ယူဗဲလ်နိုအာဟရားရီ (သမိုင်းဆရာ၊ ဒဿနဆရာ၊ စာရေးဆရာ)။ မတ် ၁၅။ ၂၀၂၄
ဘာသာပြန်သူ။ ဒေါက်တာအောင်ကြီး
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို မီးထိုးပေးနေတဲ့ လက်သည်က မိမိတို့မျိုးပြုန်းမယ့် အရေး နှစ်ဖက်စလုံးက အပြန်အလှန်ကြောက် လန့်နေကြခြင်းပဲဖြစ်ပါတယ်။ ဟိုဘက်က လူတွေက ငါတို့ကိုသတ်ပစ်မှာ၊ နှင်ထုတ်ပစ်မှာ၊ ငါတို့ရဲ့အမျိုးဇာတိတည်ရှိမှုကိုအဆုံး သတ်ပစ်မှာ … ဒါကိုနှစ်ဖက်စလုံးကကြောက်နေကြတာ။ ဒါတွေက သူတစ်ထူး အပေါ် ယုံမှား သံသယ လွန်ကဲမှု ကနေထွက်ပေါ်လာတဲ့ အခြေအမြစ် မရှိတဲ့ အကြောက်တရားတွေ မဟုတ်ဘူး။ လတ်လတ်ဆတ်ဆတ် ဖြစ်ပွားခဲ့တဲ့သမိုင်းကြောင်းတွေ၊ တစ်ဖက် ရန်သူရဲ့ ရည်မှန်းချက်ကို စေ့စေ့စပ်စပ် အကဲဖြတ် ရာကနေ ပေါ်ထွက်လာတဲ့ ကြောင်းကျိုး ဆီလျော်တဲ့ အကြောက်တရား တွေဖြစ်ပါတယ်။
ခေတ်သစ် ပါလက်စတိုင်း ဇာတိရုပ် အခြေစတည်ခဲ့တဲ့ဖြစ်ရပ်က ပါလက်စတိုင်း တွေက နက်ခ်ဘာ လို့ခေါ်တဲ့ ၁၉၄၈ အရေးအခင်းပဲဖြစ်ပါတယ်။ အသစ်ပေါ်ထွန်းစ အစ္စရေးနိုင်ငံက ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ကို ဖျက်ဆီးလိုက်ပြီး ပါလက်စတိုင်း လူမျိုး ခုနစ်သိန်းခွဲကို သူ့တို့ရဲ့ ဘိုးဘပိုင်မြေကနေ မောင်းထုတ်လိုက်တဲ့ အရေးအခင်း ကြီးပါပဲ။ အဲဒီဖြစ်ရပ်နောက်ပိုင်းဆယ်စုနှစ်တွေအတွင်း ပါလက်စတိုင်းတွေခမျာ အစ္စရေးနဲ့ အခြားသော ဒေသ အာဏာပိုင်တွေ ရဲ့လက်ချက်ကြောင့် အုံနဲ့ကျင်းနဲ့ အသတ်ခံရတာတွေ၊ မိမိတို့ အခြေချရာ ကနေ မောင်းထုတ်ခံရတာတွေ… ဒါတွေကို အကြိမ်ကြိမ် ကြုံခဲ့ရတယ်။ ဥပမာပြရရင် ၁၉၈၂ ခုနှစ်က အစ္စရေးတွေနဲ့ပူးပေါင်းပြီး လက်ဘနွန် ခရစ်ယာန် ပြည်သူ့စစ် တွေက ဆားဘရာနဲ့ ရှတ်တီးလာဒုက္ခသည်စခန်းမှာခိုလှုံနေတဲ့ဒုက္ခသည် ၈၀၀ နဲ့ ၃၀၀၀ ကြား အစုလိုက် အပြုံလိုက် ဝင်သတ်ခဲ့တာ။ ၁၉၉၁ ခုနှစ်က ကူဝိတ်နိုင်ငံကနေ ပါလက် စတိုင်း လူမျိုး သုံးသိန်းကို မောင်းထုတ်ခဲ့တာ။
အသတ်ခံရမှာ၊ နေရပ်က မောင်းထုတ် ခံရမှာကို ပါလက်စတိုင်းတွေ ကြောက်ရွံ့ ရတဲ့ အကြောင်းရင်းက သမိုင်း ဖြစ်ရပ်တွေ ကြောင့်ချည်းမဟုတ်ပေဘူးဗျ။ ဒီဖြစ်ရပ်တွေက သူတို့ဘဝမှာ နိစ္စဓူဝရင်ဆိုင် နေရတဲ့အတွေ့အကြုံတွေ။ အစ္စရေး သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်း နယ်မြေထဲနေထိုင်တဲ့ ပါလက်စတိုင်း လူမျိုးတိုင်း သူတို့တစ်တွေ အချိန်မရွေး အသတ်ခံရနိုင်တယ်၊ အဖမ်းခံရနိုင်တယ်၊ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေ / အစ္စရေး အခြေချ နေထိုင်သူတွေက သူတို့ကို အချိန်မရွေး မောင်းထုတ် နိုင်တယ် ဆိုတာ သိတယ်။
