The Corner

The Corner

cropped-Logo_round_grey-background.png

ဓာတ်ပုံ – ထိုက်

Share မယ်

ဓာတ်ပုံကို လူတိုင်းနီးပါး မွေးကင်းစ ကလေးအရွယ်ကစလို့ အသက်အရွယ်ကြီးရင့်သူများအထိ မရိုက်ဖူးသူ ရှိမယ်မထင်ပါဘူး။

ဟိုအရင် ရုပ်ရှင်တွေထဲမှာ မြင်ဖူးခဲ့တဲ့ ဓာတ်ပုံရိုက်ရင် မီးလုံးတွေ ပွင့်ထွက်သွားတဲ့ ကင်မရာတွေခေတ်၊ အဝတ်အမည်းကြီးနောက်ကို ခေါင်းဝင်ပြီး ရိုက်ရတဲ့ ကင်မရာတွေခေတ်ကို ကိုယ့်အနေနဲ့ မကြုံခဲ့ဖူး ပေမယ့် ဖလင် ထည့်ပြီး ရိုက်ရတဲ့ ကင်မရာခေတ်ကိုတော့ ပီပီပြင်ပြင် ဖြတ်သန်းခဲ့ဖူး၊ အဲလို ကင်မရာမျိုး ကိုယ်တိုင် ကိုင်ပြီး ရိုက်ခဲ့ ဖူးတယ်။ ဖလင်ထည့်တာ အချိုးမပြေလို့ ဓာတ်ပုံကူးတဲ့အချိန်ကျမှ ရိုက်ထားသမျှ ပုံတွေ ပျက်ကုန်တာမျိုးလည်း ကြုံခဲ့တာ အခါခါ။ ရိုက်ထားတာတွေ ပြန်ကြည့်လို့မရတာမို့ ဓာတ်ပုံကူးပြီးမှ အချိုးမပြေတဲ့ ပုံတွေထွက်လာလည်း အောင့်သက်သက်နဲ့ သိမ်းထားခဲ့ရတာ အကြိမ်ကြိမ်။ နောက်ပိုင်း ခုရိုက် ခုပြန်ကြည့်လို့ရတဲ့ ဒစ်ဂျစ်တယ် ကင်မရာလေး တွေ ပေါ်လာတော့ ၀မ်းသာလိုက်ရတာ။ ရိုက်လိုက်၊ မကောင်းရင် ဖျက်လိုက်နဲ့ ၁၀ ပုံလောက်ရိုက်ပြီးမှ ကောင်းတဲ့ ပုံ တစ်ပုံလောက်ရတတ်ပေမယ့်လည်း ဖလင်ကုန်တာမှ မဟုတ်တာဆိုပြီး ကျေနပ်မိခဲ့တယ်။ 

          ဟိုတလောက ကင်မရာတစ်လုံး ၀ယ်ဖြစ်တဲ့အခါ လက်ဆောင်အနေနဲ့ ဓာတ်ပုံ ၁၀ပုံ အခမဲ့ ထုတ်လို့ ရတယ် ဆိုလို့ ကိုယ်လိုချင်တဲ့ ပုံလေးတွေ ရွေးပြီး သွားထုတ်ဖြစ်တယ်။ ဆိုင်ရောက်တော့မှ အဲဒီကင်မရာနဲ့ ရိုက်ထားတဲ့ ပုံတွေကိုပဲ ထုတ်ပေးမယ်ဆိုတာ သိရတာနဲ့ တခြားနေရာမှာပဲ ၀င်ထုတ်ခဲ့ လိုက်တယ်။ စာအိတ်ထဲမှာ ထည့်ပေး လိုက်တဲ့ ဓာတ်ပုံလေးတွေကို ကြည့်ရင်း ကိုယ့်စိတ်တွေဟာ ၃၃လမ်း အိမ်ကလေးရှိရာ ရန်ကုန်မြို့ရဲ့ အနော်ရထာ လမ်းမပေါ်က ဓာတ်ပုံဆိုင်တွေဆီ ရောက်သွား မိတယ်။

