ဒေါ်လာဟာ ကမ္ဘာ့ ငွေကြေးဈေးကွက်မှာတော့ ဘုရင်ပဲ “Dollar is King” လို့ပြောဆိုကြသည်။ ကုန်သွယ်ရေး မှာလည်း ငွေတောင်းပြေစာများ၊ ကုန်ပစ္စည်းဈေးနှုန်းများကို အများစုက ဒေါ်လာဖြင့်သာ ဖော်ပြကြသည်။ ကုန်သွယ်မှု စုစုပေါင်းတန်ဖိုး၏ ၅၄%သည် ဒေါ်လာဖြင့်သာ ပေးချေမှုပြုကြသည်ဟု သိရသည်။ အရန်ငွေကြေး reserve currency အဖြင့် နိုင်ငံများကထားရှိရာတွင်လည်း ဒေါ်လာကိုသာအများစုကထားရှိပြီး အရန်ငွေကြေး စုစုပေါင်း၏ ၆၀% နီးပါးရှိသည်ဟုသိရသည်။ နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်မှာလည်း ၈၈%သည် ဒေါ်လာကို လဲလှယ်ကြခြင်း ဖြစ်သည်ကို တွေ့ရသည် ။
Carnegie Endowment for International Peace မှ Micheal Pettis က Foreign Affအေအိုင်rs မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် သူ၏“The High Price of Dollar Dominance; The Dollar is the Worst Reserve Currency -Except for All the Rest” ဆောင်းပါးမှာ “ကမ္ဘာ့သမိုင်းတွင် တစ်ခါမှ အမေရိကန် ဒေါ်လာကဲ့သို့ ငွေကြေး currency မပေါ်ပေါက်ဖူးသေး” ဟု ရေးသားခဲ့သည်။ ထိုကဲ့သို့ ကမ္ဘာ့ဘဏ္ဍာ ငွေကြေး ဈေးကွက်၊ ကုန်သွယ်မှုနှင့် အရန်ငွေကြေး အစရှိသဖြင့် စီးပွားရေးနယ်ပယ်အသီးသီးကို လွှမ်းမိုး ထားနိုင်သည့် ဒေါ်လာ ငွေကြေးကို ပိုင်ဆိုင်ထားခြင်းဟာ အမေရိကန် နိုင်ငံ အတွက် ကောင်းသလား၊ ဆိုးသလား ဆိုသည်ကို ပညာရှင်များအကြား ငြင်းချက်ထုတ်လျက် ရှိပါသည်။
သူမတူသည့် ဒေါ်လာကိုပိုင်ဆိုင်ထားခြင်း (သို့) Exorbitant Privilege သည် အမေရိကန်နိုင်ငံအတွက် ကောင်းသလား ဆိုးသလား။
ကမ္ဘာ့ပေါ်ရှိ နိုင်ငံအသီးသီးသည် ပိုလျှံသည့်ငွေများကို ဒေါ်လာအဖြင့် သိမ်းဆည်းထားကြ သဖြင့် (သို့မဟုတ်) ဒေါ်လာဖြင့်ဝယ်ယူရသည့် အမေရိကန်ငွေကြေးဈေးကွက်မှ စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊ အိမ်ခြံမြေ များကို ဝယ်ယူကြသဖြင့် အမေရိကန်နိုင်ငံသည် မည်မျှပင် အစိုးရ ဘတ်ဂျက်လိုငွေပြနေပါစေ၊ သို့တည်းမဟုတ် မည်မျှပင် ကုန်သွယ်မှုလိုငွေပြနေပါစေ အခြားနိုင်ငံများလိုငွေကြေး အကျပ်အတည်း မကြုံတွေ့ရဘဲ သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေများကို ရယူ နေနိုင်ပါသည်။ ထို့အတွက် ကြောင့်လည်းငွေကြေး ဖောင်းပွမှုနှုန်း နည်းပါးပြီး ဒေါ်လာ တန်ဖိုး သည်လည်း ဝယ်ချင်သူများ၍ အခြားငွေကြေး များဖြင့်ယှဉ်လျှင်လည်း ခိုင်မာလျက်ရှိသည်ဟု သုံးသပ်ကြသည်။
