The Corner

The Corner

cropped-Logo_round_grey-background.png

မိုက်ခရိုပလတ်စတစ်ရဲ့  အန္တရာယ် – ယောဇက် (အာခါ-လားဟူ)

Share မယ်

မိုက်ခရိုပလတ်စတစ်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ နေရာအတော်များများမှာ တွေ့ရတဲ့ ပလတ်စတစ်အမှုန်အမွှားလေးတွေပဲ။ သွေးထဲမှာရော၊ အဆုတ်၊ ကျောက်ကပ်၊ အသည်း၊ နှလုံး၊ ဦးနှောက်ထဲမှာတောင်တွေ့ရတယ်။ ကလေးလေးတွေ မွေးဖွား လာမယ့် အချင်းထဲမှာရော၊ မိခင်နို့ထဲမှာပါ တွေ့ရတယ်။ ၂၀၁၈ ခုနှစ်မှာ သြစတြီးယားက သိပ္ပံပညာရှင်တွေက လူတွေထဲမှာ မိုက်ခရိုပလတ်စတစ်တွေကို စရှာခဲ့တာ။ အဲဒီအချိန်ကစပြီး နေရာအတော်များများမှာ တွေ့ခဲ့ကြတယ်။

            ဒီအမှုန်အမွှားလေးတွေက နှစ် မိုက်ခရွန်လောက်ပဲ သေးသေးလေးတွေ။ သဲတစ်မှုန်ထက်တောင် အများကြီး သေးတယ်။ ကျွန်တော်တို့ ရှူတဲ့လေ၊ စားတဲ့အစားအစာ၊ သောက်တဲ့ရေတွေကနေ ခန္ဓာကိုယ်ထဲကို ရောက်လာတာ။ မိုက်ခရိုပလတ်စတစ်တွေက ပျက်စီးသွားတဲ့ ပလတ်စတစ်အမှိုက်တွေနဲ့ ကားတာယာ၊ သုတ်ဆေး၊ အထည်အလိပ်လို နေ့စဉ်သုံးပစ္စည်းတွေကနေ လာတာ။ အဲဒါတွေက နေရာတိုင်းမှာ ရှိနေတယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် အန္တရာယ် ရှိလားဆိုတာ သေချာမသိသေးဘူး။ 

            တချို့ သိပ္ပံပညာရှင်တွေက ဒီ “ပျက်စီးမသွားတဲ့ အမှုန်အမွှားတွေ” က ကလေးမရတာ၊ နှလုံးဖောက်တာ၊ ကင်ဆာလို အန္တရာယ်ကြီးတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေတယ်လို့ ထင်ကြတယ်။ သွေးကြောပြွန်တွေကို ပိတ်တာ၊ သွေးကြောတစ်သျှူးတွေကို ပွတ်တိုက်တာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်စေနိုင်တယ်။ ဒါမှမဟုတ် ဓာတုနည်း နဲ့ ဆဲလ်တွေကို ပျက်စီးစေနိုင်တယ်။ ပြီးတော့ မိုက်ခရိုပလတ်စတစ်တွေက ဟဲဗီး မက်တယ်၊ ဓာတ်မတည့်မှ ုဖြစ်စေတဲ့အရာတွေ၊ ဘက်တီးရီးယားလို အန္တရာယ်ရှိတဲ့အရာတွေကို ခန္ဓာကိုယ်ထဲကို သယ်ဆောင် သွားနိုင်တယ်။ (ဟဲဗီး မက်တယ် လို့ခေါ်တဲ့ သတ္တုတွေက သဘာဝထဲမှာ အများကြီးရှိတယ်။ သူတို့က အတော်လေး လေးပြီး အန္တရာယ်လည်း ရှိနိုင်တယ်။ ခဲတို့၊ ပြဒါးတို့၊ အာဆင်းနစ်တို့၊ ကက်မီယမ်တို့ဆိုတာမျိုးတွေပေါ့။ ဒါတွေက သဘာဝပတ်ဝန်းကျင်ကိုလည်း ဒုက္ခပေးနိုင်သလို လူတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တယ်။)

