အနောက်နိုင်ငံသား တစ်ယောက်ကို တရုတ်နိုင်ငံက နာမည်ကြီး လူသုံးကုန် အမှတ်တံဆိပ်တစ်ခု ကို ပြောပါလို့ မေးကြည့်ရင် ဘာပြန်ဖြေရမှန်း သိမယ်မထင်ပါဘူး။ ဒါဟာ သိပ်မကြာသေးခင် ကာလတစ်ခု အထိပေါ့။ အခုတော့ မဟုတ်တော့ဘူး ထင်ပါတယ်။ တရုတ်နိုင်ငံက ထွက်ပေါ်လာတဲ့ နာမည်ကြီး အမှတ်တံဆိပ်တွေ များလာနေပါပြီ။ စတော့ဟုမ်း၊ ဆစ်ဒနီ စတဲ့ မြို့ကြီးတွေမှာ စက်သံ ညက်ညက်၊ ‘ဝှစ်’ ‘ဝှစ်’ နဲ့ ဖြတ်သန်း သွားလာနေကြတဲ့ လျှပ်စစ်ကားတွေကို ကြည့်လိုက်ရင် တရုတ်ထုတ်ကား များသည်ထက် များလာ နေပါပြီ။ ဟိုးအရင်တုန်းက တရုတ်လုပ်ငန်းရှင်များဟာ အနောက်နိုင်ငံထုတ် ပစ္စည်းများကို ဆင်တူယိုးမှား တုပ ထုတ်လုပ်တဲ့ နည်းလမ်း ကနေ အခုဆိုရင် ဉာဏပစ္စည်း ပိုင်ဆိုင်မှု မူပိုင်ခွင့်တွေကို အရင်းအနှီးပြုပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ လူသုံးကုန် ပစ္စည်းတွေ ထုတ်လုပ် လာနိုင် ကြပါပြီ။ အနောက်နိုင်ငံက နာမည်ကြီး အမှတ်တံဆိပ်များ ဒီအတိုင်းနေလို့ မရတော့ပါဘူး။ ခုလက်ရှိမှာတော့ တရုတ် အမှတ် တံဆိပ်များ ဟာ ကမ္ဘာ့စျေးကွက်ထဲ တဖြည်းဖြည်းချင်းလောက်ပဲ စိမ့်ဝင် လာနေရုံပဲ ရှိပါသေးတယ်။ သို့သော်လည်း ဥပမာ တစ်ခု ပေးရမယ် ဆိုရင် တရုတ်ကား ကုမ္ပဏီများရဲ့ ထိုးဖောက်လာမှုက အနောက်တိုင်းက နာမည်ကြီးပြီးသား ကားထုတ်လုပ်သူများကို သူတို့ရဲ့ မဟာဗျူဟာကို ပြန်လည်သုံးသပ် ဆန်းသစ်ဖို့ တွန်းအားတွေ ပေးနေ နိုင်တာ မျိုးပေါ့။

လာဘူဘူ (Labubu) အမွေးပွ အရုပ်များကတော့ ပိုင်ဆိုင်ဖို့ ခက်လှပါတယ်။ ဒီအရုပ်တွေကို ထုတ်လုပ် တဲ့ ရှန်ဟိုင်းမြို့က ပေါ့ပ်မတ် (Pop Mart) ကုမ္ပဏီရဲ့ တရားဝင် ဆိုင်ကြီးများမှာပင် လာဝယ်သူများကို သီတင်းပတ် အနည်းငယ်ကြာ ထပ်စောင့်ပေးကြဖို့ ပြောနေရပါတယ်။ ကိုယ်ကြိုက်တာကို ရွေးလို့မရဘဲ ကျပန်း ဝယ်ယူရတဲ့ သတ္တဝါ အရုပ်လေး တွေက ဝယ်ယူသူတွေကို ဆွဲဆောင်နေပြီး တစ်ရုပ်ကို အနည်းဆုံး