အစ္စရေးရဲ့ ရည်မှန်းချက်တွေကို ပါလက်စတိုင်းတွေ စိတ်ဖြာကြည့်တဲ့အခါ နိုင်ငံတကာ ဖိအားကြောင့်သာ မဟုတ်ခဲ့ရင် သူတို့အကုန်လုံး ဒါမှမဟုတ် အများစုကို ဂျော်ဒန်မြစ်နဲ့ မြေထဲ ပင်လယ်ကြား ဒေသကနေ မောင်းထုတ်ပစ်ပြီး ဂျူးလူမျိုးချည်း နေထိုင်တဲ့ တိုင်းပြည် တည်ထောင်ဖို့ရာ များတယ်လို့ ပါလက်စတိုင်း တွေက ကောက်ချက်ချ ကြလေရဲ့။ နှစ်ပေါင်းများစွာအတွင်း အစ္စရေး နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ပါတီတွေ အတော်များများ (ဘင်ဂျမင်နေတန်ယာဟုရဲ့ လီခွပ်ဒ်ပါတီလည်း ပါရဲ့) က “မဟာ အစ္စရေး နိုင်ငံတော်” (Greater Israel) တည်ထောင်ဖို့ရာ ပြောနေ ဆိုနေ တာရှိတယ်။ ဒီနိုင်ငံတော်ကြီး တည်ထောင်ရာမှာ ပါလက်စတိုင်းတွေရဲ့ပိုင်ဆိုင်မှုမှန်သမျှအကုန်သိမ်း၊ သူတို့ကို မောင်းထုတ် ဒါမှမဟုတ် ကျွန်အဆင့်ရောက်အောင်လျှော့ချ… ဒါတွေလုပ်ပစ်မှာ။ ၁၉၉၀ ခုနှစ်တစ်ဝိုက် အော့စလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အထွတ် အထိပ် ကာလမှာတောင် ပါလက် စတိုင်း နိုင်ငံ ထူထောင်ဖို့ အကြောင်းစကားဟ လိုက်တာနဲ့ အစ္စရေးတွေ စိတ်မသက် မသာ ဖြစ်သွားခဲ့တာ သာကြည့်ပေရော့။ ပါလက်စတိုင်း နိုင်ငံ ထူထောင်ခွင့် ပေးမယ့်အစား အနောက်ဘက် ကမ်းခြေမှာ ဂျူးတွေ အခြေချ နေထိုင်တာကို အစ္စရေးက အဆက်မပြတ် တိုးချဲ့ လုပ်ဆောင် နေတယ်။ ဒါက ဘာကို ပြနေသလဲ။ ပါလက်စတိုင်းတွေ အနေနဲ့ အနောက် ဘက် ကမ်းခြေက မြေမှန်သမျှကို စွန့်လွှတ် စေချင်တဲ့ အစ္စရေးရဲ့ မြဲမြံတဲ့ ဆန္ဒကို ပြနေတာ ဖြစ်ပါတယ်။
လက်ရှိဆင်နွှဲနေတဲ့စစ်ပွဲက ပါလက်စတိုင်းတွေရဲ့ အနက်ရှိုင်းဆုံး အကြောက်တရား ကို အတည်ပြု လိုက်ခြင်း ပါပဲ။ ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ဟားမားစ် ရန်စတိုက်ခိုက်မှုပြီးတဲ့နောက် အစ္စရေး လူထု ဆက်သွယ်ရေးကွန်ရက်နဲ့ အစ္စရေး လက်ရှိ ညွန့်ပေါင်း အစိုးရအဖွဲ့ဝင် အချို့ ရဲ့ ပြောကြားချက် တွေထဲမှာ ဂါဇာ ကမ်းမြောင် ဖျက်ဆီး ချေမှုန်းရေး၊ ပါလက်စတိုင်း လူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ရေး / မောင်းထုတ်ရေး ဆိုတာတွေက ပုံမှန်လိုလို ပါလာတယ်။ အစ္စရေးလွှတ်တော် ဥက္ကဋ္ဌ နစ်ဆင်ဗက်ကျူရီကသူ့တွစ်တာမှာ အောက်တိုဘာ ၇ ရက်နေ့က ဒီလိုရေးတယ်။ “အခု အချိန် ငါတို့အားလုံးရဲ့ဘုံပန်းတိုင်ကတစ်ခုတည်း – ဂါဇာကမ်းမြောင်ကို ကမ္ဘာမြေရဲ့ မျက်နှာ ပြင်ပေါ် ကနေ ဖျက်ပစ်လိုက်ဖို့ပဲ”။ နိုဝင်ဘာလ ၁ ရက်နေ့ကျ အစ္စရေး ယဉ်ကျေးမှု အမွေအနှစ်ဝန်ကြီးက သို့ကလို ပို့စ်တင်တယ်။ “ဂါဇာ ကမ်းမြောင် မြောက်ပိုင်းကတော့ အရင်ထက် ပိုလှသွားပြီ။ ဖောက်ခွဲဖျက်ဆီးပစ်လိုက်တာ အရာအားလုံး မြေပြင်မှာ ပြားပြား ဝပ်သွားပြီ။ မျက်စိထဲ ကြည့်ကောင်းလိုက်တာ”တဲ့။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ အစ္စရေး စိုက်ပျိုးရေး ဝန်ကြီးက ပြောပြန်တယ်။ “ငါတို့အခု ဂါဇာနက်ခ်ဘာကို အမှန် တကယ် ဆင်နွှဲ နေပြီ”တဲ့။