          အဖြူအမည်း ဓာတ်ပုံတွေ၊ ရောင်စုံ ဓာတ်ပုံတွေ စတဲ့ အလှပုံတွေကို ကိုယ်လိုချင်တဲ့ အရွယ်အစား အလိုက် ကူးလို့ရတဲ့ ဆိုင်တွေ အဲဒီ ဘေးပတ်လည်မှာ အများကြီး ရှိတယ်။ ပုံကူးအများဆုံး အရွယ်ကတော့ လေး၊ ခြောက်လို့ ခေါ်ကြတဲ့ လေးလက်မ ခြောက်လက်မ ပတ်လည် ဆိုက်ပါပဲ။ ပတ်စပို့ ဓာတ်ပုံ၊ လိုင်စင်ပုံ အမြန်ရမည် စသဖြင့် လိုအပ်သလို သွားရိုက်လို့ရတဲ့ ဆိုင်တွေလည်း အများကြီး ရှိပြီး မှတ်မိသလောက်တော့ အနည်းဆုံး ခြောက် ပုံကနေ စပြီး ကူးရပါတယ်။ ရိုက်လိုက်တဲ့ လိုင်စင်ပုံက ကြည့်ပျော်ရှုပျော် ရှိတယ်လို့ ထင်မိရင် အဲဒီပုံကိုပဲ အခါခါ ထပ်ကူးပြီး နှစ်အတော်ကြာ သုံးခဲ့ဖူးတယ်။ အဲလိုလူတွေ များလို့ ထင်ပါတယ်၊ အခုနောက်ပိုင်းဆို ခြောက်လ အတွင်း ရိုက်ထားသည့် ဓာတ်ပုံဖြစ်ရမည်ဆိုတဲ့ ကန့်သတ်ချက်တွေ ပေါ်လာတာ တွေ့ရလိမ့်မယ်။ 

          အရင်တုန်းက ဓာတ်ပုံတွေကို ခဲထိုးပေးတယ်ဆိုတဲ့ အသုံးအနှုန်းကိုတော့ အခုခေတ် လူငယ်များ ကြားဖူး တော့မယ် မထင်ပါ။ သို့သော် အဖက်ထည့်တယ်ဆိုတဲ့ စကားကိုတော့ အခုခေတ်လူများ ရင်းနှီးကြမှာ သေချာပါတယ်။ ဒီလိုဆိုတော့ အရင်ခေတ်မှာ ခဲထိုးပေးခြင်းဟာ အခုခေတ်မှာ အဖက် (effect) ထည့်တာနှင့် ဆင်တူတယ်လို့ မှတ်ယူ ရပါမယ်။ တစ်ခါတလေ ခဲထိုးတာ များသွားလို့ ပါးတွေ ဖောင်းနေပြီး အပြင်ပုံနဲ့ သိပ်မတူတော့တဲ့ ဓာတ်ပုံတွေဟာ ဒီခေတ်မှာ အဖက်ပိနေတဲ့ ဓာတ်ပုံတွေ အတိုင်းပါပဲ။ 

          အခုအချိန်မှာ အသက်အရွယ် ၃ ထိပ်စီးနဲ့ အထက် ရှိတဲ့လူတော်တော်များများရဲ့ ငယ်ဘဝမှာ အသိ မိတ်ဆွေတွေရဲ့ အိမ်ကို သွားလည်ကြရင် အိမ်ရှေ့ဧည့်ခန်းတွေက စားပွဲတွေပေါ်မှာ အမြဲလိုလို တွေ့ရတတ်တဲ့ စာအုပ်တွေ၊ ဓာတ်ပုံ အယ်လဘမ်တွေကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အိမ်ပိုင်ရှင်ရဲ့ အနေအထားပေါ်မှာ မူတည်ပြီး စာအုပ်မရှိတဲ့အိမ်သာ ရှိချင်ရှိမယ်။ ဓာတ်ပုံအယ်လဘမ် မရှိတဲ့ အိမ်တော့ မရှိသလောက်ပါပဲ။ ကိုယ်တွေငယ်ငယ်က မိဘတွေနဲ့ အိမ်လည်လိုက်သွားရင် သူတို့ မိတ်ဆွေတွေနဲ့ စကားပြောနေချိန်မှာ ဘေးကလုပ်စရာမရှိတဲ့အတူတူ တင်ထားတဲ့ အယ်လဘမ်ထဲက ကိုယ်နဲ့ မသိကျွမ်းတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို ထိုင်ကြည့်ခဲ့ဖူးကြတယ်။ တစ်ခါတလေ စားပွဲပေါ်က ဓာတ်ပုံတွေတင်မကပဲ အိမ်ရှင်တွေက သူတို့ သိမ်းထားတဲ့ အယ်လဘမ် တထပ်ကြီးကို ယူချလာပြီး တစ်ပုံချင်း ရှင်းပြတတ်တာကိုလည်း ကြုံဖူးကြမှာ ဖြစ်သလို အပြန်အလှန်အနေနဲ့ ကိုယ့်ရဲ့ အိမ်ကို လာလည်တဲ့ သူတွေကိုလည်း ကိုယ့်ဓာတ်ပုံတွေ အတင်းထုတ်ပြခဲ့ကြဖူးပါတယ်။ မင်္ဂလာဆောင်တွေမှာ ဓာတ်ပုံ အယ်လဘမ်တွေ လက်ဖွဲ့ပေးကြတဲ့ အချိန်တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။