ဒေါ်လာ ၂၀ ပေးရပါတယ်။ ဖွင့်ကြည့်လိုက်တော့မှ ကိုယ်ဘာအရုပ်ရတယ်ဆိုတာ သိရတော့ အရုပ်စုတဲ့ လူများအကြား ပေါ့ပ်မတ်ကို လူသိများကြပါတယ်။ ရှားပါးတဲ့ အရုပ်မျိုးဆိုရင် ဇွန်လ ၁၀ ရက်နေ့က လေလံပွဲတစ်ခုမှာ ဒေါ်လာ ၁၅၀,၀၀၀ ခန့် နဲ့ ရောင်းထွက်ခဲ့ ပါတယ်။ လာဘူဘူ အရုပ်တွေကို အသည်းအသန် စွဲလမ်းနေသူတွေက တရုတ်နိုင်ငံက ကလေးတွေတင် မကပါဘူး။ ဘောလုံး သမားဟောင်း ဒေးဗစ်ဘက်ဟမ်း၊ ပေါ့ပ် အဆိုတော် ရီဟားနား စတဲ့ နာမည်ကြီး ဆယ်လီတွေကတောင် သူတို့ရဲ့ နှစ်သက်မှုကို အများပြည်သူရှေ့ ချပြခဲ့ကြပါတယ်။
လာဘူဘူ အရုပ်တွေ စျေးကွက်တွင် ပေါက်သွားတဲ့အတွက် ပေါ့ပ်မတ် ရဲ့ ရှယ်ယာစျေးတွေက နှစ်စ ကနေဆိုရင် ၁၈၀ ရာခိုင်နှုန်း အထိ ထိုးတက်လာပါတယ်။ ဒါတွေကတော့ တရုတ်နိုင်ငံထုတ် လူသုံးကုန် တံဆိပ်များ နာမည်ရလာတဲ့ ဥပမာများထဲက တစ်ခုသာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်လောက် ကဆိုရင် တရုတ်ပြည်က ဈေးဝယ်သူတွေက အလှကုန်တွေ၊ ဖက်ရှင် အဝတ်အစားတွေ၊ ဝန်ဆောင်မှုတွေ အတွက် နိုင်ငံရပ်ခြားကိုပဲ မျှော်ကြည့်နေခဲ့ရတာပါ။ အခုတော့ သူတို့က ပြည်တွင်းက ဇိမ်ခံ ကုန်အမှတ်တံဆိပ်တွေ မိတ်ကပ်တွေနဲ့ နို့ လက်ဖက်ရည်တွေဆိုင်တွေဆီ စုပြုံ ရောက်လာကြပါပြီ။ ဒါ့အပြင် ဒီအမှတ်တံဆိပ်တွေက နိုင်ငံတကာ အထိ ထိုးဖောက်လာတဲ့အတွက် အနောက်တိုင်းက အမှတ်တံဆိပ်များအတွက် စိုးရိမ်ဖွယ်ရာတွေ ဖြစ်လာပါတယ်။
တရုတ်ပြည်က ထုတ်ကုန် အမှတ်တံဆိပ်တွေ ဒီလိုအချိန်မှာ ပေါက်လာတာက ထူးခြားနေပါတယ်။ တရုတ်ပြည်က စီးပွားရေး တိုးတက်နှုန်း ကျဆင်းနေပြီး နိုင်ငံတစ်ဝန်းက အိမ်ထောင်စုများကလည်း အသုံးအစွဲ ချွေတာနေရချိန် ဖြစ်နေပါတယ်။ ဒီလို ချွေတာ နေရတာကြောင့်လည်း ပြည်တွင်းဖြစ် ထုတ်ကုန်တွေ လူကြိုက်များလာတာ ဖြစ်နိုင်ပါတယ်။ သုံးစွဲသူတွေက စျေးနှုန်းကို ကြည့်လာရတဲ့ အတွက် စျေးချိုပြီး အရည်အသွေးကောင်းတဲ့ ပြည်တွင်းဖြစ်တွေ စျေးကွက် နေရာရလာပါတယ်။
