၁၉ ရာစုက ပရပ်ရှား ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့တဲ့ ကားလ်ဗွန် ကလော့စ်ဝဇ်က စစ်ပွဲဆိုတာ မသေချာ မရေရာမှုရဲ့ နယ်ပယ် တစ်ခုပဲလို့ ပြောခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်ဟာ ဒေါ်နယ်ထရမ့်ခေါင်းဆောင်တဲ့ အမေရိကန် အစိုးရနဲ့ ဘယ်တုန်းကမှ ထိတွေ့ ဆက်ဆံခြင်း ပြုဖူးသူ မဟုတ်ပါဘူး။ ကလော့စ်ဝဇ် မှတ်ယူထားတဲ့ စစ်ပွဲရဲ့ မရေရာ မသေချာမှုတွေကို မေ့ပစ်လိုက်ပါ။
ဥရောပနိုင်ငံတွေဟာ Pax Americana ဆိုတဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ချမှတ်ခဲ့တဲ့ အမေရိကန်ရဲ့ “အဓွန့်ရှည် ငြိမ်းချမ်းရေး” မူဝါဒ ကို သူ့နည်းသူဟန်နဲ့ အကောင်အထည်ဖော်မယ့် ထရမ့် လက်ထက်မှာ မှုန်ဝါးဝါး လမ်းကြောင်း ထဲကို ဖြတ်သန်းကာ လျှောက်လှမ်းဖို့ သူတို့ စိုးရွံ့နေကြတယ်။
ထရမ့်ရဲ့ ဘာဆိုလိုမှန်းမသိတဲ့ ရှုပ်ရှုပ်ထွေးထွေး ပြောစကား တွေကို နားမလည်တဲ့နေရာမှာ
ကံကောင်းပါစေ။ “လွတ်မြောက်ခြင်း” ဆိုတာကို အခွန်အကောက်တွေမှတစ်ဆင့် ရှာကြံနေတဲ့ မိတ်ဖက် နိုင်ငံကြီး နဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ရခြင်း သို့မဟုတ် ယခုအချိန်မှာ ရုရှား ပြောခဲ့သမျှကို သံယောင်လိုက်ပြီး ပြောနေပြီ ဖြစ်တဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံနဲ့ ဆယ်စုနှစ် တစ်ခုကျော်ကြာမျှ စစ်ရေး မဟာမိတ် ဖြစ်ခဲ့ခြင်းဟာ ပထဝီ နိုင်ငံရေး မြူမှုန်တွေကြားထဲမှာ တရွေ့ရွေ့ ဆင်ကန်းတောတိုး နေတာနဲ့ တူနေရော့သလား။
အမေရိကန်ပြည်သူတွေလိုပဲ မစ္စတာ ထရမ့်ရဲ့ ဘာဆိုလိုမှန်းမသိတဲ့ ရှုပ်ရှုပ်ထွေးထွေး ပြောစကား တွေကို နားမလည်တဲ့နေရာမှာ ဥရောပဟာ သူတစ်ကိုယ်တည်း တော့ မဟုတ်ပါ။ သို့ပေမယ့် ဥရောပဟာ မကြုံစဖူး ကြုံနေရတဲ့ ပြဿနာ တစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ဥရောပဟာ အသစ်တက်လာတဲ့ အမေရိကန် အစိုးရနဲ့ မိမိတို့ အကြား လောလောလတ်လတ်မှာ ပြိုကွဲနေတဲ့ ဆက်ဆံရေးကို ပြန်လည် ပြင်ဆင်ဖို့ အတွက် ဘာဆက်လုပ်ရမယ် ဆိုတာ မသိဘဲ ဖြစ်နေပါတယ်။
အကယ်၍ ဥရောပသားတွေ အနေနဲ့ သူတို့နဲ့ သမိုင်းတစ်လျှောက် မိတ်ဖက်ဖြစ်ခဲ့ပြီး ယနေ့အချိန်မှာလည်း အင်အားကြီးနိုင်ငံဖြစ်နေတဲ့ မိတ်ဆွေကြီးကို ကူညီလိုသည့်တိုင် သူတို့ရဲ့ မဟာမိတ်ကြီးက ဘာလိုချင်တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေကြပါတယ်။
