The Corner

The Corner

cropped-Logo_round_grey-background.png

အေအိုင် ခေတ်ကြီးထဲ ဘယ်လိုရှင်သန်ကြမလဲ – Harmony

Share မယ်

ဒီနေ့ခေတ်ဟာဆိုရင် ဉာဏ်ရည်တု နည်းပညာ  (Artificial Intelligence – အေအိုင်) ရဲ့ ခေတ်ကြီး တစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝ၊ အလုပ်အကိုင်၊ ပညာရေး၊ စီးပွားရေး နယ်ပယ်တွေ အထိ အေအိုင် ဟာ နေရာယူ ဝင်ရောက်လာပြီး ကျွန်တော်တို့ရဲ့ နေထိုင်မှု ဘဝပုံစံကိုပါ မသိလိုက် မသိဘာသာ ပြောင်းလဲ‌စေနေပါတယ်။ ဒီလို အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ “အေအိုင် ခေတ်ကြီးထဲ ဘယ်လိုရှင်သန်မလဲ” ဆိုတဲ့ မေးခွန်းက လူတိုင်းအတွက် အရေးကြီးလာပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အေအိုင် ခေတ်ကြီးထဲ အောင်မြင်စွာ ရှင်သန်နိုင်ဖို့ ပြင်ဆင်ရမယ့် အချက် ခုနှစ်ချက်ကို အသေးစိတ် ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။

အေအိုင် (AI) ဆိုတာ ဘာလဲ?

အေအိုင် ဆိုတာ လူသားတွေရဲ့ ဉာဏ်ရည်ကို တုပပြီး ကွန်ပျူတာစနစ်တွေနဲ့ လုပ်ငန်းတစ်ခု လုပ်ဆောင်ဖို့အတွက် စက်တွေကို သင်ကြားပေးပြီး လုပ်ဆောင်စေတာ ဖြစ်ပါတယ်။ နည်းပညာတွေ မြင့်လာတာနဲ့အမျှ အေအိုင် ဟာ ဆုံးဖြတ်ချက် ချပေးတာတွေနဲ့ ပြဿနာတွေ ဖြေရှင်းပေးနိုင်တာတွေ အထိပါ ပါဝင်လုပ်ဆောင်လာနိုင်နေပြီပဲ ဖြစ်ပါတယ်။  ဒီနေ့ခေတ်မှာ အေအိုင် ဟာ ကျွန်တော်တို့ ကိုင်နေတဲ့ ဖုန်းတွေထဲက  Siri တို့ Google Assistant တို့လို တစ်ကိုယ်ရေသုံးကနေ စပြီး စက်ရုံကြီးတွေထဲက အလိုအလျောက်စနစ်နဲ့ စက်ကိရိယာတွေ၊  ဆေးပညာနယ်ပယ်မှာ ရောဂါရှာဖွေတာတွေနဲ့ ငွေကြေး ကဏ္ဍတွေမှာ  စာရင်းဇယား မကိုက်တာတွေကို ရှာဖွေဖို့အထိ နယ်ပယ်စုံမှာ ပါဝင်နေပါတယ်။ 

            ဒီလောက်အသုံးဝင် တန်ဖိုးရှိတဲ့ နည်းပညာတစ်ခုက ကျွန်တော်တို့တွေရဲ့ ဘဝကို အဆင်ပြေစေပေမယ့် တစ်ဖက်မှာလည်း အလုပ်အကိုင် ဆုံးရှုံးမှု၊ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုနဲ့ အခြားသော စိန်ခေါ်မှု များစွာ ကိုလည်း ရင်ဆိုင်လာရစေပါတယ်။

            ဒါကြောင့် အေအိုင် ခေတ်ကြီးထဲမှာ အောင်မြင်စွာ ရှင်သန်ဖို့အတွက်ဆိုရင် နည်းပညာကို ကြောက်နေတာမျိုး ဖြစ်လို့ မရသလို ဆန့်ကျင်ဘက်အနေနဲ့ အေအိုင် ကို အလွန်အကြူး အားကိုးနေတာမျိုး လည်း မဖြစ်စေရဘဲ လိုက်လျော ညီထွေ နေထိုင်နိုင်ဖို့ လိုအပ်ပါတယ်။

အေအိုင် ခေတ်မှာ ရှင်သန်နိုင်ဖို့ အချက် (၇) ချက်

အေအိုင် ခေတ်ကြီးထဲ အောင်မြင်စွာ ရှင်သန်ဖို့ဆိုရင် နည်းပညာကို အကောင်းဆုံး အသုံးချရင်း ကိုယ်ပိုင် စွမ်းရည် တွေကိုလည်း တည်ဆောက်ဖို့ လိုအပ်ပါတယ်။ အေအိုင် ခေတ်မှာ ရှင်သန်နိုင်ဖို့ ဒီ အချက် (၇) ချက်ကို လက်တွေ့ကျကျ လိုက်နာသင့်ပါတယ်။