တရုတ်ပြည်က ကော်ဖီသောက်သုံးသူတွေက ပြည်တွင်းဖြစ် ကော်ဖီ အရောင်းဆိုင်တွေဖြစ်တဲ့ ကော်တီ (Cotti) နဲ့ လပ်ကင် (Luckin) တို့က အမေရိကန်ထုတ် စတားဘတ် (Starbucks) လိုပင် ကောင်းပြီး စျေးနှုန်းက ထက်ဝက် သက်သာတာကို တွေ့လာရပါတယ်။ တရုတ်ပြည်က ဇိမ်ခံ လက်ဝတ်ရတနာ အမှတ်တံဆိပ် လောင်ပူဂိုး (Laopu Gold) က လည်ဆွဲတွေနဲ့ နားကပ်တွေ ရောင်းအားကောင်း နေပြီး အမေရိကန် အမှတ် တံဆိပ် တစ်ဖီနီ အန် ကို Tiffany & Co ထက် စျေးချိုတာကို တွေ့ရပါတယ်။ ပြည်တွင်းဖြစ် လက်ကိုင်အိတ် အမှတ်တံဆိပ်ဖြစ်တဲ့ ဆောင်းမွန့် (Songmont) ကလည်း နိုင်ငံတွင်းက လေဆိပ်တွေမှာ အကုန်အကျများတဲ့ ကြော်ငြာအစီအစဥ်တွေ လုပ်ခဲ့ပြီး သူတို့ထက် စျေး နှစ်ဆခန့် ပိုကြီးတဲ့ နိုင်ငံခြားဖြစ်တွေကို စိန်ခေါ်ခဲ့ပါတယ်။ အရုပ်ဆိုင် ပေါ့ပ်မတ် အောင်မြင်လာရတဲ့ အကြောင်းရင်း ကလည်း အရည်အသွေးမြင့် ကုန်ပစ္စည်းတွေကို စျေးချိုချိုနဲ့ ဝယ်ချင်သူတွေကို ပစ်မှတ်ထားတာနဲ့ စတင်ခဲ့တာပါလို့ HSBC ဘဏ် ဝန်ထမ်း လီနာယန်း (Lina Yan) က ပြောပါတယ်။
စျေးချိုတာကို နှစ်သက်တဲ့ စားသုံးသူကို ပစ်မှတ်ထားတာက တရုတ်ကုန်ပစ္စည်းတွေ အောင်မြင်လာရတဲ့ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ တစ်ခါတလေမှာ တရုတ်စားသုံးသူတွေက ပိုမိုစျေးကြီးတဲ့ ပြည်တွင်းဖြစ်တွေကို ရွေးချယ်ကြတာလည်း ရှိပါတယ်။ ဥပမာ ဧပြီလက နယူးယောက်မှာ စတင် ဖွင့်လှစ် ရောင်းချတဲ့ ရောင်းအားကောင်းတဲ့ ချာဂီ (Chagee) နို့လက်ဖက်ရည်ဆိုရင် တရုတ်ပြည်မှာ ရောင်းချတဲ့ စတား ဘတ် စျေးနှုန်းတန်းတူ ယွမ်ငွေ ၁၅ မှ ၂၀ (နှစ် ဒေါ်လာမှ သုံး ဒေါ်လာ) ကြားနဲ့ ရောင်းချတာကို တွေ့ရပါ တယ်။ ချာဂီက ပြည်တွင်းမှာ အရည်အသွေးမြင့် အမှတ်တံဆိပ် အနေနဲ့ စျေးကွက်ထဲ ဝင်လာတာပါ။ သက်သာ ချောင်ချိတဲ့ အမှတ်တံဆိပ် မဟုတ်ပါဘူးလို့ ဒွိုက်ချ် ဘဏ်ရဲ့ ဝန်ထမ်း ဟန်ကျန်းက ပြောပါတယ်။ တရုတ်ပြည်မှာ ရောင်းအားကောင်းတဲ့ လျှပ်စစ်ကားတွေ ဆိုရင်လည်း စျေးချိုတဲ့ ကားတွေ မဟုတ်ပါဘူး။ ယွမ်ငွေ ၂၀၀,၀၀၀ ကနေ ၄၀၀,၀၀၀ ကြားပေးရတဲ့ ဇိမ်ခံအဆင့် အောက်တန်း ကားတွေ ဖြစ်ပါတယ်။ ဒီ အတန်းအစား လျှပ်စစ်ကား တွေကို နိုင်ငံခြားဖြစ်တွေက လွှမ်းမိုးနေတာ ကြာပါပြီ။ ဒါပေမဲ့ လူကြိုက်များတဲ့ မော်ဒယ်အသစ် အများစုကတော့ ပြည်တွင်းဖြစ်တွေဖြစ်တဲ့ နီယို (Nio) နဲ့ လီအော်တို (Li Auto) တို့ ဖြစ်ကြပါတယ်။
တရုတ်ပြည်က စားသုံးသူတွေက နိုင်ငံခြားက ထုတ်ကုန်တွေကို သိပ်ပြီး မရူးသွပ်ကြတော့ပါဘူး။ လောင်ပူ လက်ဝတ် ရတနာဆိုင်ရဲ့ ရောင်းအား မြင့်တက်လာတာက ဒါကို သက်သေပြနေပါတယ်။ တရုတ် အငွေ့အသက် ပါတဲ့ လက်ဝတ်ရတနာတွေကို ရောင်းချတဲ့ ဒီဆိုင်တွေက တစ်ဆိုင်ကို ယွမ်ငွေ သန်း ၃၀၀ နဲ့ အထက် ရောင်းအားရှိနေပါတယ်။ ဒါက နိုင်ငံခြားဖြစ် ပြိုင်ဘက်တွေထက် ၅၀ ရာနှုန်း ပိုသာနေတာပါ။ လောင်ပူရဲ့ ရှယ်ယာဈေးနှုန်းတွေက ပြီးခဲ့တဲ့နှစ် ဟောင်ကောင်မှာ စတော့ရှယ်ယာ စာရင်းဝင်ခဲ့ပြီးကတည်းက ၂၀၀၀ ရာနှုန်းအထိ ဈေးတက်လာပါတယ်။ လောင်ပူက တရုတ်ပြည်က အနည်းငယ်သော ဇိမ်ခံ လက်ဝတ်ရတနာ အရောင်းဆိုင်များထဲက တစ်ခုပါ။ ဒီနယ်ပယ်ကို ယခင်က နိုင်ငံခြားဖြစ် ထုတ်ကုန်တွေကသာ လွှမ်းမိုးခဲ့တာပါ။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။ ယခင်က တရုတ်ပြည်မှာ အခြား ပြည်တွင်းဖြစ်တွေ ရွေးချယ်စရာ မရှိခဲ့လို့ နိုင်ငံခြားက လက်ဝတ်ရတနာ အရောင်းဆိုင်တွေက ဝင်ရောက် နေရာ ယူခဲ့တာပါလို့ သုတေသန ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ဘစ်ဝမ်း Big one Lab က အမ်ဘာကျန်း က ပြောပါတယ်။ ဒီလိုဆိုလို့ တရုတ်ပြည်သူ တွေက အနောက်တိုင်းက လက်ဝတ်ရတနာ ဒီဇိုင်းနဲ့ ယဉ်ကျေးမှုကို ရူးသွပ်ကြတယ်လို့ မခေါ်နိုင်ပါဘူး။ လောင်ပူ လက်ဝတ်ရတနာဆိုင်နဲ့ ချာဂီ နို့လက်ဖက်ရည်ဆိုင်တွေက တရုတ်ယဉ်ကျေးမှု အငွေ့အသက်ကို ကြွားဝါပြီး အရောင်းမြှင့်တင်ခဲ့ကြတာပါ။ ဒါက အလုပ် ဖြစ်ခဲ့ ပါတယ်။