အမေရိကန် အစိုးရအနေဖြင့်လည်း ဘတ်ဂျက်အသုံးစရိတ်လိုငွေများကို သက်သာသည့် အတိုးနှုန်း ပေးရသည့် ငွေတိုက်စာချုပ်များ ရိုက်ထုတ်ချေးယူနိုင်ခြင်းဖြင့် အစိုးရ ချေးငွေပမာဏသည် ၃၆ ထရီလီယံသို့ ရောက်ရှိ နေသော်လည်း ပြဿနာမဖြစ် ဆက်လက်လိုငွေပြနိုင်သလို ဆက်လက်၍လည်း ချေးယူနိုင်လျက် ရှိသည်။ အမေရိကန် စတော့ရှယ်ယာများ၊ ငွေတိုက်စာချုပ်များ၊အိမ်ခြံမြေများကိုပြည်ပမှ ဝယ်ယူလိုသူ များခြင်းကြောင့်လည်း အမေရိကန် စတော့ရှယ်ယာဈေးကွက်သည် ကမ္ဘာမှာ အကြီးဆုံးဖြစ်သလို ရင်းနှီး မြှုပ်နှံရာ၌လည်း သူ့လောက် အကျိုးအမြတ် ပြန်လည် ရရှိမှုကို မည်သည့် စတော့ဈေးကွက်မှ မယှဉ်နိုင်။ အလားတူ ငွေတိုက်စာချုပ်များ၊အိမ်ခြံမြေများ၏ တန်ဖိုးသည် လည်း မြင့်တက်လျက်ရှိသည်။
ကမ္ဘာပေါ်တွင် စီးပွားရေးအကျပ်အတည်းများ ရိုက်ခတ်တိုင်းလည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ များ သည် စိတ်အချရဆုံးဟုသတ်မှတ်ထားသည့် အမေရိကန်အစိုးရ ငွေတိုက်စာချုပ်များ ဝယ်ယူကြ သဖြင့် အမေရိကန် အစိုးရသည် စီးပွားရေးကျဆင်းမှုကို ငွေအလုံးအရင်းသုံး၍ ဖြေရှင်းနိုင်သလို အတိုးနှုန်းကလည်း သက်သာသဖြင့် အခြားနိုင်ငံများထက် ပိုမိုထိရောက်စွာ အကျပ်အတည်းများကိုရင်ဆိုင်ဖြေရှင်း နိုင်ခဲ့သည်။

အခြားနိုင်ငံများအနေဖြင့် လိုငွေ နှစ်ခု (twin deficits) ဟု ခေါ်ဆိုသည့် ကုန်သွယ်မှုလိုငွေ (trade deficit)နှင့် ဘတ်ဂျက်လိုငွေ (fiscal deficit) ပြသည့်အခါ ငွေကြေးတန်ဖိုးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်မှုကို ခံစားရကြပြီး ကြီးမားသည့်စီးပွားရေးအကျပ်အတည်းများ ကြုံတွေ့ကြရသော်လည်း အမေရိကန်နိုင်ငံအနေဖြင့် ထိုလိုငွေနှစ်ခု ပြနေသော်လည်း အခြားဥရောပနိုင်ငံများ၊ ဂျပန်တို့ထက် စီးပွားရေးသည် တိုးတက်လျက် ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ဒေါ်လာ၏ လွှမ်းမိုးနိုင်မှုနှင့် အခြားနိုင်ငံများနှင့်မတူ ချေးငွေများ၊အရင်းအနှီးများရရှိနေသည့် အခွင့်အရေးကို ပညာရှင်များက exorbitant privilege တန်ဖိုးကြီးသည့် အထူးအခွင့်အရေးဟု ခေါ်ဝေါ်ကြသည်။
သို့သော်လည်း Micheal Pettis တို့လို ဒေါ်လာသည် exorbitant privilege မဟုတ်၊ ဒေါ်လာသည် exorbitant burden တန်ဖိုးကြီးသည့် ဝန်ထုပ်ဝန်ပိုးဟု သုံးသပ်သည့် ပညာရှင်များလည်းရှိနေသည်။ အမေရိကန် နိုင်ငံသည် ကုန်သွယ်မှုတွင် ကုန်သွယ်ဘက်နိုင်ငံများက အမြဲပိုငွေပြနေပြီး အမေရိကန်နိုင်ငံကတော့ အမြဲလိုငွေ ပြနေရခြင်းသည် တဖက်စောင်းနင်း ကမ္ဘာ့စီးပွားရေး စနစ်ကြောင့်ဖြစ်သည်။ တရုတ်အပါအဝင် ကုန်သွယ်ဖက် နိုင်ငံများသည် ပို့ကုန်များ အမေရိကန်သို့တင်ပို့ရေးကိုသာဦးစားပေး ၍ ယင်းနိုင်ငံများ၏ ဝယ်လိုအားသည် အမြဲတစေ နည်းပါးနေခြင်းကြောင့် အမေရိကန်မှပြန်လည်တင် သွင်းမှုမှာလည်း နည်းပါးနေသည်။ တစ်နည်းဆိုရလျှင် ၎င်းတို့ စက်ရုံများမှထုတ်လိုပ်လိုက်သည့် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်မှ ဝယ်ယူသုံးစွဲမှု အားနည်းနေခြင်းကြောင့် ပိုလျှံသည့်ကုန်ပစ္စည်း အများအပြားကို ဈေးနှုန်းသက်သာစွာဖြင့် အမေရိကန်ဈေးကွက်သို့ တင်သွင်းလာခြင်းကြောင့် အမေရိကန် စက်ရုံအလုပ်ရုံများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများသည် တရုတ်ကုန်ပစ္စည်းများဖြင့် ယှဉ်ပြိုင်နိုင် ခြင်း မရှိတော့ဘဲ နောက်ဆုံးပိတ်သိမ်းကြရသည်။ အမေရိကန် အလုပ်သမားသန်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်ကြရသည်ဟု သုံးသပ်ကြသည်။
တရုတ်၊ ဗီယက်နမ်ကဲ့သို့ အမေရိကန်နှင့်ကုန်သွယ်မှုတွင် ဒေါ်လာဘီလီယံရာချီ ပိုငွေပြနေသည့် နိုင်ငံ များသည် အလုပ်လက်မဲ့ ဖြစ်ပွားမှုကို ပို့ကုန်အဖြင့် အမေရိကန်သို့တင်ပို့နေခြင်းပင်ဖြစ်သည် exporting umemployment ဟုဝေဖန်ရေးသားကြသည်။ မိမိနိုင်ငံမှအလုပ်သမားများ၏ လုပ်ခ လစာများကို အလွန် သက်သာအောင် လုပ်ထားခြင်း၊ စက်ရုံ အလုပ်ရုံများ၊ စီးပွားရေးလုပ်ငန်းများမှရင်းနှီးမြှုပ်နှံမှု အတွက် ငွေချေး ယူရာတွင် လည်း အထူးသက်သာသည့် အတိုးနှုန်းများဖြင့် နိုင်ငံတော်ပိုင် ဘဏ်များမှ ထုတ်ချေးခြင်း၊အခြား ထောက်ပံ့မှုများပေးအပ်ခြင်းနှင့် မိမိပြည်တွင်းဈေးကွက်အတွင်းသို့ နိုင်ငံခြားမှ သွင်းကုန်များတင်သွင်းမလာနိုင်ရန် အခွန်မဟုတ်သည့် အတားအဆီးများ (non-tariff barriers) ချမှတ် ထားခြင်းတို့ကြောင့် အမေရိကန်ကုန်ပစ္စည်းများ တရုတ်ဈေးကွက်ကို မထိုးဖောက်နိုင် ဖြစ်ရသည်ဟု သုံးသပ်ကြသလို တရုတ်အလုပ်သမားများ၏ ဝင်ငွေလစာ နည်းပါးခြင်း၊ တရုတ် ပြည်သူများ ဘဏ်များ တွင်ငွေစုဆောင်းရာတွင် ဈေးကွက်ပေါက်ဈေး အတိုးနှုန်းကို မရ ရှိသည့်အတွက် စုဆောင်း ငွေများမှ တိုးရင်းပေါင်းရရှိမှုနည်းပါးပြီး မိမိတို့အနာဂတ်အတွက် ရသမျှစုဆောင်းမှသာ စိတ်ချရမလိုဖြစ်ခြင်း ကြောင့်လည်း စုဆောင်းငွေ (saving) မြင့်မားပြီး စားသုံးနိုင်မှု (consumption) နည်းပါး ရခြင်းဖြစ် သည်။ စားသုံးနိုင်မှုနှင့်ဝယ်လိုအား နည်းပါးခြင်းကြောင့်လည်း အမေရိကန်မှ ကုန်ပစ္စည်းများကို မတင်သွင်းနိုင် ဖြစ်ရသည်။ ထိုအခါ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်အပါအဝင် ကုန်သွယ်ဖက် နိုင်ငံအများ အပြား၏ စက်ရုံများမှထုတ်လုပ်လိုက်သည့် ပိုလျှံပစ္စည်းအားလုံးကို သိမ်းကျုံး ဝယ်ယူနေရခြင်းဖြစ်သည် ဟု သုံးသပ်ကြသည်။
