The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ်၊ အမေရိကန် နဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ – CWM

Share မယ်

စင်္ကာပူမှာ ရှန်ဂရီလာဒိုင်ယာလော့ ဆွေးနွေးပွဲပြီးသွားတော့ တရုတ် နဲ့ အမေရိကန် ကိုယ်စားလှယ် တွေကြား အပြန် အလှန် အသံလေးတွေ ထွက်လာတယ်။ ဒီပွဲကို အမေရိကန်ကာကွယ်ရေးဝန်ကြီးသစ် ပိ ဟက်ဆက် တက်ရောက်တယ်။ ပိ ဟက်ဆက် ဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ် ခန့်ထားတဲ့ အသက်(၄၅) နှစ်သာ ရှိသေးတဲ့ အမေရိကန် အမျိုးသား အစောင့်တပ် အရာရှိဟောင်း၊ ငယ်ရွယ်ပြီး ပြတ်သားတဲ့ စကားတွေပြောတတ်ပေမယ့် ပထဝီ နိုင်ငံရေးကိုတော့ သိပ်ကျေညက်ပုံ မရဘူး။ ကာကွယ်ရေးဝန်ကြီးရာထူးအတွက် ဆီးနိတ်ကြားနာစစ်ဆေးပွဲတုန်းက အထက် လွှတ်တော် အမတ် အမျိုးသမီး ဒတ်ဝပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ အမည်ကို ပြောပါဆိုတော့ မပြော နိုင်ဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ အောကပ်စ်အဖွဲ့အကြောင်းတွေကို စကားလမ်းကြောင်းလွှဲ ဖြေခဲ့ ရသူပါ။

ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Source: Flickr)

ခုတော့ သူက အာဆီယံကို ရောက်လာခဲ့ပါပြီ။ စင်္ကာပူက နှစ်စဉ်နှစ်တိုင်းဆိုသလို ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ ကျင်းပလေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသက ကာကွယ်ရေးဝန်ကြီးအဆင့်ရှိသူတွေ၊ ကာကွယ်ရေးဦးစီးချုပ်တွေ တက်ရောက်လေ့ရှိတယ်။ ကမကထပြုလုပ်တာက (IISS) နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးအင်စတီကျုပါ။ ဒီနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ ကို အင်ဒို-ပစိဖိတ် ၄၇ နိုင်ငံက ကာကွယ်ရေးဝန်ကြီးများနဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်တန်း အဆင့်ပုဂ္ဂိုလ်တွေ တက်ရောက် ခဲ့ကြတယ်။

ဒီနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် တက်ရောက်ခဲ့ ပေမယ့် တရုတ်ကတော့ တရုတ်လွတ်မြောက်ရေးတပ်မတော် အမျိုးသား ကာကွယ်ရေး တက္ကသိုလ် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ရေတပ်ဗိုလ်ချုပ်အဆင့်ရှိ ဟူ ဂန်ဖန်း ကိုသာ စေလွှတ်ခဲ့ တယ်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်စဉ် တရုတ် ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့ပေမယ့် ဒီနှစ်မှာ တရုတ် ဘက်က အဆင့်လျှော့ချလိုက်တဲ့သဘောလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ တရုတ်ဘက် ကတော့ ဒီလိုရည်ရွယ်တာမဟုတ်ပါဘူးလို့ ငြင်းတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်က ဒီပွဲမှာ အမေရိကန်အနေနဲ့ အင်ဒိုပစိဖိတ် နိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့ ကတိပြုခဲ့ပြီး ဒီဒေသမှာ တရုတ်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုနဲ့ ခြိမ်းခြောက်မှု တွေ ရှိနေကြောင်း နဲ့ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေကို စီးပွားရေး၊ စစ်ရေးအရ ဩဇာထူ ထောင်ဖို့ ကြိုးပမ်းနေသလို ထိုင်ဝမ်ကိုလည်း သိမ်းပိုက်ဖို့ပြင်ဆင်နေကြောင်း၊ တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက် ရင် အမေရိကန်က လက်ပိုက် ကြည့်နေမှာ မဟုတ်ကြောင်း၊ တရုတ်ဟာ တောင်တရုတ် ပင်လယ်ပြင် မှာလည်း ဗိုလ်ကျလွှမ်းမိုးနေကြောင်း၊ တရုတ် ရေတပ် သင်္ဘောတွေက ဖိလစ်ပိုင် ရေတပ် သင်္ဘောကို ရန်စနေတာတွေကို တွေ့နေရကြောင်း မိန့်ခွန်းထဲမှာ ပြောသွား ခဲ့တယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက်ဟာ ဒီအစည်းအဝေးမှာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ် ဒေသ အပေါ် သဘောထား၊ အမေ ရိကန်ရဲ့ ကာကွယ်ရေးမူဝါဒ နဲ့ ထရမ့်ရဲ့ အမေရိကန် နံပါတ်တစ် မူဝါဒတွေကို အမွှမ်းတင် ပြောကြား သွားခဲ့တယ်။ အမေရိကန်ဟာ အင်အား နဲ့ ငြိမ်းချမ်းရေး တည်ဆောက် သွားမှာ ဖြစ်ပြီး ပဋိပက္ခ ရှောင်ရှား ရေးကို ဦးစားပေးမယ်လို့ဆိုတယ်။ အာဏာရှင်အစိုးရအပြောင်းအလဲ နဲ့ နိုင်ငံတည်ဆောက် ရေး အကြောင်းပြစစ်ပွဲတွေကို စိတ်ကုန် သွားပြီ၊ သူကိုယ်တိုင် အီရတ် နဲ့ အာဖဂန် နစ္စတန် စစ်မြေပြင် ရှေ့တန်းမှာ ပါဝင်ခဲ့ဖူးပြီး သင်ခန်းစာတွေ ရရှိခဲ့ တယ်လို့ ဆိုတယ်။

စင်္ကာပူနိုင်ငံသေးသေးလေးကိုလည်း ချီးကျူးသွားပြီး စင်္ကာပူခေါင်းဆောင် လီကွမ်ယူ နဲ့ သမ္မတ ဒေါ်နယ်ထရမ့် တို့ဟာ မျိုးချစ်စိတ်နဲ့ နိုင်ငံထူထောင်ရာမှာ တူညီကြောင်းလည်း ထည့်ပြော သွားတယ်။ (တကယ်တော့ လီကွမ်ယူနဲ့ ထရမ့် အားလုံးမတူပါဘူး)။ စနေနေ့မှာ ပိ ဟက်ဆက် မိန့်ခွန်းပြောပြီး နောက် တစ်ရက်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပိဟက်ဆက် ပြောတာတွေကို ကန့်ကွက် ကြောင်း ထုတ်ပြန်ကြေညာတယ်။

ထိုင်ဝမ် နဲ့ ပတ်သက်ပြီး ပိ ဟက်ဆက်ရဲ့ ပြောဆိုချက်တွေဟာ တရုတ်ကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားတာ ဖြစ်ကြောင်း၊ ဒီနေ့ကမ္ဘာမှာ အမေရိကန်လို နိုင်ငံတစ်ခုရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှုမျိုး ဘယ်နိုင်မှ လက်မခံတော့ကြောင်း၊ ထိုင်ဝမ်အမည်ကို အသုံးပြုပြီး အမေရိကန်ဟာ ဒေသတွင်းမှာ ပြဿနာ ဖြစ်အောင် ဖန်တီးနေကြောင်း၊ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်ဝမ်လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် ထောက်ခံ အားပေးမှု ရပ်ဆိုင်း ရမှာ ဖြစ်ကြောင်းနဲ့ တရုတ် တစ်နိုင်ငံတည်း မူဝါဒအပေါ် ခိုင်ခိုင်မာမာရှိဖို့လိုကြောင်း ကြေညာချက်မှာ ဖော်ပြထားတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ လှုံ့ဆော်ရန်စမှုတွေဖြစ်ပြီး ဒီဒေသရဲ့ ငြိမ်းချမ်း တည်ငြိမ်မှုကို တမင်ဖျက်ဆီးနေတာဖြစ်တယ်လို့လည်း ဆိုတယ်။

