The Corner

The Corner

cropped-Logo_round_grey-background.png

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ နယ်မြေချဲ့ထွင်နေမှု ပြဿနာ – ဇင်လင်း

Share မယ်

မကြာသေးမီ ရက်ပိုင်း (မေလ ၂၂ ရက် ၂၀၂၅) တွင် ဘေဂျင်းနှင့် မနီလာတို့အကြား ‘Sandy Cay’ ဆိုသည့် သန္တာ ကျွန်းငယ် ကလေးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အငြင်းပွားမှု ပေါ်ပေါက်ခဲ့သည်။ ဤပြဿနာအတွင်း ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုပင် ဖြစ်ခဲ့သည်။ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောက ဖိလစ်ပိုင်သင်္ဘော နှစ်စင်း ကို  ပြင်းထန်သော ရေအမြောက် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။

“ဆူဘီ” သန္တာကျွန်း ရေပြင်အတွင်းသို့ ဖိလစ်ပိုင် သင်္ဘောများက ကျူးကျော်ဝင်ရောက်လာသဖြင့် ရေအမြောက် ဖြင့် ပစ်ခတ် ဟန့်တားခဲ့ရသည်ဟု တရုတ်ကမ်းခြေစောင့်တပ် ၏ကြေညာချက်တွင် ဖော်ပြသည်။ ဖိလစ်ပိုင် ဘက်က လည်း ပင်လယ်ပြင် ဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်နေသော ဖိလစ်ပိုင်သင်္ဘော နှစ်စင်း ကို တရုတ်တပ်က ပြင်းထန်သော ရေအမြောက် ဖြင့် တိုက်ခိုက်မှုသည် ဖိလစ်ပိုင်ရေပြင်နယ်နိမိတ်တွင် ဖြစ်ပွားခဲ့သည်ဟု ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံပိုင်နက်ထဲ၌ ပါဂါဆာ (Pagasa)ဆိုသည့် ကျွန်းကလေး တစ်ကျွန်း ရှိသည်။ ‘ပါဂါဆာ’ ၏ အနက်အဓိပ္ပာယ်မှာ ‘မျှော်လင့်ချက်’ ဟု ဆိုသည်။ ထိုမျှော်လင့်ချက် ကျွန်းကလေးမှာ သိပ်ကြီး လှသည် မဟုတ်။ ၃၇ ဟက်တာမျှသာ ကျယ်ဝန်းသည်။ (တစ် ဟက်တာသည် စတုရန်းမီတာ ၁၀,၀၀၀ ရှိသည်။ ထို့ကြောင့် မျှော်လင့်ချက်ကျွန်း ကလေး သည် စတုရန်းမီတာ ၃၇၀,၀၀၀ (၉၂ ဧက) အကျယ်အဝန်းရှိသည်။ ကျွန်းကလေး ပေါ်၌ လူဦးရေ ၃၀၀ ခန့်နေထိုင် သည်ဟု ဆိုသည်။ စိမ်းပြာရောင် သမ်းနေသော ကျွန်းပတ်ဝန်းကျင် ပင်လယ်ရေပြင်တွင် ကျွန်းသူကျွန်းသားတို့ ငါးဖမ်းကြ သည်။ သဲဆန်သော ကျွန်းမြေပေါ်၌ ဟင်းသီးဟင်းရွက်များ စိုက်ကြပျိုးကြသည်။ သို့သော် ထိုနေရာတွင် သူတို့ချည်းသာ နေထိုင် လျက်ရှိသည်မဟုတ်ပေ။

ပါဂါဆာကျွန်း (Photo: Wikimedia)