ထိုကဲ့သို့ အမေရိကန်ဒေါ်လာသည် အမေရိကန်နိုင်ငံနှင့်ပြည်သူများအတွက် အကျိုးမရှိ၊ ကမ္ဘာ့စီးပွား ရေးစနစ်ကြီးသည် တဖက်စောင်းနင်းဖြစ်နေသည်ဟူသည့် အယူအဆရှိသူများက ယခုအခါ သမ္မတ ထရမ့်၏ အကြံပေးများ၊ ကက်ဘိနက်အဖွဲ့ဝင်များဖြစ်လျက်ရှိပြီးထိုအယူအဆ ကြောင့်လည်း ကုန်သွယ် မှုနှင့်သက်ဆိုင်သည့် သွင်းကုန်အခွန်နှုန်းထားများကို တိုးမြှင့်ကောက်ခံခြင်းကို ထရမ့်အစိုးရဒုတိယ အကြိမ်အာဏာရလာပြီးကတည်းက စတင်လိုက်ခြင်းဖြစ်သည်။
ဒေါ်လာလွှမ်းမိုးမှုကျဆင်းခြင်းနှင့်အမေရိကန်စီးပွားရေး
ဒေါ်လာဟာ ထိုသို့ကမ္ဘာ့ငွေကြေးဈေးကွက်နှင့်ကုန်သွယ်မှုဆိုင်ရာမှာ ဘုရင်တစ်ပါးဖြစ်နေခြင်း၊ လွှမ်းမိုး နိုင်ခြင်းဟာ အမေရိကန်ပြည်ထောင်စု၏ တရားဥပဒေစိုးမိုးမှု (rule of law) ကြောင့်ဖြစ်သည်။ ငွေကြေး ဈေးကွက် ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဗဟိုဘဏ်၏သီးခြား လွတ်လပ်စွာ ရပ်တည်မှု အပါအဝင် ပြည်တွင်း ပြည်ပ ရင်းနှီး မြှုပ်နှံသူများကို ကျောသားရင်သားမခွဲခြားဘဲ တရား ဥပဒေ ရှေ့မှောက်တွင် မျှတစွာ ဆက်ဆံခြင်း တို့ကြောင့် ဖြစ်သည်ဟု ဆိုရမည်။ Institutions များ အားကောင်းသည် ဟုဆိုရမည်။
တည်ငြိမ်သည့်ငွေလဲလှယ်နှုန်း (stable exchange rate)၊ ဗဟိုဘဏ်၏ လွတ်လပ်စွာ ငွေကြေးဆိုင်ရာ မူဝါဒ ချမှတ် အကောင်အထည် ဖေါ်ဆောင်နိုင်မှု (independent monetary policy)နှင့် ထိန်းချုပ်မှုကင်း သည့် တံခါးဖွင့် ထားသော ငွေကြေးရင်းနှီးမြှုပ်နှံမှုဈေးကွက် (open capital market) သုံးမျိုးစလုံး အမေရိကန်နိုင်ငံက ထားရှိ နိုင်ခြင်းက ဒေါ်လာအားသာချက်ဖြစ်သည်။ ယူရိုငွေကြေးလည်း ထိုသုံးမျိုး စလုံးထားရှိနိုင်သော်လည်း အမေရိကန် စတော့နှင့် ငွေကြေးဈေးကွက်များက ကြီးမားသောကြောင့် အမေရိကန်ဒေါ်လာကိုအသုံးများခြင်းလည်းဖြစ်သည်။ ထိုသုံးမျိုးကို impossible trinity ဟုလည်း ခေါ်ဆို၍ တရုတ်အစိုးရသည် ထိုသုံးမျိုးတွင် နှစ်မျိုးကိုသာ လုပ်ဆောင်နိုင် သောကြောင့် တရုတ်ယွမ်သည် ကမ္ဘာသုံး ငွေကြေးတစ်ခု ဖြစ်လာရန် အလားအလာနည်းပါးသေးသည်။ နောက်ဆုံး တစ်မျိုး တံခါးဖွင့်ထားသည့် ငွေကြေးရင်းနှီးမြှုပ်နှံမှုဈေးကွက် မဖော်ဆောင်နိုင်သောကြောင့်ဖြစ်သည်။ တံခါး ဖွင့်ထား လျှင် ရုတ်တရက်တရုတ်ပြည်တွင်းမှ ယွမ်များကို ပြည်ပဈေးကွက်မှဒေါ်လာဖြင့် အလုံး