          အိမ်တွေရဲ့ ဧည့်ခန်းက နံရံတွေမှာ ဓာတ်ပုံမျိုးစုံချိတ်ထားတာတွေလည်း တွေ့ဘူးကြမှာပါ။ တချို့ဆို သားသမီးတွေရဲ့ ဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံတွေကို တန်းစီပြီး ဂုဏ်ယူစွာ ချိတ်ဆွဲထားလေ့လည်း ရှိကြတယ်။ အရင်အချိန်က အယ်လဘမ်တွေ ထုတ်ပြတာ၊ ဘွဲ့ဓာတ်ပုံတွေ ချိတ်ထားတာ စတဲ့ အလေ့အထ တွေဟာ အခုအခါမှာ ဖေ့ဘွတ်ပေါ် ကနေ ကိုယ့်ရဲ့ဓာတ်ပုံ၊ မိသားစု ဓာတ်ပုံ၊ သားသမီး ဓာတ်ပုံ၊ ခရီးသွားနေတဲ့ ပုံတွေတင်ကြ၊ ပို့စ်တွေ ရေးကြတာနဲ့ အင်မတန် ဆင်တူပါတယ်။ မိတ်ဆွေအပေါင်းအသင်းများကလည်း အသည်းပေးကြ၊ မှတ်ချက်တွေ ရေးပေးကြ၊ ချီးကျုးစကား၊ အားပေးစကားတွေ ရေးကြတာတွေဟာလည်း အရင်အချိန် အယ်လဘမ်ထဲက ပုံတွေကိုကြည့်ပြီး မှတ်ချက်ပေးခဲ့ကြသလိုပါပဲ။ သို့သော် တင်ထားတဲ့ ပုံတွေ စာတွေကို တကယ်ရော ကြည့်ဖြစ်၊ ဖတ်ဖြစ်ကြရဲ့လား ဆိုတာကလည်း စဥ်းစားစရာပါ။