ထိုမျှော်လင့်ချက်ကျွန်း ပတ်ဝန်းကျင်အနီးတစ်ဝိုက် ရေပြင် ပိုင်ဆိုင်မှုကို တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား အငြင်းပွားလျက်ရှိသည်။ ကျွန်းကလေး၏ အနောက်ဖက်ကမ်းလွန်တွင် တရုတ်ရေယာဉ်အုပ်စု တစ်စု ရှိနေသည် ကို တွေ့သည်ဟု ဆိုသည်။ ယင်းရေယာဉ် အုပ်စုတွင် တရုတ်ရေတပ်သင်္ဘောအချို့၊  ပင်လယ်ပြင် ကမ်းခြေစောင့် ပြည်သူ့ စစ်သင်္ဘောအချို့နှင့် ငါးဖမ်း ရေယာဉ် အကြီးစားများအပါအဝင် ရေယာဉ် ၂၀ ခန့်ရှိသည်။ ‘ပါဂါဆာ’ ကျွန်းကလေး ၏ မလှမ်းမကမ်း၌ တရုတ်ရေယာဉ် အုပ်စု ရှိနေသည့် သဘောမှာ ဤအနီးတစ်ဝိုက် ပင်လယ် ရေပြင်ကို သူတို့ ပိုင်ဆိုင် စိုးမိုးထားသည်ဟု ရည်ရွယ်ချက်ရှိရှိ လုပ်ပြနေပုံရသည်။ 

လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်အတွင်း သူ့ပိုင်နက် ရေပြင်ကို ချဲ့ထွင် လျက်ရှိခဲ့သည်။ ရေပြင်အောက်ရှိ သန္တာကျောက်တန်းများကို သိမ်းယူ၍ ထိုနေရာတွင် လေတပ် အခြေစိုက်စခန်းကြီး သုံးခု တည်ဆောက်ထားသည်။ အဆိုပါ သန္တာကျောက်တန်းအခြေခံစခန်းတွင် သင်္ဘော အရေ အတွက် ရာနှင့်ချီ၍ ဆိုက်ကပ်ထား သည်။ တရုတ်နိုင်ငံ ကမ်းရိုးတန်းတစ်လျှောက်ရှိ ကုန်သွယ် ဆိပ်ကမ်းများမှ တောင်ဘက်ပင်လယ်သို့ဝင်ထွက်ရာ မဟာဗျူဟာ ကျသော ရေကြောင်းလမ်းကို စိုးမိုးထိန်းချုပ် နိုင်ရန် အားဖြည့် ထားသည့် သဘောဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံအချို့ကလည်း အဆိုပါ ပင်လယ်ပြင်၌ သူတို့ပိုင်ဆိုင်သော ကျွန်းများရှိသည်ဟု အရေးဆိုနေကြပြီး တရုတ်၏ နယ်ပယ်ချဲ့ထွင်လာမှုကို ရဲရဲဝံ့ဝံ့ အာခံတွန်းလှန်နေကြသည်။ အထူးသဖြင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က တရုတ်ကို တွန်းလှန်နေကြသည်။ ယင်းနိုင်ငံ နှစ်နိုင်ငံ၏ စစ်အင်အားသည် တရုတ်နိုင်ငံထက် များစွာသေးငယ်သော်လည်း သန္တာကျောက်တန်းအချို့နှင့် ကျွန်းအချို့ စိုးမိုး ထိန်းချုပ် ထားကြသည်။