အလားတူ အစည်းအဝေးတက်ရောက်နေတဲ့ တရုတ်ကိုယ်စားလှယ် ရေတပ်ဗိုလ်ချုပ် ဟူ ဂန်ဖန်းကလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ ” အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာ” ဖြစ်တယ်လို့ တွေ့ဆုံ မေးမြန်းခန်းမှာ ဖြေကြားခဲ့တယ်။

ဒီအစည်းအဝေးမှာ ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုကလည်း တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ကျူးကျော်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်။ သူက တရုတ် စစ်ဘက် ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးရာမှာ ဝါဒဖြန့်ချိရေးစကားတွေသာ ပြောတတ်တဲ့ အတွက် စိတ်ပျက်စရာ ကောင်းတယ် လို့ ဆိုတယ်။

တရုတ် ကိုယ်စားလှယ်အဖွဲ့လဲ တက်ရောက်ကြတယ် (Source: SCMP)

စင်္ကာပူမှာ ရှိတဲ့ တရုတ်သံရုံး ဖေ့စ်ဘွတ်ကလည်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက် တွေဟာ အခြေအမြစ်မရှိဘူးလို့ ရေးသားခဲ့သလို တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ သမိုင်းနဲ့ချီပြီး တရုတ်က ပိုင်ဆိုင်ခဲ့ပုံကို အကျယ်တဝင့်ရေးသားထားတယ်။ တရုတ်လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဒီဒေသမှာ အခြေချမှုတွေရှိခဲ့ပြီး ဥပဒေအရရော သမိုင်းကြောင်းအရပါ အချုပ်အခြာနယ်မြေနဲ့ ရေပြင်ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ဆိုတယ်။ တစ်ဆက်တည်းမှာပဲ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒီဒေသမှာ တရုတ်ဟာ အတတ်နိုင်ဆုံး ပဋိပက္ခရှောင်ရှားပြီးနေတယ်လို့ ဆိုတယ်။

ဒီအချိန်မှာ ပြင်ပအင်အားကြီးနိုင်ငံတချို့က တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ သွားလာခွင့် စောင့်ရှောက်ဖို့ အကြောင်းပြချက်နဲ့ ဝင်ရောက်စွက်ဖက်လာကြောင်း၊ ဒါဟာ ငြိမ်းချမ်းတဲ့ တောင်တရုတ်ပင်လယ်ကို ခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ ပြင်ပအင်အားကြီးနိုင်ငံတချို့ဟာ ဒေသတွင်း မဟာမိတ်တွေကို လက်နက်တပ်ဆင်ပေးတာ၊ ပူးတွဲစစ်ရေးလေ့ကျင့်တာ၊ တရုတ်ပိုင်ကျွန်းများနဲ့ သန္တာကျောက်တန်းတွေကို အနီးကပ်ထောက်လှမ်းတာ၊ စစ်ဖြစ်လာအောင် ဖန်တီး အမြတ်ထုတ် နေတယ်လို့ တရုတ်သံရုံးဖေ့ဘွတ်မှာ ရေးသူအမည်မပါဘဲ ဖော်ပြထားတယ်။

ဒီလအစောပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဖိလစ်ပိုင်ကို တောင်တရုတ် ပင်လယ် အတွင်း ရန်စလှုံ့ဆော်မှုတွေ မပြုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ များကလည်း အမေရိကန်ဟာ ဒီနေရာမှာ ပြဿနာမဖြစ် ဖြစ်အောင် ဖန်တီးနေတယ်လို့ မကြာခဏ စွပ်စွဲ ပြောဆို နေခဲ့တယ်။

