တရုတ်ပြည်တွင် ယဉ်ကျေးမှုတော်လှန်ရေး* အကြောင်းကို ပေါ်ပေါ်တင်တင် ဆွေးနွေးရန် မဖြစ်နိုင်။ မော်စီတုန်း လွှတ်ပေးလိုက်သည့် တယူသန်ဂိုဏ်းသားများက လူသန်းပေါင်းများစွာကို စွဲချက်များတင်ခဲ့ကြပြီး အချို့မှာ သေဒဏ်ကျ ခံခဲ့ရသော ၁၉၆၆ မှ ၁၉၇၆ ကံဆိုးမိုးမှောင်နှစ်များမှာ အစိုးရ၏ မှတ်တမ်းများတွင် အပြည့်အစုံ ဖေါ်ပြ မထားပါ။ ဤအဖြစ်မှာ ရှီကျင်းဖျင် လက်ထက်တွင် ပို၍ပင် ရှောင်ရှားရမည့် ခေါင်းစဉ်ဖြစ်လာသည်။ မော်စီတုန်း လက်ထက် ရက်စက်မှုကြီးကို ရှီက ကွန်မြူနစ်ဝါဒ အာဏာ လွှမ်းမိုးမှုအား “သမိုင်းဝင် ဘာသာမဲ့” ခြိမ်းခြောက်မှုဟု သုံးသပ်သည်။ သို့သော် အမေရိကန်နိုင်ငံရေးအကြောင်း အွန်လိုင်း ဆွေးနွေးခန်းများတွင် ဖြတ်တောက်မှုများ လျှော့လျှော့ ပေါ့ပေါ့ ရှိသည်။ တရုတ်လူမျိုးများက ထရမ့်၏ အာဏာကို သရော် သို့မဟုတ် ညည်းညူမြည်တမ်းရာ တွင် ယဉ်ကျေးမှုတော်လှန်ရေးနှင့် ပုံနှိုင်းကြသည်။ သူတို့၏ သဘောထားများကို လှစ်ဟနေသည်။
တိုင်းပြည်ကို ကယ်တင်တဲ့သူအတွက် ဥပဒေချိုး ဖေါက်တယ်ဆိုတာ မရှိဘူး
ယနေ့လက်ရှိ အမေရိကနှင့် ၁၉၆၀ တရုတ်ပြည် အခြေအနေတို့၏ ကွာခြားချက်မှာ အပေါ်ယံ တူညီမှု များထက် ပို၍ များပြားပြီး ပို၍ လေးနက်သည်။ ဒေါ်နယ်ထရမ့် လက်အောက်တွင် အသက်ရှင်မှုနှင့် ပတ်သက်၍ ဘာမျှ မရှိသလို တရုတ်ပြည်၏ ကြောက်စရာ ယင်းကာလတွင်လည်း အလားတူဖြစ်သည်ဟု အွန်လိုင်း တရုတ် ဝေဖန်ရေး ဆရာများ က ဆိုသည်။ ၎င်းတို့အဖို့ ယဉ်ကျေးမှုတော်လှန်ရေးဟူသည် အာဏာရှင် တစ်ဦးက ၎င်း၏ အာဏာဆုပ်ကိုင်ထား ရေးတွင် အတားအဆီးဖြစ်နေ သောခိုင်မာသည့် အဖွဲ့အစည်းများကို နောက်လိုက်နောက်ပါတို့၏ အကူအညီဖြင့် တိုက်ခိုက်သည့် အဓိကရုဏ်းကြီး၏ အတိုကောက်အဓိပ္ပါယ် ဖြစ်လေသည်။ ဤအခြေအနေတွင် ဝင်နွှဲနိုင်ဘို့ လုံလောက်သည့် တူညီမှုများတွေ့လာပြီး ရလာသည့် အခွင့် အရေးမှာ မြိန်ယှက်စရာ ဖြစ်ပါ၏။
၎င်းတို့၏ အမြင်များက နိုင်ငံရေးယုံကြည်မှုများ၏ ကျယ်ပြောလှသော နယ်ပယ်ကို ထင်ဟပ်နေသည်။ ကွန်မြူနစ် ပါတီအတွက် ထိပ်ဆုံးက အားပေးနေသူများရှိသည်။ “အမေရိကရဲ့ လက်ရှိအခြေအနေက “၀င်ဂီ”နဲ့ အတူတူပဲ” ဟု ဝေဘို ဘလော့တွင် follower နှစ် သိန်းရှိသည့် သူတစ်ဦးက ဆိုသည်။ တားမြစ်စကားလုံး စိစစ်ခြင်းမှ လွတ်မြောက်ရန် ယဉ်ကျေးမှုတော်လှန်ရေးကို “ဝင်ဂီ”ဟု အမည်ပေးထားသည်။ သူက တရုတ်ပြည်သို့ ရိုက်ခတ် လာနိုင်သည်မှာ လွပ်လပ်စွာ တွေးခေါ်ခွင့်အပေါ် ယုံကြည်မှုများ လုံး၀ပြိုလဲသွားခြင်း ဖြစ်မည်ဟု ဟောကိန်း ထုတ်သည်။