            ၂၀၂၄ ခုနှစ်မှာ New England Journal of Medicine မှာ ဖော်ပြတဲ့ လေ့လာမှုတစ်ခုမှာ သုတေသီတွေက ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ဖယ်ရှားတဲ့ လုပ်ထုံးလုပ်နည်းကို ခံယူတဲ့ လူနာ ၂၅၇ ယောက်ရဲ့ သွေးကြောနံရံက အနည်တွေကို လေ့လာခဲ့တယ်။ သူတို့က လူနာရဲ့ တစ်ဝက်ကျော်မှာ မိုက်ခရိုပလတ်စတစ်တွေကို တွေ့ခဲ့တယ်။ နောက်သုံးနှစ် အတွင်းမှာ အဲဒီလူနာတွေဟာ သွေးကြောနံရံမှာ မိုက်ခရိုပလတ်စတစ် မတွေ့တဲ့လူနာတွေထက် နှလုံး ဖောက်တာ၊ လေဖြတ်တာ၊ ဒါမှမဟုတ် ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် သေဆုံးဖို့ လေးဆပိုများတယ်။ ဒါပေမဲ့ မိုက်ခရိုပလတ်စတစ်တွေက ဒီကျန်းမာရေးပြဿနာတွေရဲ့ အကြောင်းရင်းလား၊ ဒါမှမဟုတ် တခြား ဇီဝပြောင်းလဲမှု တွေရဲ့ ရလဒ်သက်သက်ပဲလားဆိုတာ မရှင်းလင်းသေးဘူး။

            တချို့ဓာတ်ခွဲခန်းလေ့လာမှုတွေမှာ မိုက်ခရိုပလတ်စတစ်တွေက ဆဲလ်၊ တစ်သျှူးနဲ့ DNA တွေကို ပျက်စီး စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ ဒီဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ ပြဿနာ တစ်ခုက လူတွေ တကယ်ရှူရှိုက်တဲ့ ဒါမှမဟုတ် စားသုံးတဲ့ ပလတ်စတစ်အမှုန်တွေနဲ့ မတူတဲ့ ပလတ်စတစ် အမှုန်တွေ ကို သုံးတာပဲ။ လူ့တစ်သျှူးတွေမှာ ပလတ်စတစ် အမျိုးအစား တစ်ဒါဇင်ကျော် တွေ့ရပြီး ချွန်ထက်တဲ့ အပိုင်းအစလေး တွေကနေ အမျှင်ရှည်တွေအထိ ပုံသဏ္ဌန်နဲ့ အရွယ်အစား အမျိုးမျိုးရှိတယ်။ အန္တရာယ်အရှိဆုံးက တစ် မိုက်ခရွန် ထက်သေးတဲ့ နာနိုပလတ်စတစ်တွေပဲ။ ဒီသေးငယ်တဲ့ အမှုန်လေးတွေက အူနဲ့ အဆုတ်ကနေ သွေးကြောထဲကို ဝင်ရောက် နိုင်တယ်။ ၁၀ မိုက်ခရွန်ထက်ကြီးတဲ့ အမှုန်ကြီးတွေကတော့ လူ့ဆဲလ်ထဲကို ဝင်ရောက်နိုင်လေ့မရှိဘူး။ အမှုန်ကြီးတွေကို ရှူတဲ့အခါမှာ ခန္ဓာကိုယ်က ချွဲတွေနဲ့အတူ အဆုတ်ကနေ မျိုချပြီး ဖယ်ရှားလေ့ရှိတယ်။

            အစောပိုင်း ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ သိပ္ပံပညာရှင်တွေက နာနိုအရွယ်အစားထက်ကြီးတဲ့ ပိုလီစတီရင်း ဆိုတဲ့ ပလတ်စတစ်အမျိုးအစားတစ်ခုတည်းနဲ့ လုပ်ထားတဲ့ ပိုးသတ်ထားတဲ့ လုံးဝန်းတဲ့ ပုလဲလေးတွေကို သုံးခဲ့တယ်။ အမှုန်တွေရဲ့ ပုံသဏ္ဌန် ကလည်း အရေးပါတယ်။ မညီမညာ ပုံသဏ္ဌန်တွေက ပိုပြီး အန္တရာယ်များတယ်။ အခု သိပ္ပံ ပညာရှင် တွေက ရေဘူးလို ပစ္စည်းတွေကို သဘာဝအတိုင်း ပျက်စီးတဲ့နည်းနဲ့ ဖျက်ဆီးပြီး စမ်းသပ်မှုတွေအတွက် ပိုပြီးလက်တွေ့ကျတဲ့ မိုက်ခရိုပလတ်စတစ် အရောအနှောတွေကို ဖန်တီးဖို့ ကြိုးစားနေကြတယ်။

            မိုက်ခရိုပလတ်စတစ်တွေက နေရာတိုင်းမှာ ရှိနေပြီး ရှောင်ဖို့ မဖြစ်နိုင်သလောက်ပါဘဲ။ ၂၀၁၉ ခုနှစ်မှာ King’s College London က သုတေသီတွေက လန်ဒန်မြို့ရဲ့ အလယ်ပိုင်းမှာ တစ်ရက်ကို တစ် စတုရန်းမီတာမှာ မိုက်ခရိုပလတ်စတစ် ၁၀၀၀ လောက် ပါဝင်နေတာကို တွေ့ခဲ့တယ်။ အဲဒါက ၂၀ မိုက်ခရွန်ထက်ကြီးတဲ့ အမှုန်တွေပဲ။

            ဒါပေမဲ့ မိုက်ခရိုပလတ်စတစ်နဲ့ ထိတွေ့မှုကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အစားအစာနဲ့ အဖျော်ယမကာတွေကို ရှောင်နိုင်တယ်။ ဓာတုဖိုက်ဘာ၊ ချည်မျှင်အထည်အလိပ်တွေကို လျှော့သုံးနိုင်တယ်။ အိမ်တွေမှာ ဖုန်တွေကို သန့်ရှင်းနိုင်တယ်။ ပလတ်စတစ်ဘူးတွေကို အပူပေးရင် မိုက်ခရို ပလတ်စတစ် တွေ အများကြီး ထွက်လာနိုင်လို့ အသင့်စားအစားအစာတွေကို မိုက်ခရိုဝေ့ဗ်ထဲမှာ အပူမပေးတာနဲ့ ပလတ်စတစ် ရေနွေးအိုးတွေကို မသုံးတာက ကောင်းပါတယ်။ 

            ဥရောပက အဖွဲ့အစည်း ၇၀ ကျော်က လူ့ကျန်းမာရေးအတွက် မိုက်ခရိုပလတ်စတစ်ရဲ့ အန္တရာယ်တွေကို နားလည်ဖို့နဲ့ ကျွန်တော်တို့ကို ကာကွယ်ဖို့ ဘယ်လိုစည်းမျဉ်းတွေ လိုအပ်လဲဆိုတာကို လုပ်ဆောင်နေကြပါတယ်။ အခုချိန်မှာ မိုက်ခရိုပလတ်စတစ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေ အများကြီး ရှိနေပြီး အဖြေတွေ မလုံလောက်သေးပါဘူး။