          ကိုယ့်မှာ ကိုယ်တို့ မမွေးခင်၊ ကိုယ်တို့ ငယ်ငယ်ကတည်းက ရိုက်ထားခဲ့တဲ့ ဓာတ်ပုံအယ်လဘမ်တွေ တစ်ထပ်ကြီး သိမ်းထားတာ ရှိတယ်။ တချို့လည်း ဆေးသားတွေပြယ်ကုန်သလို တချို့လည်း ကွက်နေ ပေါက်နေ တာတွေ ဖြစ်ကုန်ပါပြီ။ အဖြူအမည်း ဓာတ်ပုံတွေက ပိုပြီး ကြာရှည်ခံတာတော့ သတိထားမိတယ်။ ဓာတ်ပုံတွေထဲ ကနေ ကိုယ်မမီလိုက်တဲ့ ကိုယ့်အဘိုးအဘွားတွေကို သိခွင့်ရတယ်။ ကိုယ်မမွေးဖွားခင်က ကိုယ့်မိဘတွေရဲ့ ငယ်ဘဝ ပုံရိပ်တွေကို မြင်ခွင့်ရတယ်။ ကိုယ်မရောက်ဖူးတဲ့နေရာတွေကို တွေ့ခွင့်ရတယ်။ ဓာတ်ပုံတွေ ကြည့်ရင်း ပြုံးမိတယ်၊ ငိုမိတယ်၊ ခံပြင်းနာကြည်းမှုတွေ ပြန်ဖြစ်ရသလို ၀မ်းနည်းလွမ်းဆွတ်မှုတွေလည်း ပြန်ရတယ်။ ဓာတ်ပုံတွေကို ပြန်ကြည့်တိုင်း အဲဒီအချိန်တွေကို ခန ပြန်ရောက်သွားတယ်။ Facebook မှာ ဖတ်ဖူးခဲ့သလို (ဘယ်သူရေးတာတော့ မမှတ်မိတော့ပါ) ဓာတ်ပုံထဲမှာ ပြန်မတွေ့နိုင်တော့တဲ့ လူတွေ ရှိတယ်။ ပြန်မရနိုင်တော့တဲ့ နုပျိုခြင်းတွေ၊ ကြည်နူးခြင်းတွေ၊ ၀မ်းနည်းခြင်းတွေ၊ အချိန်တွေ ရှိတယ်။ ပြန်မရောက်နိုင်တော့တဲ့ နေရာတွေ ရှိတယ်။ ကံကောင်းလို့ တချို့နေရာတွေကို အကြိမ်ကြိမ် ပြန်ရောက်ချင် ပြန်ရောက်နိုင်ပေမယ့် တစ်ကြိမ်နဲ့ တစ်ကြိမ် အခြေအနေ တွေ မတူနိုင်တော့တာတွေ အများကြီး ဖြစ်နေတတ်တယ်။ 

          ဟိုတလောက ကိုယ့်ဆီမှာ တစ်လ အဖော်လာနေသွားတဲ့ ကိုယ်တို့ရဲ့ အထိန်းတော်ကြီးကို ဒီမှာ ဓာတ်ပုံတွေ အများကြီးရိုက်ပေးဖြစ်တယ်။ သူ့ဖုန်းထဲကို အဲဒီပုံတွေ ထည့်ပေးလိုက်လို့ သူက ညတိုင်း ပြန်ကြည့်တတ်သလို ရန်ကုန်ပြန်ရောက်ပြီး လာသမျှလူတွေကိုလည်း အဲဒီပုံတွေ ထုတ်ပြတယ်လို့ သိရတယ်။ သို့သော် အွန်လိုင်းကပဲ ဖြစ်ဖြစ်၊ အယ်လဘမ်ထဲကပဲ ဖြစ်ဖြစ်၊ ဓာတ်ပုံဆိုတာက မရောက်ဖူးတဲ့သူတွေအတွက်တော့ မျက်စိထဲ ဘယ်လိုမှ မမြင်နိုင်၊ နားလည်း မလည်နိုင်ပါဘူး။ အဲဒီအခါမှာ အရင်တုန်းက အယ်လဘမ်ကြီးတွေ မ, ချလာပြီး ဘေးကနေ တစ်ပုံချင်းရဲ့ ဇာတ်ကြောင်းတွေ ရှင်းပြနေကြတဲ့ အဓိပ္ပာယ်ကို နားလည်လာမိတယ်။

          သက်မဲ့ ဓာတ်ပုံ တစ်ပုံကို ကြည့်လိုက်ရုံနဲ့ ဘေးက အရာ၀တ္ထုတွေ၊ လူတွေ၊ အနံ့တွေ၊ ခံစားမှုတွေက တဖျပ်ဖျပ် သက်၀င် လှုပ်ရှားလာတယ်ဆိုရင် လက်ခံကြမယ် ထင်ပါတယ်။ သို့သော် ဓာတ်ပုံထဲမှာ ကိုယ်တိုင် ပါ၀င်ခဲ့တဲ့ ကာယကံရှင်တွေမှသာ အစစ်အမှန် ခံစားမှုကို ရနိုင်မှာပါ။။ သေချာတာက ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်ရင် အဲဒီအချိန်က တကယ့်အဖြစ်အပျက်၊ တကယ့် ခံစားမှု အစစ်အမှန်တွေကို ကာယကံရှင်က လွဲပြီး ဘယ်သူမှ သိနိုင်မယ် မဟုတ်ပါဘူး။ ဗွီဒီယိုဆိုရင်တော့ လှုပ်ရှားမှုတွေ၊ အသံတွေပါတာမို့ ခံစားချက်တချို့ကို မြင်ကောင်း မြင်နိုင်ပေမယ့် ဓာတ်ပုံဆိုတာက ရုပ်သေမို့ တကယ့်ခံစားချက် အစစ်အမှန်ကို ဖမ်းမိဖို့ ခက်ပါတယ်။ 