အရင်း လဲလှယ်ကြလျှင် ယွမ် ငွေကြေးတန်ဖိုးထိုးကျမည်ကို စိုးရိမ်သောကြောင့်လည်းဖြစ်သည်။ ငွေကြေးဈေးကွက်ကိုပိတ်ထားသည့်ကြား ကပင် ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း ရခြင်းသည်လည်း မြန်မာပြည်သူ များသည် ကျပ်ငွေကို ကိုင်ဆောင် မထားလို၍ ဒေါ်လာ၊ ထိုင်းဘတ်၊ စင်ကာပူဒေါ်လာများကိုအလုံးအရင်း ဝယ်ယူခြင်းက အကြောင်းရင်း တစ်ခုဖြစ်သည်။
ထရမ့်အာဏာရပြီးနောက်မှာတော့ ဒေါ်လာတန်ဖိုးသည် အခြားငွေကြေးများဖြင့်နှိုင်းယှဉ်ပါက ၉% ကျဆင်း ခဲ့သည် ဟုသိရသည်။အဓိကကျဆင်းရခြင်းကတော့ ဘယ်သူမပြုမိမိမှု ဆိုသလို ထရမ့်အစိုးရ၏ မူဝါဒများ ကြောင့်ပင် ဖြစ်သည်။ အဆိုးဆုံးမှာတော့ သူ၏ ဥပဒေမဲ့လုပ်ရပ်များ၊ ဘောင်ကျော် လုပ်ဆောင်မှုများ ကြောင့် ဖြစ်သည်။ ဧပြီလ ၂ ရက်နေ့မှာ ရန်သူမိတ်ဆွေမခွဲခြား ချမှတ်ခဲ့သည့် သူ၏reciprocal tariffs ဟုခေါ်သည့် မြင့်မားသည့် သွင်းကုန်ခွန်များနှင့် နောက်ဆက်တွဲ အရှိန်အဟုန် ပြင်းလာသည့် အမေရိကန်-တရုတ်ကုန်သွယ်ရေး စစ်ပွဲကြောင့်လည်း ပိုမို ကျဆင်း ခဲ့ရခြင်းဖြစ်သည်။
အထူးစိုးရိမ်စရာကောင်းသည်ကတော့ ၁၀နှစ်ခံငွေတိုက်စာချုပ် အတိုးနှုန်းများမြင့်တက်လာချိန် (10 Year Treasuries Bond Yields) မှာ ဒေါ်လာတန်ဖိုး ကျဆင်းလာခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာတော့ ယခင်က စိတ်ချ ရပါပြီဟု ယူဆထားသည့် အမေရိကန်အစိုးရငွေတိုက်စာချုပ်များအပေါ် ယုံကြည်မှု ကျဆင်း လာခြင်းကြောင့် ဖြစ်သည်။ ပေးထားသည့် ကတိများကို မိတ်ဆွေရင်း မဟာမိတ်နိုင်ငံများအပေါ်တွင် ပင် ဖောက်ဖျက်နေသည့် ထရမ့်အစိုးရ အပေါ် ယုံကြည်မှုလျော့နည်းလာခြင်းဖြစ်သည်။ အဓိကအချက် များတွင်လည်း တရားဥပဒေစိုးမိုးမှု (rule of law) နှင့် စည်းမျဉ်းစည်းကမ်းများ နှင့် ယင်းတို့ကိုသက်ဝင်အောင် ဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများ(institutions) ကို ဖျက်ဆီးနေခြင်းကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဒေါ်လာသည် ကမ္ဘာ့စီးပွားရေးစနစ်တွင် ကုန်သွယ်မှု၊ ဘဏ္ဍာ ငွေကြေး ရင်းနှီးမြှုပ်နှံမှု နှင့် ငွေကြေးလဲလှယ်မှုများတွင် အဓိကကြားခံငွေကြေးဖြစ်နေသည့်အတွက် ဒေါ်လာ၏ အရေးပါသည့် အခန်းကဏ္ဍ ပျက်စီးခြင်းသည် အမေရိကန်သာမက ကမ္ဘာ့စီးပွားရေးအပေါ်တွင်လည်း ကြီးမားသည့် သက်ရောက်မှုများရှိမည်မှာ ဧကန်မုချပင်ဖြစ်သည်။
ကိုးကား https://www.atlanticcouncil.org/programs/geoeconomics-center/dollar-dominance-monitor/