ပြည်သူလူထုအတွက် သင်ခန်းစာတွေ  

(က) မိုက်ခရိုပလတ်စတစ်ဆိုတာ

မိုက်ခရိုပလတ်စတစ်ဆိုတာ ၅ မီလီမီတာထက်တောင် သေးငယ်တဲ့ ပလတ်စတစ် အပိုင်းအစလေးတွေပဲ။ သူတို့က အရင်က ပလတ်စတစ် အကြီးကြီးတွေ – ဥပမာ ရေဘူးတို့၊ ပလတ်စတစ်အိတ်တို့လိုဟာတွေ ကြာလာတော့ တဖြည်းဖြည်းနဲ့ ပျက်စီးပြီး သေးငယ်သွားတာ။ ဒါမှမဟုတ် တချို့ပစ္စည်းတွေအတွက် တမင်တကာ သေးသေးလေး တွေ လုပ်ထားတာလည်း ရှိတယ်။ ဥပမာ  အလှပြင်ပစ္စည်းတို့၊ အဝတ်လျှော် ဆပ်ပြာမှုန့်တို့လို ဟာမျိုးတွေမှာပေါ့။ ဒီအမှုန်သေးသေးလေးတွေက ပတ်ဝန်းကျင်အတွက် တော်တော် ဒုက္ခပေးတယ်။

(ခ) သူတို့ ဘယ်မှာတွေ ရှိနေလဲ

ဒီ မိုက်ခရို ပလတ်စတစ် တွေကို နေရာအနှံ့အပြားမှာ တွေ့နိုင်တယ်။ သမုဒ္ဒရာထဲမှာရော၊ မြစ်ထဲမှာရော၊   ကျွန်တော်တို့ ရှူနေတဲ့ လေထဲမှာတောင် ရှိနေနိုင်တယ်။ တိရစ္ဆာန်လေးတွေအတွက်တော့ တော်တော် အန္တရာယ် များတယ်။ ဘာလို့လဲဆိုတော့ သူတို့က အဲဒါတွေကို အစားအစာမှတ်ပြီး စားမိတတ်ကြတယ်။ ငါးတို့ တခြား ရေနေသတ္တဝါလေးတို့ မိုက်ခရိုပလတ်စတစ်တွေ စားမိရင် သူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ ပြီးတော့ အဲဒီငါးတွေကို စားတဲ့ လူတွေလည်း ထိခိုက်နိုင်တယ်။

(ဂ) ဘာလို့ ပြဿနာကြီးလဲ

မိုက်ခရိုပလတ်စတစ်တွေနဲ့ ပတ်သက်ပြီး အခက်အခဲအကြီးဆုံးတစ်ခုက သူတို့ကို ပြန်ရှင်းထုတ်ဖို့ တော်တော် ခက်တာပဲ။ သူတို့က အလွယ်တကူ ပျံ့နှံ့သွားနိုင်ပြီး ရေထဲကနေ စစ်ထုတ်ဖို့ဆိုတာလည်း သေးငယ်လွန်းတော့ တော်တော်လေး ခက်ခဲတယ်။

(ဃ) ဘယ်လို ကူညီနိုင်မလဲ

မိုက်ခရို ပလတ်စတစ်တွေ လျော့နည်းသွားအောင် လုပ်ဖို့ဆိုရင် ပလတ်စတစ်သုံးတာကို လျှော့သင့်တယ်။ ပစ္စည်းတွေ ကို ပိုပြီး ပြန်လည်အသုံးပြုသင့်တယ်။ ပြီးတော့ မိုက်ခရိုပလတ်စတစ် မပါတဲ့ ပစ္စည်းတွေကို ရွေးချယ် သင့်တယ်။ ကျွန်တော်တို့ ပလတ်စတစ်သုံးစွဲမှုကို သတိထားမိရင် ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးနဲ့ အဲဒီမှာနေတဲ့ သတ္တဝါလေး တွေကို ကာကွယ်ရာ ရောက်နိုင်တယ်။ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်တဲ့နေရာမှာ ကျွန်တော်ရဲ့ လုပ်ဆောင်ချက် အသေးလေးတစ်ခုစီကတောင် အရေးပါ ပါတယ်နော်။