အီဂျစ်နိုင်ငံရဲ့ ဆန့်ကျင်ကန့်ကွက်မှု၊ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ကြောင့်သာ မဟုတ်ခဲ့ရင် ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေကို ဆိုင်းနိုင်း သဲကန္တာရထဲထိ မောင်းထုတ်ပစ်ဖို့ရာ အစ္စရေးနိုင်ငံက ကြိုးပမ်းမယ်ဆိုတာ မယုံကြည် စရာ အကြောင်း မရှိဘူး။ ပါလက်စတိုင်း ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အဆိုအရ အခုအချိန်အထိ အစ္စရေး စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ပါလက်စတိုင်း လူဦးရေက ၃၁,၀၀၀ ကျော်ရှိသွားပြီတဲ့။ အသတ်ခံ ရသူ တွေထဲ လက်နက်ကိုင်တွေ ပါပေမယ့် အများစုက အရပ်သူအရပ်သားတွေ။ ဂါဇာ ကမ်းမြောင်မှာ နေထိုင်တဲ့ အရပ်သူအရပ်သား ၈၅ ရာနှုန်းကျော် (လူနှစ်သန်း နီးပါး) ဟာ သူတို့ နေအိမ်တွေကို စွန့်ခွာခဲ့ရပြီဖြစ်ပါတယ်။
အစ္စရေးတွေမှာလည်း သူတို့ကိုယ်ပိုင် သမိုင်းဒဏ်ရာတွေနဲ့ပါ။ ခေတ်သစ်ဂျူးလူမျိုးနဲ့ အစ္စရေးဇာတိ ရုပ်အခြေ စတည်ခဲ့တာက ဂျူးလူမျိုး ခြောက်သန်းကို နာဇီတွေ သုတ်သင် ခဲ့ပြီး ဥရောပမြေပေါ်ကနေ ဂျူးလူမျိုး အသိုက်အဝန်း အများစုကို မောင်းထုတ်ခဲ့ ကတည်း က ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၄၈ ခုနှစ်မှာ ပါလက်စတိုင်းနဲ့ သူ့အာရပ် မဟာမိတ် တွေက ထွန်းသစ်စ အစ္စရေးနိုင်ငံကို ချေမှုန်းပြီး ဒေသတွင်းနေထိုင်တဲ့ ဂျူးလူမျိုးတွေကို သတ်ပစ်ဖို့၊ မောင်းထုတ်ပစ်ဖို့ တက်ညီလက်ညီအားထုတ်ခဲ့ကြတယ်။ အဲဒီချေမှုန်းရေး စစ်ပွဲမှာ ကြုံခဲ့ရ တဲ့ ရှုံးနိမ့်မှုနဲ့ အဲဒီနောက်ပိုင်း ၁၉၅၆၊ ၁၉၆၇ အာရပ်-အစ္စရေး စစ်ပွဲတွေမှာ ခံစား ခဲ့ရတဲ့ ရှုံးနိမ့်မှုတွေကို တန်ပြန်လက်စားချေတဲ့အနေနဲ့ အာရပ်နိုင်ငံတွေက သူတို့ နိုင်ငံတွင်း အခြေချ နေထိုင်တဲ့ အကာအကွယ်မဲ့ဂျူးလူမျိုးအသိုက်အမြုံရပ်ရွာကို ဖျက်ဆီး ပစ်ခဲ့တယ်။ အီဂျစ်၊ အီရတ်၊ ဆီးရီးယား၊ ယီမင်၊ လစ်ဗျားနိုင်ငံတွေမှာနေထိုင်တဲ့ ဂျူးလူမျိုး ရှစ်သိန်းကို သူတို့မိဘဘိုးဘွားပိုင်အိမ်တွေကနေ နှင်ထုတ် ပစ်ခဲ့တယ်။ လက်ရှိ အစ္စရေး နိုင်ငံသား ဂျူးလူမျိုးထက်ဝက်ဟာ အဲဒီ အရှေ့ အလယ်ပိုင်း ဒေသက ပြောင်းရွှေ့ လာတဲ့ ဂျူးတွေက တစ်ဆင့် ပေါက်ဖွားလာသူတွေဖြစ်ပါတယ်။
“အကောင်းဆုံးအဖြေက တစ်ဖက်လူကိုအပြတ် ရှင်းပစ်ဖို့ ဆိုတဲ့မဖွယ်မရာ စိတ်ကူးကို နှစ်ဖက်စလုံးက စွန့်လွှတ်ရ ပေလိမ့်မယ်။ ဒီပဋိပက္ခကို လက်တွေ့ကျကျ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရနိုင်ပါတယ်။”