ထရမ့်အစိုးရ၏ သဘောလက္ခဏာများက မော်စီတုန်းဝါဒီများ၏ ရမ်းကားမှုများကို သတိရစေသည်။ ပြည်ထောင်စု အုပ်ချုပ်ရေးအား တိုက်ခိုက်ရန် ထရမ့်က အပြင်လူ အီလွန်မတ်စ်ကို ခန့်အပ်သည်။ ဌာနချုပ်ကို ဗုံးကြဲကြ ဟူသော တာဝန်ဖြင့် ယဉ်ကျေးမှု တော်လှန်ရေးဦးဆောင်အဖွဲ့ငယ်တစ်ခုအား ဦးဆောင်ရန် မော်စီတုန်းက ၎င်း၏ ဇနီး ကျန်ချင်းအား ခန့်အပ်သည်။ အီလွန်မတ်စ်၏ လူငယ်ဝန်ထမ်းများကို တပ်နီများနှင့် ခိုင်းနှိုင်းနိုင်သည်။ ထရမ့်၏ အရည်အချင်းမပြည့်သော ဝန်ကြီးအဖွဲ့မှာ မော်၏ နိုင်ငံရေးဥသျှောင်အဖွဲ့ (Politburo) သို့ လူသစ်ခန့်ထားမှု နှင့် တူညီသည်။ “တိုင်းပြည်ကို ကယ်တင်တဲ့သူအတွက် ဥပဒေချိုး ဖေါက်တယ်ဆိုတာ မရှိဘူး” ဟု ထရမ့်က ဖေဖေါ် ဝါရီလ ၁၅ရက်နေ့တွင် တွစ်တာ၌ တက်ရေးသည်။ ဤအချက်မှာ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း ထင်ရှားသည့် မိန့်ဆိုချက်ဖြစ်သော မော် က တပ်နီ** များကို လှုံ့ဆော်သည့် “ပုန်ကန်ထကြွဘို့ဆိုတာ တရားမျှတတယ်” ဟူသည့် စကားနှင့် တူညီနေသည်။
အချို့သော မှတ်ချက်တွေက ပိုပြီး လွတ်လပ်သည်။ “အမေရိကန် ယဉ်ကျေးမှုတော်လှန်ရေးဆိုတာ အလုပ် လုပ်ရာမှာ အမေရိကန်စံနစ်တွေကို ပြင်ဆင်ဘို့ ယန္တရားတစ်ခုပဲ” ဟု တရုတ် ဆိုရှယ်မီဒီယာ ဝီချက် ပေါ်တွင် ဘလော့ဂါ တစ် ဦးက ရေးသည်။ ဘေဂျင်းရှိ အမေရိကန် သံရုံး၏ တရုတ်ဘာသာ ဝေဘိုအကောင့်မှ ထင်မြင်ချက် ပေးသည့် နေရာတွင် ထရမ့်ကို ဆန့်ကျင်မှုများဖြင့် ပြည့်နေသည်။ ဒီမိုကရေစီဦးဆောင်လမ်းပြနေရာမှ အမေရိကန် ကျဆုံးသွားကြောင်း ရေးသားဖေါ်ပြမှုများအပေါ် စိတ်မကောင်းကြောင်း အချို့က မှတ်ချက်ပေးကြ သည်။ သို့သော် အခြားသော နေရာ များတွင် လူမှုရေး၊ လူမျိုးရေးတရားမျှတမှုကို ဆန့်ကျင်သည့် ထရမ့်၏ မူဝါဒကို ကြိုက်နှစ်သက် သူများ ရှိသလို ဒီမို ကရက်တစ်ပါတီ၏ ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ် အမေရိကန် ယဉ်ကျေးမှု တော်လှန်ရေး အဖြစ် ရှုံ့ချသူများ လည်း ရှိသည်။ နိုင်ငံရေးနယ်ပယ်၏ အခြားတဘက် တွင်မူ ခေတ်သစ် မော်ဝါဒီများ၏ အဆွယ်အပွား များက ထရမ့်၏ ခေါင်းဆောင်မှု ပုံစံအတွင်း၌ မော် ဝါဒနှင့် တူညီမှုများကို အသိအမှတ်ပြုကြသည်။
“ဒီမိုကရေစီ တော်လှန်ရေးကြီးဟာ တရုတ်ပြည်ကနေ အမေရိကကို ရွေ့သွားပြီ” ဟု ထင်ရှားသော မော် ကိုးကွယ် သူ ကျန်းဟောင်လျန်းက ဆိုသည်။ “၂၀ရာစုမှာ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးအတွင်းက ပွင့်ခဲ့တဲ့ ဝါဒ အတွေးအခေါ်အပွင့်တွေဟာ အခု အမေရိကမှာ တော်လှန်ရေးအသီးတွေသီးကြပြီ” ဟု သူက တည့်တည့်ပင် ရေးထားသည်။ မှန်ခေါင်းတလားကြီးထဲက မော်ကတော့ စိတ်ကူးစိတ်သန်းတွေကို ပြန်ဆန်းစစ်နေလေမလား။
မူရင်း – Maozidongnald Trump, The Economist, 2025
*တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေး- အရင်းရှင်များနှင့် ရှေးရိုးအစဉ်အလာများကို တိုက်ဖျက်ပြီး ဆိုရှယ်လစ်စံနစ်ကို ထူထောင်သွားရန် ၁၉၆၆ မှ ၁၉၇၆ ခုနှစ်ထိ မော်စီတုန်းမှ ဦးဆောင်ဆင်နွှဲခဲ့သည်။
**တပ်နီ – မော်စီတုန်းအား ကိုးကွယ်ပြီး တဖက်စွန်းရောက် လူငယ်များဖြင့် ဖွဲ့စည်းထားသည်။