ပါဂါဆာကျွန်း (Pagasa) သည် စပရက်တလေကျွန်းစု (Spratly Islands)တွင်ပါဝင်သည့် ဒုတိယ အကြီးဆုံး ကျွန်းဖြစ်သည်။ ဖိလစ်ပိုင်တို့က ပါဂါဆာ (Pag-asa Island, ’Island of Hope’) ဟု ခေါ်၍ ဗီယက်နမ်တို့က “သီတူ (Thitu)” ဟု ခေါ်သည်။ တရုတ်အမည်မှာ (Zhongye Dao) ဖြစ်သည်။ ပါဂါဆာ ကျွန်းသည် ဖိလစ်ပိုင်နိုင်ငံ ‘ပါလာဝမ်’ (Palawan)ကျွန်း၏ အနောက်ဘက် ရေမိုင် ၂၇၀ အကွာအဝေးတွင်ရှိပြီး ဖိလစ်ပိုင် အုပ်ချုပ်မှုအောက်၌ ရှိသည်။ ၁၉၇၁ ခုနှစ် ကျွန်းပေါ်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်အပြီးတွင် ထိုင်ဝမ်(တရုတ်)အစောင့်တပ်ဖွဲ့ က ကျွန်းကို စွန့်ခွာ သွားခဲ့သဖြင့် ဖိလစ်ပိုင်က သိမ်းယူခဲ့ခြင်းဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် ဖိလစ်ပိုင်အစိုးရက တရားဝင် စိုးမိုးအုပ်ချုပ်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသားများကို ထိုကျွန်း၌ အခြေချ နေထိုင်ကြရန် တိုက်တွန်းခဲ့သည်။ သို့သော် ဝေးလံခေါင်သီပြီး သဲဖြူများ ဖုံးလွှမ်းနေသော ကျွန်းပေါ်၌ နေထိုင်သူ များအဖို့ အစိုးရ၏ တရားဝင် စားနပ်ရိက္ခာအထောက်အပံ့ရရှိမှသာ အဆင်ပြေ သည်ဟု ဆိုသည်။ စောစောပိုင်း ကာလတွင် စားနပ်ရိက္ခာနှင့် သောက်ရေအပါအဝင် အခြေခံလိုအပ်မှုများကို ကျွန်းပေါ် နေထိုင်သူ များအား အစိုးရက လစဉ် ထောက်ပံ့လှူဒါန်းပေးခဲ့ရသည်ဟု ဆိုသည်။ ယခုအခါ ကျွန်းပေါ်တွင် လျှပ်စစ်နှင့် ဖုန်းလိုင်း ဆက်သွယ်ရေးပါ ရရှိသဖြင့် အဆင်ပြေလာပြီဟု သိရသည်။

မကြာသေးမီ နှစ်များအတွင်း ‘ပါဂါဆာကျွန်း’ ပေါ်တွင် အကြီးအကျယ် ပြောင်းလဲခဲ့ပြီဟု ဆိုသည်။ ကျွန်းပေါ်၌ လေယာဉ် ကွင်း၊ မုန်တိုင်းဘေးမှ ကာကွယ်ရန် လေယာဉ်ထားနိုင်သည့် အဆောက်အအုံများ၊ လေကြောင်းပြ မျှော်စင် စသည်ဖြင့် တိုးတက်လာခဲ့သည်။ သင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် ဆိပ်ကမ်း တစ်ခုလည်း ဆောက်လုပ်ထားသည်။ ဖိလစ်ပိုင်ကမ်းတက် တပ်သားများ အခြေစိုက် နေထိုင်ရန်အတွက်လည်း ကျွန်းပေါ်တွင် နေရာကျယ်ကျယ်ဝန်းဝန်း ပေးထားသည်။

လက်ရှိ တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား တင်းမာနေသော ပြဿနာမှာ “ဆူဘီ” သန္တာကျောက်တန်း (Subi Reef) ပိုင်ဆိုင်မှု အငြင်းပွားနေခြင်းဖြစ်သည်။ ၂၀၁၆ ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်ခဲ့သော “ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ ညီလာခံ” (UNCLOS) ၌ တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား အငြင်းပွားနေသော “ဆူဘီ” သန္တာ ကျောက်တန်းကို နိုင်ငံတကာရေပြင်ဟု သတ်မှတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် “ဆူဘီ” သည် အလယ်၌ ရေအိုင်ရှိသော သန္တာ ကျောက်တန်း ကျွန်း အဝိုင်းဖြစ် သည်။ ယင်း ကျွန်းငယ်သည် ပင်လယ်ဒီရေကျချိန်၌သာ ရေပြင်အထက်ပေါ်လာပြီး ပုံမှန်အားဖြင့် ရေအောက်တွင် နစ်မြုပ် လျက်ရှိသည်။

 “ဆူဘီ” သန္တာကျောက်တန်းသည် ‘ပါဂါဆာကျွန်း’မှ ၃၂ ကီလိုမီတာ (၂၀ မိုင်) အကွာအဝေး၌ တည်ရှိနေသည်။ ဆူဘီကျွန်းကို ဖိလစ်ပိုင်၊ ထိုင်ဝမ် နှင့် ဗီယက်နမ် တို့ကလည်း သူတို့ပိုင်သည်ဟု အရေးဆို နေကြသည်။