အသတ်ခံရမယ့်အဖြစ်၊ မောင်းထုတ်ခံရမယ့်အဖြစ်ကို ဂျူးတွေကြောက်လန့်တာက သမိုင်းဖြစ်ရပ်ကြောင့်ချည်းပဲ လို့ မဆိုသာပေဘူး။ ဒါတွေက သူတို့နေ့စဉ်ဘဝမှာ မကြာ မကြာ ဆိုသလိုကြုံနေရတဲ့ အဖြစ်တွေ။ သူတို့အိမ်မှာနေနေတဲ့အခိုက်အတန့်ဖြစ်စေ၊ ကမ္ဘာ့ တစ်နေရာရာမှာ ခရီးသွားနေတဲ့ အခိုက်အတန့်ဖြစ်စေ၊ ပါလက်စတိုင်း ဒါမှမဟုတ် အစ္စလာမ် အကြမ်းဖက်သမားတွေက အချိန်မရွေး သူတို့ကိုသတ်ဖြတ်နိုင်တယ်၊ အဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားနိုင်တယ်ဆိုတာ အစ္စရေးနိုင်ငံသားတိုင်းသိတယ်။ ပါလက်စတိုင်း တွေရဲ့ရည်မှန်းချက်ကို အစ္စရေးတွေ ဆန်းစစ် ကြည့်တဲ့အခါ အခွင့်သာခဲ့ရင် ဂျော်ဒန်မြစ်နဲ့ မြေထဲပင်လယ်ကြားနေထိုင်တဲ့ ဂျူးလူမျိုး ခုနစ်သန်းကို ပါလက်စတိုင်း တွေက သတ်ရင် လည်း ပစ်မယ်၊ မောင်းထုတ်ရင်လည်းပစ်မယ်လို့ အစ္စရေးတွေက ကောက်ချက်ချ ကြပါသတဲ့။
ပါလက်စတိုင်းခေါင်းဆောင်တွေနဲ့ တီဟီရန်ကနေ နယူးယောက်အထိရှိတဲ့ သူတို့ အပေါင်း အပါတွေက ဒီမြစ်နဲ့ ဒီပင်လယ်ကြားမြေပေါ်က “ဂျူးတည်ရှိမှု”ဆိုတာ ကိုလိုနီစနစ်ရဲ့ တရားမျှတမှု မရှိတဲ့အမွေ ဖြစ်ကြောင်း၊ ဒါကို အနှေးနဲ့အမြန် “ပြန်တည့် မတ်” ပေးရမှာ ဖြစ်ကြောင်း မကြာခဏပြောခဲ့ဆိုခဲ့တာ တွေရှိတယ်။ “မတရားမှုကို ပြန်တည့်မတ်” တယ်ဆိုတာ အစ္စရေးနိုင်ငံသားဂျူးတွေအားလုံးကို သတ်ပစ်ဖို့၊ မောင်းထုတ် ပစ်ဖို့ မဟုတ်ဘဲ ဒီမိုကရက်တစ် ပါလက်စတိုင်းနိုင်ငံထူထောင်ပြီး ဂျူးတွေကို နိုင်ငံသား အဖြစ် ကြိုဆိုလက်ခံဖို့သာဖြစ်ကြောင်း တချို့က ပြောကြလေရဲ့။ သို့ပေမယ့် ဒီအဆိုပြုချက် ကို ဂျူးတွေဘက်ကယုံကြည်ဖို့ရာခဲယဉ်းလှတယ်။ တည်တံ့ ခိုင်မြဲတဲ့ အာရပ် ဒီမိုကရေစီ နိုင်ငံရယ်လို့ မရှိတာကတစ်ကြောင်း၊ အီဂျစ်နဲ့အီရတ်မှာ ရွာနေပြည်ထိုင် နေခဲ့ကြတဲ့ ဂျူးလူမျိုး တစ်မြုံ တစ်မကြီး ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကြောင့်တစ်ကြောင်းပေပေါ့ဗျာ။
အေဒီ ၇ ရာစုအတွင်း အီဂျစ်နဲ့ အီရတ်ကို အာရပ်လူမျိုးတွေ မတိုက်ခိုက် မသိမ်း ပိုက်ခင် အနည်းဆုံးနှစ်ပေါင်း ၁၀၀၀ ကတည်းက ဂျူးတွေက နိုင်းမြစ်နဲ့ ယူးဖရေတီး မြစ်ကမ်းဘေး ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုင်ရိုနဲ့ ဘဂ္ဂဒက် (အီဂျစ်နဲ့အီရတ်) မှာရှိတဲ့ ဂျူးလူမျိုး အသိုက်အမြုံဆိုတာ မကြာခင်ကာလက, ရလိုက်တဲ့ကိုလိုနီစနစ်ရဲ့ အမွေဆိုး မဟုတ်ဘူး။ ဒီလူ့ရိပ်မြုံတွေဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ တစ်စမကျန် သုတ်သင်ခံလိုက်ရတယ်။ ဒီလိုနဲ့ မော်ရော့ကိုမှာနေထိုင်ခဲ့ ဂျူးလူမျိုး ၂၀၀၀ နဲ့ တူနီးရှား မှာနေတဲ့ ဂျူးလူမျိုး ၁၀၀၀ ကလွဲလို့ အာရပ်နိုင်ငံတွေမှာ နေထိုင်တဲ့ ဂျူးလူမျိုးရယ်လို့ မရှိသလောက်ဖြစ်သွားပြီ။ ဂျူးနဲ့ အာရပ်ကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု သမိုင်းက လတ်ဆတ်တုန်း။ ဒီတော့ကာ ပါလက်စတိုင်းရဲ့ အုပ်ချုပ်မှုအောက် ဂျူးလူမျိုး အသိုက် အဝန်း ရှင်သန်နေထိုင်ဖို့ဆိုတာ ဘာကို ထောက်ထားပြီး ယုံကြည်ရမတုံး။