ရှန်ဂရီလာ အစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတစ်ဦးက အခုဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲဟာ နျူကလီးယားအင်အားကြီးနှစ်နိုင်ငံရဲ့ ကြားခံစစ်ပွဲဖြစ်ပြီး ပြီးဆုံးဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောခဲ့ကြောင်း၊ အမေရိကန် ဟာ ဖိလစ်ပိုင်ကို လက်နက်တွေ တင်ပို့နေပြီး စစ်စခန်းတွေလည်း တည်ဆောက် နေကြောင်း၊ ဥရောပမှာ ဖြစ်နေတဲ့ ကြားခံစစ်ပွဲ ပြီးဆုံးဖို့ လိုအပ်တယ်ဆိုရင် အာရှမှာရော ကြားခံ စစ်ပွဲဖြစ်ဖို့ လိုအပ်သလားလို့ မေးခဲ့တယ်။

ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဝါဒဖြန့်ချိရေးပုံစံနဲ့ မေးလာတဲ့ မေးခွန်းကို ဖြေကြားမှာဖြစ်ကြောင်း၊ တောင်တရုတ် ပင်လယ်မှာ ၁၉၉၅ ခုနှစ်တုန်းက တံငါသည်တွေ ခိုနားတဲ့ ကျွန်းခုံလေးဟာ အခုဆိုရင် တရုတ်စစ်တပ်က အခိုင်အမာ တည်ဆောက် စခန်းချနေတဲ့ ကျွန်းဖြစ်လာ ကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် ဖိလစ်ပိုင်က နိုင်ငံတကာဥပဒေ နဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ လုပ်ပိုင်ခွင့်တွေအရ လုပ်ဆောင်နေတာကို တရုတ်က ဘာလို့ ဆန့်ကျင် ကန့်ကွက်နေတာလဲ။ ဒါက ကျွန်တော်တို့ တစ်ဦးတည်းမဟုတ်ဘူး။ ဘယ်နိုင်ငံမှ တရုတ်နဲ့ သဘောမတူ သလို နယ်မြေတည်ရှိမှုနဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာတဲ့ အခြေအနေမှာ တရုတ်ကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်ဘက်က အားလုံးက ရပ်တည်ထောက်ခံနေကြတယ်လို့ ပြောဆိုသွားခဲ့တယ်။

တရုတ်နိုင်ငံဟာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ် အစရှိတဲ့ နိုင်ငံများနဲ့ ထိစပ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံးကို သူပိုင်ဆိုင်တယ်လို့ ကြေညာ ထားတယ်။ နိုင်ငံတကာ ဥပဒေခုံရုံးရဲ့ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်အရ သမိုင်းမြေပုံကိုအခြေခံပြီး တောင်တရုတ်ပင်လယ်ပြင်ကို တရုတ်က ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အချက်ဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို တရုတ်က လက်မခံဘဲ ကန့်ကွက် ထားတယ်။

ဒီနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ ဟာ အမေရိကန် နဲ့ တရုတ်အကြား ထိုင်ဝမ်အရေး၊ တောင်တရုတ် ပင်လယ်အရေးတို့ကို အကြောင်းပြုပြီး သိသာထင်ရှားတဲ့ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲ လို့ ဆိုရမယ်..။

ref: China slams Hegseth speech, accuses US of seeking to use Taiwan issuse as leverage against China. CNA

မှတ်ချက်။          ။ ဆရာ CWM ၏ facebook တွင် ဇွန်လ (၄) တွင် ရေးသားခဲ့သော ဆောင်းပါးအား စာရေးသူ၏ ခွင့်ပြုချက်ဖြင့် The Corner တွင် ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

Click to rate this post!
[Total: 0 Average: 0]