          ကိုယ်ဆိုရင် တခါတလေမှာ စိတ်အခြေအနေ တော်တော် အဆင်မပြေတဲ့အချိန်တွေ ရှိတတ်တယ်။ ဒါပေမဲ့ ကင်မရာ ချိန်လိုက်တာနဲ့ ချက်ချင်း ပြုံးရယ်ပြီး အမူအရာ ပြောင်းသွားလေ့ရှိတယ်။ အဲလိုပုံတွေကို ကြည့်ပြီး ကိုယ်ဟာ အင်မတန် ပျော်ရွှင် အဆင်ပြေနေပါ တယ်လို့ ကောက်ချက်ချမိရင် အမှန်တရား မဟုတ်နိုင်တော့ပါဘူး။ ဥပမာ မနှစ်က ကိုယ့်မွေးနေ့မှာဆိုရင် ကိုယ့်ရဲ့ အချစ်တော် ကြောင်ကလေး မောင်လူ၀ီ အသည်းအသန် နေမကောင်းဖြစ်နေချိန်ပါ။ တစ်နေ့လုံး ၀မ်းနည်းစွာ ငိုကြွေးနေခဲ့ ပြီး ကိုယ့်အမျိုးသား အလုပ်က ပြန်လာခိုက် မွေးနေ့ပန်းစည်း လက်ဆောင်နဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြမယ်ဆိုတဲ့အခါ ကြောင်ကလေးကို ပိုက်ပြီး ကိုယ်တို့ ရိုက်ခဲ့တဲ့ဓာတ်ပုံလေးကို ကြည့်ရုံနဲ့ နောက်ကွယ်က ဇာတ်လမ်းကို ဘယ်သူက သိနိုင်မှာလဲ။ 

          ခြွင်းချက်အနေနဲ့ ဓာတ်ပုံထဲက မျက်လုံးကို ကြည့်မိရင်တော့ အနည်းအကျဉ်း အကဲခတ်မိနိုင်မှာ ဖြစ်ပေမယ့် ဘယ်သူကများ ကိုယ်မဟုတ်တဲ့ တခြားလူ တစ်ယောက်ရဲ့ ပုံကို အနီးကပ် အသေအချာ ကြည့်တတ်ကြလို့လဲ။ လူဆိုတာ အဖွဲ့လိုက် ဓာတ်ပုံမှာတောင် ကိုယ့်ပုံကို အရင် ရှာကြည့်ပြီးမှ တခြားသူတွေရဲ့ ပုံကို ကြည့်တတ်ကြတာ မဟုတ်လား။

          ကိုယ်လေးစားချစ်ခင်ရတဲ့ အမျိုးသမီးကြီး တစ်ယောက်ကို အမှတ်ရမိတယ်။ သူက ပွဲလမ်း အခမ်းအနားတွေ သွားလို့ရှိရင် သူ စားသောက်နေတဲ့အချိန်မှာ ဓာတ်ပုံမရိုက်ဖို့ တားတတ်ပါတယ်။ ဒါဟာ ဟန်ဆောင် ဖုံးကွယ်ချင်တာလို့ ကိုယ်ကတော့ မတွေးမိပါဘူး။ ဘယ်သူမဆို ဓာတ်ပုံထဲမှာ အမြင်မသင့်တော်တဲ့ ပုံရိပ်တွေ မကျန်စေချင်ကြတဲ့ သဘောပါပဲ။