လက်ရှိဖြစ်နေတဲ့စစ်ပွဲက ဂျူးတွေရဲ့ အနက်ရှိုင်းဆုံး အကြောက်တရားကို အတည်ပြု လိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ကနေ အစ္စရေးတွေဆုတ်ခွာပေးလိုက်တာနဲ့ ဟားမားစ်နဲ့စစ်သွေးကြွတွေ ဝင်လာပြီး ဒီဒေသကို အစ္စရေး နိုင်ငံ တိုက်ခိုက်ရေး ခြေကုပ် စခန်း အဖြစ် ပြောင်းလဲပစ် လိုက်ကြတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ ဟားမားစ် အကြမ်းဖက် သမားတွေက အစ္စရေးအရပ်သား ၁၀၀၀ ကျော်ကိုသတ်ဖြတ်ပစ်၊ အဓမ္မ ပြုကျင့်တဲ့အပြင် ဓားစာခံအဖြစ်ပါ ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အရပ်သားတွေ နေထိုင်ရာ ရိပ်မြုံ အကုန်လုံး စနစ်တကျ ဖျက်ဆီးပစ်တယ်။ အစ္စရေး အရပ်သား ထောင် ပေါင်းများစွာ နေအိမ်စွန့်ထွက်ပြေးရတယ်။ ပါလက်စတိုင်းနိုင်ငံတော်မှာနေထိုင်ဖို့ စိတ်ကူး ယဉ်တဲ့ ဂျူးလူမျိုးများရှိခဲ့ရင်ဖြင့် အောက်တိုဘာ ၇ ရက်ဖြစ်စဉ်မှာ ခါးခါးသီးသီး ခံစား လိုက်ရတဲ့ ဂျူးရွာသူရွာသားတွေနဲ့ နိုဗာဂီတ ပွဲတော်လာပရိသတ်ရဲ့ဖြစ်အင်က ဂျူးလူမျိုး အသိုက်အဝန်းအနေနဲ့ ပါလက်စတိုင်းတွေရဲ့အုပ်ချုပ်မှုအောက်မှာ တစ်ရက် တစ်ညတာ ပင်လျှင် ရှင်သန်နေထိုင်ဖို့ရာမဖြစ်နိုင်ကြောင်း သက်သေထူလိုက်ပါတယ်။
ဂျူးလူမျိုး တစ်အုံတစ်မကြီးအသတ်ခံရတဲ့အပေါ် မွတ်စလင် ကမ္ဘာနဲ့ အခြားကမ္ဘာရဲ့ တုံ့ပြန်ပုံတွေက လည်း အစ္စရေးတွေရဲ့ လူမျိုးတုံး အကြောက်တရားကို လောင်စာ ထည့်ပေး ပြန်ပါတယ်။ ဂါဇာကို အစ္စရေးဗုံးမကြဲခင်၊ မဝင်ခင်ကတည်းက ဒီအသံတွေ ထွက်နေပါပြီ။ အခုလိုအစ္စရေးအရပ်သူအရပ်သားတွေကို သတ်ဖြတ်တာ၊ ဓားစာခံ ခေါ်သွားတာ မှန်ကန် ကြောင်း၊ သမိုင်းရဲ့အမှားကွက်တွေကို ပြန်”တည့်မတ်” ပေးဖို့ရာ ရှေ့ခြေတစ်လှမ်း လှမ်းတာ ဖြစ်ကြောင်း ပြောတဲ့အပြင် ဒီဖြစ်ရပ်အပေါ် သူတို့က အောင်ပွဲခံလိုက် ကြပါသေးတယ်။
လန်ဒန်နဲ့ နယူးယောက်မှာ ဆန္ဒပြသူတွေက “မြစ်ကနေ ပင်လယ်တိုင်၊ ပါလက်စတိုင်း တွေ အပိုင်” လို့ ကြွေးကြော်သံတွေ ဆင့်လိုက်တိုင်း “သူတို့က ငါတို့ကို အမှန်တကယ် အစတုံး ချင်တာ”လို့ အစ္စရေးတွေက ကောက်ချက်ချ ကြတယ်။ တကယ်တော့ ဟားမားစ် တစ်ဖွဲ့တည်း အနေနဲ့ အစ္စရေးနိုင်ငံကို အနိုင်ယူဖို့ရာ၊ ချေမှုန်းဖို့ရာ စစ်အင်အားမရှိပါဘူး။ ဒါပေမယ့် ဟားမားစ်ကို ထောက်ခံတဲ့ ဒေသတွင်း အင်အားကြီး အဖွဲ့တွေ (ဟစ်ဇ်ဘိုလာ၊ ဟူသီ၊ အီရန်) ပူးပေါင်းမဟာမိတ်ဖွဲ့ခဲ့ရင်ဖြင့် အစ္စရေး နိုင်ငံရှင်သန် ရပ်တည်ရေးကို ခြိမ်းခြောက် လာနိုင်ကြောင်း ဒီစစ်ပွဲက ပြသလိုက်ပါတယ်။
ဒီလိုဆိုတော့ အစ္စရေးတွေရဲ့အခြေအနေနဲ့ ပါလက်စတိုင်းတွေရဲ့အခြေအနေ – ဒီနှစ်ခုက တူတူပါပဲလို့ ပြောနိုင်မလား။ အဲသလိုပြောလို့လည်းမရပြန်ဘူး။ သူတို့က သမိုင်း ကြောင်းချင်း လည်းမတူဘူး။ သူတို့ ရှင်သန် နေထိုင်ရတဲ့ အခြေအနေချင်းလည်း မတူဘူး။ သူတို့ရင်ဆိုင်နေရတဲ့အန္တရာယ်ချင်းလည်း မတူဘူး။ ကျွန်တော် ထောက်ပြချင်တဲ့ အချက်က တစ်ဖက်လူက သူတို့ကိုမျိုးတုံးသတ်ပစ်မှာ၊ မောင်းထုတ်ပစ်မှာကို နှစ်ဖက် စလုံး ကယုံကြည်နေကြောင်း၊ ယုံကြည်ရလောက်အောင်လည်း သူ့ဘက် ကိုယ့်ဘက် အကြောင်းပြချက် ကောင်းကောင်း ရှိနေကြောင်းပဲဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ တစ်ဖက်လူကို တွေ့နေ ကြုံနေကျ ရန်သူ သာမည အဖြစ် သာမက မိမိလူမျိုးရဲ့ ရပ်တည် ရှင်သန်မှုကို ခြိမ်းခြောက်နေတဲ့ မိမိတို့ ခေါင်းပေါ် အခါမလပ် ဝဲနေတဲ့ အန္တရာယ် ကောင်ကြီး ရယ်လို့ မြင်သွားပါတော့တယ်။ ဒီတော့ ဒီအန္တရာယ်ကြီးကို နှစ်ဖက်စလုံးက ဖယ်ရှား ပစ်ချင်တာ မဆန်းပါဘူး။ ပြဿနာက – သူတို့ ခေါင်းပေါ်ဝဲနေတဲ့ ပါလက်စတိုင်းတွေရဲ့ ခြိမ်းခြောက်မှုကြီးကို ဖယ်ရှားပစ်လိုတဲ့ အစ္စရေးတွေရဲ့ အာသီသက ပါလက်စတိုင်း လူမျိုးတွေရဲ့ ရှင်သန်မှုနဲ့ ရပ်တည်မှုကို ခြိမ်းခြောက်နေသလို အစ္စရေးတွေရဲ့ ခြိမ်းခြောက်မှု ကြီးကို ဖယ်ရှား ပစ်လိုတဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒကလည်း အစ္စရေးတွေရဲ့ရပ်တည်မှုနဲ့ ရှင်သန်မှုကို ပြန်လှန် ခြိမ်းခြောက် နေခြင်းပါပဲ။ ဒီတော့ကာ ဒီအန္တရာယ်ကြီးကို အကုန်အစင် ဖယ်ရှားပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ တစ်ဖက်လူကို အပြတ်ရှင်းပစ်မှ ရမယ့်ပုံစံ ဖြစ်သွား ပါတော့တယ်။
ဒီပဋိပက္ခရဲ့ ကြေကွဲစရာအဖြစ်က အစ္စရေး-ပါလက်စတိုင်းပြဿနာဆိုတာ အခြေ အမြစ် မရှိတဲ့ ဖောက်ဖောက် ပြန်ပြန် ယုံမှားမှုကြောင့် ပေါ်ပေါက်လာတဲ့ ကိစ္စ မဟုတ် ပေဘူး။ ဖြစ်နေတဲ့ အခြင်းအရာကို အသေအချာ သုံးသပ် စိစစ်ပြီးခါမှ၊ နှစ်ဖက်စလုံးက မိမိတို့ရဲ့ရည်မှန်းချက်တွေ၊ မိမိတို့ရဲ့မိုက်ရူးရဲဆန်မှု / စိတ်ကူးယဉ် ဆန်မှုတွေကို ထဲထဲဝင်ဝင် သိပြီးခါမှ ပေါ်ပေါက်လာတဲ့ကိစ္စ။ အစ္စရေးလူမျိုးရော ပါလက်စတိုင်းလူမျိုးရော မိမိတို့ရဲ့ မဖွယ်မရာ စိတ်ကူးတွေ၊ ဆန္ဒတွေကို အသေအချာ စစ်ဆေးခဲ့ရင် တစ်ဖက်လူ တစ်ဖက်သား အနေနဲ့ မိမိတို့ကို ကြောက်ဖို့ရာ မုန်းတီးဖို့ရာ အကြောင်းပြချက် ကောင်းကောင်း ရှိကြောင်း သိလာမှာ ဖြစ်ပါတယ်။ ဝေ့လည် ကြောင်ပတ် ယုတ္တိဗေဒ ပေပေါ့ဗျာ။ နှစ်ဖက်စလုံး ကိုယ့်ဘာသာ ကိုယ် ပြောနေကြတာ။ “သူတို့ကို ငါတို့ ဘာလုပ်ချင်သလဲ (ငါတို့က သူတို့ကို အပြတ် ရှင်းချင်တယ်)။ ဒါသူတို့သိတယ်။ ဒီတော့ သူတို့ကလည်း ငါတို့ကို အပြတ် ရှင်းချင် မှာပဲ။ ဒါအဓိပ္ပာယ် ရှိတယ်လေ။ ဒါ့ကြောင့် ငါတို့အနေနဲ့ ရွေးချယ်စရာကိုမရှိဘူး။ ငါတို့က လက်ဦးမှုယူပြီး သူတို့ကို အရင်ရှင်းပစ်ရမှာ။”