(၁) နည်းပညာကို နားလည်အောင် လေ့လာပါ 

ကျွန်တော်တို့ဟာ အေအိုင် ကို ကြောက်နေမယ့်အစား သူ့ရဲ့ အခြေခံသဘောတရားတွေကို နားလည် အောင် လေ့လာသင့်ပါတယ်။ ကွန်ပျူတာပညာရှင်တွေလို Code ရေးတာမျိုး မဟုတ်ရင်တောင် အေအိုင် က ဘယ်လိုပုံစံ အလုပ်လုပ်တယ်၊ ဘယ်လိုတွေ အသုံးဝင်နိုင်တယ် ဆိုပြီး သိထားတာက ကျွန်တော်တို့ရဲ့ အရည်အချင်းကို တိုးတက်လာနိုင်စေမှာပါ။  ဥပမာ ChatGPT လို အေအိုင် ကို သုံးပြီး စာရေးတာ၊ ကိုယ့်အတွက် အသုံးဝင်မယ့် အကြံဉာဏ် ရယူတာမျိုး စမ်းသုံးကြည့်သင့်ပါတယ်။ အေအိုင် အသုံးပြုနည်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက YouTubers တွေ၊ မြန်မာနိုင်ငံက Youtuber တွေ မျှဝေထားတာတဲ့ Video ပေါင်းများစွာကို ပိုက်ဆံမကုန်ဘဲ အဆင်သင့် လေ့လာလို့ ရနေပါပြီ။ 

(၂) အေအိုင် ကို ကိုယ့်ရဲ့ လက်ထောက်အဖြစ် အသုံးပြုပါ 

အေအိုင် ကို ပြိုင်ဘက်အဖြစ် မမြင်ဘဲ ကိုယ့်ရဲ့ လက်ထောက် တစ်ယောက်လို အသုံးပြုပါ။ ဥပမာ စာရေးတဲ့သူ တစ်ယောက်ဆိုရင် အေအိုင်ကို အချက်အလက်စုစည်းခိုင်းတာမျိုး၊ နောက်ပြီး idea block ဖြစ်တဲ့အခါ ဘာရေးရမလဲ စဉ်းစားလို့မရတဲ့ အခါမျိုးတွေမှာ သူ့ဆီက အကြံဉာဏ်ရယူတာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံ၊ ကိုယ့်ပရိသတ် (audience) နဲ့ ကိုက်ညီတာကိုတော့ ကိုယ်တိုင်ကပဲ ရွေးချယ်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက အေအိုင် ကပေးတဲ့ အချက်အလက်တွေကို လည်း ၁၀၀ ရာခိုင်နှုန်း မယုံကြည်သင့်ဘဲ ကိုယ်အသုံးပြုမယ့် အချက်အလက်တွေကို အခြားရင်းမြစ် (source) တွေနဲ့ ပြန်လည် တိုက်ဆိုင်စစ်ဆေးတာမျိုး လုပ်သင့်ပါတယ်။ အေအိုင် ကိုအသုံးချခြင်းအားဖြင့် အချိန်ကုန် သက်သာစေပြီး ပိုမိုထိရောက်တဲ့ ရလဒ်တွေ ရလာနိုင်ပါတယ်။

(၃) ဒစ်ဂျစ်တယ်လုံခြုံရေးကို အလေးထားပါ 

အေအိုင် ခေတ်မှာ အချက်အလက်ဟာ အရေးကြီးတဲ့ အရင်းအမြစ်တစ်ခုဖြစ်လာတာမို့ ကိုယ်ရေး အချက်အလက် တွေ လုံခြုံအောင် ဂရုစိုက်ဖို့ လိုပါတယ်။ ခိုင်မာတဲ့ စကားဝှက်သုံးတာ၊ နှစ်ဆင့် အတည်ပြုခြင်း (2 Factor Authentication) ဖွင့်တာနဲ့ သံသယဖြစ်ဖွယ် Linkတွေကို ရှောင်တာမျိုးက အေအိုင် နဲ့ဆက်စပ်တဲ့ သတင်း အချက်အလက် ပေါက်ကြားမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာ Bybit လို ပလက်ဖောင်းတွေ ဟက် hack လုပ်ခံရတာမျိုးကို ကြည့်ရင် ဒစ်ဂျစ်တယ် လုံခြုံရေးက ဘယ်လောက် အရေးကြီးလဲဆိုတာ သိနိုင်ပါတယ်။

(၄) ကျင့်ဝတ်နဲ့ တာဝန်ယူမှုကို အလေးထားပါ 

အေအိုင် ကို အသုံးပြုတဲ့အခါ ကျင့်ဝတ်နဲ့အညီ သုံးဖို့ လိုပါတယ်။ ဥပမာ အေအိုင် ကို သုံးပြီး တခြားသူ လုပ်ထားတဲ့ အလုပ်၊ တီထွင်ထားတဲ့ ဖန်တီးမှု စတာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် အေအိုင် က ပြောတဲ့ အချက်အလက် တွေကို မစိစစ်ဘဲ အသုံးပြုတာတွေနဲ့ အေအိုင်က လုပ်ပေးတဲ့အတိုင်း ကိုယ့် အရည်အချင်း၊ ကိုယ့်ဉာဏ်စွမ်းဉာဏ်စ မပါဘဲ တိုက်ရိုက်ကူးချတာမျိုးမလုပ်ဘဲ ကိုယ့်ရဲ့ တာဝန်ယူမှု ကို သတ်မှတ်ထားရပါမယ်။ ဒါမှလည်း ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ပြီး ရေရှည်အောင်မြင်မှုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) တစ်သက်လုံး သင်ယူဖို့ အသင့်ပြင်ထားပါ 

