The Corner

The Corner

cropped-Logo_round_grey-background.png

အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ဖို့ – Louie

Share မယ်

နှစ်သစ် တစ်နှစ်ကို ရောက်တော့မယ်ဆိုရင် လာမည့် နှစ်သစ်ထဲမှာ ကိုယ့်အတွက် ဘယ်လို ကောင်းတာ တွေ လုပ်မယ်လို့ သန္နိဋ္ဌာန် ချထားတာ ရှိခဲ့လား။ ရှိတယ်ဆိုရင် ရော အခု ဆက်လုပ် ဖြစ်နေသေးလား။ စစ်တမ်း တစ်ခု အဆိုအရ နှစ်သစ် သန္နိဋ္ဌာန် ချထားခဲ့တဲ့ လူတွေထဲက တစ်ဝက် လောက် ဟာ မတ်လ ကုန်လောက်ဆိုရင် ဒီနှစ်ထဲမှာ လုပ်မယ်လို့ ပြောထား တာတွေ ဆက်မလုပ် ဖြစ်ကြတော့ပါဘူးတဲ့။ သိပ္ပံနည်းကျကျ နက်နက် ရှိုင်းရှိုင်း လေ့လာကြည့်တဲ့အခါ လူတစ်ယောက် ဟာ အလေ့အကျင့် တစ်ခုကို စလုပ်ဖြစ်တယ် ဆိုရင်တောင်မှ အလေ့အကျင့်တစ်ခုလို ပုံမှန် စွဲစွဲမြဲမြဲ လုပ်ဖြစ်ဖို့ လပေါင်း များစွာ ကြာတယ်လို့ ဆိုပါတယ်။  

(Picture: Pixabay)

တစ်ခုခုကို စိတ်ပါလက်ပါ လုပ်ပြီးသွားရင် လူကို စိတ်ကျေနပ် ဖြစ်စေတဲ့ ဓာတုဓာတ် တစ်မျိုး ထွက်လာပါ တယ်တဲ့။ ဒီ ဓာတ်ကို ဒိုဖမင်း (dopamine) လို့ခေါ်ပြီး အလေ့အကျင့် ဖြစ်လာစေတဲ့ အပြုအမူမျိုး အတွက် လှုံ့ဆော် ပေးတယ်လို့ သိပ္ပံ တွေ့ရှိချက်ကို ကိုးကားပြီး ပြောပါတယ်။ ဆက်ပြော ရရင် ဒါနဲ့ ပတ်သက်လို့ ဦးနှောက်ရဲ့ အပိုင်းနှစ်ပိုင်း အလုပ်လုပ်ကြပါတယ်။ ပထမတစ်ခုက ဦးနှောက်ရဲ့ အတွင်း ဘက်ပိုင်းမှာ ရှိနေတဲ့ ဘေဆယ် ဂန်လီယာ (basal ganglia) လို့ ခေါ်တဲ့ အစိတ် အပိုင်း တစ်ခုပါ။ ဒီ ဦးနှောက် အစိတ်အပိုင်းက သေချာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ အလုပ်တွေကို လှုံ့ဆော် ပေးပါတယ်။ ဥပမာ မနက်ဖက် မှာ မြည်တဲ့ နှိုးစက်သံက အိပ်ရာထဖို့ ဆိုတဲ့ အကျင့် ကို နှိုးဆော်ပေး ပါတယ်။ တစ်ဆက်တည်း မှာပဲ ရေချိုးမယ်၊ ကော်ဖီ ဖျော်မယ်၊ အင်္ကျီလဲမယ်၊ ရုံးသွားမယ် ဆိုတဲ့ ထပ်ဆင့် လုပ်နေကျ အလုပ်တွေ ဆက်တိုက် လုပ်ဖို့ လှုံ့ဆော်သွားပြီး ဒီ့အတွက် ကျေနပ်မှုကို ဒိုဖမင်းက ဆက်ပေးပါတယ်။ နောက်တစ်ခုက ဦးနှောက်ရဲ့ အပြင်လွှာ ကော့တပ်စ် (cortex) ပေါ်မှာ ရှိပြီး ရည်မှန်း ချက်တွေနဲ့ သက်ဆိုင်ပါတယ်။ ပန်းတိုင်ဆီ အောင်အောင် မြင်မြင် ရောက်ဖို့အတွက် လုပ်စရာရှိတွေကို လိုအပ်သလို လုပ်ဖို့ နဲ့ ဒိုဖမင် ဆုလာဘ်ကို ရဖို့ အဆုံး အောင်မြင် စေဖို့ လှုံ့ဆော် မှုတွေ ပေးပါတယ်။ လိုအပ်မယ်ဆိုရင် အလေ့အထ လုပ်နေကျ လုပ်တာတွေကို ပန်းတိုင် ရောက်ဖို့ လိုအပ်သလို ပြောင်းလဲ လုပ်ဖို့ကို လုပ်ဆောင်တာမျိုးပါ။ ဥပမာပြောရရင် ရုံးသွားမယ်ဆိုပြီး မောင်းနေကျ လမ်းအတိုင်း ကားကို မောင်းနေရာကနေ သွားမယ့်လမ်းမှာ ယာဥ်ကြောပိတ်ဆို့တာမျိုး ရေဒီယိုကနေ ကြားလိုက်ရတယ်ဆိုရင် သွားနေကျ လမ်းက မဟုတ်ဘဲ နောက်လမ်းကြောင်း တစ်ခုဆီ အသိစိတ်နဲ့ ပြောင်းပြီး ရုံးကို ရောက်အောင် သွားတာမျိုးကို ပြောတာပါ။