အဓိကကတော့ မိုက်ခရိုပလတ်စတစ်ဆိုတာ သေးငယ်တဲ့ ပလတ်စတစ်အမှုန်လေးတွေဖြစ်ပြီး ပတ်ဝန်းကျင် နဲ့ သတ္တဝါတွေအတွက် အန္တရာယ်ရှိတယ်။ ဒါကြောင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ပြီး ဂရုတစိုက် သုံးဖို့ အရေးကြီးတယ်။

(၁) မိုက်ခရိုပလတ်စတစ်အကြောင်း သတိထားပါ

 မိုက်ခရိုပလတ်စတစ်တွေက နေရာတိုင်းမှာရှိပြီး ခန္ဓာကိုယ်ထဲကို ရောက်နိုင်တယ်ဆိုတာ နားလည်ထားပါ။ 

(၂) ပလတ်စတစ်သုံးတာကို လျှော့ပါ 

တစ်ခါသုံး ပလတ်စတစ်နဲ့ မိုက်ခရိုပလတ်စတစ်တွေဖြစ်လာတဲ့ ပစ္စည်းတွေကို သုံးတာကို တတ်နိုင်သမျှ လျှော့ပါ။ 

(၃) သဘာဝပစ္စည်းတွေကို ရွေးချယ်ပါ

ဓာတုဖိုက်ဘာ၊ ချည်မျှင်အထည်အလိပ်တွေအစား သဘာဝအမျှင်တွေနဲ့ လုပ်ထားတဲ့ အဝတ်အစားနဲ့ အိမ်သုံးပစ္စည်းတွေကို ရွေးသုံးပါ။ 

(၄) ရေကို စစ်သောက်ပါ

 မိုက်ခရိုပလတ်စတစ်တွေကို ဖယ်ရှားပေးနိုင်တဲ့ ရေသန့်စက်တွေကို သုံးဖို့ စဉ်းစားပါ။ 

(၅) အစားအစာ ထုပ်ပိုးတာကို သတိထားပါ

ပလတ်စတစ်ဘူးတွေထဲမှာ အစားအစာတွေထားပြီး  အပူမပေးပါနဲ့။ ပလတ်စတစ်နဲ့ ထုပ်ထားတဲ့ အစားအစာတွေကို သုံးတာကို လျှော့ပါ။ 

(၆) ဖုန်တွေကို ပုံမှန်ရှင်းပါ

ဖုန်တွေထဲမှာ မိုက်ခရိုပလတ်စတစ်တွေ ပါနိုင်လို့ ပုံမှန်သန့်ရှင်းရေးလုပ်တာက အရေးကြီးပါတယ်။ 

(၇) သုတေသနကို အားပေးပါ

 မိုက်ခရိုပလတ်စတစ်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေနဲ့ စည်းမျဉ်းတွေ ဖော်ထုတ်တာကို အားပေးပါ။ 

(၈) ပြောင်းလဲဖို့ တောင်းဆိုပါ 

ပလတ်စတစ်ထုတ်လုပ်တာနဲ့ ညစ်ညမ်းတာကို လျှော့ချပေးနိုင်တဲ့ မူဝါဒတွေကို တောင်းဆိုပါ။ 

(၉) အခြားသူတွေကို ပညာပေးပါ 

မိတ်ဆွေတွေနဲ့ မိသားစုတွေကို မိုက်ခရိုပလတ်စတစ်အကြောင်း မျှဝေပါ။ 

(၁၀) ရေရှည်ကျန်းမာရေးကို ဦးစားပေးပါ 

မိုက်ခရိုပလတ်စတစ်နဲ့ ထိတွေ့မှုကို လျှော့ချတာက ရေရှည်ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုတာ နားလည်ထားပါ။

မူရင်း – Should you worry about microplastics?, The Economist

Click to rate this post!
[Total: 2 Average: 5]