တကယ်တော့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်ဖွဲ့ရတဲ့ အလုပ်ဟာ ဘယ်တော့မှ လုံးလုံးလျားလျား ဖြောင့်ဖြူးခြင်း မရှိခဲ့ပါဘူး။ ယန်းကီး (အမေရိကန်) တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းက ဥရောပရဲ့ အားနည်းလှတဲ့ စစ် အသုံးစရိတ်နဲ့ ပတ်သက်ပြီး မကျေမချမ်း ပြစ်တင်ပြောဆိုခဲ့ပါတယ်။
ပင်လယ်ကွေ့ စစ်ပွဲအတွင်းက ဂျော့ဒဗလျူဘုရှ်က ဥရောပဟောင်းနဲ့ ဥရောပသစ်တို့ကို တစ်ဖက်နဲ့ တစ်ဖက် ဆန့်ကျင် ယှဥ်ပြိုင်ကြစေဖို့ အကြီးအကျယ် ကြိုးပမ်းခဲ့တယ်။ ထိုအချိန်ကစပြီး ထာဝရ စည်းလုံးညီညွတ်နေခဲ့တဲ့ (ဥရောပ) သမဂ္ဂကြီးဟာ အမေရိကန် အဆင်ပြေစေဖို့အတွက် ဂိုဏ်းတွေ အုပ်စုတွေ အဖြစ် ကွဲသွားခဲ့တယ်။
အမေရိကန် အာဏာပိုင်တွေက ပြင်သစ်နဲ့ ဂျာမန် စီးပွားရေးလုပ်ငန်းတွေကို ဒေါ်လာ ဘီလီယံ ပေါင်းများစွာ ဒဏ်ရိုက်ခဲ့တဲ့ တစ်ချိန်တည်းမှာပဲ ဥရောပ သမဂ္ဂ နိုင်ငံတွေမှာ စီးပွားရေး လုပ်နေ ကြတဲ့ အမေရိကန် နည်းပညာ လုပ်ငန်းကြီးတွေ အပေါ် မှာ ကန့်သတ်မှုတွေ ထိန်းချုပ်မှုတွေ မလုပ်ဖို့ နဲ့ ဒီလိုလုပ်ဆောင်မှုတွေ မှန်သမျှကို ရှုတ်ချတယ် လို့ ပြောဆိုခဲ့တယ်။ ဥရောပလိုလားတဲ့ အစိုးရတွေ သည်ပင်လျှင် နောက်ဆုံးမှာတော့ အမေရိကတိုက်ရဲ့ ပေါ်လစီ ချမှတ်သူတွေဘက်က ရပ်တည် ခဲ့ကြရတယ်။ ၂၀၁၁ ခုနှစ် တုန်းကလည်း ဂျိုးဘိုင်ဒင်ဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ လိုက်လျောညီထွေ ရှိတဲ့ စက်မှုလုပ်ငန်းတွေကို ရက်ရောစွာ ထောက်ပံ့ပေးဖို့ ကြေညာခဲ့တယ်။ ပထမတော့ ဟုတ်မလိုလိုနဲ့ ကြိုဆိုခဲ့ကြပြီးမှာ ဥရောပ စျေးကွက်ကို ဦးဆောင်နေကြတဲ့ လုပ်ငန်းကြီးတွေအတွက် အထင်နဲ့အမြင် လွဲနေပြီ ဆိုတာ သိလိုက်ရတဲ့အချိန်မှာ “ဟင်” ခနဲ ဖြစ်သွားကြပါတယ်။
သို့ပေမယ့် ယခုအချိန်မှာတော့ ကွာခြားမှု ရှိနေပါတယ်။ ထရမ့်အစိုးရရဲ့ ထိပ်တန်း အရာရှိကြီးတွေက ဥရောပကို သွင်းကုန်အများအပြားတင်သွင်းခွင့် ပြုဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ယူကရိန်းရဲ့ ကံကြမ္မာ အပေါ်မှာ တစိုးတစိမျှ သက်ရောက်ခဲ့တာ မဟုတ်ဘဲ အမေရိကန်နိုင်ငံရဲ့ သမိုင်းဝင် မဟာမိတ်တွေကိုလည်း မယုံနိုင် လောက်အောင် ဖြစ်ကာ ကျေနပ်နှစ်သိမ့် ကြရပါတယ်။
