့်ပြီး အဓိပ္ပာယ်ကောက်ယူတဲ့ ပညာရှင်တွေရဲ့အဆိုအရ ဆိုပြီးပြောလာ တာရှိပါတယ်။ ”အခုတော့ ငါထွက်သွားလိုက်မယ်၊ မင်းစိတ်တိုင်းကျ လုပ်ဖို့တော့ စိတ်မကူးလိုက်ပါနဲ့” တဲ့။ ထွက်ပေါ်လာတဲ့ ကောလာဟလတွေရဲ့ အဆိုအရ အကြိမ်(၂၀)မြောက် ပါတီကွန်ဂရက်အပြီးမှာ ဟူဂျင်းတောင် အပါအဝင် ပါတီခေါင်းဆောင်ဟောင်း (၁၅) ဦးကို ဖယ်ရှားဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ဂျောင်းယို့ရွှာက ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့တဲ့ အတွက် လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ကောလာဟလတွေရဲ့အဆိုအရ ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ဂျောင်းယို့ရွှာရဲ့နောက်မှာ ဟူဂျင်းတောင်နဲ့ ဝဲန်ဂျာဘောင်လို ကွန်မြူနစ် ပါတီ ခေါင်းဆောင်ဟောင်း တွေက နိုင်ငံရေးအရ ဦးဆောင် နေတယ်ဆိုပါတယ်။ အကြိမ်(၂၀) မြောက်ပါတီ ကွန်ဂရက် အပြီး ရှီကျင့်ဖျင်က သက်တမ်းနှစ်ဆက်သာ ထမ်းဆောင်ရမယ်ဆိုတဲ့ ကန့်သတ် ချက်ကို ဖျက်သိမ်းပြီး တတိယ သက်တမ်းကို ဆက်တာဝန်ယူခဲ့ပါတယ်။ အနောက်နိုင်ငံသတင်းတွေမှာ တော့ ရှီကျင့်ဖျင်ဟာ မော်စီတုန်းလို ခေါင်းဆောင်မှု အနေအထား ရသွားပြီလို့ ပြောဆိုရေးသားကြပါတယ်။ ထွက်ပေါ်နေတဲ့ ကောလာဟလတွေရဲ့ သဘောကတော့ ဟူဂျင်းတောင်နဲ့ ဝဲန်ဂျာဘောင်လို ပါတီ ခေါင်းဆောင်ဟောင်းတွေက ရှီကျင့်ဖျင်ရဲ့ ဒီခြေလှမ်းတွေကို မကြိုက်ဘူးဆိုတဲ့ သဘောမျိုးပါ။
တခြားသော ကောလာဟလတွေ ရှိနေသေးပေမယ့် အသေးစိတ်မပြောတော့ပါဘူး။ စာရေးသူရဲ့ ရည်ရွယ်ချက်က ဒီကောလာဟလတွေ ဘယ်လောက်မှန်နိုင်တယ် (ဒါမှမဟုတ်) မှားနိုင်တယ်ဆိုတာကို ပြောဖို့မဟုတ်ပါဘူး။ ပြောနိုင်တဲ့အခြေအနေလည်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံကြီး ဖြစ်သလို ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံးနိုင်ငံလည်း ဖြစ်တဲ့အတွက် တရုတ်နိုင်ငံအတွင်း ဖြစ် ပျက်နေတာ ကတော့ လေ့လာသင့်ပါတယ်။ ဒီနေရာမှာ အဓိကမီးမောင်းထိုးတင်ပြလိုတာက ကောလာဟလ တွေကို ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးစနစ်ပါ။
ပွင့်လင်းမြင်သာမှုမရှိတဲ့ အခြေအနေဟာ ကောလာဟလတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအချက်ကို ကမ္ဘာ့သမိုင်းတစ်လျှောက်မှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ တစ်ပါတီချုပ်ကိုင်တဲ့ ဆိုဗီယက်ပြည် ထောင်စုသမိုင်းမှာ ကောလာဟလတွေ ဖုံးလွှမ်းခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို တွေ့နိုင်ပါတယ်။ အလားတူ တစ်ပါတီချုပ်ကိုင်တဲ့ အရှေ့ဥရောပဆိုရှယ်လစ်နိုင်ငံတွေရဲ့ သမိုင်းမှာလည်း ဒီလို သမိုင်းဖြစ်စဉ်တွေကို တွေ့မြင်နိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ သမိုင်းမှာလည်း ဥက္ကဋ္ဌ မော်စီတုန်းကွယ်လွန်ပြီးကာလမှာ နိုင်ငံရေး အရ ရှုပ်ထွေးမှုတွေနဲ့အတူ ကောလာဟလတွေ ပျံ့နှံ့ခဲ့တာကို သတိရကြမှာပါ။ ပွင့်လင်းမြင်သာမှုမရှိတဲ့ အခြေအနေ ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ ကောလာဟလတွေဟာ မရေရာမှုနဲ့အတူ ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ် စေပါတယ်။ အနာဂတ်ကိုမှန်းဆဖို့ ခက်ခဲစေပါတယ်။ အနာဂတ်ကို မမှန်းဆနိုင်ဘူးဆိုရင် တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ပါတယ်။
တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကောလာဟလတွေက တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်တဲ့ အနေ အထားတော့ မတွေ့ရပါဘူး။ တစ်ဦးချင်းအမြင်အရ တစ်ပါတီချုပ်ကိုင်တဲ့ နိုင်ငံရေးစနစ်အပေါ် ကြိုက်/ မကြိုက်က ကွဲလွဲနိုင်ပါတယ်။ ဒါပေမဲ့ အစည်းပြေနိုင်တဲ့ နိုင်ငံတော်ကို စုစည်းပြီး ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးဆုံး နိုင်ငံဘ၀ရောက်အောင် တည်ဆောက်နိုင်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှု ကိုတော့ အသိအမှတ်ပြု လေးစားရမှာပါ။ သမိုင်းအစဉ်အလာကောင်းခဲ့ပြီး တရုတ်ပြည်သူတွေအပေါ်မှာ လည်း ကိုယ်စားပြုနိုင်တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ တိုင်းပြည်အတွက် အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ ကျင်းပခဲ့တဲ့ အစည်းအဝေး တစ်ရပ်မှာ ရှီကျင့်ဖျင်ကိုယ်တိုင်က ”သိပ္ပံနည်းကျ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေး၊ ဒီမိုကရေစီနည်းကျ ဆုံးဖြတ်ချက် ချမှတ်နိုင်ရေး၊ စည်းမျဉ်းစည်းကမ်း အခြေခံအုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေး” ဆိုတာတွေကို ရည်ညွှန်းခဲ့တဲ့ အတွက် မျှော်လင့်ယုံကြည်သလို ဖြစ်လာမယ်လို့ ယူဆရပါတယ်။