          အခုအချိန်မှာတော့ အားလုံးသိတဲ့အတိုင်း ဘယ်နေရာ ရောက်ရောက် လူတိုင်းရဲ့ လက်ထဲမှာ ဖုန်းကိုယ်စီနဲ့ ရိုက်ချင်တာကို လွယ်လွယ်ကူကူ ရိုက်လို့ရတဲ့ခေတ် ဖြစ်နေခဲ့ပြီ။ selfie ဆိုတဲ့ ကိုယ့်ပုံကိုယ် ပြန်ရိုက်လို့လည်း ရနေခဲ့ပြီ။ အစားအသောက် တစ်ခု မစားခင်ဆို ဓာတ်ပုံအရင်ရိုက်တဲ့ အလေ့အထတစ်ခုလည်း ပေါ်လာခဲ့တယ်။ ပုံတွေကိုလည်း ချက်ချင်း အွန်လိုင်းပေါ် တင်လို့ရနေပြီ။ ဓာတ်ပုံတွေကို ပုံထုတ်ပြီး အယ်လဘမ်နဲ့ သိမ်းတဲ့ အလေ့အထ၊ CD တွေ၊ hard disk တွေနဲ့ သိမ်းတဲ့ခေတ်ကနေ အခုဆို ဖုန်းထဲမှာပဲ ထားကြတော့တယ်။ ဘယ်လောက်ပဲ ခေတ်မီပါတယ်ပြောပြော နိုင်ငံတိုင်းမှာ ဓာတ်ပုံကူးတဲ့ဆိုင်တွေ ရှိနေသေးတာကလည်း စိတ်ဝင်စား စရာပါ။ မင်္ဂလာဆောင်၊ မွေးနေ့၊ အထိမ်းအမှတ်နေ့တွေမှာ ဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်တဲ့ အလေ့အထကလည်း ခုထိ ရေပန်းစားနေတုန်းပါ။ 

          လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပဲ တချို့က ဓာတ်ပုံရိုက်ရတာ ဝါသနာမပါဘူး၊ တချို့က အလှပုံ ရိုက်ချင်ကြတယ်၊ တချို့က ရှုခင်းပုံရိုက်ဖို့ပဲ အားသန်တယ်၊ တချို့က ဓာတ်ပုံရိုက်ရင် တောင့်တောင့်ကြီး ဖြစ်သွားတတ်တယ်။ တချို့ကျတော့ သိပ်ကို လှအောင် နေတတ်တယ်။ တချို့က ကင်မရာကို တည့်တည့်ကြည့်ပြီး ဟန်လုပ်ရိုက်တာထက် လျှပ်တစ်ပြက် ရိုက်ချက် (snap shot) တွေကို ပိုကြိုက်ကြတယ်။ တချို့ကျတော့ ဓာတ်ပုံရိုက် နေရင် တကယ့်ပြင်ပက အရာတွေကို လွတ်သွားမှာစိုးလို့ ဒီအတိုင်း မျက်စိနဲ့ပဲ ကြည့်ပြီး ခံစား တတ်ကြတယ်။ အဲလို မျက်စိနဲ့ ကြည့်ပြီး မှတ်ဉာဏ်ထဲမှာ သိမ်းထားဖို့ဆိုတာ၊ ဘယ်လောက် ကြာရှည်မှတ်မိမလဲ ဆိုတာ ကိုယ်တော့ မသေချာပါ။ ဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားလိုက် ရင်တော့ နှစ်လကြာရှည်မှ ပြန်ကြည့်ဖြစ်လည်း အဲဒီအချိန်တွေ ကို ပြန်မှတ်မိသွားမှာ အသေအချာပါပဲ။

          တကယ်တော့ ဓာတ်ပုံ ဆိုတာ အမှတ်တရတွေ အများကြီးကို ပြန်ကြည့်လို့ရတဲ့ အတိတ် မှန်ချပ်တစ်ခုပါ။ ဓာတ်ပုံများက ပြောသောသမိုင်း ဆိုတာလည်း ကြားဖူးကြမှာပါ။ ကိုယ်ကတော့ ဓာတ်ပုံလေးတွေကို ဆက်ရိုက် ဖြစ်နေဦးမှာ။ ပုံရိပ်တွေကို ဓာတ်ပုံ ဗွီဒီယိုတွေနဲ့ သိမ်းမလား၊ မှတ်ဉာဏ်ထဲမှာ၊ နှလုံးသားထဲမှာ သိမ်းမလား ဆိုတာကတော့ ကိုယ်တိုင်ပဲ  ဆုံးဖြတ်ရမှာပါ။

Click to rate this post!
[Total: 7 Average: 4.1]