မကြာသေးမီက အမေရိကန် အစိုးရပိုင်း က ထိပ်တန်း အရာရှိကြီးတွေ ပြောကြားခဲ့တဲ့ ရှေ့ဖုံး နောက်ဖိ စကားတွေ ပေါက်ကြားလာခဲ့ပါတယ်။ အဲဒီအထဲမှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဆက်သ်က “ဥရောပ ဟာ သနားစရာပဲ” လို့ ပုတ်ခတ်ပြောဆိုခဲ့တယ်လို့ ပါခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကလည်း အလားတူပဲ ဥရောပကို အပြစ် မြင်တတ်သူ တစ်ဦးလို့ ဆိုပါတယ်။ ဒါက သိသာတဲ့အချက်ပါ။ ကြိုတင် မှန်းဆနိုင်ပါတယ်။ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း က မြူးနစ်မြို့မှာ ကျင်းပခဲ့တဲ့ ကွန်းဖရင့်တစ်ခုမှာ ဒုတိယ သမ္မတက ဥရောပတိုက်သားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ မစ္စတာ ထရမ့်ကိုယ်တိုင်ကလည်း ဒီအတိုင်း ပါပဲ။ ဧပြီလ ၂ ရက်နေ့တုန်းက ထရမ့်ဟာ ဥရောပသွင်းကုန်တွေအပေါ် သွင်းကုန် အခွန် ၂၀ ရာခိုင်နှုန်း ချမှတ်ခဲ့တယ်။ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ အာဆူလာ ဗွန်ဒါလေယင်က သူမအနေနဲ့ သက်တမ်းအရင့်ဆုံး မိတ်ဆွေ ဟောင်းကြီးကြောင့် စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ပြောဆိုပါတယ်။

ဘရပ်ဆဲလ်နဲ့ အခြားနေရာက သံတမန် တွေနဲ့ စကားပြောကြည့်တော့ (Make America Great Agအေအိုင်n – MAGA မာဂါ လို့ခေါ်တဲ့ ထရမ့်နဲ့ သူရဲ့ ရီပတ်ဘလီကင်ပါတီက လူတော်တော်များများကို ကိုယ်စားပြုတဲ့ အဖွဲ့) ရဲ့ ဥရောပမုန်းတီးရေးနဲ့ ပတ်သက်လို့ သူတို့ ရှင်းပြကြတဲ့ သီအိုရီ သုံးခုကို စာရေးသူ ကြားခဲ့ရတယ်။ သီအိုရီ သုံးခုထဲက တစ်ခုစီဟာ ဥရောပကို ရိုက်နှက်ဆုံးမသူတွေကို စိတ်သက်သာစေနိုင်တဲ့ သီးခြား ကုထုံးတွေ ပါဝင်ပါတယ်။ ဒါကြောင့် ဘယ်အရာဟာ မှန်ကန်တဲ့ အကြောင်းအရာတွေ ဖြစ်တယ်ဆိုတာကို သိဖို့ လိုပါတယ်။
ပထမဖြစ်နိုင်ခြေကတော့ မစ္စတာထရမ့်ဟာ သူ့အရင်က သမ္မတ တာဝန် ထမ်းရွက်ခဲ့ကြသူတွေ လိုပဲ ဥရောပ တိုက်သားတွေအနေနဲ့ သူတို့အတွက် လုံခြုံရေး ကိစ္စကို သူတို့ကိုယ်တိုင်ပဲ တာဝန်ယူရမယ် ဆိုတဲ့ အယူအဆ ကို လက်ခံထားခြင်း ပါပဲ။ ဒါ့အပြင် ထရမ့်အနေနဲ့ ထိုကိစ္စကို လုပ်ဆောင်ရာမှာ သံတမန်ရေးအတိုင်း တိကျ ရေရာမှု တွေနဲ့ ဆောင်ရွက်ခြင်းကြောင့် ဘယ်လိုကန့်သတ်မှုတွေမှ ရှိမလာနိုင်ဘူး။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခု အလွန်တုန်းက ဘာရက်အိုဘားမားက ထိုအချိန်ကစပြီး ပိုမိုကြီးထွား ထက်ရှလာတဲ့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖို့အတွက် အမေရိကန် နိုင်ငံဟာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဘက်ကို ကျောခိုင်းပြီး အာရှနဲ့ ပိုမိုထိတွေ့ ဆက်ဆံဖို့ လိုလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ သို့ပေမယ့် ထို ပြောစကား တွေက ဥရောပကို ကာကွယ်ရေး အသုံးစရိတ်တွေ ပိုမိုသုံးစွဲဖို့ မဆိုသလောက်သာ စေ့ဆော်နိုင်ခဲ့တယ်။
ထိုသည်နဲ့ ဆန့်ကျင်စွာပဲ ထရမ့်တို့လူစုရဲ့ စော်ကားသလိုထင်ရတဲ့ အပြင်းစား ရိုက်ချက်တွေ က မဟာမိတ် တွေကို လှုပ်လှုပ်ရှားရှား ဖြစ်လာစေပါတယ်။ အကယ်၍ ဥရောပ အစိုးရတွေအနေနဲ့ ကာကွယ်ရေး အသုံးစရိတ် ကိစ္စမှာ ခြစ်ခြစ်ကုတ်ကုတ် သုံးစွဲနေခဲ့ခြင်းဟာ အမေရိကန်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့မယ်ဆိုရင်လည်း ဖြေရှင်းစရာ နည်းလမ်းက အသင့်ရှိနေပါတယ်။ လာမယ့်ဇွန်လမှာ ကျင်းပမယ့် နေတိုး ထိပ်သီး အစည်းအဝေးမှာ ဥရောပအနေနဲ့ ကာကွယ်ရေး အသုံးစရိတ် ပိုသုံးမှာပါလို့ ကတိပေး လိုက်ရုံပါပဲ။
မာဂါရဲ့ ဥရောပ ရန်လိုမှုနဲ့ပတ်သက်လို့ ဒုတိယ သီအိုရီကတော့ ပိုမိုပြီး စိတ်ပူပန်စရာ ရှိနေပါတယ်။ ဒီအမြင်အရ ဥရောပကို ဆဲရေးတိုင်းထွာနေကြတဲ့ အချက်တွေဟာ ကာကွယ်ရေး အသုံးစရိတ်ကိစ္စမှာ ကပ်မြှောင် လုပ်နေတယ် ဆိုတာထက်ပင် ပိုပါတယ်။ တကယ်တော့ အမေရိကန်တွေရဲ့ အာရှမဟာမိတ်တွေဟာလည်း သူတို့ရဲ့ လက်နက်ကိုင်တပ်တွေအတွက် သုံးစွဲရာမှာ လျှော့ပေ့ါပြီး သုံးစွဲနေကြတာပါပဲ။ သို့ပေမယ့် ထိုနိုင်ငံတွေကို ကျတော့ ယခုလို ရှုတ်ချပြောဆိုခြင်း မခံကြရပါဘူး။
ဥရောပ ကတော့ ၄င်းရဲ့ အမေရိကန် ဆရာကြီးကို မထီမဲ့မြင် ပြုမူခဲ့မှု ကြောင့် ပြစ်ဒဏ်ခတ်ခြင်း ခံနေ ရပါတယ်။ ဒါ့အပြင် ကမ္ဘာ့စံနှုန်းတွေ နဲ့ ပတ်သက်ပြီး ရှည်ရှည်ဝေးဝေး ပြောဆိုနေတဲ့ ဥရောပသားတွေဟာ “အင်အား သုံးမှ အဆင်ပြေမယ်” ဆိုတာ ယုံကြည်နေကြတဲ့ ထရမ့် ဘက်တော်သားတွေအတွက် ကသိကအောက် ဖြစ်စရာတစ်ခု ဖြစ်နေပါတယ်။