ဒီထောင်ချောက်ထဲကနေ ထွက်ပေါက်မရှိတော့ဘူးလား။ အကောင်းဆုံးအဖြေက တစ်ဖက်လူကိုအပြတ် ရှင်းပစ်ဖို့ ဆိုတဲ့မဖွယ်မရာ စိတ်ကူးကို နှစ်ဖက်စလုံးက စွန့်လွှတ်ရ ပေလိမ့်မယ်။ ဒီပဋိပက္ခကို လက်တွေ့ကျကျ ငြိမ်းချမ်းစွာ ဖြေရှင်းလို့ရနိုင်ပါတယ်။ ဂျော်ဒန်နဲ့ မြေထဲပင်လယ်ကြားမှာ လူတိုင်းအတွက်အိမ်တွေ၊ ကျောင်းတွေ၊ လမ်းတွေ၊ ဆေးရုံတွေ ဆောက်ဖို့ မြေနေရာအလုံအလောက်ရှိပါတယ်။ သို့ပေမယ့် ဒီလိုဖြစ်ဖို့အရေးက နှစ်ဖက် ပုဂ္ဂိုလ်များ အနေနဲ့ မိမိတို့ လက်ထဲ အကန့်အသတ်မဲ့ အာဏာပါဝါရှိသည်ဖြစ်စေ၊ မိမိတို့ကို တားမယ့် ဆီးမယ့် အထိန်းအကွပ် ဘာဆိုဘာမှ မရှိသည်ဖြစ်စေ တစ်ဖက်သားကို မောင်းထုတ် ပစ်ဖို့ ဆန္ဒ လုံးဝမရှိကြောင်း ရိုးသားစွာ ပြောကြားရမှာဖြစ်ပါတယ်။ “တစ်ဖက်သားက မိမိတို့ကို ဘယ်သို့သောမတရားမှုတွေလုပ်သည်ဖြစ်စေ၊ မိမိတို့ကို ဘယ်သို့သော ခြိမ်းခြောက်မှုတွေ လုပ်သည်ဖြစ်စေ သူ့မွေးရပ်မြေပေါ် ဂုဏ်သိက္ခာ ရှိရှိ နေထိုင်ခွင့်ကို မိမိတို့က, လေးစားမှာ ဖြစ်ကြောင်း”ပြောကြားရမှာပါ။ မိမိတို့ရဲ့ ရည်မှန်း ချက်တွေ ကိုအခုလို နက်နက်ရှိုင်းရှိုင်း ပြောင်းလဲခဲ့ရင်ဖြင့် ဒီသန္နိဋ္ဌာန်တွေက မိမိရဲ့ လုပ်ရပ် တွေပေါ်မှာ မလွဲမသွေထင်ဟပ်လာမှာဖြစ်ပါတယ်။ ဒီလိုနဲ့ အကြောက်နဲ့ အမုန်း တရားတွေ တဖြည်းဖြည်းချင်းလျော့ပါးလာပြီး တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အခွင့် အခါ သင့်လာပါလိမ့်မယ်။
ဟုတ်ကဲ့ … ဒီ အပြောင်းအလဲ မျိုးကို ဖြစ်မြောက်အောင် လုပ်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူး ရယ်တော့ မဟုတ်ဘူး။ နှစ်ဘက်စလုံးမှာ တစ်ဖက် လူကို ကောင်းစေချင်တဲ့၊ ဒုက္ခမ ပေးချင်တဲ့သူ အတော်များများရှိနေပါပြီ။ ဒီလို လူတွေသာ များလာခဲ့ရင် အုပ်စုတစ်စုလုံးရဲ့ပေါ်လစီက တဖြည်းဖြည်းချင်း ပြောင်းလဲ လာပါလိမ့်မယ်။ ဂါဇာဒေသမှာ အရေးပါတဲ့အုပ်စုတစ်စုရှိတယ်။ သူတို့တစ်တွေက ဟိုဘက်နဲ့ရော ဒီဘက်နဲ့ ရော နှစ်ဖက်စလုံးနဲ့ဆက်စပ်ပတ်သက်တယ်လို့ခံယူထားသူတွေ။ ဘယ်ဘက်သားကိုမှ သေဆုံးကျေပြုန်းမသွားစေချင်သူတွေ။ သူတို့ကတော့ လူဦးရေ နှစ်သန်း နီးနီးရှိတဲ့ အစ္စရေးနိုင်ငံသား အာရပ်လူမျိုးတွေပါပဲ။ သူတို့ကို အာရပ် အစ္စရေးတွေ လို့လည်းခေါ်ရဲ့။ ပါလက်စတိုင်းအစ္စရေးတွေလို့လည်းခေါ်ရဲ့။ (အာဖရိကန်နွယ်ဖွား အမေရိကန် နိုင်ငံသား တွေကို အာဖရိကန်-အမေရိကန် ခေါ်သလိုမျိုးပ။ ဤကားစကားချပ်)
စစ်ပွဲ စလိုက်တာနဲ့ ဒီပါလက်စတိုင်းလူမျိုးအစ္စရေးတွေက သူတို့ရဲ့ အိမ်နီးချင်း ဂျူးတွေ ကို တိုက်ခိုက် သတ်ဖြတ် ပစ်လိမ့်မယ်လို့ ဟားမားစ်စစ်သွေးကြွတွေက မျှော်လင့်ခဲ့ ကြသတဲ့။ ဂျူးအတော်များများကလည်း အဲသလို ဖြစ်တော့မှာ ပဲလို့လည်း ကြောက်ရွံ့ စိုးရိမ် ခဲ့ကြသတဲ့။ တကယ်တော့ လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ အဲဒီနေ့က အာရပ် လူမျိုး အတော်များများက သူတို့ရဲ့အိမ်နီးချင်း ဂျူးတွေကိုကူညီဖို့ရာ အပြေးအလွှား ရောက်လာ ခဲ့ကြသတဲ့။ အဲသလို ကူညီလို့ တချို့ဆို ဟားမားစ်တွေ သတ်ဖြတ်တာ ခံလိုက် ရသတဲ့။ ကူဆိဖ်ရွာက အဘက်အယ်လ် ရာမန်အယ်လ်နာဆာရာ ဆိုရင် နိုဗာ ဂီတပွဲတော်က အသက်မသေကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ရာ ကြိုးစားရင်း အသတ်ခံသွားရတာ။ အစ်ဆော်လ် ရွာက အဝပ်ဒ် ဒါရောရှေ ကျတော့ ထိခိုက် ဒဏ်ရာရသူ တွေကို ပြုစု စောင့်ရှောက်ရင်း အသတ်ခံသွားရတာ။