သို့ရာတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လ၌ အစင်းရေ ၃၀ ပါဝင်သော တရုတ်ငါးဖမ်းသင်္ဘောအုပ်စုသည် ဟိုင်နမ်ကျွန်း မှ ဆူဘီကျွန်းသို့ ဝင်ရောက် အခြေချခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဆူဘီကျွန်းကို တရုတ် ပိုင်ဆိုင်သည် ဟု ကြေညာ တောင်းဆိုခဲ့သည်။ ၂၀၁၅ ခုနှစ် ကုန်တွင် (၁ ဒဿမ ၅၃ စတုရန်းမိုင်) ကျယ်ဝန်းသော ဆူဘီကျွန်း ပေါ်တွင် တရုတ်နိုင်ငံက စစ်ရေးအခြေခံ ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်ခဲ့သည်။ ပေ ၉,၈၀၀ ရှည်လျားသော လေယာဉ်ပြေးလမ်းတစ်ခု အပါအဝင်ဖြစ်သည်။ ၂၀၁၆ ဧပြီလတွင် ပေ ၁၈၀ အမြင့်ရှိသော အချက်ပြမျှော်စင် တစ်ခု ဆောက်ခဲ့သည်။ ၂၀၁၆ ဇူလိုင် ၁၃ တွင် ဆူဘီလေယာဉ်ကွင်း၌ ဟိုင်နမ် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်း စတင်ဆင်းသက်ခဲ့သည်။ တရုတ်၏ “ဆူဘီ” သန္တာကျောက်တန်း (Subi Reef) စစ်စခန်းသည် ပါဂါဆာ ကျွန်း (Pagasa) ခေါ် “သီတူကျွန်း (Thitu)”မှ ကီလိုမီတာ အနည်းငယ်မျှသာ ဝေးသည်။

တရုတ်ကမ်းခြေစောင့်တပ်နှင့် ဖိလစ်ပိုင်သင်္ဘော နှစ်စင်း တို့အကြား ဖြစ်ပွားသည့် နယ်နိမိတ် အငြင်းပွားမှု သည် အပေါ်ယံ သွင်ပြင်လက္ခဏာမျှသာ ဖြစ်သည်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှု ပြဿနာ ၏ အမှန်တကယ် အရင်းခံ အကြောင်း များမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး သယံဇာတထုတ်ယူလိုမှု စသဖြင့် ကျယ်ဝန်းရှုပ်ထွေးလှကြောင်း လေ့လာသူများက ဆိုသည်။

လက်လှမ်းမီသမျှ လေ့လာတွေ့ရှိချက်များအရ တရုတ်နိုင်ငံ (PRC) က တောင်တရုတ်ပင်လယ် အတွင်း သို့ စတုရန်းမိုင်ပေါင်း (၁,၃၅၀,၀၀၀) အထိ နယ်နိမိတ်ချဲ့ထွင်ထား သည်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်ကြောင်း တွေ့ရသည်။ ထိုဒေသတွင် မကြာသေးမီ ဆယ်စုနှစ်များအတွင်း တရုတ်၏ စစ်အင်အား ဆက်လက် ဖြန့်ကြက်မှုကြောင့် လုံခြုံရေးပတ်ဝန်းကျင် အခြေအနေကို ရှုပ်ထွေးလာစေခဲ့သည်။ ထိုသို့ လုံခြုံရေး အခြေအနေ ရှုပ်ထွေးလာမှု စတင်နိဒါန်းပျိုးခဲ့သည်မှာ အမေရိကန် ပြည်ထောင်စုတွင် သမ္မတ ဘာရက်အိုဘားမား (Barack Obama) အစိုးရ၏ ဒုတိယသက်တမ်းလောက်က စသည်ဟု စောင့်ကြည့်လေ့လာသူအချို့က ဆိုသည်။ တရုတ်၏ နယ်မြေချဲ့ထွင်လိုမှုသည် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အကျိုးစီးပွားကို အခြေခံသည်ဟု ဆိုကြသည်။