ဥရောပက မဟာ အင်အားကြီး နည်းပညာ ကုမ္ပဏီကြီးတွေကို စည်းမျဥ်း စည်းကမ်းတွေနဲ့ ကိုင်တွယ် ထိန်းချုပ်ဖို့ လုပ်နေတာဟာ ဘယ်လောက်ရဲတင်းလိုက်ပါသလဲ။ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို အမေရိကန်တွေ လက်ထဲ ထည့်လိုက်ခြင်းကြောင့် ပိုကောင်းလာမှာ မဟုတ်ဘူးလို့ မြင်တာဟာ ဘယ်လောက် ရဲတင်းလိုက်ပါသလဲ။ တကယ်တော့ ဥရောပရဲ့ အခန်းကဏ္ဍဟာ ဒုတိယအကြိမ် ကုလားဖန်ထိုးဖို့ သို့မဟုတ် ရေငုံနှုတ်ပိတ် နေပေးဖို့ပါပဲ။
ဥရောပ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ မဟာမိတ်အဖြစ် နေထိုင်ချင်တယ် ဆိုရင်တော့ ဒူးထောက်လိုက်ဖို့ပါပဲ။ ဥပမာ ဝါရှင်တန်ရဲ့ ကိုယ်စား တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး မိမိမလုပ်ချင်တဲ့ အလုပ်တွေကို ကူညီဆောင်ရွက်ပေးဖို့ပါပဲ။ တကယ်တော့ ထိုသို့ဆောင်ရွက်ခြင်းဟာ ဂရင်းလန်ကို ဒိန်းမတ်ကလွှဲပေးရေး ဆိုတဲ့ သေချာပေါက် လက်တွေ့မကျတဲ့ ကိစ္စမျိုး မဟုတ်ပေမယ့် (ဒိန်းမတ်ကလည်း လွှဲပေးမှာ မဟုတ်ပါ) ဥရောပအတွက် အရှက်ရစေတဲ့ အလုပ်ပါ။ သို့ပေမယ့် ဝါရင့် သမ္ဘာရင့် သံတမန်တွေကတော့ ဒီအလုပ်ဟာ ဝရုန်းသုန်းကား နိုင်ပေမယ့်လည်း အလုပ်ဖြစ်တဲ့ ဆက်ဆံရေး နည်းလမ်းတစ်ခုပါလို့ သုံးသပ်ပါတယ်။
ဥရောပ အရာရှိတချို့ကတော့ သူတို့အနေနဲ့ ဘာတစ်ခုမျှမလုပ်နိုင်အောင် စွမ်းအားမဲ့သွားမယ့် တတိယ အမျိုးအစားဖြစ်တဲ့ မာဂါရဲ့ “မလိုမုန်းထားမှု” ကို တွေ့မြင်နေကြပါတယ်။ ထို အထင် အမြင်သေးတဲ့ စိတ်ဓာတ် ကတော့ ဖော့က်စ် သတင်းဌာန အစီအစဥ်တင်ဆက်သူ (လက်ရှိ ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဆက်သ်က တစ်ချိန်တုန်းက ဖောက်က်စ်ရဲ့ အစီအစဥ်တင်ဆက်သူ ဖြစ်ခဲ့ဖူးပါတယ်) တွေရဲ့ စိတ်ကူးထဲမှာရှိတဲ့ တစ်ခုခုကို ရည်ရွယ်တာပါ။ (ဖောက်စ်ဟာ မာဂါအလိုကျချည်းပဲ လိုက်ပြောတဲ့ သတင်းဌာနတစ်ခုပါ)
ထို ဥရောပ မုန်းတီးရေး အမျိုးအစားကတော့ ဥရောပဟာ စီးပွားရေး လမ်းချော်ကာ ယက်ကန်ယက်ကန်နဲ့ ပက်လက်လန် လဲကျနေပြီး လူဦးရေဆိုင်ရာ သေကြောင်းကြံစည်မှုနဲ့ အလုပ်ရှုပ်နေတဲ့ ကမ္ဘာ့တိုက်တစ်တိုက်အဖြစ် မြင်နေခြင်းပါပဲ။ ထိုဒေသမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ခံစားရသူတွေကတော့ အစွန်းရောက် မူစလင် တွေပဲ ဖြစ်ပါတယ်။