တစ်ခါတလေမှာ လုပ်နေကျ သမားရိုးကျ အလုပ်ပုံစံမျိုးကနေ လိုအပ်လို့ ခွဲထွက် လုပ်ဆောင် ခြင်းလည်း လိုအပ်ပါတယ်။ သို့သော်လည်း တစ်ခါတလေ မဟုတ်တော့ဘဲ အမြဲတမ်း အကျင့် တစ်ခု လိုဖြစ်အောင် ပြောင်းလဲဖို့ အတွက် လမ်းဟောင်းကို စွန့် လမ်းသစ်ဖောက်ရ တော့မယ် ဆိုရင် အရင် အကျင့်ဖြစ်နေတတ်တဲ့ အလုပ်တွေကို မလုပ်တော့ဘဲ တဖြည်းဖြည်းနဲ့ လျှော့ကာ အောင်မြင်မှု ဆီကို ဦးတည်တဲ့ အလေ့အကျင့် သစ်တွေကို ဖြစ်လာအောင် အားထုတ်ကြရမှာဖြစ်တယ်။

ဒပ်ဗလင်မြို့ (Dublin) ထရီနတီ ကောလိပ် (Trinity College) က အိုက်ခ် ဘွာဘန်း (Eike Buabang) နဲ့ လုပ်ဖော်ကိုင်ဖက်တစ်စုက ဇန်နဝါရီလတုန်းက ပြုစုခဲ့တဲ့ စာတမ်းတစ်ခုမှာ အလေ့ အကျင့်သစ်တွေကို ဘယ်လို ပျိုးထောင် သင့်လဲ ဆိုတာကို ဆန်းစစ် ပြခဲ့ကြပါတယ်။ တကယ့် လက်တွေ့ မှာတော့ ပြောင်းလဲနိုင်ဖို့ဆိုတာ ကိုယ်နေ့စဥ် လုပ်နေကျ အားစိုက်ထုတ်စရာမလိုတဲ့ ကိစ္စတွေ ဆီမှာပဲ ဆန်းစစ်ကြရမှာပါ။ လုပ်ယူရတဲ့ ထပ်တလဲလဲ အလုပ်တွေကို (ဥပမာ နှစ်သစ် သန္နိဋ္ဌာန် ချထား သူမျိုး ပေါ့) ဦးနှောက်ကို လေ့ကျင့် ပေးပြီး တစ်ခါတလေ လိုအပ်ချက်အရ လုပ်လိုက် ရတာမျိုးကို အလို အလျောက် အကျင့် တစ်ခု ဖြစ်သွားအောင် လုပ်ရပါတယ်။ အထက်မှာပေးခဲ့တဲ့ ရုံးသွားတဲ့ ဥပမာကို ပြန်ကြည့်မယ်ဆိုရင် သွားနေကျလမ်းက ကားကျပ်နေလို့ လမ်းကြောင်းပြောင်းဖို့ အတွက် အားထည့် လိုက်ရတာမျိုးပေါ။ ဘယ်သူကမှတော့ သွားနေကျလမ်းမဟုတ်ဘဲ မရင်းနှီးတဲ့ လမ်းကိုသွားချင်မှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ မသွားရင်လည်း ရုံးနောက်ကျလို့ အထက်လူကြီးကို မပြောချင်တဲ့ စကား မပြောရတော့ဘူးဆိုတဲ့ ပိုက်ဆံမဟုတ်တဲ့ ဆွဲဆောင်မှု တစ်ခုတော့ ရှိနေသေးလို့လေ။ ဒါကို အောင်မြင်မှု ဆီကို ဦးတည်တဲ့ အလေ့အကျင့်သစ် လို့ ခေါ်တာပေ့ါ။ လွယ်လွယ် ကူကူနဲ့ လက်လျှော့ တတ်တဲ့ အလုပ်တွေဆိုရင်တော့ အလုပ်ပြီးရင် ကိုယ့်ဘာသာကိုယ် ချီးမြှင့်တာမျိုး လုပ်ပါ။ ဥပမာ တစ်ပတ်တစ်ခါ တစ်ကီလို ဝိတ်ကျဖို့ စလုပ်ပြီဖြစ်တာမျိုးဖြစ်ဖြစ်၊ ဘာသာစကားတစ်ခုခု သင်နေလို စကားလုံးအသစ် တစ်လုံးပဲ ဖြစ်ဖြစ်တတ်မြောက် လာရင်ပဲ ဖြစ်ဖြစ် သဘောတရားက အတူတူပါပဲ။