ဈေးသက်သာပေမယ့် သုံးစွဲသူတွေကတော့ လောင်ပူရဲ့ ပါ၀င်ပစ္စည်းတွေနဲ့ ဒီဇိုင်းတွေက နိုင်ငံခြားဖြစ်များထက် သာလွန်တယ်လို့ ဆိုကြပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က စားသုံးသူတွေ ငွေကြေးသုံးစွဲတဲ့ အလေ့အထက ပြောင်းလဲလာပါတယ်။ လူမှုကွန်ရက်တွေကြောင့် စားသုံးသူတွေက ထုတ်ကုန်တွေအကြောင်း ကောင်းကောင်း သိလာကြတယ်။ တရုတ်ပြည်သူတွေက နိုင်ငံခြားဖြစ် ထုတ်ကုန်တွေက နိုင်ငံခြား ဖြစ်ရုံ သက်သက်နဲ့ သူတို့ကို အလွန်အကျွံ ဈေးတင်ရောင်းနေတယ်လို့ သိလာကြတယ်။ အခုဆို တရုတ်ပြည်က မိန်းမပျို လေးများကလည်း အလှကုန် ဝယ်မယ်ဆိုရင် နိုင်ငံခြားဖြစ်နဲ့ ပါဝင်ပစ္စည်း တူညီတဲ့ ပြည်တွင်းဖြစ်ကိုပဲ ဈေးသက်သက်သာသာ ရှာဝယ်ကြပါတယ်။
ဒါကြောင့် အလှကုန်နဲ့ ပတ်သက်ပြီး နာမည်ရလာတဲ့ ပြည်တွင်းထုတ်ကုန် တစ်ခု ပေါ်လာပါတယ်။ ဒါကတော့ မောင်းဂီပင် (Maogeping) ဆိုတဲ့ တရုတ် အလှကုန်ဖြစ်ပြီး ပြီခဲ့တဲ့ ဒီဇင်ဘာလက ဟောင်ကောင်မှာ ပြုလုပ်တဲ့ ပထမဆုံး ရှယ်ယာရောင်းပွဲမှာ ဒေါ်လာ သုံးသန်းအထိ ရရှိခဲ့ပါတယ်။ ဒီအချိန်ကတည်းက သူရဲ့ ရှယ်ယာဈေးက ၂၅၀ ရာနှုန်းအထိ တက်လာခဲ့တာပါ။ ပြည်တွင်းက အလှကုန် ကုမ္ပဏီတွေက L’oreal နဲ့ Estee Launders တို့လို နိုင်ငံခြား ကုမ္ပဏီတွေရဲ့ ရှယ်ယာကို မသိမသာ ဝယ်ယူဖို့ ကြိုးစားလာခဲ့ကြတာ ကြာပါပြီ။ ဒါပေမဲ့ ရှယ်ယာဈေးက ကြီးမားလွန်းတော့ မတတ်နိုင်ဖြစ်နေခဲ့ကြတာပါ။ တည်ထောင်သူ မိတ်ကပ်ပညာရှင်ရဲ့ နာမည်ကို အစွဲပြုပြီး အမည်ပေးထားတဲ့ မောင်းဂီပင် အလှကုန်က တရုတ်ပြည်မှာ ရောင်းအားအကောင်းဆုံး အလှကုန် ထိပ်ဆုံး ၁၀ ခု စာရင်းဝင်တဲ့ ပထမဆုံး ပြည်တွင်း အလှကုန် ဖြစ်လာပါတယ်။