တောင်တရုတ်ပင်လယ်အတွင်း ဆက်စပ်နိုင်ငံများပြ မြေပုံ (Source: Wikimedia)

တရုတ်နိုင်ငံသည် SCS ဒေသတွင် အငြင်းပွားနေသည့် ကျွန်းစုနယ်မြေကို အခိုင်အမာ ဆက်လက် ထိန်းချုပ်ထားလိုသည့် အလျောက် လေယာဉ်ပြေးလမ်းများ၊ လက်နက်ခဲယမ်းအမျိုးမျိုးထားသိုရန် အဆောက် အအုံများ၊ အခြေခံ တပ်စခန်းများ အစရှိသော စစ်ရေးအခြေခံအဆောက်အအုံများကို တွင်တွင်ကျယ်ကျယ် ဆောက်လုပ် လျက်ရှိသည်။ ယင်းသို့သမ္မတ ရှီကျင့်ဖျင် လက်အောက်၌ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက် အအုံများကို ပေါ်ပေါ်ထင်ထင်ဆောက်လုပ်လာခြင်းသည် တရုတ်၏ ရဲတင်းလွန်းသော မူဝါဒကို ကြေညာ နေသကဲ့သို့ ဖြစ်သည်။

တရုတ်က SCS ဒေသ၏ ၈၀ ရာခိုင်နှုန်းအထိ သူ၏ပိုင်နက်ဖြစ်ကြောင်း တောင်းဆိုနေလျက် ရှိသည့်အပြင်၊ စစ်အင်အား လည်းတိုးမြှင့်ချထား၍ ကုန်းမြေ အတု ကျွန်းအတုများ ဖန်တီး တည်ဆောက် နေသည်ဟု ဆိုသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့ကလည်း ထိုပင်လယ်ပြင် ဒေသရှိ ကျွန်းနှင့် ကုန်းမြေများကို သူတို့ပိုင်ဆိုင်သည်ဟု တောင်းဆိုနေကြကြောင်း သိရသည်။ ထိုအငြင်းပွား နေသော ငါး သယံဇာတ ကြွယ်သည့် ပင်လယ်ပြင်ဒေသတွင် နှစ်စဉ် ကုန်စည်ကူးသန်းရောင်ဝယ်ဖြတ်သန်းမှု တန်ဖိုးပမာဏမှာ အမေရိကန်ဒေါ်လာ သုံးထရီလီယံကျော်ရှိသည်ဟု ဆိုသည်။ ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်က တရုတ်၏နယ်မြေပိုင်ဆိုင်မှု တောင်းဆိုသည့် ကိစ္စကို နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ နိုင်ငံတကာတရားရုံး (International Criminal Court – ICC) သို့ တိုင်ကြားခဲ့ရာ၊ တရုတ်၏ နယ်မြေ ပိုင်ဆိုင်ကြောင်း တောင်းဆို မှုသည် လုံလောက်သော အထောက်အထားမရှိဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် တရုတ်က နိုင်ငံတကာ တရားရုံးအနေဖြင့် စီရင်ပိုင်ခွင့်မရှိဟုဆိုကာ ဆုံးဖြတ်ချက်ကို လက်မခံဘဲ ပယ်ချခဲ့ သည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒေသဆိုင်ရာ တင်းမာမှု ဆက်လက်ရှိနေဆဲဖြစ်သည်ဟု အငြင်းပွားဖွယ် ပြောဆို နေကြသော်လည်း တရုတ်နိုင်ငံ၏ တောင်ဘက်သို့နယ်မြေချဲ့ထွင် သိမ်းယူသည့် ကြိုးပမ်းမှုမှာ ယာယီအားဖြင့် ရပ်ဆိုင်း သွားသည်။ ရှုပ်ထွေး ပွေလီသော ဒေသဆိုင်ရာ လုံခြုံရေး ပတ်ဝန်းကျင် အခြေအနေ သည် ၂၀၁၉ ခုနှစ်မှစ၍ ပိုမို တင်းမာသည့် အဆင့်တစ်ခုဆီသို့ ရောက်ရှိခဲ့သည်။ ယင်းအဆင့်တွင် တရုတ်နိုင်ငံ သည် တောင်တရုတ်ပင်လယ်ဒေသ (South China Sea – SCS) ရှိ နယ်မြေပိုင်ဆိုင်မှုကို ခိုင်မာစေရန် အတိအလင်း တွန်းတွန်းတိုက်တိုက် လုပ်လာသည်။ စစ်အင်အားနှင့် နိုင်ငံရေးအင်အား နှစ်ရပ်ကို ပူးတွဲ အသုံးပြုခြင်း အားဖြင့် ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာသည်။ ကင်းထောက် လေယာဉ်များ၊ ဒုံးလက်နက် တင် ဖျက်သင်္ဘောများ၊ စစ်လက်နက်သိုလှောင်ရုံများကို ယင်းဒေသ၌ ဖြန့်ကြက်ချထားလာသည်။ စစ်ရေးပြ ကင်းလှည့်မှု များလုပ်ဆောင်ခြင်းဖြင့် တစ်ဟုန်ထိုး ရှေ့တိုးလာသည်။