(Picture: Freepik)

မကောင်းတဲ့ အကျင့်စရိုက်တွေကို ဆက်လုပ်ဖို့ ဆိုရင်ရော ကိုယ်အကျွမ်းတဝင်ဖြစ်နေတဲ့ လုပ်ရပ်တွေကို တစ်ခုချင်း ဖြတ်ပစ်ဖို့ လိုတာပေါ့။ လူသားတွေထံမှာ မကောင်းတဲ့ အကျင့်စရိုက်တွေ ဘယ်က ရလာလဲ ဆိုတာကတော့ အခုအချိန်ထိ နားလည်ရ ခက်နေကြတုန်းပါပဲ။ အသုံးဝင်တဲ့ ကောင်းတဲ့ အကျင့်စရိုက်တွေကပဲ လိုအပ်လို့ ဖော်ဆောင် လာကြတာပါ။ ဥပမာနဲ့ ပြောမယ်ဆိုရင် မနက်ခင်း လုပ်တတ်လေ့ရှိတဲ့ ဝေယျာဝစ္စတွေ မနက် ၁၀နာရီ အစည်းအဝေးမှာ ပြောစရာ တွေကို ပြင်ဆင်ရမှာမို့လို့ တခြားလုပ်စရာရှိတာတွေကို နောက်ကို ရွှေ့ထားလိုက်တာ မျိုးတွေပါ့။ ဒါပေမဲ့ အကောင်းဘက် ချည်းပဲ လားဆိုတော့လည်း မဟုတ်ပါဘူး။ နီကိုတင်းကို ရှူသွင်းရတဲ့ ဆေးလိပ် သောက်တဲ့ အကျင့်မျိုး ဟာ အလွန်ပဲ အင်အားကြီးလွန်းလို့ အဲဒါမျိုးကို စကားလုံးအသစ် “စွဲ” တယ် ဆိုပြီး သေသေချာချာ သတ်မှတ်ထား ပါတယ်။ ဒီအကျင့်ကလည်း စိတ်ကျေနပ်စေတဲ့ ဒိုဖမင်း ဓာတ် ထုတ်ပေး တာကြောင့်လေ။ ဒါကိုလည်း လူတွေက အလို အလျောက် ရွေးချယ်သွားကြတာ လုပ်မယ်၊ မလုပ်ဘူး ဆိုတာကိုလည်း ကြိုမသိနိုင်ဘူးလေ။ စွဲ စေတတ် တဲ့အကျင့်တစ်ခုမဟုတ်တဲ့ မကောင်းတဲ့ အီလေးဆွဲ၊ အချိန်ဆွဲတတ်တဲ့ အကျင့်တစ်ခုကျတော့လည်း နားလည်ရ ခက်သားလား။

နောက်ဆုံးမှာတော့ အကျင့်စရိုက်တွေ ဘယ်လို ဖြစ်လာသလဲဆိုတာကို သိပ္ပံနည်းကျရှင်းပြတဲ့ ရှေးတုန်းက ပြောနေကျ စကားအတိုင်း လုပ်ချင်ကိုင်ချင်စိတ် ရှိဖို့က အဓိကပါပဲလို့ ပြောရမလား။ ဟာသ တစ်ခုလိုပါပဲ “မီးလုံး တစ်လုံးကို လဲဖို့ စိတ်ပညာရှင် ဘယ်နှယောက်နဲ့ တိုင်ပင်ဖို့ လိုပါလဲ။ အဖြေက တစ်ယောက်ပါပဲ၊ ဒါပေမဲ့ မီးသီးကို တကယ်လဲချင် မလဲချင် ဆိုတာပဲ အရေးကြီးပါတယ်” တဲ့။       

မူရင်း – How to form good habits, and break bad ones: trick your brain, The Economists April 2025 

Click to rate this post!
[Total: 0 Average: 0]