နိုင်ငံခြား ကုမ္ပဏီတွေက တရုတ်ပြည်ရဲ့ လူနေထူထပ်တဲ့ မြို့ကြီးတွေကို ပစ်မှတ်ထား ရောင်းချပေမယ့် ပြည်တွင်း ကုမ္ပဏီတွေ ကတော့ နယ်ဘက်တွေကို ပိုမိုအာရုံထားပါတယ်။ အများစုက ကုန်းတွင်းပိတ် မြို့ငယ်တွေမှာ လုပ်ငန်း စတင် လည်ပတ် ပါတယ်။ ချာဂီက သူရဲ့ ပထမဆုံး နို့လက်ဖက်ရည်ဆိုင်ကို တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ကူမင်းမြို့မှာ ၂၀၁၇ ခုနှစ်က စတင် ဖွင့်လှစ် ပါတယ်။ ချာဂီ ရဲ့ ဆိုင်အများစုကို ချမ်းသာတဲ့ ကမ်းရိုးတန်း မြို့တွေမှာ အခုထိ မတွေ့ရပါဘူး။ အအေးဖျော်ရည် အရောင်းဆိုင် ဖြစ်တဲ့ မစ်ရွှယ် Mixue က သူရဲ့ ပထမဆုံး ရေခဲခြစ်ဆိုင်ကို ဆင်းရဲတဲ့ ကုန်းတွင်းပိုင်း မြို့ငယ်တစ်ခုမှာ စတင်ဖွင့်လှစ်ပါတယ်။ အသင့်စား စားသောက်ဆိုင် အမှတ်တံဆိပ်တွေကလည်း မြို့ငယ်တွေကိုသာ အများဆုံး ချဲ့ထွင်ကြပြီးမှ ဘေဂျင်း နဲ့ ရှန်ဟိုင်း စတဲ့ မြို့ကြီးတွေမှာ စမ်းသပ် ဖွင့်လှစ်ဖို့ ကြိုးစားကြတာပါ။
ဟိုတယ် လုပ်ငန်းရှင်တွေကလည်း အတူတူပါပဲ။ တရုတ်ပြည်က ဟိုတယ်လုပ်ငန်းကြီးဖြစ်တဲ့ အိတ်ခ်ျဝေါလ် H World က သူရဲ့ ဟိုတယ် ထက်ဝက်ခန့်ကို တရုတ်ပြည်ရဲ့ တတိယနဲ့ စတုတ္ထ အကြီးဆုံးမြို့တွေမှာ လာမယ့်နှစ် ကျရင် ဖွင့်လှစ်မယ်လို့ ထိုဟိုတယ်လုပ်ငန်းရဲ့ ဗျူဟာ ကျွမ်းကျင်သူ ဟေးကျီဟုန် က ပြောပါတယ်။ နိုင်ငံခြားက ဟိုတယ်လုပ်ငန်းတွေက မြို့ငယ်တွေမှာ သိပ်မလုပ်ကြပါဘူး။ ဒါကြောင့်လည်း အိတ်ခ်ျဝေါလ် ဟိုတယ်က နိုင်ငံခြား ဟိုတယ်ပြိုင်ဘက်တွေထက် လူပိုပြည့်နေတာလည်း ပါမယ်ထင်ပါတယ်။ အိတ်ခ်ျဝေါလ် ဟိုတယ်က ပြီးခဲ့တဲ့နှစ်မှာ လူပြည့်နှုန်း ၈၀ ရာနှုန်းအထက် ရှိခဲ့ပါတယ်။ တရုတ်ပြည်မှာ အများဆုံးရှိတဲ့ အမေရိကန် ဟိုတယ် လုပ်ငန်းကြီး ဖြစ်တဲ့ မာရီယော့ Marriott က ၇၀ ရာနှုန်းအောက်မှာပဲ ရှိနေခဲ့တာပါ။
မြို့ငယ်တွေကို အာရုံထားတာက အဓိကကျပါတယ်။ ဘာလို့လဲဆိုတော့ မြို့ငယ်တွေမှာ ငွေကြေးကို မနှမျောဘဲ သုံးနိုင်ကြတယ်။ အသင့်စား မုန့်ထုပ်တွေနဲ့ အလှကုန်တွေ ရောင်းချမှုက ၂၀၂၄ ခုနှစ်မှာ လူဦးရေ တစ် သန်းထက် နည်းတဲ့ မြို့တွေမှာ ၅ ဒသမ ၅ ရာနှုန်း တိုးလာခဲ့ပြီး မြို့ကြီးတွေမှာတော့ ၄ ဒသမ ၆ ရာနှုန်းသာ တိုးလာပါ တယ်လို့ ဘီးန် အတိုင်ပင်ခံ ကုမ္ပဏီက ဆိုပါတယ်။