အေအိုင် ခေတ်မှာ နည်းပညာဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတာမို့ လေ့လာမှုတွေက ပြီးဆုံးနိုင် ဖွယ်မရှိပါဘူး။  တစ်သက်လုံး သင်ယူဖို့ (lifelong learning) ကို အသင့်ပြင်ထားဖို့ လိုပါတယ်။ ဥပမာ ကျွန်တော်က  စာရင်းကိုင် တစ်ယောက် ဆိုပါစို့။  အေအိုင်က ရိုးရှင်းတဲ့ စာရင်းတွက်တာကို လုပ်ပေး နိုင်ပေမယ့် financial analysis လိုမျိုး ဒါမှမဟုတ် ဗျူဟာချမှတ်တာမျိုးတွေမှာ ကျွန်တော်က စွမ်းဆောင်နိုင်နေတယ်ဆိုရင် ကျွန်တော့်ကို အေအိုင်  နဲ့ အစားထိုးလို့ ရမှာမဟုတ်ပါဘူး။

(၆) လူသားတွေမှာပဲရှိတဲ့ စွမ်းရည်တွေကို အားကောင်းအောင်လုပ်ပါ 

အေအိုင် က တွက်ချက်တာနဲ့ အချက်အလက်ခွဲခြမ်းစိတ်ဖြာတာ (data analysis) တွေမှာ သာပေမယ့် တီထွင် ဖန်တီးနိုင်စွမ်း (creativity) နဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှု (critical thinking) လို အရာ တွေမှာ ကျွန်တော်တို့က ပိုသာပါတယ်။ ဒီစွမ်းရည်တွေကို တိုးတက်အောင် ကြိုးစားထားမယ်ဆိုရင် အေအိုင် နဲ့ ယှဉ်ရင် အသာစီးရနေမှာပါ။  ဥပမာအနေနဲ့ဆိုရင် အနုပညာလက်ရာဖန်တီးတာ၊ လူတွေကို စိတ်ခွန်အားပေးတာမျိုးကို အေအိုင် က အပြည့်အဝ အစားမထိုးနိုင်သေးပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော် တို့မှာ နှလုံးသားရှိပြီး အေအိုင် ကတော့ ဉာဏ်ရည်တု မျှသာ ဖြစ်လို့ပါပဲ။

 (၇) လူမှုဆက်ဆံရေးကို အာရုံစိုက်ပါ 

အေအိုင် က လူသားတစ်ယောက်အလား ဖွံ့ဖြိုးလာတာနဲ့အမျှ လူတွေက အေအိုင် နဲ့ပဲစကားပြောပြီး ပေါင်းသင်း ဆက်ဆံရေး အားနည်းလာတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အေအိုင် က လူသားတွေကြားက စစ်မှန်တဲ့ ဆက်ဆံရေး၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို အစားထိုးလို့မရပါဘူး။ ဒါကြောင့် လူမှုဆက်ဆံရေး (networking) ကို အားကောင်းအောင်လုပ်ပြီး society ထဲမှာ တက်ကြွစွာ ပါဝင်နေဖို့လိုပါတယ်။ 

အေအိုင် ခေတ်ဟာ အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေသလို စိန်ခေါ်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သင်ယူဖို့ အဆင်သင့်ဖြစ်နေမှု၊ လိုက်လျောညီထွေဖြစ်နိုင်မှု (adaptability) နဲ့ ချစ်ခြင်းမေတ္တာ၊ ကိုယ်ချင်းစာတရား အစရှိတဲ့ လူသားဆန်မှု စွမ်းရည်တွေကို အားကောင်းအောင် လုပ်ထားမယ် ဆိုရင် ဒီခေတ်ကြီးထဲမှာ အောင်မြင်စွာ ရှင်သန်နိုင်မှာပါ။

ဒါကြောင့် အေအိုင် ကို ကျွန်တော်တို့ရဲ့ မိတ်ဆွေတစ်ယောက်လို သဘောထားပြီး သူပေးတဲ့ အခွင့်အလမ်း တွေကို အသုံးချကာ အောင်မြင်တဲ့ အနာဂတ်ကို တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ အေအိုင် နဲ့အတူ ရှေ့ဆက် လျှောက်လှမ်းပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အောင်မြင်မှုကို ဖန်တီးလိုက်ကြရအောင်လားဗျာ။

Click to rate this post!
[Total: 5 Average: 4]