အဲဒီနေ့ကစပြီး (အစိုးရဝန်ကြီးတွေ အပါအဝင်) ဂျူးအတော်များများ ရန်လိုနေတဲ့ ကြားထဲကပဲအာရပ် အစ္စရေး တွေဟာ အစ္စရေးအစိုးရဆေးရုံတွေမှာရော၊ အစိုးရရုံး တွေမှာ ရော ဝိုင်းကြဝန်းကြကူညီကြတာကိုတွေ့ရတယ်။ အထင်ရှား ဆုံး အာရပ်လူမျိုး-အစ္စရေး ခေါင်းဆောင် အေမင်အိုဒေးနဲ့ မန်ဆူအက်ဘော့စ် နှစ်ဦးစလုံးက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးကိုပြတ်ပြတ်သားသားရှုတ်ချပြီး လက်နက်စွန့်ဖို့နဲ့ ငြိမ်းချမ်းကို ဖော်ဆောင် ဖို့ရာ နှစ်ဦး နှစ်ဖက်လုံးကို တိုက်တွန်းခဲ့ပါတယ်။ အခုလောက်ဆို ဂျူးတွေ သိသင့်ပါပြီ။ အာရပ်အစ္စရေးတွေအနေနဲ့ ဂျော်ဒန်မြစ်နဲ့ မြေထဲပင်လယ်ကြားဒေသမှာ နေထိုင်တဲ့ ဂျူးတွေ အားလုံးကို နောက်ဆုံးတစ်နေ့မှာသတ်ပစ်ဖို့ရာ၊ မောင်းထုတ်ပစ်ဖို့ရာ စိတ်ကူးယဉ် မနေဘူး ဆိုတဲ့ အချက်ကိုပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့တစ်တွေရဲ့ ရည်မှန်းချက်တွေ၊ ဦးတည်ချက်တွေ ကိုပြောင်းပစ်ဖို့ဆိုတာ အတော်ကြီး မလွယ်မှန်း သိပါတယ်။ ဒီကြားထဲကပဲ စိတ်သက်သာစရာ ကောင်းတဲ့ သတင်း တစ်ခုက ဘက်နှစ်ဖက်လုံးက လူတွေအနေနဲ့ အုပ်စု လိုက်ဖြစ်စေ၊ တစ်ဦးချင်း ဖြစ်စေ ဒီပြောင်းလဲမှု ကြီးကို မိမိတို့ဘာသာ အောင်အောင် မြင်မြင် လုပ်ဆောင်နိုင်တယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တခြားသူတွေရဲ့ ရည်မှန်းချက်နဲ့ ဦးတည်ချက်ကို ပြောင်းလဲအောင် မလုပ်နိုင် ပေမယ့် မိမိတို့ရဲ့စိတ်ကိုတော့ ပြောင်းလဲအောင် လုပ်နိုင်ပါတယ်။
အချင်းစာရှုသူ – သင်က အစ္စရေးလည်းမဟုတ်သလို ပါလက်စတိုင်းလည်း မဟုတ် ပေဘူး။ သင့်ဘာသာ သင်သုံးသပ် ကြည့်ပါလေ။ သင့်အနေနဲ့ (ပါလက်စတိုင်း၊ အစ္စရေး) နှစ်ဖက် စလုံး ကောင်းကောင်းမွန်မွန် ဖြစ်နေ တာကိုမြင်ချင်သလား။ ဒါမှမဟုတ် တစ်ဖက်ဖက်ကို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကနေ လုံးဝ ပျောက်ကွယ် သွားတာကို မြင်ချင်သလား။ ဖြေကြည့် ပါဘိ။
၂၈ ဧပြီ ၂၀၂၅
စာညွှန်း။
Yuval Noah Harri. 2024. Is there a way out of the Israeli-Palestinian trap? The Financial Times 15 March 2024
မှတ်စု။ ။ နက်ခ်ဘာ (Nakba) – အာရပ်ဝေါဟာရ။ ကပ်ဆိုက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ၁၉၄၈ ခု အာရပ်-အစ္စရေးစစ်ပွဲအတွင်း သိန်းပေါင်းများစွာသော ပါလက်စတိုင်း လူမျိုးများ အဓမ္မနေရာ ရွှေ့ပြောင်း ခံရခြင်းနှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု ဆုံးရှုံးခံရခြင်း တို့ကို ရည်ညွှန်းသည့် စကားလုံး ဖြစ်သည်။