တောင်တရုတ်ပင်လယ်ဒေသ (SCS) ရှိ သူ၏ ပိုင်နက် ပထဝီဝင် နယ်မြေအတွင်းသို့ချဲ့ထွင်မှုကို ခေတ္တမျှ ရပ်နားငြိမ်သက် နေခဲ့သော်လည်း တရုတ်နိုင်ငံ၏ ဒေသန္တရဆိုင်ရာ သြဇာလွှမ်းမိုးလိုသော ရည်မှန်းချက် အမူအရာတို့ကို မြင်နေရသည်။ သို့တိုင်အောင် မဟာဗျူဟာအရ အလွန်အရေးပါသော ရေကြောင်းလမ်းကို ထိန်းချုပ်နိုင်သည်အထိကား အောင်မြင်မှု မရ ရှိသေးပေ။ ထိုဒေသတွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်ဝမ် တို့ကလည်း နယ်မြေပိုင်ဆိုင်မှု တောင်း ဆိုနေကြသည်ဖြစ်ရာ တရုတ်၏ အနေအထားမှာ နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖိအားပေးခံနေရဆဲ၊ ခြိမ်းခြောက်ခံနေ ရဆဲဟု ဆိုနိုင်သည်။

စင်စစ်အားဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်က ဗြောင်ကျကျ စစ်အင်အားပြ နယ်မြေချဲ့ထွင် နေမှုများသည် ထို ဒေသအတွင်း အမေရိကန်ပြည်ထောင်စု စိမ့်ဝင်ကျူးကျော်လာမည့်အရေးကို ဆန့်ကျင် ကြောင်း ပြသနေခြင်းဖြစ်သည်။ သို့တိုင်အောင် တရုတ်နိုင်ငံ၏ တောင်တရုတ်ပင်လယ်ဒေသအတွင်းရှိ နယ်မြေ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများသည် ခိုင်မာ မှုရှိလှသည်ဟု မဆိုနိုင်ပေ။ နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြင်ပမှ ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် တရုတ်အနေဖြင့် သူ၏ ပိုင်နက်နှင့် သြဇာ ဆက်လက်ချဲ့ထွင်ရေးကိစ္စကို လက်လျှော့ မည့်ပုံ မတွေ့ရပေ။

ကိုးကားစာရင်း

1. The islanders facing China’s menacing presence on their horizon: Jonathan Head (BBC, Southeast Asia correspondent.

2. China’s Next Phase of Militarization in the South China Sea By Scott N. Romaniuk and Tobias Burgers https://thediplomat.com/2019/03/chinas-next-phase-of-militarization-in-the-south-china-sea/ 

3. China’s Territorial Disputes By David Tweed  https://www.bloomberg.com/quicktake/territorial-disputes

 4. Wikipedia – Thitu Island

Click to rate this post!
[Total: 0 Average: 0]