သူတို့အတွက်ကတော့ ဥရောပဟာ သတိထား နားစွင့်ထားရမယ့် ပုံပြင်တစ်ပုဒ် ပါပဲ။ အမေရိကန်ဟာ မစ္စတာ ထရမ့်မှ မကယ်ရင် လျှောကျပျက်စီးတော့မယ်ဆိုတဲ့ ပုံပြင်မျိုးပေါ့။ ဒီလို ယုတ္တိနဲ့ ဝေးတဲ့ အဖြစ်က ဥရောပအတွက် အမေရိကန်ကို အလိုလိုက်စရာ ဘာအကြောင်းမှ မရှိပါ။ ဥရောပသားတွေ နားလည်ရခက်တဲ့ အမေရိကန် ဒုတိယ သမ္မတ မစ္စတာဗန့်စ် လေးစား အားကျနေတဲ့ နာဇီပါတီနဲ့ ယှဥ်နိုင်တဲ့ ပါတီတစ်ခု လက်ထဲ အာဏာရသွားဖို့ ကိစ္စဟာ ဥရောပအတွက်ကတော့ ဘယ်လိုမှ လက်ခံစရာ မရှိပါ။
ဥရောပကို ဆော်နှက်နေတဲ့ မာဂါ ပုဂ္ဂိုလ်တွေအတွက် တရားမျှတမှု ရှိဖို့ ကတော့ ဥရောပ အပေါ်သူတို့ရဲ့ မုန်းတီးမှုအတွက် တစ်ဖက်က ပြန်ခြင်းခတ်လာပါတယ်။ ဥရောပ ခေါင်းဆောင်တွေကို ဝေဖန်တဲ့ ထရမ့်ရဲ့ အဖွဲ့သားတွေ ပွင့်ပွင့်လင်းလင်း ပြောဆိုကြတဲ့ စကားဝိုင်းက ပေါက်ကြားလာတဲ့ အချက်တွေက ထိုအဖြစ်ကို သက်သေခံနေပါတယ်။
ဝါရှင်တန်က မိမိတို့ကို ဘာကြောင့်ဒီလောက်မုန်းနေတယ်ဆိုတာကို မသေချာ မရေရာ ရှိရင်းနဲ့ဘဲ ဥရောပ သားတွေဟာ သူတို့ရဲ့ သံတမန် အလေ့အထဟောင်းတွေကို ပြန်လည်ခြင်း အသုံးချမှာပါပဲ။ ဒါတွေကတော့ စိတ်ပျက် မသွားပဲနဲ့ ပုံမှန်ဆက်ဆံရေး ဆက်လက်ထားရှိရေးပါ။ တစ်ခါတစ်ရံမှာတော့ ဒါဟာ အလုပ်ဖြစ်ပါတယ်။ မတ်လ ၂၉ရက်က ဖင်လန်သမ္မတ အလက်ဇန္ဒားစတပ်ဘ်ဟာ မာ-အာ-လာဂို (Mar-a-Lago) (အိမ်ဖြူတော်မဟုတ်တဲ့ ဒေါနယ် ထရမ့်ရဲ့ ဇိမ်ခံ အိမ်ကြီး) မှာ နာရီအတော်ကြာမျှ မစ္စတာထရမ့်နဲ့ ဂေါက်သီးရိုက် ကစားခဲ့ပါတယ်။ ဒီနောက် မကြာမီ မှာပဲ မစ္စတာထရမ့်က ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ ပျက်ကွက်တဲ့အတွက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သူ “စိတ်ကုန်တယ်” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဥရောပအတွက် အသုံးဝင်တဲ့ အောင်မြင်မှု တစ်ခုပါ။
အမေရိကန်နိုင်ငံဟာ ယူကရိန်းမှာ ထားရှိတဲ့ လုံခြုံရေး အာမခံချက်ပေးနေတဲ့ ဥရောပ ဦးဆောင်တဲ့ တပ်တွေ ကို ခိုင်မာတဲ့ ထောက်ပံ့မှုကို ဆက်လက်ပေးပါလိမ့်မယ်လို့ လူအများအပြားက မျှော်လင့်နေကြပါတယ်။
တစ်ခါတစ်ရံမှာတော့ မိတ်ဟောင်းဆွေဟောင်းတွေ မြူနှင်းတွေ ပိတ်ဖုံးနေတဲ့ လမ်းတစ်လျှောက်မှာ တစ်ဦး ကို တစ်ဦး ရှာဖွေတွေ့ရှိဖို့ ကြိုးစားကြရပါတယ်။
မူရင်း Europe cannot fathom what Trumpian America wants from it, The Economist, April 2025