တရုတ်ပြည်မှ နိုင်ငံခြား ကုမ္ပဏီတွေက သူတို့ရဲ့ ပြိုင်ဘက်အသစ်တွေနဲ့ ယှဉ်ပြိုင်နိုင်ရန် ရုန်းကန်နေရပါတယ်။ အီတာလျံ ကော်ဖီဆိုင်ဖြစ်တဲ့ လာဗစ်ဇာ Lavazza က ငှက်သိုက် ကော်ဖီကို မိတ်ဆက်ပြီး ယှဉ်ပြိုင်လာပေမယ့် အောင်မြင်မှု အသင့်အတင့်ပဲ ရပါတယ်။ အနောက်တိုင်းက ရေခဲမုန့် အရောင်းဆိုင် ဟာဂျန်ဒက်ဇ် Haagen Dazs နဲ့ ကော်ဖီဆိုင် စတားဘတ် Starbucks ကလည်း အသွင်သစ်များ မိတ်ဆက်ရန် ပြည်တွင်းက ရင်းနှီး မြှုပ်နှံသူတွေကို ဖိတ်ခေါ်နေပါတယ်။
ဒီလိုပြိုင်ဆိုင်နေရတာက တရုတ်ပြည်တွင်း အတွက်သာ မဟုတ်ပါဘူး။ ပေါ့ပ်မတ် က အခုဆိုရင် နိုင်ငံပေါင်း ၂၀ ကျော်မှာ အရောင်းဆိုင်တွေ ဖွင့်ထားပါပြီ။ အမေရိကန်မှာတင် ဆိုင်ပေါင်း ၃၇ ခုကျော် ရှိနေပါပြီ။ မစ်ရွှယ် က အရှေ့တောင်အာရှမှာ အရောင်းဆိုင် အများအပြား ရှိနေပါပြီ။ ချာဂီ က ၂၀၂၇ ခုနှစ်မှာ တရုတ်ပြည်ပြင်ပ အရောင်းဆိုင်ပေါင်း ၁၃၀၀ ကျော် ထားရှိဖို့ မျှော်လင့်နေပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်တုန်းကဆို တရုတ်ပြည် ပြင်ပမှာ အရောင်းဆိုင် တစ်ဆိုင်မှ မရှိခဲ့ပါဘူး။ လေ့လာသူများက ပြောဆိုရာမှာတော့ ဒီထုတ်ကုန် အမှတ်တံဆိပ် တွေကို နိုင်ငံတကာက ပိုမို လက်ခံလာလေလေ ပြည်တွင်းမှာလည်း နာမည်ပိုရလာလေလေ ဖြစ်မယ်လို့ ဆိုပါတယ်။ လာဘူဘူ အမွေးပွရုပ်များကို အနောက်တိုင်းက လူမှုမီဒီယာတွေမှာ စွဲလမ်းကြလေလေ ပြည်တွင်းမှာလည်း အသိအမှတ်ပြု ခံရလေလေ ဖြစ်လာမှာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များက တရုတ်ပြည်က လက်လီအရောင်း အများစုကို နိုင်ငံခြားက ထုတ်ကုန်တွေကသာ လွှမ်းမိုး ခဲ့တာပါ။ ဒီခေတ်က ကုန်ခါနီးပြီ ထင်ပါတယ်။
ကိုးကား Soft Toy Power, The Economist, July 2025

